Thursday, December 31, 2009

ဘဝအာသာတွေ ငတ်မွတ်ခြင်းကင်းတဲ့၂၀၁၀

သိပ်မကြာခင်ပဲ ၂၀၀၉က ကုန်ပြန်အုန်းမယ် ......။
၂၀၀၈ တုန်းကလည်း အဲ့လိုပဲ ဘုမထိဘမသိနဲ့ ၂၀၀၉ ဆိုတဲ့ ရေစီးထဲကို မျှောလာခဲ့တာ ။
၂၀၁၀ကကော အဲ့လိုနဲ့ပဲ ရောက်လာအုန်းမှာပဲလား??? ။

အင်း....၂၀၀၈ တုန်းကတော့ ၂၀၀၉ကို ကူးဝင်ဖို့အတွက် ထူးထူးထွေထွေ ဆန္ဒတွေ မရှိနေခဲ့ဘူးလားလို့ ။ အားလုံး ပြီးပြည့်စုံနေလို့တော့ မဟုတ်ဘူးဆိုတာ သေချာပေမဲ့ စိတ်ရှုပ်စရာတွေ မရှိနေခဲ့ဘူး ထင်ပ ။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ပြန်မသုံးသပ်ခဲ့မိလို့ ဘာမှမမြင်ခဲ့တာလဲ ဖြစ်နိုင်တယ် ။ ဒါပေမဲ့ ၂၀၁၀အတွက်တော့ ဆန္ဒတချို့ အတိအကျကြီးကို ဖြစ်မိတယ် ။ ဧကန္တ ၂၀၀၉ က စိတ်ရှုပ်စရာ နှစ်တနှစ်များ ဖြစ်ခဲ့လေသလား ??? ဒါမှမဟုတ် ကိုယ့်ကိုယ်ကို သုံးသပ်မိလို့ ပြင်သင့်တာတွေကို မြင်သွားတာများလား ???

ဒါပေမဲ့ သေချာတာကတော့ " ပဲ့ကိုနင်းဦးကထောင်၊ ဦးကိုနင်းပြန်တော့ ပဲ့ကထောင် " ဆိုသလို ဖြစ်နေတဲ့ ၊ ရှေ့နောက် ကမောက်ကမဖြစ်နေတဲ့ ဆန္ဒတွေ၊ ဘဝတွေကို ၂၀၀၉ နဲ့အတူ ထားခဲ့ချင်တယ် ။ လုပ်ချင်တာထက် လုပ်သင့်တာ၊ ဖြစ်သင့်တာကို လုပ်ဖို့ အားအင်တွေပြည့်နေတဲ့ ၂၀၁၀ ဖြစ်ချင်တယ် ။ နောက်ဆုံးဆန္ဒကတော့ လောဘနည်းနည်း ၊ ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ဖြစ်သမျှကို မတုန်မလှုပ်ရင်ဆိုင်ရဲတဲ့ ၂၀၁၀ ဖြစ်ချင်တယ် ။ အင်း... လောဘနည်းနည်းနဲ့လို့ ပြောနေရင်းနဲ့ ထွက်လာတဲ့ ဆန္ဒက သုံးခုတောင်ဆိုတော့ ရှေ့နောက် မညီများဖြစ်နေသလားမသိပါဘူးနော် ။

ဆင်ခြေပေးတာလို့လည်း ထင်ကောင်းထင်နိုင်ပါတယ် ။ ဒါပေမဲ့ ပုထုစဉ် ဆိုတော့လဲ ခါးသီးတဲ့ ဘဝအရသာတွေကို မေ့ထားပစ်ချင်ကြတာ ၊ ကောင်းတဲ့ လောကဓံကိုသာ လိုချင်တာ ဓမ္မတာပဲလားလို့လေ ။ အင်း... အဲ့ဓမ္မတာတွေကြောင့်ပဲ သံသရာတွေလဲ ရှည်ပြီးရင်း ရှည်ကုန်ပြန်ရောနော်.. ။ ဒါပေမဲ့ အဲ့အတွက် ဘယ်သူ့ကိုမှတော့လဲ အပစ်မဆိုသာပါဘူးလေ .. ။ ဘာလို့လဲဆိုတော့ သံသရာဝဋ်ဆင်းရဲကြီးထဲက လွတ်ချင်လိုက်တာလဲ ကိုယ်ပဲ ဆိုပေမဲ့ အဲ့သံသရာထဲကို ဆွဲနှစ်နေတာလဲ ကိုယ်ကိုယ်တိုင်ပဲကိုး ။ ပြုသူကကိုယ်ဆိုတော့ အပြုခံရလဒ်ကို ခံစားရသူလဲ ကိုယ်ပဲဖြစ်တော့မပေါ့ ။ ဒါလဲ ဓမ္မတာပဲလေ ။ ဟုတ် ! ကိုယ် ဒီပိုစ့်ကို ရေးနေရင်း ဆရာကျော်ဝင်းရဲ့ " သစ္စာရှာဖို့ မြင်းစီးသူ " ဆိုတဲ့ စာအုပ်ထဲ က စာတိုလေးကို သတိရမိပါတယ် ... ။

"တချို့ချို ၊ တချို့ခါး
ဘဝတိုက်ပွဲကလာတဲ့ ဒုစရိုက်တွေ
ဒီလိုနဲ့ ....... ဘဝအာသာတွေ
သောက်လေ - နှစ်ဆတိုးငတ်လေ " ........ တဲ့ ... ။

အဟုတ်ပဲနော် .... ။ သောက်လေ သောက်လေ ငတ်မပြေ ဆိုသလိုလေ.. ။ ချိုတာလေးများဆို ပိုဆိုးပေါ့ ။ ခဏခဏလည်း သောက်ချင်သေး ၊ မဖြစ်နိုင်မှန်းသိရက်နဲ့တောင် တသက်လုံး သိမ်းထားချင်သေး ဆိုတာမျိုးကလဲ ဖြစ်သေးတာ ။ ကိုယ်ထင်တယ် ချိုတာလေးတွေများဆို နှစ်ဆထက်မကများ ငတ်သလားလို့ပါ ။( ငတ်တယ် ဆိုတာကြီးထက် ငတ်မွတ်တယ် လို့ပြောရင် ပိုနားခံသာသလားလို့ ငတ်မွတ်တယ် လို့ သုံးပါရစေ ။) တကယ်တော့ ကိုယ်စောစောက ပြောတဲ့ ၂၀၁၀ အတွက် ကောင်းတဲ့ဟာလေးတွေသာ ဖြစ်လာဖို့ ဆန္ဒတွေရှိနေတယ် ဆိုတာလဲ ငတ်မွတ်ခြင်း တမျိုးပါပဲ ။ ကိုယ်လို ငတ်မွတ်နေသူ ဘဝတူတွေလည်း နည်းတော့နည်းမယ်တော့ မထင်ဘူးနော် ။

ဟင်း......ဘဝအာသာတွေကို ကိုယ်တို့တွေ ငတ်မွတ်နေသရွှေ့တော့ အဟောင်းတွေ သစ်လိုက်၊ အသစ်တွေ ဟောင်းလိုက်နဲ့သာ ရက်တွေ လတွေသာ တိုက်စားရင်တိုက်စားကုန်မယ် ကိုယ်တို့ကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းခြင်းနဲ့ အလှမ်းဝေးမြဲဝေးနေအုန်းမှာပဲနော်........ ။ သံသရာကလည်း ရှည်မြဲရှည်ဆဲပေါ့ ......။ ပြောတာတွေက ဟိုရောက် ဒီရောက်နဲ့ ပေါက်ကရဖြစ်နေလို့ အချုပ်ပဲဆိုပါရစေတော့ ။

၂၀၀၉ ကို မကြာခင် ၂၀၁၀ နဲ့ လဲကြတော့မယ် ။
အဟောင်းကုန်တော့ ထုံးစံအတိုင်း အသစ်ကိုပြောင်းတာပေါ့ လေ....။
အဲ့ဒီအသစ်ကလည်း မကြာခင်ဟောင်းပြန်အုန်းမှာပဲ ။
ဟောင်းတော့လည်း ပြောင်းပြန်အုန်းမပေါ့ အသစ်ကို ... ။
ဒီလိုနဲ့ပဲ သံသရာတွေလည်း ရှည်ပြီးရင်းရှည်ရင်းပေါ့ ................... ။အဲ့လို ရှည်လျှားလှတဲ့ သံသရာတွေထဲမှာ ဝဲလည်ရင်း ဆိုရင်တောင် " ၂၀၁၀" ဆိုတဲ့ နှစ်သစ်က ကိုယ်အပါဝင် အားလုံးအတွက် "ဘဝအာသာတွေ ငတ်မွတ်ခြင်းကင်းတဲ့ ၂၀၁၀ ဖြစ်ကြပါစေ" လို့ဆုမွန်ကောင်းတောင်းလိုက်ချင်ပါတယ်... ။

ညီမလေး
၂၀၀၉.ဒီဇင်ဘာ.၃၁

Sunday, December 20, 2009

ဒီည


ဒီည
အာရုံတွေ ထွေပြား
ကယောင်ချောက်ခြားနဲ့
သံစဉ်တွေ မှောက်မှားတဲ့ည။

ဒီည
အတွေးတွေလေဟုန်စီး
နယ်မြေတွေ ကျော်ကာခွ
ချစ်သူကိုလွမ်းတဲ့ည။

ဒီည
ရင်ခွင်ကဟာတာတာ
တွယ်မှီရာနေရာမဲ့မို့
အထီးကျန်တဲ့ည။

ညီမလေး
၂၀၀၉.ဇူလိုင်.၁၃

စာကြွင်း ။ ။ အဟောင်းပေမဲ့ ပြန်လည်ခံစားလို့ရတဲ့ အခါတိုင်း အသစ်ပေါ့ လေ....


Monday, December 14, 2009

သံဝေဂ လင်္ကာ

ခန္ဓာ ငါးပါးနဲ့
ဟောဒီ သံသရာ ဒုက္ခ အစစ်ကြီးထဲ
ကျွဲပါးစောင်းတီး ရင်ဘတ်နဲ့
အမြတ်တနိုး မက်တဲ့ အိပ်မက်က "နင်"..။

အဘိဇ္ဇာ မြူမှုန် စက်ဝိုင်းထဲ
မထိခလုတ် ထိခလုတ် စိတ်တွေက
သိင်္ဂါရညှို့ သံ တင်းတင်းမှာ
ညောင်သီးလေး ရယ်သံက ချို, ချို နိုင်လွန်း

တပ်မက်မှုက အဝိဇ္ဇာ တဏှာ
သိသာသိ မမြင်သူ မျက်ကန်းလို တစ္ဆေမကြောက်
အမိုက်တိုက်ထဲ နေသာရုံ , ခုန်လှုပ်နှလုံးသားနဲ့
ဝင်သက် ၊ ထွက်သက်တိုင်းလည်း "နင်" မှ "နင်"

မာတုဂါ မလေးရေ !
သံသရာဟာ အကြီးဆုံး ဝဋ်ဆင်းရဲ ဆိုပေမယ့်
လွတ်မြောက်ရာ တရား, ကင်းပ ငါ့မှာ
နင်သာ....
ငါကိုယ်တိုင်ရှာတဲ့ " သမုဒယ သစ္စာ "...။

ကူးလွေ့

ကောဇာသက္ကရာဇ် ၁၃၆၈
တပေါင်းလဆုပ် (၁၂) ရက်။

Sunday, December 13, 2009

သီအိုရီအလွဲ

ငိုသံကား တိုးတိုး
သို့သော်....
ကျယ်လောင်စွာ မြည်ဟီး၍
နှလုံးသည်းပွတ်တို့ ပျက်ကြွေပြုန်းကုန်၏ ။


ရယ်သံကား ကျယ်ကျယ်
သို့သော်....
ပဲ့တင်သံတို့ ကိုယ့်ထံပြန်မလာ .............. ။

ညီမလေး
၂၀၀၉.ဒီဇင်ဘာ.၁၃

Saturday, December 12, 2009

ပုံတူ

ဆိုးဆေးများ ယိုစီးဆဲ
ရင်ကတုတ်ပေါ်ကွဲတဲ့ ဗုံး ဟာ
ငါ ကိုယ်တိုင် ဟုတ်....မဟုတ်?

အလှကြည့် "မှန်" တစ်ချပ်နဲ့
မတ်တပ်ရပ်ဆဲ ငါ
ပြာအက် ကောက်ကြောင်းလမ်းမပေါ်
နီရဲ.. လိုအင်..များ

ငါ ဟာ ငါ ကိုယ်တိုင်ပဲလား...?

နှုတ်ခမ်းကို ဖွင့်...ဟ
"အရိပ်" များ ...အန်ချခဲ့...။

ကူးလွေ့

Friday, December 11, 2009

ပြဇာတ်

ပျားရည်တွေ ချိုမြမြ စီးတယ်။

ကတိ၊ သစ္စာ ၊ အနာဂါတ်
မြတ်နိုးခြင်း ၊ အကြင်နာ
တစ်ဘဝ ညီမျှ ပူးပေါင်းရေး

မျက်လုံးနဲ့ နှုတ်ဆက်လိုက် ကြတယ်။

ကူးလွေ့

Tuesday, December 8, 2009

အမှတ်တရဆောင်း ...

ဒီနှစ်ဆောင်းက နဲနဲအအေးပေါ့တယ်ဆိုပေမဲ့ နှင်းတွေတော့ ကျစပြုလာပြီ.........။
ဒီတဆောင်းနဲ့ဆို ကိုယ်ဒီမှာ ဆောင်းတွင်းကိုကြုံတာ လေးနှစ်မြောက်ပေါ့ ။
နောက်နှစ်ကစပြီး နှင်းကိုမမြင်ရမဲ့မြို့ ကိုပြောင်းရမယ်ဆိုတော့ ကိုယ့်ရင်ထဲမှာ ဟာတာတာနဲ့ လွမ်းလွမ်းဆွေးဆွေးကြီးရယ်........း( ။

ကိုယ်မှတ်မိနေပါသေးတယ် .. နှင်းတွေကို ကိုယ်စတွေ့ဖူးတဲ့အချိန်ကို ..။ အဲ့တုန်းက ညဘက်ကြီးအလုပ်မှာ .. ။ နှင်းတွေကျလိုက်တာဆိုတာ ဖွေး..နေတာပဲ ..။
ဖွေးဖွေးဖြူနေတဲ့ နှင်းမွမွလေးတွေကို ပထမဆုံးအကြိမ် ထိတွေ့မိလိုက်တဲ့ အထိအတွေ့ အရသာ ...ပြီးတော့ ...နှင်းတွေကြားကို တိုးဝှေ့ ဖြတ်တိုက်လာတဲ့ အေးစိမ့်နေတဲ့ လေညင်းရဲ့အရသာ...။ ပတ်ဝန်းကျင်က မီးရောင်တွေက ထိန်ထိန်ငြီးနေတယ် ဆိုပေမဲ့ ညကောင်းယံက မှောင်လိုက်တာဆိုတာ မဲနေတာပဲ ...။ အဲ့ဒီ ညအမှောင်နဲ့ နှင်းဖြူဖြူတွေဟာ သိပ်လိုက်ဖက်တာ ...ကိုယ်အဲ့ဒီညရဲ့ အလှကို ပီပီပြင်ပြင် စာမစီနိုင်ပေမဲ့ ကိုယ်တသက် အဲ့ဒီမြင်ကွင်းကို ဘယ်တော့မှ မမေ့ဘူး ဆိုတာတော့ သေချာတယ်.. ။ အဲ့ဒီနေ့က ...နှင်းတွေ အများမှ အများကြီး ပုံနေအောင်ကို ကျတာ .. ။ နှင်းထုကြီး သိပ်ထူလွန်းတဲ့ နေရာဆို ကိုယ့်ဒူးအထိတောင်မြှုပ်တယ် ။

နှင်း ဆိုတာကို ရုပ်ရှင်တွေ၊ စာအုပ်တွေထဲမှာသာ မြင်ဖူးခဲ့တာဆိုတော့ ကိုယ့်ဖြင့် မျက်စိရှေ့မှာ ရှိနေတဲ့ နှင်းဖြူဖြူမွမွလေးတွကိုကြည့်ပြီး သိပ်ပျော်နေမိတာပဲ ။ လက်နဲ့ထိထိကြည့်ရတာဆိုလဲ အမော... ။ ဆိုင်အပြင်ထွက်ပြီး ခပ်ကြာကြာနှင်းတွေကို မှင်သက်ပြီး ကြည့်မိနေတာတောင် အအေးဒဏ်ကို တဒင်္ဂတော့ မေ့နေမိတယ် ။ အလုပ်ချိန်ဆိုတာလဲ မေ့သွားတယ် ။ နှင်းဖြူဖြူလေးတွေကြားမှာ ခတ္တခဏပျော်ဝင်စီးမျောသွားတယ် ဆိုပါတော့ .. ။ အောက်ကပုံတွေက ကိုယ်မနှစ်က မှတ်တမ်းတင်မိတဲ့ ဆောင်းတွင်းပုံရိပ်တချို့ဆိုပါတော့ ...



ကိုယ်က ဓါတ်ပုံရိုက်ရတာကို ဝါသနာပါတယ် ဆိုပေမဲ့ အရင်ကဆို ကင်မရာကို ကိုယ်နှင့်မကွာ သိပ်ထားလေ့မရှိဘူး ။ သဘာဝအလှတရားကြီးကို ဘောင်ခတ်ရင် သိပ်ကျဉ်းသွားသလားလို့ .. ပြီးတော့ အသက်မဲ့သလိုများ ဖြစ်သွားသလားလို့လေ ။ နောက်ပြီး.. ကိုယ်ကိုယ်တိုင်ကလဲ အေးချမ်းသာယာ လှပတဲ့ မြင်ကွင်းတွေကို လတ်လတ်ဆတ်ဆတ်ပဲ နှလုံးသားနဲ့ တိုက်ရိုက် ပုံရိပ်ဖမ်းချင်ခဲ့မိတာ ။ အပြင်အဆင်မပါဘဲ အစိမ်းသက်သက် အလှတရားကိုပဲ တဝကြီးခံစားချင်ခဲ့မိတာ ။ပြီးတော့ ဓါတ်ပုံရိုက်ဖို့ထဲပဲ စိတ်ရောက်သွားရင် ကိုယ်ကိုယ်တိုင်လဲ မြင်ကွင်းတခုကို ဘောင်ထဲမှာပဲ ခံစားလို့ရတော့တာလေ..။ အဲ့ဒီဖီးလ်ကိုလည်း သိပ်မကြိုက်ဘူး ။ အဲ့တော့ ဓါတ်ပုံတွေသိပ်မရိုက်ဖြစ်ခဲ့ဘူး ဆိုပါတော့.. ။ ဒါပေမဲ့ ကိုယ်စဉ်းစားမိတယ် ... ။ ကိုယ်ခံစားမိတဲ့ သဘာဝအလှတရားတွေကို တခြားသူတွေလဲ ခံစားချင်မှာပဲလို့ လေ..။ ပြန်လည်းမျှဝေချင်လာမိတယ် ... ။ အဲ့ဒါကြောင့် ဓါတ်ပုံတွေရိုက်ဖြစ်လာတယ် ။ မှတ်တမ်းတခုအဖြစ်နဲ့လဲ ထားချင်လာတယ် ...။ ကိုယ်ဒီမနက်အလုပ်က ပြန်လာတော့ အဆောင်မြက်ခင်းပြင်မှာ ရေခဲမှုန်လေးတွေ သီးနေတဲ့ အပင်လေးတွေကို အမှတ်တရ မှတ်တမ်းတင်မိတယ် ...။



ကိုယ်ဒီမြို့မှာ နေရမဲ့ရက်က တဖြည်းဖြည်းနဲ့ ကုန်ခါနီးနေပြီလေ...
ကိုယ်က ဒီမြို့လေးရဲ့ အေးချမ်းမှုကိုချစ်တယ် ... ခပ်ဟောင်းဟောင်း အငွေ့အသက်တွေကို ချစ်တယ်... တောင်တန်းကြီးတွေကိုချစ်တယ် ... နှင်းပွင့်လေးတွေကိုချစ်တယ် ..ပြီးတော့ ...စနစ်တကျ စိုက်ပျိုးထားတဲ့ ပန်းခင်းကြီးတွေကို ချစ်သလို လမ်းဘေးမှာပေါက်နေတဲ့ အလေ့ကျပင်လေးတွေကိုလဲ ချစ်တယ် ..။ သဘာဝအလှတရားကပေးတဲ့ အလှတရားဟာ ဘာနဲ့မှကိုမတူဘူးနော် .. ။ စိတ်ကို သိပ်အေးချမ်းစေတာပဲ ။ ကိုယ့်ရဲ့ နှလုံးသားစာမျက်နှာကို ပရင့်ထုတ်ရင် ဒီမြို့ရဲ့ သိပ်လှ သိပ်သာယာတဲ့ မြင်ကွင်းရုပ်ပုံတွေ အများကြီးထွက်လာနိုင်တယ်...သိလား ။ ကိုယ်တင်စားတာ နဲနဲများမြန်းများ သွားပြီလားမသိနော် ..း) ဒါပေမဲ့ တကယ်ပါ ။ ကိုယ့်သူငယ်ချင်းကတော့ ကိုယ့်ကိုချီးမွမ်းသြဘာပေးရှာပါတယ် .. နင်က ခွေးသေးပန်းပင်တောင် လှတယ်လို့ ထင်နေတဲ့မိန်းမတဲ့ ...းD ..ဒါပေမဲ့ ကိုယ်ကျေနပ်ပါတယ် .. တကယ့်သဘာဝတရားကြီးရဲ့ အလှအပကို ခံစားနိုင်သူ ဖြစ်ရဖို့ လွယ်တာမှ မဟုတ်တာလေ .. နော့... ။
စာဖတ်သူတွေကိုလဲ အကြံပေးပါရစေ ..အလုပ်တွေနဲ့ သိပ်ရှုပ်လို့ မောပန်းနွမ်းနယ်နေရင် ... ကိုယ့်ပတ်ဝန်ကျင်မှာရှိတဲ့ ကိုယ်အမှတ်မထားမိတဲ့ သဘာဝပတ်ဝန်းကျင်ကြီးရဲ့ အလှတရားထဲမှာ တခဏလောက်ပဲဖြစ်ဖြစ် စီးမျှောကြည့်ပါလို့လေ....

ညီမလေး
၂၀၀၉.ဒီဇင်ဘာ.၈

Sunday, December 6, 2009

နောင်တကင်းရာသို့.......တဲ့..

ကိုယ်ဒီနေ့ စာအုပ်တအုပ် ဖတ်ဖြစ်တယ် ...ဆရာနန္ဒာသိန်းဇံရေးတဲ့ "နောင်တကင်းရာသို့..." တဲ့ ...
ကိုယ်ဒီရက်ပိုင်းတွေထဲမှာ ယောင်တောင်ပေါင်တောင်တွေ သိပ်များနေတယ် ။ စာလည်းလုပ်သလောက် ခရီးမပေါက်နေသလို ခံစားလာရတယ် ။ ဖြစ်မှာပေါ့ .. ဖိုရမ်မှာ စာဝင်ရေးလိုက် ၊ ဘလော့မှာ ကလိလိုက် ၊ ရုပ်ရှင်လေးကြည့်လိုက် နဲ့လုပ်နေတာကိုး...။ အဲ့တော့ ကိုယ့်စိတ်ကိုပြန်တည့်မတ်စေဖို့ ၊ စဉ်းစားနိုင်စေဖို့ အဲ့စာအုပ်လေးကို ကိုင်ဖြစ်လိုက်တယ် ။

တကယ်က အဲ့စာအုပ်လေးက လွန်ခဲ့တဲ့ တလတိတိကတည်းက ကိုယ့်အကို ပို့ထားပေးပါ ။ ကိုယ့်အကိုက " ညီမလေး နောင်တကင်းရာသို့ သွားနိုင်ဖို့ အထောက်အပံ့ ဖြစ်စေဖို့ " တဲ့ ။ ကိုယ်ပထမဆုံးတပုဒ် စဖတ်မိလိုက်တဲ့ အခါမှာပဲ သြော် ... ဒါကြောင့် နန္ဒာသိန်းဇံ ရယ်လို့ ဖြစ်နေတာကိုးလို့ ကိုယ်မှတ်ချက်ချမိတယ် ။ ကိုယ့်ကို သတိတရနဲ့ ဒီစာအုပ်လေး ဝယ်ထည့်လာပေးတဲ့ ကိုယ့်အကိုကိုလဲ ကျေးဇူးတင်မိတယ် ။ စာထဲက တချို့ဥပမာလေးတွေက ကိုယ်တို့တွေ ကြားဖူးနေကြ ပုံပြင်လေးတွေ ၊ ဇာတ်တော် ရိုးရိုးလေးတွေပါပဲ ။ ဒါပေမဲ့ ဆရာက ရှုထောင့်ပြောင်းပြီး တွေးပြ ရေးပြထားတော့ ဖတ်လို့ကောင်းတယ် ။

ပြီးတော့ စာအုပ်မှာသုံးတဲ့ ပန်းချီကိုလဲ ကိုယ်သိပ်သဘောကျတာပဲ ။ ပန်းချီက အညိုရောင်စုတ်ချက် ကြမ်းကြမ်းတွေပေါ်မှာ အဖြူရောင်ပန်းခက် ကလေးတွေ အမျိုးမျိုးနဲ့ပေါ့ ။ ပန်းချီအတွက်သုံးတဲ့ အရောင်ရွေးချယ်မှုနဲ့ ပတ်သက်ပြီး နေမျိုးဆေးက ဘယ်လိုပြောလဲ ဆိုတော့ " နောင်တဆိုတာ ကိုယ်လုပ်ခဲ့တဲ့ အမှားရဲ့ အကျိုးဆက်ဆိုတော့ မကောင်းတဲ့အရာပဲဆိုပြီး ညိုညိုမဲမဲ ခပ်ကြမ်းကြမ်း စုတ်ချက်တွေနဲ့ ရေးလိုက်ရင်ကောင်းမယ်ဆိုပြီး စဉ်းစားမိတယ် ။ နောက် ... ထပ်စဉ်းစားမိတာက ဘာပဲပြောပြော နောင်တဆိုတာ ကိုယ်အမှားလုပ်ခဲ့မိတာကို ပြန်ပြီး ဆင်ခြင် သတိကပ်တာလဲ ဖြစ်နိုင်တာပဲ ဆိုပြီး ကောင်းတဲ့ဘက်ကမြင်ပြီး အဲ့ဒီစုတ်ချက် မဲမဲတွေပေါ်မှာ အဖြူရောင်ပန်းခက်တွေ ဆွဲလိုက်မယ်လို့ စိတ်ကူးပြီး နောင်တကို ပုံဖော်လိုက်တာပါ " တဲ့...နေမျိုးဆေးပဲလေ နေမျိုးဆေးပဲ ဒီလိုပဲဖြစ်ရမှာပေါ့လို့ ကိုယ်ထပ်ပြီး မှတ်ချက်ပေးမိပါတယ် ။ စာအုပ်မျက်နှာဖုံးလေးက ဒီလိုလေး ...
ကိုယ် နေမျိုးဆေး ပြောထားတဲ့ ပန်းချီနှင့်ပတ်သက်၍ ကိုဖတ်ပြီး ကိုယ်လဲ ကိုယ့်သမိုင်းမှာ ညိုညိုမဲမဲ စုတ်ချက်ခပ်ကြမ်းကြမ်းကြီးတွေ ဆွဲတာ များမြန်းများနေပြီလားလို့ စိုးထိပ်လာမိတယ် ။ တတ်နိုင်သလောက်တော့ အဲ့ညိုညိုမဲမဲကြီးတွေကို မဆွဲချင်ပေါင်လေ .. နော့ ... ။ ညီမလေးမှ မဟုတ်ဘူး စာဖတ်သူအားလုံးကိုလဲ မဆွဲမိစေချင်ပါဘူး ။

အဲ့အတွက် ကိုယ် တော်တော်ကြိုက်မိတဲ့ ပထမဆုံးအပုဒ်ဖြစ်တဲ့ " ဇန်နဝါရီ " ဆိုတဲ့ အပုဒ်ကို အမြည်းနဲနဲတင်ပေးလိုက်မယ်နော် ... ဆရာ့ကိုခွင့်မတောင်းနိုင်တဲ့ အနေအထားမို့ ခွင့်ပြုချက်မရယူဘဲ တင်လိုက်ပေမဲ့ ဆရာနားလည်ပေးမယ် ထင်ပါတယ်နော် ။ ကိုယ်လဲ တပုဒ်ထဲပဲတင်မှာပါလေ ... ကျန်တာတွေတော့ စာအုပ်လေးကို ကိုင်ပြီး အေးအေးဆေးဆေးလေး တွေးရင်းနဲ့ ဖတ်စေချင်လို့ပါ ... ကိုယ်ကတော့ ဖတ်သင့်တဲ့ စာအုပ်တအုပ်လို့ထင်မိတာပဲ ... အားလုံးလဲ မြည်းစမ်းကြည့်ပါအုန်း ။












မကြာခင် ဇန်နဝါရီ ဝင်ပေါက်ကိုဆီကို လျှောက်ရတော့မှာမို့ ကိုယ်လဲ ဆရာပြောသလို နောင်တကင်းရာ အနာဂတ်နဲ့ ဆုံတွေ့ချင်သလို စာဖတ်သူအားလုံးကိုလဲ ဆုံတွေ့စေချင်လို့ပါ ။
တွေ့လဲ တွေ့ဆုံကြပါစေနော်။

ညီမလေး
၂၀၀၉.ဒီဇင်ဘာ.၆

Tuesday, December 1, 2009

ဒီဇင်ဘာ ပန်းချီကား

တိတ်တဆိတ်
ကျောခိုင်းသွားတဲ့ မီးခိုးမှုန်တွေရဲ့ ဒီဇင်ဘာက
ဆယ့်နှစ်နာရီ မိနစ် နှစ်ဆယ်

ခဏလေး တွေ့ကြဖို့
ခပ်ဝေးဝေး ကတည်းကလည်း စောင့်ခဲ့တယ်
ပါးပြင်ပေါ် ငါ့ ဝင်သက်လေး တစ်ရှိုက်စာ

ခုတော့...
ကိုယ်ငွေ့တို့ မနွေးထွေးလိုက်ခင် မိုင်တိုင် တွေထဲ
ခိုက်ခိုက်တုန်..။


ကူးလွေ့

22.12.06
Friday,December.

ဒီဇင်ဘာစစ်တမ်း

ဒီနေ့ ဒီဇင်ဘာ ၁ရက်နေ့နော် ။
အချိန်တွေကလဲ အကုန်မြန်လိုက်တာ...... ။ ဒီလိုနဲ့ပဲ နောက်တနှစ်ကူးပြန်အုန်းမယ်နော်..။ အသက်တွေလဲ တနှစ်ထပ်ကြီးရပြန်အုန်းမပေါ့လေ.. ။
အင်း...... အသက်ကတော့ ကြီးလာတဲ့ အမျိုးဆိုတော့ ကြီးလာမှာကို မစိုးရိမ်ပါဘူးလေ ။ တခုပါပဲ အဲ့လိုတဖြုတ်ဖြုတ်နဲ့ ကုန်သွားတဲ့ နှစ်တွေလတွေကို ကိုယ်ဘယ်လိုကုန်ဆုံးခဲ့သလဲ ဆိုတာတခုပါပဲ ။

ကိုယ်ဒီကိုရောက်တာ ၅နှစ်ပြည့်တော့မယ် ။ လွန်ခဲ့တဲ့ ၅နှစ်က ကိုယ်နဲ့ အခုလက်ရှိ ကိုယ် ဘာတွေ ကွာခြားသွားသလဲ ။ ဘာတွေတိုးတတ်ပြီး ဘာတွေဆုတ်ယုတ်သွားသလဲ ။ ဘယ်လိုနေရာတွေမှာ ရင့်ကျက်လာပြီး ဘယ်လိုနေရာနေမှာ စိတ်သဘောထားတွေ သေးသိမ်သွားသလဲ ။ ကိုယ်ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ကြည့်ချင်လာမိတယ် ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုပြန်သုံးသပ်တာကလဲ ကိုယ်ကိုယ်တိုင်ဆိုတော့ တခါတခါ ကိုယ့်လုပ်တာကို မှန်တယ်လို့ပဲ မြင်တတ်တဲ့အခါကလဲ ရှိသေးတော့ နဲနဲတော့ အန္တာရယ်များသား ဟီး..။ ဘာပဲပြောပြော အမှန်ကန်ဆုံး သုံးသပ်နိုင်အောင်တော့ အားထုတ်ထားပါတယ် ။

ဒီ၅နှစ်အတွင်း သေသေချာချာ ပြောနိုင်တာကတော့ ကိုယ်လူတွေအကြောင်းပိုသိလာတယ် ။ အဲ့တော့ လူတွေကို ပိုကြောက်လာတယ် ။ ပိုပြီးဝေးအောင်လဲ နေချင်လာတယ် ။ ကိုယ့်အဖော်ဟာ စာအုပ်တွေ၊ သီချင်းတွေပဲ ပိုပိုဖြစ်လာတတ်တယ် ။ ကိုယ်မဟုတ်တဲ့ အခြားတယောက်နဲ့ စကားမပြောဖြစ်တဲ့ အဆက်အဆံ မရှိတဲ့ အခါတွေတောင်ရှိတယ် ။ ဒါပေမဲ့ ကိုယ်ကျေနပ်နေမိတယ် ။ အေးချမ်းတယ်လို့လဲ ခံစားနေမိတယ် ။ ကိုယ်ဒီနှစ်ပိုင်းမှာ ရုပ်ဝါဒထက် စိတ်ဝါဒကိုလဲ ပိုဦးစားပေး စဉ်းစားဖြစ်နေတာလဲ သေချာတယ် ။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေ တိုးတတ်သလောက် စိတ်ဓါတ်ပိုင်းဆိုင်ရာတွေက ဆန့်ကျင်ဘက် လာရားကိုထိုးဆင်းနေတဲ့ လူ့ဘောင်ကြီးထဲမှာ ချောင်ပတ်မိနေတာကြောင့်လား မသိပါဘူးလေ။ အဲ... ဒါမှမဟုတ်ရင် .... အသက်ကြောင့်လား ။

အင်း.... အသက်ကြောင့်လဲ ဟုတ်ဟန်မတူပါဘူး ။ ကိုယ်ချစ်ရတဲ့ မိသားစု ၊ သူငယ်ချင်းတွေ.... သူတို့နဲ့ တွေ့တဲ့အခါကျလဲ ကိုယ်က အရင်အတိုင်းပဲ ဆိုးတုန်းနွဲ့တုန်းချွဲလို့လဲ ကောင်းနေတုန်းပါပဲ ။ ကိုယ့်အသက်တောင် ကိုယ်သတိမရဘူးပဲ အဲ့လိုအချိန်တွေဆို... ဟီးး။ စိတ်ကလဲ အရင်ကထက်တောင် မြန်ချင် ဆတ်ချင်နေသလိုပဲ ။ ဘယ်အရာမဆို အတိအကျ လုပ်ချင်တဲ့ စိတ် ၊ အတိမ်းအစောင်းမခံချင်တဲ့ စိတ်ကလဲ အရင်အတိုင်းပါပဲ ။အဲ့ဒါက မကောင်းတဲ့ အချက်ပဲနော်။ ဒါပေမဲ့ နဲနဲတော့ စိတ်ပိုရှည်အောင် အားထုတ်လာတယ် ။ အခြေအနေတွေကို အရှိအရှိအတိုင်း လက်ခံလာနိုင်အောင်လဲ ကြိုးစားနေမိပါတယ် ။ ဒါပေမဲ့ ဒေါသထွက်လွယ်တာ ၊ သူများတွေကို စိတ်တိုင်းမကျတတ်တာ ကတော့ သိပ်မလျှော့သွားသလိုပဲ ။ အဲ့ဒါမကောင်းဘူးနော် ။ ဟုတ်တယ် ... အဲ့၂ခုလုံး တခုမှမကောင်းဘူးး( ။

ကိုယ့်အကိုကပြောဖူးတယ် .... စကားပြောတော့မယ်ဆိုရင် ကိုယ့်စိတ်တွေကိုလျှော့ထားတဲ့ ပြီးတော့ အတတ်နိုင်ဆုံး လိုက်လျှောနိုင်အောင် ကြိုးစားတဲ့ ။ အဲ့လိုဖြစ်နိုင်ရင်တော့ အကောင်းဆုံးပဲပေါ့နော် ။ ဒါပေမဲ့ ကိုယ်က စိတ်သိပ်မြန်တယ် ။ တခုခုဆို ပြောမိသွားပြီးပြီ ။ ဒေါသက ဖြစ်လိုက်မိသွားပြီ ။ ပြောလိုက်မိရင်လဲ တုတ်ထိုးအိုးပေါက်ပဲ ။ ကိုယ့်က အမှန်ဘက်ကဆိုပေမဲ့ အပြောအဆို မညက်ညောတော့ ဘယ်နားခံသာမလဲနော် ။ ကိုယ်တော်တော်လိုသေးတာပါလားနော် ။ တကယ်တမ်းအဲ့လိုဖြစ်ရင် တဖက်လူတော့ မသိဘူး ကိုယ်တော့ နွမ်းပြီးကျန်ခဲ့တာပဲ ။ တခါက ကိုယ်မားမားကို ဒေါသနဲ့ စကားပြန်ပြောလိုက်မိတယ် ။ ပြီးမှ ကိုယ်အဲ့တညလုံး အိပ်လို့ကိုမရဘူး ။ ကိုယ်ပြောလိုက်မိတဲ့ ဒေါသပါတဲ့ စကားအတွက် ကိုယ်တညလုံး နောင်တရပြီး ငိုနေမိတယ် ။ အဲ့လိုအဖြစ်မျိုးထပ်ဖြစ်မှာ ကိုယ်သိပ်ကြောက်တာ ။ အထူးသဖြင့် ကိုယ်သိပ်ချစ်တဲ့ ပါးပါးမားမားပေါ်မှာပေါ့ ။ အဲ့နောက်တော့ ကိုယ်အိမ်ကိုဖုန်းဆက်ရင် အမြဲ ကိုယ့်စိတ်တွေကို ဟိုးးးးအောက်ဆုံးထိချထားပါတယ် ။ ကိုယ့်အကိုပြောသလို အတတ်နိုင်ဆုံး သူတို့ဆန္ဒကို လိုက်လျှောနိုင်အောင်ကြိုးစားပါတယ် ။ ဒါပေမဲ့ တခြားသူတွေနဲ့ကျ အဲ့လောက်ထိ မချနိုင်သေးပြန်ဘူး ။ ပြောသာပြောတာပါ တခြားသူတွေနဲ့က ဒေါသဖြစ်စရာလဲ သိပ်မရှိပါဘူး ။ မရှိဆို ကိုယ်ကအမြဲ တပွေထဲပဲလိမ့်နေတာကိုး ဟီးး... ။ တလက်စတည်း ကိုယ် အပေါင်းအသင်းညံ့တယ် ဆိုတာလဲ ဝန်ခံချင်ပါသေးတယ် ။ ကိုယ်က ခင်မိတဲ့သူဆိုရင်တော့ အဆုံးပဲ ။ ဒါပေမဲ့ တော်တော်နဲ့လဲ သူငယ်ချင်းရခဲတယ် ။ ကိုယ်က ဟန်တွေ ပန်တွေနဲ့ ရှုပ်ရှုပ်ရှက်ရှက်တွေ လုပ်ရတာလဲ မကြိုက်ပြန်ဘူးဆိုတော့ အပိုလုပ်သမားတွေနဲ့ကိုယ်နဲ့လဲ မကိုက်ပြန်ဘူး ။ လူတွေအကြောင်း လိုတာထက် ပိုစိတ်ဝင်စား တဲ့သူဆိုလဲ မဖြစ်ပြန်ဘူး ။ အဲ့ဒါဟာ ကောင်းသောအားနည်းခြင်းလား မကောင်းသောအားနည်းခြင်းလားလဲ တော့ကိုယ်မသိဘူး ။ အဲ့ဒီအချက်က မကောင်းသော အားနည်းခြင်း ဆိုရင်တောင် ကိုယ်ဒီလိုပဲ ထားမိမယ်ထင်တယ် ။ မပြင်လဲမပြင်ချင်နေမိဘူး...

ပြီးတော့ သူများတွေကို စိတ်တိုင်းမကျတတ်တဲ့ ကိုယ့်ကို ကိုယ့်အကိုကပြောသေးတယ် ။ သူများတွေဆိုတော့ သူများတွေလောက်ပေါ့တဲ့ နေရာတကာ ကိုယ့်စံနဲ့တော့ ဘယ်တိုင်းလို့ရမလဲတဲ့ ။ အဲ့ဒါလဲ ဟုတ်တာပဲနော်။ ကိုယ်မမှီနိုင်တဲ့ သူတို့စံတွေလဲ သူတို့မှာရှိမှာပဲလေနော် ။ ပြီးတော့ ကိုယ်လဲ ဘာမှမယ်မယ်ရရ ဟုတ်တဲ့သူမှ မဟုတ်တာကို ဘာလို့ ကိုယ့်စံနဲ့ တိုင်းချင်ရပါလိမ့်နော် ။ ကိုယ်ပြင်ရမှာတွေ အများကြီးကျန်ပါသေးလားနော်.... ဟူးးးးး........ ကိုယ်စာတွေအများကြီးဖတ်သင့်တယ် ၊ လိုက်နာဆောင်ရွက်နိုင်အောင်လဲ ကြိုးစားသင့်တယ်လို့ ကိုယ့်ကိုယ်လဲ ကျပ်ကျပ် ဆုံးမရအုန်းမယ် ။ အရင်ကထက် စာလေးလေးတွေ ပိုဖတ်ဖြစ်လာတာတော့ သေချာပါတယ် ။ ဘာတွေလုပ်သင့်တယ်ဆိုတာ ပိုသိလာပေမဲ့ လိုက်နာဆောင်ရွက်မှုတွေနည်းနေသေးတယ်.......

ဒီလိုနဲ့ပဲ ၂၀၀၉ကို ကုန်ဆုံးစေမလားလို့ တွေးမိရင်......
ကိုယ်၂၀၀၉ကို သေသေချာချာလေး နဲ့ အကောင်းဆုံးလေး ကုန်ဆုံးချင်လိုက်တာ..။ အင်း .. ပြောသာပြောတာပါလေ အဲ့ဒါလဲကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်လေ ။ စာရေးဆရာကျော်ဝင်းပြောသလိုပေါ့ ...

" စိုက်တာကို ရိတ်တာပဲ ၊
ဟို-လယ်တွေကိုကြည့်.....၊
နှမ်းဟာ နှမ်း ၊ စပါးဟာ စပါး ၊
ဆိတ်ငြိမ်မှု နဲ့ အမှောင်ထုတို့ သိရဲ့..... ။ " တဲ့ ....

ဘာရယ်မဟုတ်ပါဘူး .... ဒီဇင်ဘာဆိုတာ နှစ်တနှစ်ရဲ့ အဆုံးလ ဆိုတော့ ဒီနှစ်ကို ကိုယ်ဘယ်လို ကုန်ဆုံးစေခဲ့သလဲ ဆိုတာလေးကို သုံးသပ်ကြည့်မိတာပါ ။ အဖြေကတော့ " လိုသေးတယ် " တဲ့ ... ။ ကြိုးစားရပါအုန်းမည်ပေါ့ ....။
ညီမလေးလဲ ဒီ ဒီဇင်ဘာကို အကောင်းဆုံး ဒီဇင်ဘာ ဖြစ်အောင် လုပ်မယ်နော် ။
စာဖတ်သူများအားလုံးအတွက်လဲ ကောင်းသောဒီဇင်ဘာ ဖြစ်ကြပါစေ ။
နောက်တနှစ်ကို လှလှပပလေး ကူးပြောင်းသွားနိုင်တဲ့ ဒီဇင်ဘာလဲ ဖြစ်ပါစေနော် ။


ညီမလေး
၂၀၀၉.ဒီဇင်ဘာ.၁

Wednesday, November 18, 2009

ကမ္ဘာမြေကြီးငြိမ်းချမ်းစေချင်..

ကိုယ်လေ ဒီနေ့ အတန်းထဲမှာ အီရတ်စစ်ပွဲရဲ့ စစ်မြေပြင်ကို ရိုက်ပြထားတဲ့ အခွေကိုကြည့်ခဲ့ရတယ် ။ အဲ့ဒီအခွေက အီရတ်စစ်ပွဲအတွက် စစ်မြေပြင်ကို စေလွတ်ခြင်းခံရတဲ့ အမေရိကန်စစ်သားတွေက မှတ်တမ်းတင်ထားတဲ့ အခွေပေါ့။ စစ်မြေပြင်က တကယ့်အခြေအနေတွေ ၊ သူတို့မိသားစုတွေရဲ့ ခံစားချက်တွေ ၊ စစ်တိုက်သွားကြတဲ့ သူတို့တွေကိုယ်တိုင်ရဲ့ ခံစားချက်တွေကို ရိုက်ပြထားတာ ။ ကိုယ်ဖြင့် ကြည့်နေရင်းနဲ့ မျက်ရည်တောင်ကျမိတယ် ။

စဉ်းစားကြည့်ပါအုန်း… အီရတ်နိုင်ငံက အပြစ်မဲ့တဲ့ ပြည်သူတွေက ဗုန်းတွေ ကျည်ဆံတွေကြားမှာ ရှင်သန်နေရတာ ။ အသက်ကို ဖက်နဲ့ထုပ်ထားရတဲ့ အခြေအနေမျိုး၊ ပြီးတော့ အဲ့ဒီဖက်ကလေးက အချိန်မရွေး ပေါက်ပြဲစုတ်ပြတ်သွားနို်င်တာနော် ။ ကျီးလန့်စာစားတယ်ဆိုတာ အဲ့လိုအခြေအနေပဲဖြစ်မှာလို့ ကိုယ်စိတ်နှလုံးတွေ ချိနဲ့စွာနဲ့ ကိုယ်ချင်းစာပေးလိုက်မိတယ် ။ အော်… သူတို့တွေရဲ့ဘဝက ကိုယ်တို့တွေလို အေးအေးချမ်းချမ်းနဲ့ ကျောင်းလေးတတ် အလုပ်ကလေးလုပ် အပျင်းပြေသီချင်းလေးနားထောင် ဘယ်မှာသွားလုပ်နိုင်မှာလဲလို့လေ ။ ဟော… ကျန်တဲ့တဖက်ကိုလဲ ငဲ့ကြည့်လိုက်ပါအုန်း ။ စစ်မြေပြင်ကို ထွက်သွားတဲ့ ဖခင်အတွက်၊သားအတွက်၊လင်ယောကျာင်္းအတွက် ရတတ်မအေးရတဲ့ ကျန်ရစ်တဲ့မိသားစုရဲ့ ဒုက္ခ ၊ အခန့်မသင့်ရင် သူတို့မိသားစုလေးတွေ နောက်ထပ် ထပ်ဆုံတွေ့ဖို့ဆိုတာ ဘယ်တော့မှမဖြစ်နိုင်တော့တဲ့ထိ ရင်နာဖွယ်ရာ အဖြစ်ဆိုးကြီးတွေနဲ့ ကြုံတွေ့နိုင်တာမျိုးလေ ။ အဲ့တော့ ဘယ်မှာလာ ရတတ်အေးနိုင်မလဲနော် ။ ဘယ်တော့ပြီးဆုံးမယ်မှန်းမသိတဲ့ စစ်ပွဲအတွက် သားပစ်မယားပစ်နဲ့ ကိုယ့်အသက်ကို ကာကွယ်ဖို့ တခုတည်းအတွက် မသတ်ချင်ချင် သတ်ချင်ချင် မပစ်ချင်ချင် ပစ်ချင်ချင် မဲမဲမြင်ရုံနဲ့ အကုန်ပစ်နေခတ်နေရတဲ့ စစ်မြေပြင်က စစ်သားတွေရဲ့ဘဝ ကကော ဘာထူးလဲ ………


ကိုယ်ဖြင့် ဘာလို့များ ဒီကမ္ဘာကြီးထဲမှာ အဲ့လို ဘယ်သူ့အတွက်မှ ကောင်းကျိုးကို မသယ်ဆောင်ပေးတဲ့ စစ်ပွဲတွေကို တခုပြီးတခု ဆင်နွဲနေကြသလဲဆိုတာကို ဘယ်လိုမှ အဖြေထွက်အောင် မစဉ်းစားတတ်ဘူး ။ ကမ္ဘာပေါ်မှာ ကိုယ်တွေရဲ့ ကြီးမားလှတဲ့ အာဏာကို အလွဲသုံးစားလုပ်ပြီး ရက်ရက်စက်စက် တိုက်စေခိုက်စေကြတဲ့ စစ်ပွဲကြီးတွေကြောင့် အပြစ်မဲ့တဲ့ ပြည်သူတွေ အစတေးခံသွားရတာ မနည်းမနောပါ ။ ရခဲလှတဲ့ လူ့ဘဝကို အဲ့လို စစ်သံဗုံးသံတွေကြားမှာ ဘယ်သူမှတော့ ကုန်ဆုံးချင်ကြမှာ မဟုတ်ဘူးနော် ။


ကိုယ်လေ အဲ့ဒီအခွေကို ကြည့်ပြီး ရင်ထဲမှာ နှုန်းချိနဲ့နေအောင် ခံစားရတယ် ။ “စစ်ပွဲကြီးတွေကို ဘာမှမဖြစ်သလို ဆင်နွဲဖို့ အမိန့်တွေကို မိန့်မိန့်ကြီးထုတ်နေကြတဲ့ နိုင်ငံခေါင်းဆောင်ကြီးတွေရယ် … ရှင်တို့မှာ ကြင်နာတတ်တဲ့ နှလုံးသားလေးများရှိရင် သူတို့လေးတွေရဲ့ ဘဝကို တခဏပဲဖြစ်ဖြစ် ဝင်ရောက်ခံစားကြည့်ကြစမ်းပါ” လို့ ကိုယ်တော့ သူတို့တွေကြားအောင် အကျယ်ကြီးအော်ပြောပစ်လိုက်ချင်တာပဲ ။ ဒါပေမဲ့လဲလေ သူတို့တွေ ကြားနိုင်မှာမဟုတ်ပါဘူး ။ ကြားမှာလဲမဟုတ်ပါဘူး ။ ကြားအောင်လဲ နားစွင့်ကြမှာ မဟုတ်ပါဘူး ။ ဟုတ်တယ်လေ…သူတို့တွေမှာ ကိုယ်တို့တွေ အော်တာကို ကြားနိုင်လောက်တဲ့ ကြင်နာတတ်တဲ့ နားမှ မရှိဘဲ ။ စာနာသနားတတ်တဲ့ နားမှမရှိဘဲ ။ လူသားဆန်တဲ့ နားမှမရှိဘဲ.......


ထားပါလေ... သူတို့တွေကို အပြစ်တင်လဲ ဘာမှမထူးမဲ့အတူတူ ကိုယ့်ဟာကိုယ်ပဲ ကိုယ်တိတ်တိတ်ကလေး ဆိတ်ငြိမ်စွာ ဆန္ဒပြုမိပါတယ် ။ အဲ့လို စစ်ကြီးတွေကြောင့် ဒုက္ခရောက်နေကြတဲ့ ကယ်ကူရာမဲ့နေတဲ့ဘဝတွေကို ကယ်တင်နိုင်ပါရစေ ။ အထူးသဖြင့် အနာဂတ်ရဲ့ လမ်းပျောက်နေတဲ့ ကြယ်ပွင့်လေးတွေကိုပေါ့ ။ ပြီးတော့လေ ကိုယ်ဆက်ဆုတောင်းမိပါတယ် ကိုယ်တို့ကမ္ဘာမြေကြီးအေးချမ်းပါစေ ။ လူသားတွေအတွက် ကောင်းကျိုးမပေးတဲ့ နှလုံးသားမဲ့တဲ့ စစ်ပွဲကြီးတွေ အမြန်ဆုံး အဆုံးသတ်ပါစေလို့ပေါ့ ။ ကိုယ့်ဆန္ဒပြုသံဟာ တိုးတိုးတိတ်တိတ်လေးပါ … ဒါပေမဲ့ ကိုယ့်ရင်ထဲအသဲထဲမှာ သံမှိုရိုက်လိုက်သလိုပဲသိပ်ခိုင်မာတယ် ။ ကိုယ်ဒိထက်ပိုပြီးစာကြိုးစားရမယ်နော် ။ ကိုယ်ကိုယ့်ကိုအရင် ထူနိုင်မတ်နိုင်မှ တပါးသူကို တွဲထူနိုင်မယ်လေ ….မိုက်ကယ်ဂျက်ဆင်ကတော့HEAL THE WORLD တဲ့....ကိုယ်သိပ်ကြိုက်တဲ့ သီချင်းလေးပေါ့ ။ ကိုယ်တို့တွေလဲ ကိုယ်တို့တွေ တတ်နိုင်တတ်ဘက်က ပါဝင်ကြတာပေါ့
။ ကမ္ဘာမြေကြီးလဲ .ငြိမ်းချမ်းပါစေ ။ လူသားတွေလဲ အကြင်နာတရားတွေ တိုးပွားကြပါစေ.....



ညီမလေး
၂၀၀၉.နိုဝင်ဘာ.၁၉

စာကြွင်း ။ ။သီချင်းကိုယူကျူ့ကယူပါတယ် . သီချင်းတင်နည်းသိအောင် ပြောပြတဲ့ ကိုနွယ်ရိုး ကိုလဲကျေးဇူးတင်ပါတယ် ။

Tuesday, November 10, 2009

အမှတ်တရစာ...

ကိုယ်ဒီရက်ပိုင်းတွေ စာရေးမယ် ရေးမယ်နဲ့ အတွေးတွေထဲမှာသာ ခဏခဏ ချရေးနေတာ လက်တွေ့မှာခါကျ မရေးဖြစ်ဘူး။ ကျောင်းစာတွေနဲ့ ရှုပ်နေတာလဲ ပါပေမဲ့ ကိုယ်ကိုယ်တိုင်လဲ နဲနဲ အပျင်းကြီးနေမိတာ ပါပါတယ် ။ ဒါပေမဲ့ ဒီနေ့တော့ ရေးဖို့ အကြောင်းကလည်းဖန်လာတော့ အမှတ်တရ အနေနဲ့ ရေးဖြစ်အောင်ချရေးလိုက်မိပေါ့။

ကိုယ်ဒီမနက် အလုပ်သွားတော့ ပတ်ဝန်းကျင်တခုလုံး မြူနှင်းတွေနဲ့ မှုန်နေတာပဲ ။ ဆောင်းမနက်ခင်း ဆိုတာမျိုးဟာ နွေမနက်ခင်းတွေထက်တော့ ပိုမှောင်နေတတ်တယ်လေ ။ ဒါပေမဲ့ ဒီနေ့ခါကျ မြူတွေမှုန်နေအောင် ကြနေတာတောင် ရာသီဥတုက ကြည်လင်နေလို့ ထင်ပ ကောင်းကြည်ကြီးကကြည်လို့ လှလို့ ။ မြူတွေကတော့ ဘယ်လောက်ထူပိန်းနေအောင် ကျသလဲဆိုရင် ကိုယ့် နဲ့ ၂ပေပတ်လည်အကွာလောက်ကိုပဲ ကိုယ်ကောင်းကောင်းမြင်ရတာ ။ အဲ့ဒါတောင် မှုန်မှုန်မှိုင်းမှိုင်းရယ် ။ မြင်ကြည့်စမ်းပါအုန်း မျက်စိထဲမှာ မြူနှင်းတွေ ဝေနေအောင် ကျထားတော့ ပေတရာလမ်းမကြီးက နှင်းရေတွေနဲ့ စိုစိုရွဲလို့ပေါ့ ။ ကိုယ့်ဘေးဘီက ကိုယ်မြင်နေရတဲ့ တိုက်ကြီးတွေရယ် သစ်ပင်ကြီးတွေရယ် ဓါတ်မီးတိုင်က မီးမှိန်မှိန်ပြပြလေးရယ်က အရိပ်ရေးတဲ့ ပန်းချီတချပ်လိုပဲ သိပ်လှတာ ။ အဲ့ဒီအလှကို ကိုယ့်ဦးခေါင်းထက်က အပြာရောင်ကြည်လဲ့လဲ့ နဲ့ တခြမ်းပဲလလေးရှိနေတဲ့ ကောင်းကင်ကြီးက ပိုပြီးပြည့်စုံအောင် လုပ်ပေးနေသေးတာ ။ ကိုယ်ခါတိုင်းထက် စက်ဘီးကို ဖြေးဖြေးလေးနင်းတယ် ။ ချမ်းချမ်းစီးစီးရှိလှတဲ့ ဆောင်းရယ် နှင်းမြူတွေ မှိုင်းပြီး မှုန်နေအောင် လှပတဲ့ မနက်ခင်းလေးကို ကောင်းကောင်းခံစားဖို့ပေါ့ ။

ကိုယ်ဒီမြို့လေးကို သိပ်ချစ်တာပဲ ။ ခုဆိုကိုယ် ဒီမြို့လေးမှာ နေတာ ဘာလိုလိုနဲ့ လေးနှစ်ပြည့်တော့မယ် ။ ကိုယ်ဒီမှာ ကျောင်းတတ်မယ်လို့ ရွေးချယ်လိုက်တော့ သူငယ်ချင်းတွေအားလုံးက ကန့်ကွက်ကြတာ ။ ဟွန့်... တောကြီးပါတဲ့ .. ဟုတ်မှာပါ ။ တိုကျိုလိုမြို့ကြီးတွေနဲ့ ယှဉ်ရင်တော့ တောပေါ့ ။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်က တောသူမို့လားမသိပါဘူး ။ တိုကျိုလို နေရာမျိုးမှာ အသက်ခဏရှုရရင်တောင် မွန်းပြီးမောချင်တယ် ။ ကားတွေရှုပ် ၊ လူတွေရှုပ် ၊ တိုက်ကြီးတွေကလဲ ပြွတ်သိပ်ခတ်လို့ မိုးထိုးနေတာ ။ တိုကျိုမြို့ကြီးရဲ့ လူနေသိပ်သည်းမှုနဲ့ မြို့ပြဆန်မှုက ကိုယ့်အတွက်တော့ လှပတဲ့ပန်းချီတချပ်ဖြစ်မနေဘူး ။ ပူလောင်လွန်းတယ် ရှုပ်ပွေလွန်းတယ်လို့ပဲ ကိုယ်တော့ ခံစားရတယ် ။ တခြားမပြောပါနဲ့ တိုကျိုမြို့ရဲ့ သိပ်သည်းမှုနဲ့ ပျားပန်းခတ်မှုကြောင့် ကောင်းကင်ကြီးတောင် လွတ်လွတ်လပ်လပ်မနေရရှာဘူး ။ ဟုတ်တယ်လေ သူ့ကိုချောင်းကြည့် မျှော်ကြည့်နေကြတဲ့ တိုက်မြင့်ကြီးတွေက တနေ့တခြား များများလာတာကိုး ။

ကိုယ်တို့မြို့လေးခါကျ အဲ့လိုမဟုတ်ဘူး ။ လူနေမထူထပ်ဘူး ။ တိုက်အမြင့်ကြီးတွေ ဆိုတာလဲ မြို့နဲ့ပနံသင့်ရုံလောက်သာရှိတာ ။ ပြီးတော့ "လေ " "ရေ"ကအစ သန့်ရှင်းပြီး လတ်ဆတ်နေတာကော ။ ကိုယ်မှတ်မှတ်ရရ ဒီမြို့လေးကို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဖို့ ၂၀၀၆ ဖေဖော်ဝါရီမှ စပြီးခြေချခွင့်ရတာပေါ့ ။ ကိုယ် အဲ့ချိန်ကတည်းက ဒီဒေသလေးကို ကျိတ်ပြီး သဘောကျနေမိတာ ။ဖေဖော်ဝါရီဆိုတော့ အချမ်းဆုံးအချိန်ပေါ့ ။ နှင်းတွေဆိုတာလဲ ဖွေးနေအောင်ကျနေတာ ။ ဟိုးအရင်က ရုပ်ရှင်တွေထဲမှာသာမြင်ဖူးတဲ့ နှင်းတွေ ဖုန်းနေတဲ့ ငွေတောင်တန်းကြီးတွေရယ် ၊ ပြီးတော့ ဖွေးဖွေးဖြူနေတဲ့ ငွေရောင် သစ်ပင်ထိုးထိုးထောင်ထောင်လေးတွေရယ် ။ အဲ့တုန်းက အဲ့မြင်ကွင်းတွေကို ရထားပေါ်ကနေကြည့်နေမြင်နေရယုံနဲ့တင် ကိုယ့်မှာ ပျော်လိုက်တာ ။ စိတ်ထဲမှာလဲ ငြိမ်းချမ်းနေသလို ခံစားရတာ ။ ဆောင်းဆိုတာ ဒါမျိုးလားလို့ပေါ့ ။ ပီပြင်လှတဲ့ဆောင်းကို အပြင်မှာကိုယ်တိုင်ခံစားရတဲ့ ဖီးလ်ဟာ ဘာနဲ့မှကိုမတူဘူးရယ် ။ ကိုယ်ဒီကျောင်းအောင်ရင်တော့ ဒီမှာပဲတတ်မယ်လို့ အဲ့ဒီကတည်းက တိတ်တခိုးလေး ကျိတ်ပြီး စဉ်းစားထားတာ ။

ခုကိုယ်နေတဲ့ မြို့လေးက ဂျပန်နိုင်ငံရဲ့ ဗဟိုချက်တဲ့တဲ့မှာရှိတာ .. မြို့လေးရဲ့ နာမည်က မာစုမိုတို တဲ့ ။ ပတ်ပတ်လည်မှာ တောင်တွေကာရံထားတဲ့ အေးချမ်းတဲ့ မြို့လေးပေါ့ ။ ရဲတိုက်အကြီးကြီး နဲ့ ပြတိုက်တွေ ၊ ဟိုးကတည်းကရှိခဲ့တဲ့ မြို့ဟောင်းဈေးတန်းလေးတွေ၊ သဘာဝအလှတွေကို အတိုင်းသား ပြုစုပျိုးထောင်ထားတဲ့ ပန်းခြံကြီးတွေ ၊ကလပ်စစ်ဂီတပွဲတွေ မကြာခဏလုပ်လေ့ ရှိတဲ့ သိပ်ပြီးအနူပညာဆန်တဲ့ မြို့လေးပေါ့ ။ တခါတခါ ကိုယ်သီချင်းလေးတပုဒ် ငြီးမိတယ် သိလား ... တောင်တွေကာရံထားတဲ့ အလယ်မှာ ..ဆိုပြီးလေ ။ အင်းလေးရေကန်သာတော့ မရှိပေမဲ့ သိပ်လှတဲ့မြို့လေးပေါ့ ။ အဲ့ဒါကြောင့်လဲ ၁၂ရာသီလုံး ခရီးသွားတွေနဲ့ပြည့်နေတာပေါ့လေ ။ အဲ....ကိုယ့်မြို့လေးအကြောင်းဆက်ပါအုန်းမယ် ။ ကိုယ်တို့မြို့လေးက ပင်လယ်ရေမျက်နှာပြင်အထက် ၆၀၀မီတာကျော်မြင့်တဲ့ တောင်ပေါ်မှာရှိတဲ့မြို့လေးပေါ့ ။ အဲ့ဒါကြောင့်လဲ ဆောင်းတွင်းဆို အရိုးခိုက်အောင် ချမ်းတာနေမှာ ။ ပတ်ပတ်လည်မှာက စောစောက ကိုယ်ပြောသလို တောင်ကြီးတွေနဲ့ဝိုင်းထားတာ ။ အဲ့တောင်ကြီးတွေ့က မီတာ၃၀၀၀ အထက်မြင်တဲ့ တောင်တန်းကြီးတွေဆိုတော့ ကောင်းကင်ပေါ်ကကြည့်ရင် အိမ်တအိမ်ရဲ့ ခေါင်မိုးနဲ့တူသတဲ့ .. အဲ့ဒီလောက်တောင် တောင်ကြီးကြီးတွေက ကြီးကြီးမြင့်မြင့်ကြီးတွေ ။ အဲ့ဒီတောင်တန်းကြီးတွေကို အက်လ်ပတ်စ် တောင်တန်းလို့တောင် နာမည်ပေးထားတာ ။ ပြီးတော့ ကိုယ်တို့မြို့လေးကိုလဲ ဂျပန်နိုင်ငံက ဆွစ်မြို့လေးလို့ တင်စားပြီးခေါ်သေးတယ် ။ ရေခဲပြင်လျှောစီးလို့ ရတဲ့ စကိတ်ကွင်းတွေရယ် နှင်းတွေဖုံးနေတဲ့ ငွေရောင်တောင်ကြီးတွေရယ်ကြောင့်လို့တော့ ကိုယ်ထင်တာပဲ ။ ဒါကတော့တောင်တန်းကြီးတွေကို ကိုယ်တို့မြို့ကနေ လှမ်းမြင်ရတဲ့ မြင်ကွင်းပေါ့ ။

8_kita.jpg

အဲ့ဒီတောင်တန်းကြီးတွေက နွေဆို စိမ်းစိုနေတာ ဟော...ခုလိုဆောင်းဝင်စအချိန်ကျ ကိုးရောလို့ခေါ်တဲ့ သစ်ပင်ကြီးတွေ အရောင်ပြောင်းမှုကြောင့် တောင်တကြောမှာ ဝါ၊စိမ်း၊နီ ကာလာချယ်ထားတဲ့ အတိုင်း သဘာဝပန်ချီကားကြီးတချပ်လို လှနေပြန်ရော .. အောက်ကပုံထဲမှာ မြင်ရသလိုပေါ့ ။ ခုလိုရာသီဆို ဘယ်နေရာကိုပဲ မျှော်ကြည့်လိုက် မျှော်ကြည့်လိုက် ကိုးရောတွေနဲ့ သိပ်လှတာ ။ ကိုးရောဆိုတာက သစ်ပင်တွေ အရောင်ပြောင်းခြင်း ၊ ဒါမမဟုတ် အရောင်ပြောင်းတဲ့ သစ်ရွက်တွေကို ခေါ်တာလေ ။ အဲ့ဒီအပင်တွေ အရွက်တွေက အဝါဆို တပင်လုံးက အဝါ ၊ အနီဆိုတပင်လုံးက အနီရောင်ပေါ့ ။ အဲ့လို အပင်တွေကို ဝါ၊စိမ်း၊နီ ဆိုပြီးများ စနစ်တကျ လှလှပပများ အကွက်ချ ပြီးစိုက်ထားသလားတောင် မသိပါဘူး ။ တောင်တကြောမှာ ကာလာစုံ အပြည့်ပဲဆိုတော့ မလှချင်မှအဆုံးပေါ့ ။ အဲ့ဒီ ကိုးရောရဲ့ အလှကို ခံစားဖို့ ခရီးထွက်တဲ့သူတွေ ကန့်မ် သွားတဲ့ သူတွေလဲ မနည်းမနောပါပဲ ။ ကိုးရောကို ကိုယ်စားပြုတဲ့ အပင်မျိုးကတော့ မိုမိဂျိတို့ ၊ ဂင်းနန်း တို့လို အပင်တွေပေါ့ ။ တခြားလဲ အများကြီးတော့ ရှိပါတယ် ။ ဒါပေမဲ့ ကိုယ်ကတော့ ကိုးရောဆိုရင် မိုမိဂျိပင် နဲ့ ဂင်းနန်းအပင်လောက်သာ သိတယ် ။ အောက်ကပုံထဲက မြင်ရတဲ့ အနီရောင် အပင်ကတော့ မိုမိဂျိပင် ၊ တပင်လုံး လှနေရောင် ဝါနေတဲ့ အပင်ကတော့ ဂင်းနန်းလို့ခေါ်တဲ့ အပင်ပေါ့ ။


上高地槍ヶ岳紅葉


ファイル:Autumn leaf color.jpgファイル:Wakayama Park05n4592.jpg


စကားလမ်းကြောင်းက ချော်သွားပြန်ပြီ ။ ဆက်အုန်းမယ် ကိုယ့်မြို့အကြောင်းကို ။ အဲ့ဒီတောင်ကြီးတန်းတွေက ဆောင်းကပိုပြီး ပြင်ပြင်လာပြီဆိုရင်တော့ စောစောတုန်းက ကိုယ်ပြောတဲ့ ကိုးရောလေးတွေခမျာ နေရာဖယ်ပေးရရှာတယ် ။ နှင်းတွေလာတော့မှာကိုး ။ ခုတောင် တောင်ကြီးရဲ့ တချို့နေရာတွေမှာ နှင်းဖြူဖြူတွေဖုံးနေတာကို ကိုယ်တို့မြင်နေရပြီလေ ။

ကိုယ်ကတော့ ဘာပဲပြောပြော ဒီဒေသလေးကို သိပ်ချစ်တယ် ။ အေးချမ်းလွန်းလို့လေ .ဒီအောက်ကပုံကတော့ ကိုယ်တို့မြို့ရဲ့ဂုဏ်ဆောင် ရဲတိုက်ကြီးပေါ့ ။ ကိုယ်ကတော့ အချိန်အားတဲ့အခါ ၊ ပျင်းတဲ့ အခါတွေမှာ အဲ့ဒီကိုသွား ခုံတန်းလေးပေါ်ထိုင်ပြီး လှပတဲ့ သဘာဝပတ်ဝန်းကျင်ကြီးကို ငေးမောနေတတ်တယ် ။ ဒါမှမဟုတ်ရင်လဲ ကျောင်းအနောက်ဖက်က ချောင်းလေးနဘေးမှာ စာအုပ်လေးတအုပ်နဲ့ ရေစီးသံလေးနားထောင်ရင်း ၊ လတ်ဆတ်တဲ့ လေကို တဝကြီးရှုရှိုက်ရင်းပေါ့ ။
四季の松本城

အင်း.....ဒါပေမဲ့ သိပ်မကြာခင်ပဲ ကိုယ်သိပ်ချစ်တဲ့ ဒီမြို့လေးကနေ ခွဲခွာရတော့မယ် ။ ကိုယ့်ကျောင်းက နောက်နှစ် ၄လပိုင်းဆိုပြီးတော့မယ်လေ ။ ကိုယ်ဆက်တတ်ချင်တဲ့ ဘာသာရပ်ရှိတဲ့ တက္ကသိုလ်ရှိတဲ့ နေရာကို ကိုယ်ပြောင်းရတော့မယ် ။ ကိုယ်သိပ်ချစ်တဲ့ တောင်တန်းကြီးတွေ နဲ့ သာယာလှပလှတဲ့ မြို့လေးနဲ့ ခွဲခွာရမှာမို့ ကိုယ်ဝမ်းတော့နည်းမိတယ် ။ နှစ်သက်ကြည်နူးစရာကောင်းတဲ့ အချိန်တွေဆိုတာ အဲ့လိုပဲ အကုန်မြန်တတ်သလား မသိနော်...။ ကိုယ်ဒီမြို့လေးကို လွမ်းနေမယ်ဆိုတာလဲ အသေအချာပြောရဲပါတယ် ။ လူ့ပတ်ဝန်းကျင်ဆိုတာ အမြဲတမ်း ရှုပ်ရှုက်ခတ်ပြီး ပူလောင်နေတာလေ ။ လူတွေနဲ့ မကင်းနိုင်သရွှေ့ လူ့ပတ်ဝန်းကျင်ရဲ့ ပူလောင်မှုတွေ့နဲ့ ထိတွေ့နေသရွှေ့ကတော့ ကိုယ်ဒီလိုပဲ အေးချမ်းသာယာပြီ တိတ်ဆိတ်ငြိမ်သက်လှတဲ့ မြို့လှလှလေးတွေကို မွတ်သိပ်စွာ တောင့်တနေမိအုန်းမှာပါပဲ ။


စာကိုး ။ ဂူဂယ် နဲ့ ဒီမြို့ရဲ့ ဝက်ဘ်ဆိုဒ် ထဲက ပုံတချို့ယူပါတယ် ။ အချက်အလက်တချို့ကတော့ ဝီကီပီဒီယာကပါ ။

ညီမလေး
၂၀၀၉.နိုဝင်ဘာ.၁၀

Sunday, October 25, 2009

ဆောင်းစေစားရာ

ရာသီရယ် ခါလီလှည့်ပြောင်း
တနွေဟောင်းလို့ တဆောင်းရယ်သစ်ရပြန်
ရော်ဝါရွက်ကြွေ
မြူနှင်းလည်း ဝေဝေမို့
အလွမ်းတွေ မှုန်ရီမှိုင်းရယ်နဲ့
ကာရံမပီ စာမညီသော်လည်း
ချစ်သူ့ဆီ မျှော်ကာရည်စူး
ချစ်တေးရယ် ကျူးမိတယ် .....

ညီမလေး
၂၀၀၉.အောက်တိုဘာ.၂၇

Tuesday, October 20, 2009

အမေ.........

အဆိုတော် ကိုအောင်ကတော့ " ကြယ်တွေစုံတဲ့ည အမေ့အိမ်ကိုလွမ်းတယ် " တဲ့အမေ ။ ဒီည ကြယ်တွေမစုံပါဘူး အမေရယ် ... ဒါပေမဲ့ အမေ့ကို သမီးလွမ်းနေတယ် ... အမေ ။ ဒီရက်ပိုင်းမှာ အမေ့ကို သိပ်...သတိရတာပဲ အမေ ။ အမေ နေကောင်းကျန်းမာမှ ရှိရဲ့လား ။ အမေ အလုပ်တွေသိပ်များပြီး ပင်ပန်းများနေပြီလား ။ အမေ ဘုရားသွားကျောင်းတတ် ဥပုသ်သီတင်း သီလမှ စောင့်တည်နိုင်ရဲ့လား ။ အမေ တရားစာအုပ်တွေမှ ဖတ်ဖြစ်နေရဲ့လား ။ လားပေါင်းများစွာပါပဲ အမေ ....

အမေရယ် တခါတခါ ဆန္ဒတွေ ၊ ရည်မှန်းချက်တွေ တခဏပဲဖြစ်ဖြစ် တနေရာရာမှာ ချောင်သိပ်ထိုးထည့်ထားလိုက်ချင်တယ် သိလား အမေ ။ အမေ့နားမှာ အပူအပင်မရှိ အမေနဲ့ အတူတူ ဘုရားသွား ကျောင်းတတ် ၊ တခါတလေကျလဲ သမီးက အမေ့ဘေးမှာ တရားစာအုပ်လေးဖတ်ပြ ... အမေကနားထောင် ဘယ်လောက်ငြိမ်းချမ်းလိုက်မလဲနော် ။ အမေရယ်..အဲ့လိုဘဝတွေနဲ့ ဝေးအောင် ဖန်တီးနေတာ သမီးကိုယ်တိုင်များလားမသိဘူးနော် ။ ခုလဲကြည့်လေ ကိုယ်ဆက်တတ်ချင်နေတဲ့ ကျောင်းဆက်တတ်ခွင့်ရတာတောင် သမီး မပျော်နိုင်ဘူးအမေ ... ဆက်လည်းတတ်ချင်တယ် ဆက်လည်းမတတ်ချင်ဘူးအမေ .. ဆက်တတ်ချင်တာ ကိုယ်သင်ချင်တဲ့ ပညာရပ် ၊ ကိုယ်အနှစ်နှစ်အလလ ဖြစ်ချင်လွန်းတဲ့ ဆန္ဒတခု အကောင်အထည်ဖော်ခွင့်ရဖို့ နီးလာပြီမို့လို့ တတ်ချင်တာ ။ မတတ်ချင်တာက အမေ့နဲ့ထပ်မဝေးချင်တော့လို့ ၊ အမေ့နားမှာ နေချင်လို့ ၊ အမေကို တရားအလုပ်တွေ အေးအေးဆေးဆေးလုပ်နိုင်အောင် အမေ့အလုပ်တွေလုပ်ကူပေးချင်လို့ ။ အမေရယ် ဘာလုပ်ရမလဲ ဘာလုပ်ရမလဲ .....................

ရည်မှန်းချက်တခု အထမြောက်အောင် လုပ်ခွင့်ရတော့မဲ့ အခါမှ အဲ့အခွင့်ရေးကို လက်လွတ်ဖို့ထိလဲ သမီးမစွန့်လွတ်ရဲသေးဘူး အမေ ။ ဒါပေမဲ့ အမေ့ကိုထပ်ပစ်ထားပြီး ကျောင်းဆက်တတ်ဖို့ ဆုံးဖြတ်ရအောင်လဲ သမီးအသဲကမမာဘူးအမေရယ် ....... ရူးချင်တယ် အမေရယ် .. ရူးချင်တယ် ...အဲ့ဒီအကြောင်းကို တွေးမိတိုင်း မောရလို့ နှလုံးသားတွေ နှုံးနေပြီအမေရယ် ..

ဒီရက်ပိုင်းတွေ အမေ့ကို အိပ်မက် ကလည်း ခဏခဏ မက်သေးတယ်အမေ ။ သမီးနဲ့ဝေးနေတဲ့ အချိန်မှာ အမေ တခုခုဖြစ်မှာ အစိုးရိမ်ဆုံးပဲအမေရယ် ။အမေနဲ့ မနီးနိုင်သေးတဲ့ ဒီတခဏမှာ အမေ ကျန်းမာအောင် နေပေးပါနော် ။ ဘုရားတရားတွေ ပိုလုပ်ပါအမေရယ် ။ အမေ့အတွက် သမီးဘာမှ မလုပ်ပေးနိုင်ခင်မှာ အမေ တခုခုဖြစ်လို့မဖြစ်ဘူးအမေ ။ အမေ ကျန်းမာနေမှ ဖြစ်မယ် ။ စိတ်ရော ကိုယ်ပါပေါ့ အမေရယ် .. ။ မတတ်သာလို့ ဝေးနေတယ် ဆိုရင်တောင် အမေရှိနေတယ် ဆိုတဲ့ အသိက သမီးဘဝကို အဓိပ္ပါယ် ပိုပြည့်စုံစေတယ်အမေရယ် ...

ညီမလေး
၂၀၀၉.အောက်တိုဘာ.၂၀

Tuesday, October 13, 2009

ကြောက်ချင်တယ်....

စိုင်းစိုင်းမွန်းရဲ့ အမှတ်တမဲ့ကိုဖတ်ပြီး ကိုယ် စဉ်းစားစရာတွေအများကြီး ရလိုက်တယ် ။ တန့်နေတဲ့ ခြေလှမ်းတချို့ ရှေ့ကို နည်းနည်းရွေ့သွားတယ် ။ အဲ့အတွက် အရင်ဆုံး စိုင်းစိုင်းမွန်းကို ကျေးဇူးတင်တယ်လို့ ပြောပါရစေ။

သူကသူ့ဆရာ ဒီလောက်စောစောစီးစီး ဆုံးပါးသွားလိမ့်မယ်လို့ ထင်မထားဘူးတဲ့ ။ သူအဲ့သတင်းကြားရတဲ့ အခါမှာ မယုံကြည်နိုင်လောက်အောင် အံ့သြမိတယ်တဲ့ ။ သူ့ကို ကိုယ်ကိုယ်ချင်းစာကြည့်လို့ ရတယ် ။ ခံစားကြည့်လို့လဲ ရတယ် ။ ဘာလို့လဲဆိုတော့ သူ့လိုမျိုး ကိုယ်လည်း ကိုယ့်နဲ့ပတ်သတ်တဲ့ သူတွေ ၊ ကိုယ်ချစ်ရတဲ့သူတွေ ပြီးတော့ ကိုယ်ကိုယ်တိုင်.. အဲ့လို အမှတ်မထင် ကိစ္စတွေနဲ့များ ကြူံတွေ့လာရရင် ဆိုတဲ့ အတွေး.....အားလာလား !!! တွေးကြည့်မိယုံလေးနဲ့တင် တကယ့်ကို နေမသိထိုင်မသာပါပဲ ။ ပြီးတော့ တခုခုကိုကြောက်ပြီး စိုးရိမ်လာတယ် ။ ကိုယ့်ရဲ့ အဲ့ဒီစိတ်က တခါတည်း အိမ်ကိုကောက်ပြီး ချက်ချင်း ဖုန်းဆက်မိစေတဲ့ အထိ ကိုယ့်ကိုလွမ်းမိုးသွားတယ် ။ ကိုယ့်မိဘတွေ ကိုယ့်မောင်နှမတွေ ကိုယ့်အသိတွေ နေကောင်းကျန်းမာကြရဲ့လားလို့ ကိုယ်စိတ်ပူမိတယ် ။ ကိုယ်သူတို့တွေ အတွက် ဘာမှမယ်မယ်ရရ လုပ်မပေးလိုက်ရခင်မှာ သူတို့ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင် စောစောစီးစီး တိမ်းပါသွားမယ် ဆိုရင်၊ ဒီလောကကြီးက ထွက်သွားရမယ်ဆိုရင် .... အဲ့လိုတွေးလိုက်မိတဲ့ တခဏ ကိုယ့်မှာ အချိန်တွေ သိပ်နည်းသွားသလို ခံစားလိုက်ရတယ် ။ အဲ့ဒီအသိက ကိုယ့်ကို မေ့နေတဲ့ ပြင်ဆင်မှုတွေ တချို့ကို မြန်မြန်အကောင်အထည်ဖော်စေဖို့ ကောင်းသော တွန်းအားတခု ကိုပေးတယ် ။ ကိုယ် ရပ်နေရာကနေ ခရီးနည်းနည်းပေါက်သွားတယ် ။ ကိုယ်ရှေ့ဆက်လျှောက်ဖို့လဲ ကြိုးစားနေမိတယ် ။ ဆက်လဲလျှောက်ချင်နေမိတယ် ။ အဲ့ဒါကြောင့် စိုင်းစိုင်းမွန်းကို ကျေးဇူးတင်မိတာပါ ။ တခြားကိုယ့်ကို တပ်လှန့်သတိပေးမဲ့သူတိုင်းကိုလည်း ကျေးဇူးတင်မိမှာပါပဲ ။

ဟိုးတခါ ကိုယ်ရေးတဲ့ မမေ့အပ်သော အကြောင်းတရား မှာလဲ ကိုယ်ပြောဖူးပါတယ် ။ အဲ့လိုကိစ္စမျိုးက အသက် ငယ်တာကြီးတာနဲ့ မဆိုင်ဘဲ အချိန်မရွေး ဖြစ်နိုင်တယ် ဆိုတာကို သိပေမဲ့ ခုချိန်မှာ တကယ် ဖြစ်လာမယ်ဆိုရင် ကိုယ်မှာ ရင်ဆိုင်ဖို့ အသင့်မဖြစ်သေးဘူး ။ ကိုယ် ခံလည်းမခံစားနိုင်ဘူး ဆိုတဲ့ အကြောင်းပေါ့ ။ အဲ့တော့ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ထိရောက်တယ် ဆိုတဲ့ စကားလိုပေါ့ လေ ... ကိုယ်ကြိုတင်ကာကွယ်ဖို့ ပြင်ဆင်စရာတွေကို စဉ်းစားမိတယ် ။ တချို့ကိစ္စတွေကို ချက်ချင်းအကောင်အထည်ဖော်တယ် ။ အမေ့ကောက်ပြီး မနေမိအောင်လည်း ကိုယ့်ကိုကိုယ် ဆုံးမကြည့်မိတယ် ။ အမှန်တကယ်လည်း အဲ့ဒီကိစ္စကြီးက ကြိုပြီးတွေးထားသင့်တဲ့ ၊ ကြိုပြီးတွေးထားရမယ့် ကိစ္စကြီးလေ ။ကိုယ်တို့တွေက အဲ့ဒီ မမေ့အပ်တဲ့ အကြောင်းတရားကြီးကို တခါတခါ မေ့မေ့ထားတတ်တယ် ။ မေ့မေ့နေတတ်တယ် ။ လာမယ်ဆိုတာ သိပေမဲ့ တတ်နိုင်သလောက် ရှောင်ပြေးချင်ကြတယ် ။ ရင်ဆိုင်ဖို့ မကြိုးစားမိတဲ့ အခါတွေလည်းရှိတယ် ။ ဟော ...အဲ့လိုသတင်းမျိုးကို ကြားမိကြမိဆိုတော့မှပဲ မအံ့သြသင့်ပါဘဲနဲ့ အံ့သြမိကြတယ် ။ ထင်မထားတာတွေ ဖြစ်နေတယ် လို့လဲပြောတတ်ကြသေးတယ် ။

တကယ်တော့ အဲ့ဒါတွေ အားလုံး ကိုယ်တို့တွေရဲ့ ပေါ့ဆမှု သက်သက်ပါ ။ ဟုတ်တယ်လေ သူလာမယ်ဆိုတာ အသေအချာကြီးပဲဟာကို ။ သိရက်နဲ့ ကိုယ်တို့တွေ ကိုယ့်ဟာကို မေ့ထားကြပြီး ကြားလိုက်ရတဲ့ အခါမှ အမှတ်မထင်လို့ ထင်မိကြတာ ။ သတင်းဆိုးတခုလို့ မှတ်ယူတတ်ကြတာလေ ။ တကယ်တမ်းကျ အဲ့ဒီ အသေအချာကြီးကို ရှိပြီး အချိန်မရွေးရောက်လာနိုင်တဲ့ သေခြင်းတရားကြီးက ကြီးမှငယ်မှ မဟုတ်ဘဲ ကိုယ်တို့ဆီကို သူကြိုက်တဲ့ အချိန်မှာ ကြိုက်တဲ့ အနေအထားမျိုးနဲ့ ဗြုန်းဆိုရောက်လာနိုင်တယ် ။ အဲ့ထက်သေချာပါတယ် ဆိုတဲ့ ကိစ္စတွေတောင် အဲ့လောက်မသေချာနိုင်ဘူး ။ အဲ့ထက် သေချာတဲ့ အရာလည်း ဒီကမ္ဘာကြီးမှာ မရှိဘူးလို့ ကိုယ်ထင်တယ် ။ ဒါတောင် ကိုယ်တို့တွေ ကြိုတွေးတာ ၊ ကြိုပြင်ဆင်တာမျိုးမလုပ်တာဟာ၊ မလုပ်ဘဲ ပျင်းနေမိတာဟာ တကယ်မကြောက်လို့ ၊ တကယ်မတုန်လှုပ်သေးလို့ပေါ့နော် ။ ကိုယ် ကြောက်ချင်တယ် ။ တုန်လှုပ်ချင်တယ် ။ ကြောက်မိအောင် တုန်လှုပ်မိအောင်လည်း နေချင်တယ် .........

ညီမလေး
၂၀၀၉.အောက်တိုဘာ.၁၃

Saturday, October 10, 2009

အမှတ်တမဲ့...

ဒီနေ့ .....
မထင်မှတ်ပဲ ကြားလိုက်ရတဲ့ သတင်းဆိုးတစ်ခု.....၊
မယုံကြည်နိုင်လောက်အောင် မထင်မှတ်တာတွေက ဖြစ်တတ်လွန်းတဲ့ လောကရယ်.....
ရုတ်တရက်ကို တစ်ဖြုတ်ဖြုတ်ကြွေနေကြ....။
အဲဒီအထဲမှာ ဆရာလည်း ပါသွားတယ်တဲ့လား.....။
ကျွန်တော် မယုံကြည်နိုင်စွာ အံ့အားသင့် နာကျင်နေလို့....။
ဒီကနေ့ပဲတဲ့.... ဆရာတစ်ယောက် လောကကြီးကို အရွယ်ကောင်းတုန်း၊ သန်တုန်းမာတုန်းမှာ ကျောခိုင်းထားလိုက်ပုံများ....။
သင်္ခါရဆိုတာ သိပေမယ့် အိုဆရာရယ် ......
ကျွန်တော်တို့ တွေ့ဆုံခဲ့တဲ့ အချိန်က တိုတောင်းပေမယ့် အမှတ်ရစရာ၊ မှတ်သားစရာ အဖြစ်အပျက်တွေ စုံလို့ပေါ့ဆရာရယ်....။
လက်ထောက် ကထိကအဆင့်ကို တက်တာမှ မကြာသေး... ဆရာတစ်ယောက် လောကပေါ်က ပျောက်ကွယ်သွားပြီတဲ့လား....။
မှတ်မှတ်ရရပါပဲဆရာ.... ထိပ်ဆုံး စတင်သိကျွမ်းခွင့် ရပုံက ထိပ်တိုက်တွေ့ခဲ့တယ်နော်....။ ဂျစ်ကန်ကန်နဲ့ ဆရာ့ ပုံကို ကျွန်တော်တို့ ဖရက်ရှာကောင်လေးတွေ သိပ် မကြည်ခဲ့ဘူးလေ....။
မောင်မယ်သစ်လွင်ပွဲတွေလုပ်ရင်း ဆရာနဲ့ကျွန်တော် အတွဲညီခဲ့တယ်နော်....။
အင်္ဂလိပ်မေဂျာမှာ ပြေးကြည့်မှ နှစ်ယောက်တည်းရှိတဲ့ ဆရာထဲက တစ်ယောက်....။
မေဂျာကို ချစ်လွန်းတဲ့ဆရာတစ်ယောက်....။ မန္တလေး ကျောင်းဆင်းဖြစ်ရတာကို ဂုဏ်ယူလွန်းတဲ့ ဆရာတစ်ယောက်...။ အခုဘယ်ဆီရောက်ပြီလဲ....။
ငယ်ငယ်က ဆိုးတဲ့အကြောင်းတွေကို ဖောက်သည်ချရင်း ငယ်ဂုဏ်နဲ့မလိုက် ပျော်တတ်၊ သည်းခံတတ်တဲ့ ဆရာ....။
ဒေါသကို မြိုသိပ်ပြီး ကွယ်ရာမှာမှ ကြိတ်ပေါက်ကွဲတတ်တဲ့ဆရာ....
ကျွန်တော့ကို ယုံကြည်စွာနဲ့ စာသင်ဖို့ အားပေးခဲ့တဲ့ဆရာ....။
ကျွန်တော် အားငယ်နေချိန်မှာ လက်တွဲပေးတတ်တဲ့ဆရာ....။
စာတစ်လုံးမှ မသင်လိုက်ရပဲ ဆရာတပည့် အရင်းကြီးဖြစ်ရတာ ကျွန်တော် ဂုဏ်ယူတယ်ဆရာ....။
နှစ်တိုင်း တပည့်တွေနဲ့ တရုံးရုံး.... အလုပ်ကို အတူတူလုပ်တတ်တဲ့ဆရာ....။
အခက်အခဲတွေကြားက မျက်နှာမငယ်ရအောင် လုပ်ပေးတတ်တဲ့ဆရာ....။
သီချင်းဆိုတာ ဝါသနာကြီးလွန်းတဲ့ဆရာ....။
လူဖြောင့်ကြီး ဆရာ....။
ဘီယာသိပ်ကြိုက်လွန်းတဲ့ဆရာ....။
အခုတော့ ဆုံးသွားပြီတဲ့လား....။
ဒီနေ့ညနေကပဲ ဆုံးသွားပြီတဲ့လားဆရာရယ်....။
ကျွန်တော် ပြန်လာရင် ဆရာ့ဆီလာပြီး ဆရာကြိုက်တဲ့ ဘီယာ အဝတိုက်မယ်ဆိုတဲ့ စိတ်ကူးတွေ အခုတော့.......
အိုဆရာရေ....
ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်ဘဝပဲရောက်ရောက် ဆရာ့ကို ထာဝရ ဦးထိပ်ထား ဂါရဝတရားနဲ့ အစဉ်ဦးညွှတ်နေမှာပါ....။
ဆရာရေ....
ကောင်းရာသုဂတိ လားပါစေ....
ကျွန်တော် ပြုဖူးသမျှ ကုသိုလ်တွေကို အမျှပေးဝေပါတယ်....။
ရောက်လေရာက ဆရာတစ်ယောက် သာဓုခေါ်နိုင်ပါစေ....။
ကုသိုလ် အမျှ ..... အမျှ ..... အမျှ ပါ ဆရာ......
ဒီစာလေးနဲ့ ဆရာ့ကို နောက်ဆုံးအကြီမ် ကန်တော့ပါရစေ......

လွမ်းဆွတ်ကြေကွဲလျှက်....

ဆရာ့ချစ်တပည့်...

စိုင်းစိုင်းမွန်း...

၂၀၀၉၊ အောက်တိုဘာလ ၉ ရက် မွန်းလွဲပိုင်းတွင် တောင်ကြီး စောဝ်စံထွန်း ဆေးရုံပေါ်တွင် ကွယ်လွန် အနိစ္စရောက်သွားသော တောင်ကြီး တက္ကသိုလ် အင်္ဂလိပ်စာဌာန လက်ထောက်ကထိက ဦးမောင်မောင်လေးအား ရည်စူး၍ ရေးသားသည်....

Monday, October 5, 2009

အလိုရှိသည်

ကမ္ဘာမြေကြီးရေ...
မွန်းနေတဲ့ စိတ်တချို့
ခြေချဖို့ " မြေ "တခဏငှားပါ။

ညီမလေး
၂၀၀၉.နိုဝင်ဘာ.၅.

Tuesday, September 29, 2009

မြို့ပြည

အပေါ်ယံ အလှတို့ပြည့်နှက်
မှော်မာန်နတ်တို့ မြူးတူး
အာရုံတွေ ထွေကာပြား
မှောက်မှားလို့ ဖောက်ပြားအောင်လဲ သူဆွဲဆောင်
လှပတဲ့ ဘဝတွေကို အဆိပ်ငွေ့ချ
တမြည့်မြည့်နဲ့ လှိုက်စေစားစေ
ထို့နောက် တခဏ...
တဘဝပြီး တဘဝ
စနစ်တကျ လှလှပပ
အနုခြွေခြွေ အစိမ်းကြွေကြွေမို့
ဘဝများစွာ ကြွေကာလွင့်ရ
ရမ္မက်မူးမူး အဆိပ်လူးတဲ့
မှော်ကောင်တို့ရဲ့ည ။

ညီမလေး
၂၀၀၉.စက်တင်ဘာ.၃၀

Sunday, September 20, 2009

အမုန်းဆုံးအရာ

ပိုက်ဆံ ... ပိုက်ဆံ ... လောကကြီးမှာ ဒင်းကနေရာ တော်တော်ယူတယ် ။ သူရှိရင်ပဲ ပြည့်စုံပြီလို့ ယူဆကြတဲ့သူတွေလဲ အများမှအများကြီး......။ သူ့ကိုရဖို့ အတွက်ဆို ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုသူတွေဟာလဲ ရေတွက်လို့တောင် မကုန်နိုင်ဘူး ။ ကိုယ်လဲ ရိုးရိုးသားသား ဝန်ခံရရင် ပိုက်ဆံဟာ မရှိတာထက် ရှိတာဟာ ကောင်းတယ် လို့တော့ ထင်တဲ့ သူတွေထဲမှာ ပါပါတယ် ။ ဒါပေမဲ့ ဒင်းကလွဲပြီး တခြား ဘာကိုမှမမြင်ရလောက်အောင်ထိတော့ ဒင်းကို အရေးပါတယ်လို့ ကိုယ်မထင်မိဘူး ။ ထင်လဲမထင်ချင်သလို အရေးလဲမပေးချင်ဘူး ။ ဒင်းက မျက်နှာသာပေးရင် ရောင့်တက် တတ်လွန်းပါ ။ အဲ့တော့ ဒင်းကို မရှိမရှားလောက်ထက် ပိုပြီး မခင်တွယ်မိဘူး ။ မခင်လဲမခင်တွယ်လိုဘူး ။ ခပ်ခွာခွာ ခပ်ကင်းကင်းလေးပဲ နေချင်တယ် ။ အဲ့ဒါက ကိုယ့်ရဲ့စိတ်ရင်းအမှန် ။ အင်း....လိုက်နာရခက်တဲ့ အကောင်အထည် ဖော်ရခက်တဲ့ အခါတွေ အရမ်းများတဲ့ စိတ်ရင်းအမှန်လေး ဆိုရင်တော့ ပိုမှန်မယ်ထင်တယ် ။

ဒါပေမဲ့ ခက်သားလားနော် ။ ဒင်းက အင်မတန် ပေါက်ပေါက် ရောက်ရောက်ကလည်းရှိ ၊ ဒင်းမျက်နှာလေးကြောင့် အရာတော်တော်များများက ရှောရှောရှုရှုပြီးသွားကြတယ် ၊ အဆင်ပြေသွားကြတယ် ဆိုတော့လဲ ဒင်းက သက်မဲ့ဆိုပေမဲ့ ကိုယ်တို့ သက်ရှိ လူသားတွေကို ကိုင်လှုပ်နိုင်စွမ်းသပေါ့။ ဒင်းက နေရာလည်း သိပ်ချဲ့လာတတ်သပေါ့ ။ ပြီးတော့ ဒင်းက လူ့တွေကို ကိုင်လှုပ်နိုင်စွမ်းတယ် ဆိုတော့ ခပ်ကြွကြွ နဲ့ နဲနဲလေးမှ အငြိမ်နေတဲ့ကောင် မဟုတ်ဘူးရယ် ။ အတော်မွှေတဲ့အကောင် ။ ဒင်းကြောင့် လူတွေမှာ တတ်လိုက်ရတဲ့ ပြသာနာတွေ ၊ ပွေလိုက်ရတဲ့ ရတတ်တွေ ၊ ကြီးလိုက်တဲ့ ဒုက္ခတွေ ဆိုတာ မနည်းမနောပါပဲ ။ ဒင်းဝင်လာပြီ ဆိုရင်တော့ မိဘနဲ့သားသမီး ဆိုတာတွေလည်းပျောက်ကုန်တယ် ။ မောင်နှမဆိုတာလဲ မရှိတော့ဘူး ။ အဲ့လောက် အရင်းအနှီးဆုံး သွေးသားကြီးတွေကိုတောင် ဒင်းက တစစီ ဗြန်းဗြန်းကွဲသွားအောင် လုပ်စွမ်းနိုင်တာနော် ။ ပေါ့သေးသေးတော့ မထင်နဲ့ ဆရာ ။ သက်မဲ့ဆိုပေမဲ့ အရာအားလုံးကို ပရမ်းပဒါ ဖြစ်နိုင်စွမ်းတာဟာ ဒင်းရဲ့ မကောင်းသော အာသာချက်ပဲ ။ အဲ့ဒီအားသာချက်ဟာ ကိုယ်တို့တွေ အားလုံး ကျပ်ကျပ်သတိထားရမဲ့ အားသာချက် ဆိုရင်လည်း မမှားဘူး လို့ ကိုယ်တော့ မြင်မိတယ် ။

အဲ့လိုပဲ.. ဒင်းကလွဲပြီး ကျန်တာ ဖွဲ၊ ဆန်ကွဲလို့ ထင်ကြတာ ၊ ဒင်းမှဒင်းဖြစ်နေကြတာ ၊ ဒင်းအတွက်ဆို ဘာပဲဖြစ်ဖြစ်လာထား ဆိုတဲ့ အတွေးတွေနဲ့ လှုပ်ရှားနေကြတာတွေ ကတော့ ဦးနှောက်ရှိပြီး သတ္တလောကမှာ အသိဉာဏ် အရှိဆုံးပါပဲဆိုတဲ့ ကြီးကျယ် မြင့်မြတ် လှသော ကိုယ်တို့ မဟာလူသားများရဲ့ အားနည်းချက်ပေါ့ ။ ကိုယ်တို့လူသားတွေမှာ အဲ့ဒီအားနည်းချက်ရှိလို့ လဲ တခါတခါ ဒင်းပြုသမျှ နုရတဲ့ဘဝမှာ နေနေကြရတာပေါ့လေ ။ ပြောမဲ့သာပြောတာပါ ဒင်းပြုသမျှကို နုချင်သူကလည်း ခပ်များများရယ် ။ ဒါကြောင့် တခါတခါ ကိုယ်သိပ်စိတ်ကုန်တယ် ။ ဒင်းကြောင့် ခေါ်ချင်ပြောချင်ကြတယ် ။ ဒင်းကြောင့် နေရာပေးချင်ကြတယ် ။ စိတ်ရင်း အစစ်တွေက ဒင်းအောက်မှာ ပြားပြားဝပ်ကုန်ကြတယ် ။ ဒင်းကြောင့် နေရာရနေတဲ့ ဘဝကြီးလောက် စက်ဆုပ်စရာကောင်းတာ မရှိဘူးလို့ ကိုယ်တော့ ထင်တာပဲ ။ ဟုတ်တယ်လေ..စဉ်းစားကြည့်ပါအုန်း .. မပြုံးချင်ဘဲ ပြုံးပြကြ ၊ မခေါ်ချင်ပါဘဲလဲ ဒင်းမျက်နှာလေးကြောင့် အောင့်အီးပြီး ခေါ်ကြပြောကြနဲ့ မြင်ရရုံနဲ့တောင် အော်ဂလီဆန်တယ် ။ ဘယ်မလဲ စစ်မှန်တဲ့ ရင်ဘတ်တွေက ....ဘယ်မလဲ စစ်မှန်တဲ့ မေတ္တာတွေက ..... အားလုံးဟာ အတုတွေချည်းပဲ ။ အဲ့ဒီ အတုတွေကိုကော ဘယ်လိုသတ္တိမျိုးနဲ့ ယုံကြည်စွာ ခံစားရမလဲ ။ အဲ့လိုဘဝမျိုးကို မှာနေရလောက်အောင် ဒင်းကို အမောင့်များများမပိုင်တဲ့ ကိုယ်တောင် မခံစားရဲဘူး .....ယုံလဲမယုံရဲဘူး ။ အဲ့လို မကောင်းတဲ့ အားသာချက်ကို ပိုင်တဲ့ ဒင်းနဲ့ မကောင်းတဲ့ အားနည်းချက်ကို လက်ဝယ်ရှိနေတဲ့ လူတွေကိုလည်း ကိုယ်မုန်းတယ် ။အဲ့ဒါကြောင့် ကိုယ်အမုန်းဆုံး အရာ ကိုပြပါဆိုရင် တော့ သူတို့ နှစ်ကောင်ပဲ..

ညီမလေး
၂၀၀၉.စက်တင်ဘာ.၂၀

Saturday, September 19, 2009

ဘဝ

စိတ်အဟုန်ကိုစီး
သံသရာခရီးကို အပြေးနှင်
အထုပ်ကလေးရယ် တပြင်ပြင်နှင့်
အကုသိုလ် ဆယ်ခါကျော့ရင်ကျော့မယ်ပ
ကုသိုလ်လေးရယ်မှ အိုတခါ ။


ညီမလေး
၂၀၀၉.စက်တင်ဘာ.၁၉

Thursday, September 17, 2009

သံယောဇဉ်

တွယ်မိတော့ နှောင်လေသည်
ထုတ်မိက ကြိုးတစ
လုံးလည်ကာ ခြာခြာလိုက်
အစရယ် သိမ်းဖို့ခက်ချေပြီ ။

ရစ်မိတော့ ချည်လေသည်
ရုန်းလေလေ နစ်လေလေနဲ့
စပ်ဆော့မိ ငရဲနွံတွင်း
မိုက်မဲစွာ တိုးဝင်ရင်း
တ၀ဲဝဲလည်၍ ဆင်းလေပြီ ။

ညီမလေး
၂၀၀၉.သြဂုတ်.၃

စာကြွင်း ။ ။ ဒီကဗျာလေးကို တခုခုလိုနေသလားလို့ ရေးထားပြီး တော်တော်နဲ့မတင်ဖြစ်ဘူး ။
ဘယ်လိုမှ ထပ်ပြင်ထပ်ပေါင်းဖို့ စဉ်းစားလို့မရတာနဲ့ ဒီတခုခု လိုနေသလိုလိုလေး အတိုင်းပဲ တင်လိုက်ပါတယ်။

Saturday, September 12, 2009

မတွေးရဲဘူး

ခုတလော မေးလ်တွေထဲမှာ မြန်မာမိန်းမငယ်လေးတွေရဲ့ မလုံ့တလုံပုံတွေ ပလူကိုပျံနေတာပဲ ။ သာမာန်အရပ်သူတွေလည်း ပါသလို ၊ အနူပညာရှင်တွေလည်း ပါပ ။ အင်း..... ဗိုလ်ချုပ်ပြောသလိုပဲ တို့ဗမာတွေဟာ သိပ်တလွဲဆံပင်ကောင်းချင်ကြတယ်နော် ။ မဟုတ်တဲ့ နေရာမှာ သူများအတုကို ခိုးရမယ်များဆို ဖြစ်ကြပ ။ သူတို့ကိုကြည့်ပြီး ပထမဆုံး တခုလောက် မေးကြည့် ချင်စမ်းပါဘိတယ် ။ သူတို့များရဲ့ မိဘတွေက အဲ့လို ဝတ်နေစားနေတာကို လိုလိုလားလား ပဲလား ဆိုတာကိုပါ ။

ခေတ်မှီတာနဲ့ ခေတ်ဆန်တာက တခြားစီပါလေ ။ ခုဟာက ခေတ်မှီတာလဲ မဟုတ်သလို ခေတ်ဆန်တာလဲ မဟုတ်ဘူးတော့ဘူးရယ် ။ ခေတ်လွန်နေတယ် ဆိုတဲ့ အဆင့်ကိုတောင်ကျော်နေလို့ ကိုယ်တော့ ခေတ်ပျက်နေတယ် လို့သာပြောလိုက်ချင်တော့တာပဲ ။ မြင်မကောင်း ရှု့မကောင်းအောင်ကို ဝတ်နေစားနေကြတာ ။ မရှက်ကြဘူးလား မသိပါဘူးနော် ။ ဒါမှမဟုတ် အဲ့လိုပြစားမှကို ရကြတော့မဲ့ ဘဝတွေ မို့လို့လားလို့ ခပ်ရိုင်းရိုင်းသာ မေးလိုက်ချင်တော့တယ် ။ ဟီရိသြတ္တပ္ပတရား ထွန်းကားတဲ့ မြန်မာပြည်ကြီးမှာ နေထိုင်နေကြတယ် ဆိုတာလေးလောက်တော့ သတိရပါအုန်း အမိတို့ရယ် ။ ပြီးတော့ နင်တို့ဟာ နင်တို့ ထင်တိုင်းကျဲတာက ပြသာနာမရှိဘူး နိုင်ငံနဲ့ ချီပြီး သိက္ခာကျတယ်ဟဲ့ လို့သာ ခေါင်းကို ခပ်နာနာလေး ခေါက်ပစ်လိုက်ချင်တယ် ။ တကယ်ပါပဲ ။

အဲ့လိုပြောလို့ ရင်ဖုံးအကျီ င်္နဲ့ ထိုင်မသိမ်းနဲ့ နေရမယ့်လို့ ကိုယ်ဆိုလိုတာမဟုတ်ပါဘူး ။ သူ့နေရာနဲ့ သူပေါ့။ ခုဟာက လိုတာထက်ကို ပိုတို ၊ ပိုဖော်နေကြသကိုး ။ ကိုယ့်နိုင်ငံရဲ့ ဝတ်စားဆင်ယဉ်မှု ကို အလေးထားပြီး ခေတ်မှီမှီ စမတ်ကျကျ နဲ့ ကျက်သရေရှိရှိလေး ဝတ်လို့စားလို့ ရတဲ့ နည်းတွေမှ အများကြီးပါလေ ။ မြန်မာဆန်တဲ့ ဝတ်စာဆင်ယင်မှုကလည်း ကြိုက်တဲ့ နိုင်ငံနဲ့ ရင်ပေါင်တန်း မသာဘူးဆိုရင်တောင် အောက်တော့မကျဘူးလို့ ကိုယ်ရဲရဲပြောရဲပါတယ် ။ ဘာကိစ္စနဲ့များ လိုတာထက်ပိုပြီး အမေကျော် ဒွေးတော်လွမ်းနေကြပါလိမ့် နော် ။ဟင်း....... ရင်မောစရာကြီးပါပဲ။

နိုင်ငံခြားကိုရောက်နေတဲ့ တချို့မြန်မာမိန်းကလေးတွေဆိုလဲ အဲ့လိုပဲ ။ ဒီကနိုင်ငံခြားသူတွေထက် ဒင်းတို့က ကဲနေကြတယ် ။ ရောမရောက်လို့ ရောမလိုကျင့်တယ်ဆိုရင်လည်း တခြားကောင်းတဲ့ အတုခိုးသင့်တဲ့ ဟာတွေကျ ဘာလို့များ လိုက်မကျင့်သလဲနော် ။ စဉ်းစားစရာပါပဲ ။ ပိုဆိုးတာက သူတို့က မဟုတ်တဲ့ နေရာဆို ရောမကလူတွေထက် အကဲဆတ်နေကြတာပဲ ။ ဘယ့်နှယ့်ဟာတွေမှန်းကို မသိဘူး ။ အခွင့်အရေးလေးများ ရရင် အဲ့ဒီဟာမလေးတွေကို တခါလောက်ပဲ ဖြစ်ဖြစ် အင်တာဗျူး ကြည့်ချင်သား ။ ကိုယ့်တိုင်းပြည်က ယဉ်ကျေးမှုကို မသိလို့ အဲ့လို ဝတ်စားနေကြတာလား ??? သိရက်နဲ့ တမင် ဂရုမစိုက်ဘဲ ထင်တိုင်းကျဲနေကြတာလား ??? ဒါမှမဟုတ် အဲ့လိုဝတ်စားရတာကိုပဲ အဟုတ်ကြီးထင်ပြီး အလှကြီးလှ နေတယ်လို့များ မှတ်ယူ နေကြသလား ??? ရှက်ကြောက်ခြင်း ဆိုတာကိုကော ဘာမှန်းသိကြရဲ့လား.... စသဖြင့်ပေါ့ ။ သူတို့ ဘယ်လိုဖြေကြမလဲတော့ ကိုယ်မသိဘူး ။ တခြားသူတွေ ဘယ်လိုသဘောထားမလဲ ဆိုတာလဲ ကိုယ်မမှန်းတတ်ဘူး ။ ကိုယ်ကတော့ သူတို့ကို ကြည့်ပြီး အော်ဂလီဆန်တယ် ။ ပြီးတော့ အဲ့လိုဟာတွေနဲ့ တတိုင်းပြည်ထဲလို့ပြောရမှာလဲ ရှက်တယ် ။

ကိုယ်ထင်တယ် ...အဲ့လို ဖော်ဖော်လော်လော်တွေက ကိုယ်တို့ဆီမှာ ခုမှ ခေတ်စားခါစ လားလို့ ။ ဒိထက်ပိုပြီးများ တွင်ကျယ်လာရင် ၊ အဲ့လိုဝတ်တာစားတာကို မဆန်းပါဘူးလို့များ ထင်လာကြရင် ............ ဟူးးးးးးး မတွေးရဲစရာပဲ......။


ညီမလေး
၂၀၀၉.စက်တင်ဘာ.၁၂

Thursday, September 10, 2009

အမေ့အတွက်

အမေ.....ဒီနေ့ အမေ့ရဲ့ ၅၆နှစ်မြောက် မွေးနေ့နော် ။ အမေ့မွေးနေ့ ဒီနေ့ မှာလဲ အဖေ့မွေးနေ့တုန်းကလို အမေနဲ့ပတ်သက်တဲ့ခံစားချက် တွေကို ရေးချကြည့်ချင်မိတယ် အမေ ။ အမေနဲ့ ပတ်သက်ပြီး ဘာတွေ ဘယ်လောက်ထိ မှတ်မိနေလဲ ၊ ဘာတွေရှိခဲ့လဲ ၊ ဘာတွေ ခံစားခဲ့ရလဲ ၊ ခုကော ဘာတွေ ခံစား နေရလဲပေါ့.. ကောက်ကြောင်းတခု ဆွဲကြည့်မိတယ်အမေ ။

အမေ သိသလား ? အမေ့ အကြောင်း စဉ်းစားမိလိုက်တာနဲ့ အဦးဆုံး ဘာပေါ်လာတယ် ထင်သလဲဟင် ? သမီးတို့ မူလတန်း ကျောင်းသူဘဝ ကနေ တက္ကသိုလ်ကျောင်းသူကြီးတွေ ဖြစ်တဲ့ထိ အမေမပါရင် မပြီးတဲ့ ၊ အနားမှာလည်း အမြဲရှိနေပေးခဲ့တဲ့ သမီးတို့ရဲ့ စာကျက်ချိန်တွေပဲ အမေ...။ အတန်းပညာကို ကောင်းစွာ မသင်ကြားခဲ့ရတဲ့ အမေက သမီးတွေရဲ့ ပညာရေး အတွက်များဆို တတ်နိုင်တဲ့ဘက်က အမြဲ အားသွန်ခွန်စိုက် လုပ်ပေးဖို့ အဆင်သင့် ရှိနေခဲ့တယ် ၊ လုပ်လည်းလုပ်ပေးခဲ့တယ်နော် ။ အမေက စာမေးပွဲဖြေရမဲ့ သမီးတို့ထက် အမြဲ ဝီရိယ ပိုကောင်းခဲ့တယ်နော် ။ မနက် ၄နာရီ ၊ ၄နာရီခွဲလောက်ဆို အမေ့အခန်းကနေ "ခင်ခင့် ၊ မိန်မိန်း ထတော့ ငါ့သမီးတွေ ၊ စာကျက်ရအောင် ထတော့ " ဆိုတာမျိုး " ဟဲ့ ကောင်မလေးတွေ မထကြသေးဘူးလား .. အော်..ထကြတော့လေ .. စာမေးပွဲ ဒီလောက်နီးနေတာကို ထကြတော့ " ဆိုတာမျိုးဟာ သမီးတို့ရဲ့ မနက်ခင်း နှိုးဆက်သံတွေအဖြစ် ရှိနေခဲ့ဖူးတယ်နော်.. အမေ ။ ပြီးတော့ သမီးတို့ထပြီဆိုတာနဲ့ တပြိုင်နက် သမီးတို့ရဲ့ ဘုမသိဘမသိ ကြောက်တယ် ဆိုတဲ့ အကြောင်းပြချက်ကြီးကြောင့် အမေလည်း လိုက်ထပေးရတယ်နော် ။

မှတ်မိနေပါသေးတယ် အမေ ၊ မျက်စိထဲလည်း ခုထိ မြင်ယောင်နေပါသေးတယ် ။ သမီးတွေ ခြင်ကိုက်မှာ စိုးလို့ ခြင်ဆေးခွေ ထွန်းပေးခဲ့တာတွေ ၊ ဘာကိုမှန်းမသိ ကြောက်တဲ့ သမီးတို့ ညီအစ်မ နှစ်ယောက်စလုံးရဲ့ မျက်စိနဲ့ အနီးဆုံးရှိမဲ့ နေရာကို ရွေးပြီး ထိုင်စောင့်ပေးခဲ့တာတွေ ၊ ရုတ်တရက် မီးများပျက်ပြီဆို ကြောက်တတ်တဲ့ သမီးတို့အတွက် ပါးစပ်ကလည်း အသံပေးရင်း ပြေးဟယ်လွားဟယ်နဲ့ ဖယောင်းတိုင်ထွန်း ဘာထွန်းနဲ့ သမီးတို့ထက် အလုပ်ပိုများခဲ့တဲ့ အမေ့ရဲ့ပုံရိပ်တွေ ၊ တခါတခါကျလည်း သမီးတို့နဲ့ မနီးမဝေး ပက်လက်ကုလားထိုင်လေးပေါ်မှာ သမီးတို့ရဲ့ စာကျက်သံတွေကို နားစွင့်ရင်း မျက်စိလေးကိုမှိတ်လို့ အသာလေး မှေးပြီး စောင့်နေပေးတဲ့ အမေ့ရဲ့ ပုံရိပ်တွေကိုပေါ့ ...။ အဲ့လို မျက်စိလေးမှိတ်ပြီး မှေးနေတဲ့ အမေဟာ သမီးတို့ရဲ့ စာကျက်သံများတိတ်သွားလို့ကတော့ ချက်ချင်းပဲ " ခင်ခင့် ၊ မိန်မိန်း " ဆိုပြီး ထထပြီးလည်း သတိပေးတတ်သေးတာနော် ။ အရာအားလုံးကို ပြတ်ပြတ်ထင်ထင်ကြီးကို မှတ်မိနေပါသေးပါတယ် အမေ... ။ တခါတခါ မနက်အစောကြီး စာထကျက်ဖြစ်ရင် အမေ့ကိုသိပ်လွမ်း ၊ သိပ်သတိရတာပဲ အမေရယ် ... ခုတော့ တနယ်ဆီဝေးနေတယ် ဆိုတော့ မနက်ဆို ကြင်နာမှုမပါတဲ့ သံပတ်ပေး နှိုးစက်ကလွဲလို့ ကြင်နာစွာ နှိုးပေးမဲ့လူလည်းမရှိဘူးအမေ ၊ စိတ်ခြောက်ခြားလို့ ကြောက်နေရင်လည်း အမေ့လို အနားမှာနေပေးမဲ့သူမရှိတော့ ဘုရားစာရွတ်ပြီး စောင်ခေါင်းမြီးခြုံနေဖို့ပဲရှိတယ်အမေ.. ။ မီးမပျက်တဲ့ အရပ်ဒေသ ဆိုတော့ မီးပျက်မှာမစိုးရိမ်ရပေမဲ့ ဖယောင်းတိုင်မီး မှိန်မှိန်အောက်မှာ အမေ့ဘေးနားကပ်ပြီး စာကျက်ရတဲ့ ငယ်ငယ်တုန်းကဘဝလေးလောက်လဲ ရင်ခုန်ဖို့ မကောင်းဘူးအမေ...။ သမီးတို့ရဲ့ စာကျက်ချိန်တွေဟာ အမေမရှိရင် မပြီးပြည့်စုံဘူးဆိုတာ အမေနဲ့ ဝေးနေတဲ့အချိန်မှာ အသေအချာကြီး သိလိုက်ရတယ်အမေ..။ ဖြစ်နှိုင်ရင် အမေ့ ရင်ငွေ့ကိုခံပြီး အမေ့ဘေးမှာ စာကျက်ချင်သေးတယ်အမေရယ် ...။ အဲ့ခါကျရင်လဲ သမီးတို့ငယ်ငယ်တုန်းကလို အနားမှာစောင့်ပေးရမယ်နော် ..အမေ..နော် ။

အမေဟာလေ သမီးတို့ကျောင်းစာနဲ့ ပတ်သက်ရင် ဂိုက်ဆိုလည်း ဂိုက်မို့လို့၊ ကျူရှင်ဆိုလဲ ကျူရှင်မို့လို့ အားလုံးကို သမီးတို့စိတ်ကြိုက် .. ။ စာကျက်ကူပေးဖို့ ဆရာမခေါ်ချင်တယ် ဆိုရင်လည်း မငြီးမငြူ ဆရာမတွေဆီ ဆိုက္ကားနဲ့တဖုံ စက်ဘီးနဲ့ တမျိုး သွားပြောပေးရတာ.. ။ ဒါတင်ဘယ်ကမလဲနော် သူ့သမီးတွေ ကျောင်းမှာ မျက်နှာမငယ်ရအောင် ပွဲတခုခု လုပ်ပြီဆိုရင် ကျောင်းက ဆရာ၊ဆရာမတွေ အတွက် ချိုင့်ကြီး ချိုင့်ငယ်နဲ့ ပို့ရတာလဲ အမော ။ အမေ.. အမေဟာ သမီးတို့ မသိနိုင်တဲ့ မမြင်နိုင်တဲ့ နေရာတွေအထိ သမီးတို့ကို လိုက်ပါ စောင့်ရှောက်ပေးနေခဲ့တယ်နော် ...။ အမေသာ အဲ့လောက် အားသွန်ခွန်စိုက် ရှိမနေခဲ့ရင် သမီးတို့တွေ ခုလို ဘွဲ့ရ ပညာတတ်တွေ မဖြစ်နိုင်ဘူးအမေ ... ဒါတွေ အားလုံးဟာ အမေ့ရဲ့ ကျေးဇူးတွေချည်းအမေ..။ အမေကို သမီးဒီနေရာကနေ ကျေးဇူးတင်စွာ ၊ ရိုသေစွာ နဲ့ လက်ဆယ်ဖြာထိပ်မှာမိုးလို့ ရှိခိုးကန်တော့ပါရစေအမေ.. ။ အမေဟာ ကိုယ်ကိုယ်တိုင် ပညာရေးပါရမီ နုံနဲ့ခဲ့လို့ တချို့သော ဆွေမျိုးတွေ နှိမ်ချတာကို ခါးသီးစွာ ခံစားခဲ့ရတယ်နော်..။ အမေဟာ အတန်းပညာမှာ ညံ့ချင်ညံ့မယ်အမေ ။ဒါပေမဲ့ အမေ့ရဲ့ ဘဝပညာဟာ မညံ့ပါဘူး ။ အမေဟာ စည်းစနစ်ကျတယ် ၊ ချွေတာစုဆောင်းတတ်တယ် ၊ ဆုံးဖြတ်ချက်တခုအတွက် လုပ်ရဲရင်ခံရဲတယ်ဆိုတဲ့ သတ္တိအပြည့်ရှိတယ် ၊ အသုံးအဖြုန်းကိုလဲ ကောင်းကောင်းကြီးခွဲခြားနိုင်တယ် ၊ နိမ့်ကျတဲ့ ဆွေမျိုးတွေကို ကြည့်ရှု့စောင့်ရှောက်တယ် ၊ သားသမီးတွေအပေါ်မှာလဲ မိခင်တယောက်ရဲ့ မေတ္တာစေတနာတွေကို မခြွင်းမချန်ပေးတယ် ၊ အဲ့ဒီမေတ္တာတွေနဲ့ သမီးတို့ကို နွေးထွေးစေခဲ့တယ် ။ သမီးတို့အတွက်တော့ အမေဟာ သူရဲကောင်းပဲ အမေ .. သူရဲကောင်းပဲ ..

အမေက ဟင်းချက်လည်းသိပ်ကောင်းတာနော် ။ အမေ့ရဲ့ဆိတ်ဝမ်းတွင်းသားဟင်းရည်၊ မုန့်တီသုပ်၊ကြာဇံဟင်းခါး၊လက်ဖက်နှပ်၊ ဝက်သားတုတ်ထိုး၊ ပိန်းဥမုန့်.. ပြောရရင် ကုန်တောင်မကုန်နိုင်ပါဘူး ။ သမီးတို့တွေ စားချင်တယ်များဆိုရင် အမေ့မှာ မမောနိုင်မပန်းနိုင် ချွေးတလုံးလုံးနဲ့ ပြုံးပြုံးပြုံးပြုံးနဲ့ ချက်ပေးရှာတာ ။သစ်သီးဆိုလဲ သစ်သီးမို့ ဘယ်သမီးက ဘာကြိုက်တတ်တယ် ဘာမကြိုက်ဘူးဆိုတာလဲ အမေ မမေ့ဘူးရယ် ။ ဒါတောင် သမီးတို့တွေက အမေက ဘယ်သမီးကို ပိုချစ်ပါတယ် သူ့သားကျဘယ်လိုဆိုပြီး ခဏခဏ ဂျီကျတတ်ကြသေးတာနော် ။ အဲ့ဒီအတွက် ခွင့်လွတ်ပါအမေရယ် ။ အမေရဲ့ အချစ်ကို အပြည့်အဝခံယူချင်ကြတဲ့ သမီးတွေကို အမေနားလည်ပေးပါနော် ။ အမေဟာ အဖေ့လောက် ချစ်တာတွေကိုမှ ထုတ်မပြဘဲကိုး ။ ပြီးတော့ အဖေ့လောက်လဲ နီးနီးကပ်ကပ်မှ မနေဘဲကိုးလေ ။ ထုတ်မပြတတ်ဘူးဆိုပေမဲ့လည်း မသိမသာနဲ့ သမီးတို့ရဲ့ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးခဲ့တယ်ဆိုတာ သမီးတို့အားလုံးသိပါတယ်အမေ ။ ခံစားလို့လည်းရပါတယ် ။ ခုချိန်ထိ အမေဟာ သမီးတို့တွေ လုပ်ချင်တာကို သမီးတို့တွေ ပူဆာတာကို ငြင်းပစ်တာမျိုး မလိုက်လျောခဲ့တာမျိုးမရှိခဲ့ဘူးနော် ။ သင်္ကြန်ဆိုလဲ မဏ္ဍပ်ဆောက်ပေးရတာနဲ့ ၊ ခရီးတွေလဲ ခဏခဏထွက်ပေးတယ် ပို့ပေးတယ်နော် ။ ခရီးထွက်တယ်ဆိုလို့ သတိရတာလဲ ရှိသေးတယ်အမေ ။ အမေနဲ့ ခရီးထွက်ရင် အမေက ချိုင့်ကြီးချိုင့်ငယ်နဲ့ စားစရာတွေ အမြဲသယ်ယူစေတာ အမေကိုယ်တိုင်လဲ စီစဉ်ပေးတာပဲ ။ အဲ့လိုမျိုးသယ်တော့ပြုတော့မယ်များဆို ကိုယ်တိုင်သယ်ရတာလဲမဟုတ်ပါဘဲနဲ့ သမီးတို့တွေက စူလို့ပုတ်လို့ ရှိုးပဲ့တယ်လို့ ထင်ပြီး အမေ့ကိုပြောကြသေးတာနော် ။ ဒါပေမဲ့ လမ်းမှာ စားကြသောက်ကြတော့လဲ သမီးတို့တွေပါပဲ..ဟဲဟဲ..အဲ့ဒီအချိန်တွေကို တွေးမိတိုင်း ရယ်လဲရယ်မိတယ် ။ လွမ်းလဲလွမ်းတယ် အမေရယ် ။ အဲ့လို ချိုင့်တွေပလုံးတွေနဲ့ သမီးတို့ မိသားစု တပြူံတမကြီး ခရီးတခါလောက် ထပ်သွားချင်သေးတယ် အမေရယ် ...အဲ့ဒီအခွင့်အရေးမျိုး နောက်တခါလောက် ပေးပါလို့လဲ ဘုရားရှေ့မှာ ဆုတောင်းမိတယ် အမေ ...

နောက်ပြီး အမေ့ရဲ့ သိပ်ချစ်စရာကောင်းတဲ့ အချက်တချက်ရှိသေးတယ်အမေ ။ အမေက မုံရွာသူ တရုတ်မဆိုပေမဲ့ အနေအထိုင် အပြင်အဆင် သိပ်ရိုးစင်းတာ ။ အမေက သနပ်ခါးကလွဲရင် ပါးပေါ်မှာ ဘာမှတင်လိုတဲ့ မိန်းမမဟုတ်ဘူး ။ အပြင်အဆင်ကြတော့လဲ ကျစ်ဆံမြီး ၂ဘက်ကျစ်ပြီး အဲ့ဒါကို လိမ်ပြီးထုံးလိုက်တယ် ဒါပဲ ။ အဲ့ဒီကျစ်ဆံမြီးဆံထုံးက အမေ့ရဲ့ သင်္ကေတပဲ ။ အမေ့ရဲ့ သမီးတွေကိုလဲ ဆံပင်ရှည်လာရင် အမေက ကျစ်ဆံမြီးကျစ်ကျစ်ပေးတာ ။အမေ့ကျစ်ပေးတဲ့ ကျစ်ဆံမြီးက တင်းတင်းရင်းရင်းနဲ့ သိပ်ပြီးသပ်ရပ်တာကော ။ အမေ့ရဲ့ အပြင်အဆင်ဟာ သမီးတို့တွေ အပေါ် ဘယ်လောက်လွမ်းမိုးသလဲဆိုရင် သမီးတို့တွေ အားလုံး သနပ်ခါးကြိုက်တယ် ။ ကျစ်ဆံမြီးကို ချစ်ကြတယ် ။ အမေ့ ရဲ့ ဝတ်စားဆင်ယင်ပုံကြလဲ ကြည့်ပါအုန်း ဘယ်လောက် ကောင်းတာတွေဝယ်ပေးပေး အပေါ်ဆုံးမှာရှိနေတဲ့ လေးငါးထည်ကို ဒါဒါပဲထပ်နေအောင်ဝတ်တာ ။ ဒီကြားထဲ အင်္ကျီကို ထမီကြားထဲကိုထိုးပြီးဝတ်လို့ ပြောလိုက်ရတာလဲ အမော ။ စမတ်ကျကျ ဝတ်စမ်းပါ အမေရယ်လို့ ပြောရင် အမေက အော်... အကျင့်ပါနေလို့ပါ သမီးရယ်တဲ့ ။ ဒါပဲ ။ အဲ့ဒါ အမေ့ရဲ့ လက်သုံးစကား။ သမီးတွေကဘယ်လောက်ပြောပြော အမေကတော့ ပြောတုန်းခဏပါပဲ ။ အဲ့ဒါကြောင့် သနပ်ခါးဘဲကြား ကျစ်ဆံမြီးဆံထုံးနဲ့ အမေ့ကိုဆို အမြဲ စမတ်ကျပြီး သန့်ပြန့်မွှေးကြိုင်နေအောင်နေတတ်တဲ့ အဖေက တခါတခါ တောသူမလို့ ချစ်စနိုးနဲ့ စစပြီးခေါ်တာ ။ အမေ့ အပြင်အဆင် အနေအထိုင်ကရိုးပေမဲ့ အမေက တကယ့်မိန်းမချော ။ အမေများ ပြင်ဆင်ဖြီးလိမ်းထားပြီရင် သိပ်ကြည့်လို့ကောင်းတာ .. ကျက်သရေ သိပ်ရှိတာ ။ ပြီးတော့ အမေက ဂုဏ်တုဂုဏ်ပြိုင်တွေကို စိတ်မဝင်စားဘူး ၊ ပကာသနတွေဘာတွေလဲ မစဉ်းစားဘူး ကိုယ်အဆင်ပြေသလို အေးအေးသာသာ နေတတ်တဲ့ မိန်းမမျိုး ။ ဘယ်လောက်တောင် ရိုးစင်းလိုက်သလဲနော် ။ ဒါပေမဲ့ အမေက မဟုတ်ရင်တော့ မခံဘူး ။ ဇာတ်ဇာတ်ကြဲ သတ္တိကလဲ အပြည့်ပဲ ။ ပြသာနာတခုခုဖြစ်လို့ ရုံးတွေဂတ်တွေ သွားရလဲ အမေကရှေ့တန်းက .. သူမှန်လို့ကတော့ လာခဲ့ပဲ ။ အမေ့ကို "မြို့မက တရုတ်မကြီး" လို့ပြောလိုက်တာနဲ့ စွာဂုဏ် နဲ့ ရိုးဂုဏ်နဲ့ပေါင်းပြီး ဟိုးအထက်အရာရှိကအစ ချောင်ကြိုချောင်ကြားက ဆိုက္ကားသမား၊ ဈေးသည်အဆုံး အမေ့ကို သိတယ် ။ ငယ်ငယ်တုန်းက အမေအဲ့လို စွာတာ ရိုးတာကြီးကို ရှက်စရာလို့ထင်ခဲ့မိသေးတယ် ။ နောက်တော့ တဖြည်းဖြည်း အမေတို့ အဖေတို့ရဲ့ ရိုးစင်းမှု ၊ တပါးသူအပေါ်ကြင်နာသနားတတ်မှု့တွေကို ဂုဏ်ယူတတ်လာတယ် အမေ.. အမေရဲ့ သမီးဖြစ်ရတာကို ကျေနပ်တတ်လာတယ် အမေ ။ ဆိုင်ကြောင့် လူပေါင်းစုံနဲ့ ဆက်ဆံရတဲ့ အတွက် အမေစွာမှ ရတယ်ဆိုတာကို နားလည်လာတယ်အမေ ။

အမေဟာ ခုနောက်ပိုင်း စာတွေသိပ်ဖတ်လာတယ်နော် ။ တရားပွဲတွေ သွားတယ် ။ အခွင့်သင့်သလို တရားစခန်းတွေဝင်လာတယ် ။ သမီးဖြင့် သိပ်ဝမ်းသာမိတာပဲ ။ အမေ့ကို တရားတွေနဲ့ သိပ်အေးချမ်းနေစေချင်တာ ။ သမီးတို့အတွက် ရုန်းကန်ခဲ့ရလို့ အမေလုပ်သင့်တာတွေကို အချိန်နှောင်းမှ လုပ်ရတယ်နော် အမေ ။ သမီးတို့ကြောင့် ပူနေတာတွေကို အေးစေချင်ပြီအမေ .. သမီးတို့အတွက် မောခဲ့ရတာတွေ ရှိရင် အဲ့ဒီအမောတွေကို ပြေစေချင်ပြီ အမေရယ် .. သမီးတို့ကြောင့် အမေ့ဘဝအတွက် ပြင်ဆင်မှု့တွေ မလုံမလောက်ခဲ့ရင်လို့ တွေးမိရင် နှလုံးသွေးတွေ ရပ်တန့်သွားမလောက် ခံစားရတယ် အမေ ။ အဲ့ဒါကြောင့် သမီး အမေ့ကို ဒိထက်ပိုပြီး ဘုရား ၊ တရားလုပ်ဖို့ အမြဲပဲ တိုက်တွန်းမိတာပါ ။ အမေ့ကို တရားရိပ်အောက်မှာ ဘာအပူအပင်မှမရှိဘဲ အေးချမ်းစွာ နေစေချင်တာ ရင်ထဲကလာတဲ့ သစ္စာစကားပါအမေ ။ အမေတရားစာအုပ်လေးများ ဖတ်နေတာ မြင်ရရင် ရင်ထဲမှာ တကယ်ကြည်နှုးမိတယ် ... အမေနဲ့အဖေများ တူစုံတွဲလို့ တရားစခန်းသွားတယ် ဆိုရင် ပြောမပြတတ်အောင်ကို ဝမ်းသာမိတယ် ။ အဲ့လို အခြေအနေမျိုးတွေ ရှိအောင်လဲ သမီးမှာ ကြံရဖန်ရတာလဲ အမော .. အကျပ်ကိုင်တာမဟုတ်ပါဘူး အမေရယ် ... အမေတို့ကို တရက်၊ တမနက်၊တစက္ကန့်ပဲ ဖြစ်ဖြစ် တရားအေးရိပ်မှာ ပျော်မွေ့နေစေချင်လွန်းလို့ပါ ။

သမီးလေ အမေအကြောင်းကိုရေးဖို့ စစဉ်းစားတုန်းက ဘာတွေရေးရမှန်း မသိဘူးအမေ .. ဒါပေမဲ့ ရေးမိတော့လဲ မကုန်နိုင်တော့ဘူး အမေ ... ဟိုအကြောင်းလေးလဲ ရေးချင် ဒီအကြောင်းလေးလဲ ရေးချင်နဲ့ တန်းစီပြီး အများကြီးပေါ်လာတယ် .. အဲ့တော့ မှ ဖာသိဖာသာနဲ့ နေတတ်တယ်ဆိုတဲ့အမေ့ မေတ္တာရိပ်ရဲ့ လွမ်းမိုးမှု့ကို ခံစားလာရတယ်။ အမှန်အတိုင်း ဝန်ခံပါရစေအမေ ။ အဖေ့ကို အမေ့ထက်ပိုချစ်တယ်လို့ ကိုယ့်ကိုကိုယ်ထင်မှတ်ခဲ့မိတဲ့ သမီးဟာ တကယ်တော့ အဖေထက် အမေ့ရဲ့ လွမ်းမိုးမှု့တွေက ပိုကြီးနေတယ်ဆိုတာကို သိသိသာသာကြီး ခံစားလိုက်ရတယ် အမေ ။ အမေ့ပုံရိပ်တွေက ပုံဖော်လို့မကုန်နိုင်ဘူးအမေ ။ အမေ့မေတ္တာတွေကလဲ စာစီကုံးလို့ မမှီနိုင်ဘူးအမေရယ် ။ အဖေ့ကို သိပ်ချစ်တဲ့အမေ ၊ သမီးတို့တွေရဲ့ ဘဝတွေကို အဖေနဲ့အတူ လက်တွဲညီစွာ အနှစ်၃၀ကျော် အပြုံးမပျက် ထမ်းပိုးပေးခဲ့တဲ့ အမေ ၊ သားသမီးတွေကို လိုလေသေးမရှိအောင် နောက်ကွယ်ကနေ ဖြည့်ဆည်းဖြည့်စွပ်ပေးနိုင်စွမ်းလွန်းတဲ့ အမေ ... အဲ့ဒီမေတ္တာတော် အနန္တနဲ့ အမေကို စိတ်ပင်ပန်းအောင် ၊ စိတ်ထိခိုက်အောင် ပြောခဲ့လုပ်ခဲ့ မိတာများရှိရင် ဒီနေရာကနေ ရိုးကျိုးစွာ ဝန်ချတောင်းပန်ပါတယ် အမေ ...ပြီးတော့ အမေ့ဆီကနေ ဆုတဆုလဲတောင်းပါရစေအမေ.. အမေ့ဘဝကို ဒိထက်ပိုပြီး အေးချမ်းအောင် လုပ်ပေးနိုင်စွမ်းတဲ့ သမီးဖြစ်ပါရစေလို့ပေါ့ အမေ.... အမေ့ရဲ့မွေးနေ့မှာ အမေ့မေတ္တာတွေကို စာစီကြည့်တယ်အမေ ... စာမစီနိုင်မှန်းသိပေမဲ့ အမှတ်တရပေါ့အမေရယ် . ..


အမေ့ရင်ငွေ့ကိုခံ
အမေ့မေတ္တာကိုစား
အမေ့အားနဲ့ ရှင်သန်နေတယ်အမေ။

အမေ့အပြုံးကိုစု
အမေ့ဟန်ကိုတု
အမေ့မာန်ထုနဲ့ အနာဂတ်ခရီးကို ချီတတ်နေတယ်အမေ။

အမေ့အရိပ်ကိုဖမ်း
အမေ့အသံကိုမှန်း
အမေ့ရောင်ဝါစွမ်းနဲ့ ဘဝခရီးမှာ အမှောင်တွေကင်းခဲ့တယ်အမေ။

ပင်လယ်တွေခြား တောင်တွေတားနေတာတောင်
အမေပို့သတဲ့
မေတ္တာတော်အနန္တကြောင့်
ရန်အပေါင်းကင်းလို့
အကြံအပေါင်း ဆောင်တိုင်းမြောက်နေတယ်အမေ။

မေတ္တာတော် အနန္တနဲ့အမေ
ကျေှးဇူးတော်အနန္တနဲ့အမေ
အမေ့မေတ္တာနဲ့သမီးအေးသလို
သမီးမေတ္တာနဲ့အမေလည်းငြိမ်းပါစေအမေ။
အမေ့စေတနာနဲ့သမီးဘဝလင်းသလို
သမီးစေတနာနဲ့ အမေ့ဘဝလည်း အမှောင်ကင်းပါစေအမေ။

အမေ... ဒီမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် အေးချမ်းသောဘဝကို ပိုင်ဆိုင်ပါစေ။
သမီးတို့နဲ့ အတူ သက်ထက်ဆုံး ပျောင်ရွှင်စွာ နေနိုင်ပါစေ အမေ.....။

စာကြွင်း။ ။ အမေ့မွေးနေ့က ၈လပိုင်း၁၉ရက်နေ့က(မြန်မာလို)ပါ။ အကြောင်းအမျိုးမျိုးကြောင့် ဒီစာကို အဲ့ဒီနေ့မှာ အဆုံးမသတ်နိုင်ခဲ့ဘူး အမေ။ မနေ့က အမေ့ကို ဒေါသနဲ့ စကားပြောမိလို့ အမေ့ကို တောင်းပန်ရင်း ဒီစာကို အဆုံးသတ်အောင် ရေးခဲ့တယ် အမေ ။ အချိန်မှီ အမေ့ဆီမပို့နိုင်တဲ့ မွေးနေ့လက်ဆောင်အတွက် အမေ သမီးကို ခွင့်လွတ်နော် ..


ညီမလေး
၂၀၀၉.စက်တင်ဘာ.၁၀

Wednesday, September 9, 2009

လောင်မီး

ကောင်းကင်က "တိမ်မဲ"တွေကြောင့်
မှောင်နေတယ် ။

ကိုယ့်ရင်ခွင်ကတော့ "ဆန္ဒမီး"တွေကြောင့်
လောင်နေတယ် ။

ညီမလေး
၂၀၀၉.စက်တင်ဘာ.၉

Thursday, September 3, 2009

သိမိုက်

တခါတခါကျလဲ ဘဝတွေက မောတယ် ။ ဆန္ဒ တခုအတွက် မလုပ်ချင်တာတွေ လုပ်နေရ ၊ သည်းမခံချင်ပါဘဲနဲ့ သည်းခံနေရ ၊ မပေးချင်ပါဘဲနဲ့လည်း ပေးနေရနဲ့ .. အချိန် ၊ လွတ်လပ်မှု့ ၊ ခံစားမှု့ အားလုံးပေါ့ ။ အဲဒီဒုက္ခတွေနဲ့ အဝေးဆုံးကို လွင့်ထွက်သွားချင်ပေမဲ့ အတ္တ ရေသောက်မြစ်က ဆန္ဒ ဆိုတဲ့ အတားအဆီးတွေကို အမြစ်တွယ်နေစေခဲ့ပြီ ။ ပြောမဲ့သာပြောတာပါလေ ကိုယ်တိုင် တည်ဆောက်ထားတဲ့ အတ္တ နဲ့ ဆန္ဒကြား ချောင်ပိတ်မိနေတာ ဆိုတော့လည်း သနားစရာတော့ မကောင်းပြန်ဘူး ။

ဟူး.........အဲ့ဒီဆန္ဒဆိုတာကကော သတ်မှတ်ထားတဲ့ လယ်ဗယ်ကိုရောက်ရင် ရပ်တန့်သွားမှာတဲ့လား ။ ဟင်း........မထင်ပါဘူး ။ သူကတော့ ရှေ့ဆက်အုန်းမှာပါပဲ ။ သေချာတဲ့ အဖြေ ကိုလည်း သိပါလျှက်နဲ့ ၊ အေးချမ်းတဲ့ ဘဝလမ်းကို ရွေးချယ်ခွင့်လည်း အပြည့်အဝ ရှိပါလျှက်နဲ့ မီးထဲကိုမှ တိုးချင်တဲ့ ပိုးဖလံမျိုးဆိုတော့လည်း ပူအုန်းပေါ့ကွယ် ။ အပူခံလိုက်အုန်းပေါ့....။ သိလျှက်နဲ့ မိုက်နေတဲ့ သိမိုက်က ချွတ်ဖို့ခက်သလို ကျွတ်ဖို့လည်း ခက်တယ် ။ အော်...ဒုက္ခ ... ဒုက္ခ.......


ညီမလေး
၂၀၀၉.စက်တင်ဘာ.၃

Monday, August 24, 2009

အခန်း

ခင်ဗျားသိပြီးသား သင်္ခါရတွေ ပါပဲ
ဟော ဒီအခန်းလေး ထဲမှာ
အခင်း အကျင်း နည်းနည်းမှ မပါ။

ဆွဲဖွင့် မိလိုက်တိုင်း
သမုဒယ တွေချွဲပြစ်စေးထန်းနေတဲ့
မျော်လင့်တကြီး ခင်ဗျားလက်
အိုးတိုးအမ်းတမ်း လွဲဖယ် စေ ရုံလေး
ဒါမှမဟုတ်လည်း
ငြီးငွေ့ဖွယ် ဒီအနံ့ အသက် မျိုးမှာ
အလှအပ သက်သက် ခင်ဗျားအာရုံတွေ
သာမန်ကာလျှံကာ အဖြစ်မျိုးထက် လွန်ပြီး
တမင်တကာ
လောကဝတ် ဆန်ဆန်ကြီး
ကြိုဆို နှုတ်ဆက်လိုက်ဖို့ ခက်တဲ့
ခင်းဗျားသိပြီးသား သင်္ခါရစစ်စစ်တွေ
ဟောဒီ အခန်းကျဉ်းလေးထဲမှာ
အခင်း အကျင်း နည်းနည်းမှ မပါ။

ကူးလွေ့

24.08.2009
Mon,August

Wednesday, August 19, 2009

မမေ့အပ်သော အကြောင်းတရား


ကိုယ် ဒီနေ့ ကိုယ့်သူငယ်ချင်းနဲ့ စကားပြောဖြစ်တယ်။ ဘာရယ်မဟုတ်ပါဘူး အလာပ သလာပပေါ့။ကိုယ်တို့ အဲလို ပြောနေဆိုနေကြတုန်း သူ့ဆီကို second call တခု ၀င်လာတယ် ။ သူ့ အသိ သူငယ်ချင်း တယောက် ဆုံးပါးသွားကြောင်း သတင်းပေးတာတဲ့။ ကိုယ့် သူငယ်ချင်းကပြောတယ် . .သူ ဒီရက်ပိုင်းတွေမှာ ရွယ်တူ သက်တူ မိတ်ဆွေတွေ တယောက်ပြီး တယောက် ဆုံးပါးသွားတဲ့သတင်းတွေချည်း ဆက်တိုက်ဆိုသလို ကြားနေရတော့ သူတောင် နဲနဲတုန်လှုပ်လာတယ်တဲ့ ။ အင်းး တုန်လှုပ်သင့်ပါတယ် ။ ဟုတ်တယ်လေ ..တကယ်တော့ အဲ့ဒီသေခြင်းတရား ဆိုတာကြီးဟာ သူတို့ဆီမှာတင်သာ ရှိနေတာ မဟုတ်ဘူး။ ကိုယ်တို့ဆီကိုလဲ အချိန်မရွေးလာနိုင်တယ်။ ကိုယ်တို့တွေ တနေ့ မလွဲမသွေ ကြုံတွေ့ကြရမဲ့ အကြောင်းတရားကြီးပဲလေ။ မနက်ဖြန် လဲရောက်လာနိုင်တယ် ။ ဒီနေ့ ဒါမဟုတ် ခဏနေ ဆိုလဲ ဖြစ်နိုင်ချေမရှိဘူးလို့တော့ ဘယ်သူမှမပြောနိုင်ဘူးလေ။

သေခြင်းတရား ဆိုတာ လူတိုင်း မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ ကြရမဲ့အရာ ဆိုတာ မသိတဲ့သူမရှိဘူး ဆိုပေမဲ့ သူ့လောက် လူတွေ မေ့မေ့ပျောက်ပျောက် အထားခံရတဲ့အရာလဲ မရှိဘူးရယ်။ ခလုတ်မထိ သေးသ၍ မေ့မေ့ပျောက်ပျောက် အထားခံရတဲ့ထဲမှာ သူကထိပ်ဆုံးကပါတယ်။ ကိုယ်တို့တွေဟာ နာရီဝက် တနာရီ လောက်သာ ရုပ်လုံးပြပြီး ပြီးသွားမဲ့ပွဲလေးတခု တက်ဖို့အတွက်ကျ ခေါင်းမှာပန်မဲ့ပန်းက အစ ဖိနပ်အဆုံး ပွဲမတိုင်ခင် တပတ် ဆယ်ရက် အလိုကတည်းက ခေါင်းမီးတောက်အောင်စဉ်းစားပြီး ဝက်ဝက်ကွဲ ပြင်လိုက်ဆင်လိုက်ကြတာ။ ဟော... တဘဝလုံး ရုပ်လုံးပြပြီး အချိန် အရှည်ကြီးတက်ရမဲ့ပွဲ အတွက်ကျ စနစ်တကျ ကြိုတင်ပြင်ဆင်ခြင်း လုပ်ဖို့ကို နေ့ရွေ့ ညရွေ့နဲ့ ပျင်းရိ လေးတွဲ့နေလိုက်ကြတာ..ကိုယ်အပါအ၀င်ပေါ့လေ။

အဲ့တော့ ကိုယ်တို့တွေရဲ့ ပျင်းရိလေးတွဲ့မှု တွေကို ကြိုတင်ပြင်ဆင်မှု တွေအဖြစ်ပြောင်းလဲပေးမဲ့ တွန်းအားသာဖြစ်စေမယ် ဆိုရင် သူတင်မကဘူး ကိုယ်တို့ အားလုံး တုန်လှုပ်သင့်တယ်၊ ကြောက်သင့်တယ် လို့ ကိုယ်တော့ထင်တယ်။ သေချာ စဉ်းစားကြည့်ရင် ကိုယ်တို့တွေဟာ တနေ့တနေ့ ဘဝအတွက် အဓိပ္ပါယ်ရှိသလိုလို ၊ အရေးသိပ်ပါသလိုလို ဆိုတဲ့ တကယ့်တကယ့်မှာ ပြီးရင်ပြီးသွာမဲ့ ဘာမှအရေးမပါတဲ့ ကိစ္စရပ်တွေနဲ့ နပန်းလုံးပြီး အချိန်တွေ ကုန်နေကြတယ်။ ဘဝအတွက် တကယ် အရေးပါတဲ့ ကိစ္စရပ်တွေအတွက်ကျ အချိန်တွေပေးဖို့ ရှားပါးလိုက်ကြတာ ။ တရက် ၂၄နာရီကပဲ နည်းနေသလိုလို .....

ကိုယ်မကြာမကြာ စဉ်းစားမိတယ်။ ဘာမှသာ မဟုတ်တာ အခု ကိုယ့်အသက်က ဆယ်စုနှစ် သုံးစုနားမှာ .. အကယ်၍ ကိုယ့်ရဲ့သက်တမ်းက ဆယ်စုနှစ် ခြောက်စုဆိုရင် ခုပဲတဝက်ကျိုးနေပြီ။ ကဲ..ကျိုးခဲ့တဲ့ဘဝရဲ့ သက်တမ်းတဝက် ကိုယ့်ဘဝရဲ့ ငြိမ်းချမ်းမှု့ အစစ်အမှန်အတွက် ကိုယ်ဘာတွေလုပ်ခဲ့ပြီးပြီလဲ၊ ကိုယ်ဘာတွေလုပ်နေခဲ့သလဲ ။ စဉ်းစားကြည့်ရုံလေးနဲ့တင် အားတွေအင်တွေ မဲ့ကုန်တယ်။ ကိုယ့်ဘဝကို အေးချမ်းစွာ ချုပ်ငြိမ်းနိုင်စေဖို့ရာ ကိုယ်မှာ ဘာမှ အဆင်သင့် မဖြစ်သေးဘူး။ ပြန်တွေးတိုင်း လောဘ ၊ ဒေါသ ၊ မောဟတွေနဲ့လောင်မြိုက်နေတဲ့ အမဲရောင် ဘဝကြီးကပဲ စက်ဆုတ်စွာ ပေါလောပေါ်ပေါ်လာတယ်။ ဟုတ်တယ် ...ခုချိန် ဖြုတ်ကနဲ ကိုယ်သေမယ်ဆိုရင် ဆိုတဲ့အတွေးဟာ တွေးကြည့်ရုံနဲ့တင် ကိုယ့်ရဲ့ မလုံလောက်သေးတဲ့ ပြင်ဆင်မှု တွကို မီးမောင်းထိုးပြနေတယ်လေ။ တကယ်တော့ အဲဒါတွေ အားလုံးဟာ ဘယ်သူ့အပြစ်မှတော့ မဟုတ်ပါဘူး ။ ကိုယ်ကိုယ်တိုင် ဖန်တီးယူထားတာတွေ ချည်းပဲမို့ အားလုံး ကိုယ့်အပြစ်နဲ့ကိုယ်ချည်းပါပဲလေ ။

လူတွေလဲ ခက်တော့ ခက်သားနော် ။ မငြိမ်းချမ်းရာ မငြိမ်းချမ်းကြောင်းတွေကို ဖန်တီးယူနေတာလဲ ကိုယ်တို့တွေပဲ ။ ငြိမ်းချမ်းရာ ငြိမ်းချမ်းကြောင်းတွေ လုပ်ဖို့ မကုန်နိုင်တဲ့ ဆင်ခြေတွေ အမျိုးမျိုး ပေးနေမိတာလဲ ကိုယ်တို့တွေပဲ။ ဟော.. သေခြင်းတရား ဆိုတဲ့ အသံလေးများကျ သဲ့သဲ့လေး ကြားလိုက်မိတယ် ဆိုရင်ပဲ ခြေမကိုင်မိ လက်မကိုင်မိ မဟားဒရား ကြောက်အားပိုနေလိုက်ကြတာ .. ဘယ်လောက်များ ဟာသမြောက်လိုက်တဲ့ ပြကွက်လဲနော် ။ ဒါပေမဲ့ တကယ်တမ်း ကြုံလာပြီ ဆိုရင်တော့ ကိုယ်တို့တွေ ရယ်နိုင်မောနိုင်မယ်လို့ ကိုယ်မထင်ဘူး။ အဲဒီအချိန်မှာ နှောင်းနောင်တ တွေလဲ ရလို့ပေါ့ ။ ဘယ်မှီတော့မတုန်း အဲဒီ ချိန်ကျမှတော့ ။ ကိုယ်ကဖြင့် ဘာမှမပြင်ဆင်ထားပါပဲနဲ့များ အဲဒီချိန်ကျမှ ကြောက်နေလို့ကော ဘာထူးမတုန်းတဲ့လေ ။ ဘယ်သူမပြု မိမိမှု တဲ့ ... ကိုယ်တို့ မလုပ်ခဲ့တဲ့အတွက် ဖြစ်မလာတဲ့ အကြောင်းတရား တခု အတွက် အဲ့ဒီအချိန်မှာ ပူဆွေး ဝမ်းနည်းနေလို့ ကော ? တပူပေါ်နှစ်ပူဆင့် ဆိုတာမျိုးက လွဲလို့ ဘာရမှာလဲနော် ။ ဟင်း.....တွေးကြည့်ရုံနဲ့တင် .....

အဲ့တော့ ကိုယ်တို့တွေ ဘာလုပ်ကြမလဲ ။ လုပ်စရာရှိတာ တခုပဲ သိပ်မများပါဘူး ။ တကယ်ကြောက်ရင်တော့ အဲ့ဒီ သေခြင်းတရား ဆိုတာကြီးကို မမေ့မလျှော့ နှလုံးသွင်းပြီး ကြိုတင်ပြင်ဆင်ထားကြဖို့ပါပဲ။ ကြိုတင်ပြင်ဆင်ဖို့ နေ့ရွေ့ ညရွေ့ ရွေ့နေကြတာတွေကို ရပ်တန်းကရပ်ရမှာပေါ့။ သေခြင်းတရားဆိုတာက ကြီးသည် ငယ်သည် ဆိုပြီး ရွေးနေမှာ မဟုတ်ဘူးလေ။ အဲ့တော့ မြတ်ဗုဒ္ဓ ဆိုခဲ့သလို ဆန့်သောလက် မကွေးမှီ ၊ ကွေးသောလက် မဆန့်မှီ ပေါ့။ နောက်ဆုံးတခု ကတော့ တခဏတာ ငြိမ်းချမ်းသာယာမှု နောက်ကို ကောက်ကောက်ပါအောင် လိုက်ပြီး လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ကိုယ့်ကိုကိုယ် မီးလောင်တိုက် မသွင်းမိစေဖို့ပဲပေါ့ ။ အင်း......အတွေးတွေ အသိတွေကတော့ အထစ်အငေါ့ မရှိ၊ ချောနေအောင် သိပ တွေးတတ်ပ ။အဲလို သိနေရုံ ၊ တွေးတတ်ရုံလေးနဲ့လဲ ရလဒ်ကောင်းက မထွက်ဘူး ဆိုတာ မမေ့နဲ့ ညီမလေးရေလို့လဲ ကိုယ့်ကိုကိုယ် ခဏခဏဆုံးမမိပါတယ်။ ခုလိုစာလေးရေးရေးပြီးတော့ပေါ့..အင်မတန် ရိုးစင်းသော အင်မတန် ကောင်းသော လုပ်ရပ်ကလေးကို နေ့စဉ်နှလုံးသွင်းမိဖို့ ကိုယ်လဲ ကြိုးစားနေသလို ၊ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကိုလဲ ကြိုးစားစေချင်တာနဲ့ ဒီစာလေးရေးမိတာပါ။

ညီမလေး
၂၀၀၉.သြဂုတ်.၁၈

Tuesday, August 18, 2009

ကျွန်တော့်ရဲ့ အလွမ်းစာ

ဘာရယ်တော့ မဟုတ်ပါဘူးဗျာ..။ သေသွားတဲ့ အိမ်က ကြောင်ကလေးအကြောင်း အလွမ်းစာပါ။ အတော်လေးကို လိမ္မာ ပြီး လူနဲ့ အင်မတန် နီးစပ်တဲ့ ကြောင်ကလေးပါ။စမွေးခါစကတော့ နှစ်ကောင်ပေါ့..။ ညီအစ်ကို နှစ်ကောင် ဆိုပါတော့ဗျာ..။တစ်ကောင်က တော့ အရွယ်ရောက်ပြီး မကြာခင် ပျောက်သွားလေရဲ့။ သူတို့ရဲ့ ငယ်ဘ၀ရာဇ၀င်ကို ကျွန်တော် မသိမှီလိုက်ပါဘူး။ သူတို့ နှစ်ကောင် အိမ်စရောက်တော့ ကျွန်တော်က အဝေးမှာ..။ ကျွန်တော် အိမ်ပြန်ရောက်တဲ့အချိန် မှာတော့ တစ်ကောင်ပဲကျန်တော့တယ်။ အခုရေးမှာက အဲဒီကောင် အကြောင်း ဆိုပါတော့။

ဒီကောင်က အမေ့ရဲ့ အချစ်တော်ပါ။ အမေချစ်အောင်လည်း သူက တတ် သကိုးဗျာ။ အစာတောင် အမေကျွေးမှ ကောင်းကောင်းစားတာ။ ဗိုက်ဆာရင် တညောင်ညောင် အသံလေး ပေးပြီး အမေ့ကိုရှာတတ်တယ်။တစ်ခါတစ်လေ အမေ တီဗွီကြည့်နေရင် ခြေထောက်နားသွားပြီး ပွတ်သီးပွတ်သပ်နဲ့ ၊ ခြေချောင်းတွေကို ကိုက်ပြီး ထမင်းကျွေးဖို့ သတိပေးတတ်သေးတယ်။စားရင်လည်း အစားက ရွေးသေးတယ်။ ပေါက်ကရ ကြုံတာနဲ့ ကျွေးလို့မရဘူး။သူ့ကို ကျွေးဖို့ ပုဇွန်ခြောက် သပ်သပ် ၀ယ်ထားပေးရတယ်။ တခါတစ်လေ ပုဇွန်ခြောက် ကုန်သွားလို့ ဆိုရင် ထမင်းကောင်းကောင်းမစားတော့ဘူး။ ဒီလို အချိန်ဆို ကျွန်တော်ကတော့ အ၀ယ်တော်ပဲ။ နီးရာဆိုင်ကနေ အသားခြောက် အထုပ်သေး တစ်ခုခု သွားဝယ်ပေးရတယ်။မဟုတ်ရင် သူ့ကြောင်ကလေး ထမင်းမစားရင် အမေ့ခမျာလည်း မလန်းဆန်းရှာဘူးကိုး။

နောက်ပြီး ဒီကောင်က အိပ်ရင်လည်း အများအားဖြင့် အမေ့နားပဲ အိပ်တတ်တယ်။ ပြီးတော့ သူအိပ်ပုံက အဆန်း။ ခွေမအိပ်ဘူး။ လူတွေအိပ်သလို ပက်လက်ကြီး ခြေပစ်လက်ပစ် အိပ်တတ်တယ်။ တစ်ခါတစ်လေ လည်း ဘေးတစ်စောင်းအိပ်တယ်။သူ့ ကို ကလေး ငယ်လို ချီပြီးသိပ် ရင် အရမ်းကြိုက်တတ်တယ်။ အမေဆို သူ့ကို အဲလို ချီ ပြီး သိပ်နေကြ။ ဒါကြောင့် သူက အိပ်ချင်လာရင် အမေ့ဆီကို ပဲသွားတယ်။တစ်ခါတစ်လေ အမေ မီးဖိုချောင်ထဲ အလုပ်ရှုပ်နေရင်တောင် သူက တညောင်ညောင် အသံပေးလိုက်တာနဲ့ အမေကလည်း လာလာ ဆိုပြီး လက်ဆန့်ပေးလိုက်တာပဲ။ အဲဒါမျိုးများဆို အမေ့ပေါ်ကို ခုန်တက်ပြီး ကျကျ နနကို အိပ်တော့တာ ကလား။

သူက လူနဲ့ အိပ်ရတာကို အင်မတန် ကြိုက်တယ်ဗျ။ ညအစောပိုင်းဆို အမေ့နားသွားအိပ်တယ်။ ည တစ်ရေးနိုင်းဆို အပေါ့ အပါးက ထသွားတတ်သဗျ..။ အဲလို အချိန်ဆို လူကို နိုးတတ်တယ်...။ တံခါး ထဖွင့်ပေးလိုက်ရင် ခဏထွက်သွားရော...။ တစ်ခါတစ်လေ အပြင်မှာကြာနေလို့ မစောင့်ပဲ တံခါးပြန်ပိတ်ပြီး အိပ်နေရင်လည်း အထဲဝင်မယ်ဆို အပြင်ကနေ အသံပေးတယ်...။ ကြုံသလို မ၀င်လာတတ်ဘူး။အဲဒီတာဝန်ကိုလဲ အမေပဲ အများအားဖြင့်ယူ ထားတာပါပဲ။တစ်ရေးနိုး အပြင်ထွက် အပေါ့အပါးသွားပြီးရင် ကျွန်တော့်ဆီ လာတောင်းအိပ်တတ်တယ်။ တောင်းအိပ်တာ ဆို တာ တစ်ကယ်ကို တောင်းအိပ်တာ။ ခေါင်းရင်း နားကို လာပြီး တညောင်ညောင် အသံ တိုးတိုးပေးတတ်တယ်။ မနိုးမချင်း တက်မအိပ်ဘူးဗျ။ အဲဒီနားမှာပဲ စောင့်နေတာပဲ။ နိုးလာလို့ ဂွမ်းဖုံကလေး အသာဟပြီး လာလာ ဆိုမှ တက်လာတာ။ သူက အိပ်ရင် ချိုင်း နားမှာ ခေါင်းကလေး မှေးတင်ပြီး အိပ်လေ့ရှိတယ်။ ပိုနွေးလို့လား မသိပါဘူး။ ခေါင်းကလေး ကိုမှေးပြီး ခြေပစ် လက်ပစ်နဲ့ အကျ ကို အိပ်တော့ တာများ အရမ်း ချစ်ဖို့ကောင်းတယ်။တစ်ခါတစ်လေများ လျှာကလေး တစ်လစ်ကို ထွက်လို့။

ပြီးတော့ ဒီကောင်က ကြောင်ထီးသာ ဖြစ်တာ ကြွက်တော့ ခုတ်တယ်။ ကြွက် ခုတ်လာပြီးရင် လူတွေရှေ့ ကို အမြဲယူလာပြီး ...ဆော့ တတ်တယ်။ ကျွန်တော်တို့ကများ ၀ိုင်းကြည့်ပြီး အသံထွက်အားပေးရင် အကွက်မျိုးစုံနဲ့ ဂျွမ်းပြန်နေအောင် ဆော့ တော့တာပဲ။ တစ်ခါတစ်လေ ဘယ်သူမှ စိတ်ဝင်တစား မကြည့်ဘူးဆိုရင်တော့ ၀တ်ကျေတန်းကျေလောက် ဟို တို့ ဒီပုတ် လုပ်ပြီး ထားခဲ့တော့တာပဲ။ စားချင်မှ စားတယ်။ စားရင်လည်း ခေါင်းရယ်၊ အမြီးရယ်၊ အရေခွံရယ်၊ ကလီစာရယ်ကို ဘယ်တော့မှ မစားပဲ ချန်ထား တတ်သဗျ။ တစ်ခါတစ်လေများ ဆို နှစ်ကိုက်လောက်ကိုက်ပြီး ထထွက်သားတတ်လေရဲ့။ ကျွန်တော်တို့က နောက်က လိုက်ကောက် လိုက်သိမ်းပေးရတတ်သေးတယ်။

ဒါပေမယ့် သူ့မှာ အားနည်းချက် တစ်ခုတော့ ရှိတယ်ဗျ။ အမြင့်ဆို ရင် တက် ပြီးတော့ ပြန်မဆင်းတတ်တာပဲ။ တစ်ခါတစ်လေ သစ်ပင် တက်ပြီး ပြန်မဆင်း တတ်ရင် ဒါမှမဟုတ် ခေါင်မိုးပေါ်က ပြန်မဆင်းတတ်ရင် ကျွန်တော်တို့မှာ နည်းမျိုးစုံနဲ့ သူ ပြန်ဆင်းလာအောင် ဖြေရှင်းပေးရလေ့ ရှိတယ်။ အများစုကတော့ ခေါင်မိုးပေါ်တက်တက် ပြီး ပြန်မဆင်းတတ်ပဲ တညောင်ညောင် လုပ်တတ်တာပဲဗျာ....။ ဒီအခါဆို ကျွန်တော်တို့မှာ စကော တချပ်ကို တစ်ယောက်က ခေါင်းပေါ် ကနေမြှောက်ပြီး တစ်ယောက်က သူဆင်းလာအောင် မြူရတယ်။ ဒါတောင် ကိုယ်တော်ချောက အမေ မပါရင် တော်တော်နဲ့ မဆင်းဘူး။ အဲဒီလို။ရန်လည်း မဖြစ်တတ်ဘူးဗျ..။ အကောင်သာကြီးတယ် အလည်သွားရင် သူများ ဆော်ပလော်တီးတာ ခံလာရတာ ချည်းပဲ။ ပြန်လာရင် ဒဏ်ရာ ဒဏ်ချက် ပေါင်းစုံကို အမြဲ မရိုးရအောင် ယူလာတယ်။ အမေ့မှာ ဆေး မှုန့်လေးတွေ နဲ့ သူ့ တစ်ကိုယ်လုံး လှန်လှောရှာဖွေပြီး ဆေးထည့်ပေးရ သဗျ..။ ဟတ်ဟတ် တစ်ကယ့်ကို အာဂကြောင်။

နောက်တော့ ကျွန်တော်တို့အိမ်ပြောင်း တော့ အဲဒီပြောင်းသွားတဲ့နေရာလေးမှာပဲ သူ နေလို့ထိုင်လို့ အသားကျပြီး သိပ်မကြာခင်လေးမှာပဲ ပျောက်သွားရှာတယ်။ အမေ့မှာ သူ့ကြောင်ကလေး ပြန်လာနိုး ပြန်လာနိုးနဲ့ ထမင်းပန်းကန်လေး ပြင်ပြီး စောင့်နေရှာတာ။ ည တရေးနိုးရင်လည်း သူ့ကြောင်ကလေး လာအော်ပြီး နိုးလေမလားလို့ ခဏ ခဏ စောင့်စောင့်ကြည့်တတ်လေရဲ့။ကျွန်တော်လည်း တော်တော် လေးကို စိတ်မကောင်းဘူး...။ သံယောဇဉ်တွယ် မိသကိုးဗျာ။ဘယ်လောက်အထိလည်းဆို တစ်ခါတစ်လေ ကြောင်တစ်ကောင်လို့တောင် မမြင်တော့တဲ့ အထိပဲ..။အမေ့နဲ့ သံယောဇဉ်ကတော့ ပိုပြီး နက်ရှိုင်းသပေါ့ဗျာ...။ သို့ပေမယ့်လည်း ကံဆုံ သလောက်ပဲပေါ့။နောက်နောင်အခါမှာ တရိစ္ဆာန် မဖြစ်ပဲ ကောင်းရာ မွန်ရာ မှာ ရောက်ပါစေလို့။ ဒီစာလေး ရေးဖြစ်သွားတဲ့ကြောင်းရင်းကလည်း ကျွန်တော် ကြောင်လေ ကြောင်လွင့်တွေ ပေါများလွန်းတဲ့ အရပ်တစ်ခုမှာ ရောက်နေတုန်း ပြန်လွမ်းမိတဲ့ အပိုင်းအစလေးတွေကို သီကြည့်ဖွဲ့ကြည့် တာသက်သက်ပါပဲ....။ဒီလိုနဲ့ ဒီ ကြောင် အလွမ်းစာလေးကို ရေးဖြစ်ပါတယ်။

ကူးလွေ့

18.8.2009
Tue,August.