Saturday, March 20, 2010

ချယ်ရီရောင် စောင်းကြိုး

ကမ္ဘာဦး ဒဏ္ဍာရီပေါ်မှာ ကတည်းက
နတ်ဘုရားတွေ ဖဲ့ထုတ်ခဲ့တဲ့ ခန္ဓာ
ဟောဒီ...သံသရာမြေနီလမ်း တစ်ဆုံးထိအောင်
ဘဝ များစွာ ရှာဖွေပေါင်းဆုံချိန်
အိပ်မပျော်သူ မှန်ချပ်အပိုင်းအစတွေ စည်းဝါးကိုက် ကခုန်တယ်....

မျက်ရည်ကို ဆာလောင်တဲ့အပြုံးတွေက ဘဝကို သိမ်းယူတယ်
မတော်တဆ တိမ်ခင်းရဲ့ ထစ်ချုန်းသံ အက်အက်

ဂမ္ဘီရ ဆန်ဆန် တီးခပ်တယ်
ချယ်ရီရောင် ခပ်ပါးပါး စောင်းကြိုးညှိသံ ညင်သာ ထိပွန်း
ဆိုကရေးတီးရဲ့ နောက်ဆုံး ချိုမြိန်ခြင်းလိုမျိုး
မျက်နှာစိမ်းပင်လယ်က " လှ"တယ်

လက်သည်းဖွက်ထားတဲ့ မျက်လုံးအသစ် တစ်စုံအောက်က
အဆက်မပြတ်ထုတ်လုပ်ဆဲမျက်နှာဖုံးများ
မိုးညှို့ မန္တာန်တွေ ပဲ့တင်ထပ် ဖုန်းဆိုးလွင်ပြင်ကြီးတစ်ခုလို
"သူမ" ဟာ အကြိမ်ကြိမ်ရွာသွန်းသွေ့ခြောက်တယ်

နားဝေတိမ်တောင် ညနေခင်းများစွာ ဖြတ်သန်းသွားကြဆဲ
ရွက်အိုတွေ စီးဆင်းတဲ့ ဖေဖော်ဝါရီ လမ်းအိုကျဉ်းထဲမှာတော့
အိပ်မက်လက်ပံက နီသထက် နီလာခဲ့တယ်။

ကူးလွေ့

2002 ခုနှစ်တုန်းက ကျွန်တော့် အစ်ကိုရယ်၊ ကျွန်တော်ရယ်၊ နောက် ညီမလေးတစ်ယောက်ရယ် ပေါင်းပြီး အိပ်မက်ချယ်ရီလို့ အမည်ပေးထားတဲ့ ဖေဖော်ဝါရီ အမှတ်တရ ကဗျာ စာအုပ် တစ်အုပ်လုပ်ဖို့ စီစဉ်ခဲ့ကြပါတယ်...။အကြောင်းကြောင်းကြောင့် စာအုပ်မလုပ်ဖြစ်ခဲ့ပါဘူး။ နောက်တော့ သူငယ်ချင်းတွေ ကောင်းမှုနဲ့ စမ်းရင်း သပ်ရင်း ဟိုတုန်းကမလုပ်ဖြစ်လိုက်တဲ့ ကဗျာစာအုပ်အတွက် အမှတ်တရအဖြစ် အိပ်မက်ချယ်ရီ ဆိုပြီး ဘလော့ဂ် လုပ်ဖြစ်သွားတော့ အဲဒီတုန်းက စာအုပ်ထဲထည့် ဖို့ လျာထားတဲ့ကဗျာတွေကို နည်းနည်းချင်း ပြန်တင်ဖြစ်ပါတယ်...။ အဲဒီတုန်းက စာအုပ် ခေါင်းစည်းအတွက် ရေးခဲ့တဲ့ ကဗျာ နှစ်ပုဒ်ရှိပါတယ်။ အိပ်မက်တစ်ခြမ်းနဲ့ ည ဆိုတဲ့ ကဗျာနဲ့  အခု ဒီ ချယ်ရီရောင် စောင်းကြိုး ဆိုတဲ့ ကဗျာပါ..။

1 comments:

ဏီလင်းညို said...

ကူးလွေ့ရေ....
ကဗျာလေးကိုခံစားဖတ်ရင်း....
“မျက်နှာစိမ်းပင်လယ်က " လှ"တယ်”.... ဆိုတဲ့နေရာလေးမှာ တွေးလိုက်မိသေးတယ်...။
အတော်ကောင်းတဲ့ စိတ်ကူးလေးပဲလို့လေဗျာ........။
အားပေးလျှက်ပါပဲဗျာ......
ခင်မင်တဲ့
ဏီလင်းညို

Post a Comment