Friday, July 31, 2009

တစ်ခါက ဘဝ

တစ်ခါက
ဘ၀ဆိုတာ မေးခွန်း
အစွဲ အစွန်း ကင်းကင်း တိုးထွက်လို့
ချားလ်ဟင်ဒီရဲ့ ၀င်ရိုးပေါ်
နွေဦးလို ဖူးသစ် လည်ပတ်

တစ်ခါက
ဘ၀ဆိုတာ ကိုလံဘတ်စ်ရဲ့နေ့
ပြင်းပြပြ အာသီသမျိုးနဲ့
သင်ရိုး တွေတပ်ဆင်ထားတဲ့ အတောင်ပံနှင်ရာ
ပင်လယ်တစ်ဖက်ခြမ်းက အိပ်မက်ဆီ
စိတ်ကူး တို့ ရွှက်တိုက် ထွက်ခွါ

တစ်ခါက
ဘ၀ဆို တာ ဆင်သေကောင် နားတဲ့ကျီး
ခရီး တစ်ဆန့်လုံးကိုယ်မျှားတဲ့ တိမ်တိုက်မှာ
ကိုယ့်ဘာသာ ပြန်အငိုက်မိ
ကမ်းမရှိ သောက ပြင် လှိုင်း တံပိုးခွက်ထဲ
ဆယ့်တစ်မီး ထိန်ထိန်ညီး မောဟိုက်

တစ်ခါက
ဒီလို တစ်ခါက ဘ၀ ဆိုတာ
ဆောင်းလက်ကျန် ရွက်ဝါ လိုပဲ
တိုးထွက် စိမ်းလန်း ခဲ့ရသမျှ
ဖျတ်ကနဲ ကြွေကျ လိုက်ဖို့ပဲ လွယ်,, လွယ် လွန်း....။

ကူးလွေ့

31.07.2009
Friday,July.

Tuesday, July 28, 2009

မိတ်အင်ဂျပန်

နောက်ဆက်တွဲ အလွဲများ

ကိုယ်လဲ ၀ယ်လာတဲ့ ဟတ်ဒစ်အသစ်ကလေးထဲ ဖိုင်တွေပြောင်းထည့် ဘာထည့်လုပ်ပေါ့။ ဒီလိုနဲ့နောက်တရက်ကူးသွားတယ်ဆိုပါတော့ ။ အဲ့ညမှာပဲ စင်္ကာပူက သူငယ်ချင်းတယောက်နဲ့ စကားစပ်မိလို့ ကိုယ့်ဟတ်ဒစ်လေးအကြောင်းပြောမိကြပါကော...။ သူကလဲ စင်္ကာပူကဈေးနဲ့ တွက်ပြီးတန်တယ် တဲ့ ။ ကိုယ်လဲ တလက်စတည်း ကိုယ်ဝယ်လာတာက နဲနဲ ဘိုက်သေးကြောင်း ၊ ၁TBလည်းရှိကြောင်း ၊ဈေးလဲသိပ်မကွာကြောင်း ၊ မိတ်အင်ဂျပန်ဖြစ်ကြောင်း ၊လက်ရှိသုံးနေတဲ့ သူငယ်ချင်းကလဲ သုံးကောင်းကြောင်းဘာကြောင်း နဲ့ ဖောင်မိပါလေရော။ အဲတော့ သူကရောဂါတွေတက်တော့တာပေါ့။

ခုဟာက ဂျပန်မှာတောင် မိတ်အင်ဂျပန်ဆိုတာ ကို မူးအောင်ရှာမှတွေ့တော့တဲ့ အခြေအနေလေ။ နည်းပညာက ဂျပန်နည်းပညာဆိုပေမဲ့ လုပ်အားခ သက်သာတဲ့ နိုင်ငံတွေကို စက်ရုံတွေပြောင်းရွေ့ ကုန်ကြတော့ မိတ်အင် ချိုင်းနားတို့၊ မိတ်အင်ဗီယက်နမ်တို့ ဖြစ်ကုန်တာကိုးး။ ဘယ်လောက်ပဲ ဂျပန်နည်းပညာလို့ ပြောပြော မိတ်အင်ချိုင်းနားဆိုရင် နဲနဲတော့ အင်တင်တင်ဖြစ်ကြတာပဲလေ။ကိုယ်အပါအ၀င်ပေါ့...သူလဲ အဲဒီ မိတ်အင်ဂျပန် မှာ တော်တော်မျောသွားပုံပါပဲ။ ရချင်သတဲ့။ ကိုယ်လဲ သူ့ရဲ့ ရောဂါကို တိုးဆေးထိုးပေးလိုက်တယ်။ ဒီကသူငယ်ချင်းတယောက် မကြာခင်စင်္ကာပူသွားမှာမို့ လိုချင်ရင်ပြော ၀ယ်ထည့်ပေးလိုက်မယ်လို့လေ..ဟတ်ဟတ်းဝ) ။

ဒီလိုနဲ့ပဲ အဲဒီ ၁TB ကိုဝယ်ဖို့ဖြစ်လာပါရော။ သူနဲ့ကိုယ်နဲ့ ဆက်သွယ်ဖို့ ဖုန်းနဲ့ပါတ်တွေ ဘာတွေချိန်းကြပေါ့။ သူလဲဒီမှာ ဈေးနဲနဲထပ်စုံစမ်းမယ်။ ထူးရင်မက်စေ့ ပို့မယ်ပေါ့။ ကိုယ်လဲ အဲ့ကျမှ နိုင်ငံခြားကို ကိုယ့်ဖုန်းနဲ့မေးလ် မဟုတ်ဘဲ မက်စေ့ပို့လို့ရမှန်းသိတယ်။ ကိုယ်တုံးပုံပြောပါတယ်။ ဒါပေမဲ့ အဲဒီလိုတုံးနေတာကမှ ခပ်ကောင်းကောင်းဆိုတာကို ကိုယ်သိပ်မကြာခင်ပဲ သိလိုက်ပါတယ်။ထားပါလေ အဲဒါက ..ဟတ်ဒစ်အကြောင်းဆက်ပါအုန်းမယ်..

ဒီလိုနဲ့ ကိုယ်လဲ ဆိုင်ကိုဖုန်းဆက်ဈေးသေချာအောင်မေး။မနေ့ကမှ လောလောလတ်လတ်သိထားတဲ့ မက်စေ့ကိုအသုံးချပြီး သူ့နားကို မက်စေ့ပို့လိုက်တယ်။ ဆိုင်ကလုပ်တဲ့ salesက ရက်သိပ်မကျန်တော့တာမို့ တကယ်ရချင်ရင် ဘွတ်ကင်လုပ်ရမှာကိုး။။ ကိုယ်တို့တွေ အပြန်အလှန်မက်စေ့လိုက်ကျတာ အဲ့တနေ့ထဲမှာပဲ ၁၀စောင်နီးပါးဖြစ်သွားတယ်။ နောက်ဆုံးတစောင်ကျမှ ကိုယ်တော်ချောက သူက မက်စေ့ပို့တာ အလကားရကြောင်း၊ ကိုယ်ပို့တာကကော တစောင်ဘယ်လောက်လဲ ဘာညာနဲ့မေးလိုက်မှ ကိုယ်လဲ သတိထားမိတယ်။ ကိုယ်လုံးဝ သတိမထားမိဘူး။ ပိုက်ဆံပေးရမယ်ဆိုတာ သိပေမဲ့ နိုင်ငံခြားနှုန်းဖြစ်မယ် ဆိုတာကို လုံးဝမေ့သွားတယ်။

ဒီမှာက ဖုန်းကနေ နိုင်ငံခြား တိုက်ရိုက်ခေါ်ရင် သေအောင်ဈေးကြီးတာ (တခြားလူတွေအတွက်တော့ ဟုတ်ချင်မှဟုတ်မယ် ကိုယ်တို့အတွက်ပေါ့လေ..ကျောင်းတဖက် အလုပ်တဖက် နဲ့ကိုယ်တို့မှာ ငွေပိုငွေလျှံမှ မရှိဘဲကိုး) ။ အဲတော့ ကိုယ်လဲ စတွန့်သွားတာပေါ့ ။ကိုယ်လဲ ချက်ချင်း ကိုယ်ရဲ့ဖုန်းဝက်ပ်ဆိုဒ်ကို ရှာလိုက်တယ်။။ ဘုရား ..ဘုရား!!!!!တစောင် ယန်း၁၀၀ဆရာရေ.....။အဲဒါတောင် စပေ့(စ်)အပါအ၀င် စာလုံးလေး ၇၀ပဲ ရတာနော်။ အော် ...ငါ့နဲ့ ရဟူးကနေ ဖုန်းကောက်ဆက်လိုက်မှ စင်္ကာပူတမိနစ်ကို ၅ယန်း၆ယန်းပေးရတာကိုလို့ ယူကြုံးမရဖြစ်ရလိုက်ရသေးတယ်။ခုဟာက အင်း..အဲ..ပို့တာလေးနဲ့ အသံမကြားရ ဘာမရနဲ့ မြန်မာပြည်ကို ဖုန်းခေါ်တဲ့ ၁မိနစ်နှုန်းထက်တောင် ဈေးပိုကြီးနေတာကိုး ။ ဒါကလွဲခြင်းနံပါတ် (၁)....

ဆက်ပါဦးမည်...

Monday, July 27, 2009

မိတ်အင်ဂျပန်

အလွဲများ၏ အစ

သတိထားမိလားတော့ မသိဘူးနော်။။
သူသူကိုယ်ကိုယ် လျှပ်စစ်ပစ္စည်းလေးများ မိတ်အင်ဂျပန် ဆို မျက်လုံးလေးများ အရောင်ကိုတောက်လို့။
အင်းးးး တောက်လဲတောက်ချင်စရာကိုး။ သူတို့က နည်းပညာအရာမှာကော ၊ ပစ္စည်းအရည်အသွေးမှာကောက ကောင်းတာကိုးလေ..
အဲဒီ မိတ်အင်ဂျပန်နဲ့ ပတ်သက်လို့ ရယ်စရာဖြစ်ရပ်ကလေး တခုလဲရှိသေးတယ်။ဇာတ်လမ်းကတော့..ကိုယ့်လက်ပ်တော့ ကနေစတယ်ဆိုပါတော့။

ကိုယ်ခု လက်ရှိသုံးနေတဲ့ လက်ပ်တော့က မန်မိုရီ ၅၁၂ ပဲရှိတယ်။စက်ကလဲ တခါတခါနှေးနေတယ်။တခါတခါဆို ဟန်းသွားတတ်သေးတာ။ အင်း.. ရုပ်ဝတ္ထုသဘောအရဆို သူလဲဘာခံနိုင်မှာတုန်း ။ အချိန်တန်ရင် ပျက်မှာပဲလေ..ဟုတ် ! ။ ၀ယ်ထားတာလဲ လွန်ခဲ့တဲ့ လေးနှစ်လောက်က ဆိုတော့ ပျက်မယ်ဆိုလဲ သူ့ကိုအပြစ်တော့ မဆိုသာပါဘူးလေ။ အဲ..တခုပဲ စက်ပျက်တာကို လက်ခံနိုင်ပေမဲ့ စက်များတခုခုဖြစ်လို့ ကိုယ်ရဲ့ လေးနှစ်တာ ချွေးနဲ့သွေးနဲ့ရေးထားရတဲ့ ရီပို့တွေ အားလုံးပျောက်ကုန်မှာတော့ ကိုယ်သေမလောက်ကြောက်တယ်။ ဒီက အသိသူငယ်ချင်းတယောက်နဲ့ တိုင်ပင်တော့ သူက မန်မိုရီတိုးဖို့ နဲ့ external harddisk တခုဝယ်ထားသင့်တယ်တဲ့။ မန်မိုရီတိုးဖို့ဆိုတာက ဆိုင်သွားပြရဘာရမလား အဲ့တော့ အလုပ်ရှုပ်သက်သာမဲ့ ဟတ်ဒစ် ၀ယ်ဖို့ကိုပဲ ကိုယ်ခေါင်းထဲမှာ ထည့်ထားလိုက်တယ်။ အဲ....ပြသာနာက အဲ့မှာစတော့တာပဲ။။

ကိုယ်တို့ကျောင်းကအရောင်းဆိုင်မှာလဲ ကွန်ပျူတာနဲ့ပတ်သတ်တဲ့ ပစ္စည်းတော်တော်များလဲ ရောင်းတယ်။ တခါတခါလဲ sales လုပ်တယ်။ဒီတခေါက်လဲ တိုက်တိုက်ဆိုင်ဆိုင် ကျောင်းဆိုင်မှာ sales လုပ်နေတယ်။ကံကောင်းချင်တော့ I-O DATA ဆိုတဲ့ ဘရန်းနဲ့ ၅၀၀GB ကို ၉၉၈၀ယန်းနဲ့ဈေးချထားတယ်။ external harddisk ၀ယ်ဖို့ အကြံပေးထားတဲ့ ကိုယ့်သူငယ်ချင်းကို ကိုယ်ဖုန်းဆက်ပြီး အဲဒီအဲဒီ ဘရန်းနဲ့ အဲလောက် ဘိုက် ဘယ်ဈေးရှိတယ်ပေါ့ ၀ယ်ရင်ကောင်းမလားပေါ့ သူ့ကိုတိုင်ပင်လိုက်တယ်။ သူကလဲ ဟာ..၀ယ်လိုက်အမတဲ့ တန်တယ်..သူဝယ်တုန်းဆို အဲလောက် ဘိုက် မရှိဘဲနဲ့ ဘယ်ဈေးဘယ်ဈေး ပေးရတာပေါ့ ..အားပေးတာ အားပေးတာ..။ ကိုယ်လဲ အဲလောက်တောင်ပြောတဲ့လူကပြောနေမှတော့ ၀ယ်ကွာဆိုပြီး ပိုက်ဆံရှင်းမယ်လုပ်တုန်း ကိုယ်နဲ့ တဆောင်ထဲ တူတူနေတဲ့ တရူတ်မ သူငယ်ချင်းက ပေါက်ချလာပါရော။ သူက ခိုင်..အဲဒါမျိုးကို ၀ယ်ရင် လျှပ်စစ်ပစ္စည်းဆိုင်မှာ ၀ယ်ရတယ်။ ဒီမှာ ဘယ်လောက်ဈေးချချ ဟိုမှာ ပိုဈေးသက်သာတာတွေ ရှိတယ်တဲ့။ကိုယ်လဲ သိပ်စဉ်းစားမနေဘဲ ကက်ရှာမှာ တန်းစီရာက ထွက်လာပြီး ချက်ချင်းဆိုသလိုပဲ လက်ထဲက ဟတ်ဒစ်လေးကို သူ့နေရာပြန်ပို့လိုက်မိတယ်။ ဟုတ်တယ်လေ ဈေးသက်သာတယ် ဆိုတဲ့ စကားကို နှလုံးခိုင်ခိုင်နဲ့ကိုယ်မှ နားမထောင်နိုင်ဘဲကိုး။။

ပြီးမှတွေးကြည့်လိုက်မိတယ်။ အဲ့ဒီဆိုင်တွေက ကိုယ်တို့နေတဲ့ အဆောင်နဲ့ကအဝေးကြီး။ ကိုယ့်မှာလဲ နှစ်ဘီးတပ် ဘီးကလေးသာရှိတာမို့ ကိုယ်ခေါင်းကုတ်လိုက်မိတယ်။ ကိုယ်လဲ သူ့ကို သွားကြည့်ချင်ပေမဲ့ ဝေးတာက တကြောင်း ၊ ကိုယ်က နဂိုကတည်းက ဟိုဟိုဒီဒီသိပ်မထွက်တော့ နေရာကိုကျကျနန မသိတာကတကြောင်းဆိုတော့ လွယ်ပါ့မလားကွာလို့ သူ့ကိုငြီးလိုက်မိတယ်။ သူကလဲ အားတတ်သရောပဲ ဘာမှမပူနဲ့ သူလိုက်ပို့မယ်တဲ့ ။ ဘယ်ပြောကောင်းမတုန်း ကိုယ်လဲ ဟန်ကိုမဆောင်တော့ဘူး ဒီနေ့ညနေ အားရင် သွားမယ်လေလို့ ပြောတော့ သူကလဲ အိုခေတဲ့.။ အဆင်တွေကိုချောလို့ပေါ့။

ဒီလိုနဲ့ ညနေရောက်တော့ မ၀ယ်ခင် ၂ဆိုင် ၃ဆိုင် လျှောက်ပတ်လိုက်ကြတယ် ။ ကိုယ့်လိုဆိုတော့ သိပ်မပတ်လိုဘူး ။ကိုယ်က အဲလိုပတ်တာကိုလဲ စိတ်လဲသိပ်မရှည်တတ်ဘူးလေ။ ဒါပေမဲ့ သူက ကြိုးစားပမ်းစားနဲ့ လိုက်ရှာပေးနေတော့ ကိုယ်လဲအားနာပြီးဘာမှမပြောရက်တော့ သူနဲ့လိုက်ပတ်ရတော့တာပေါ့။ နောက်ဆုံးတော့ ဈေးအသက်သာဆုံးဆိုင်ကို ကိုယ်တို့ရှာတွေ့သွားတယ်။ အင်းးး သူပတ်ချင်မယ်ဆိုလဲ ပတ်ချင်စရာပါပဲ ခုဆိုင်နဲ့ တခြားဆိုင်တွေ ဈေးက ၃၊၄ထောင်တောင်ကွာတယ်။ကိုယ်တို့တွေ စပ်စုကြည့်ကြတော့ ဒီဆိုင်က ပစ္စည်းလက်ကျန်များနေလို့ ဈေးချတာတဲ့။ တခုပဲ သူတို့ချထားတဲ့ဈေးက ကျောင်းဆိုင်က ချထားတဲ့ဈေးနဲ့ တူတူပဲမို့ ကိုယ်နဲနဲအောင့်သက်သက်တော့ ဖြစ်မိသေးတယ်။ ဒါပေမဲ့ ဒီမှာတော့ ရွေးစရာတွေပိုများတာပေါ့လေလို့ပဲ ကိုယ်ဖြေတွေးလေးတွေးလိုက်ပါတယ်။ အဲ့မှာ ၅၀၀GB အပြင် ၁TB လဲ တွေ့ခဲသေးတယ်။ ဈေးကလဲ ၁၀၀၀ကျော်ပဲ ကွာတယ်။ ၁TBက ပိုဆန့်တယ်ဆိုပေမဲ့ ကိုယ်က အိပ်ဆောင်ပဲ ရချင်တာကြောင့် ၅၀၀GB ပဲဝယ်လိုက်တယ်။ ကိုယ်လဲ လိုချင်တာရဆိုတော့ ကဲ ဟတ်ဒစ်ကိစ္စတော့ ပြတ်ပြီပေါ့ အဲဒီတုန်းက အဲလိုပဲထင်ခဲ့မိတာ။ တကယ်တမ်းတော့ နောက်ပြသာနာတခုက အဲဒီ ၁TB ရဲ့နောက်မှာပုန်းနေတယ်ဆိုတာ ကိုယ်ရော ကိုယ့်သူငယ်ချင်းကော သတိမထားလိုက်မိကြဘူး။

ဆက်ပါဦးမည်

Saturday, July 25, 2009

ချစ်သူ့ည

နိုးထလာတဲ့ အိပ်မက်တိုင်း
အတွေးမြင်းရိုင်းတွေ ခုန်က
ဒါဟာ...
ငါ့ည ရဲ့ ဖြစ်စဉ်တွေပေါ့
နင်က တော့ အထင်ကရ ဇာတ်ကောင်ပါပဲ
အပြုံးချိုချို တွေနဲ့
အမြဲ ငါ့ကို....သတိရနေစေခဲ့ပုံများ။

ကူးလွေ့

1995 လောက်က ရေးခဲ့ဖူးတဲ့ ကဗျာလေးပါ။
အမှတ်တရ မတည်း မဖြတ် ပဲ ပြန်တင်လိုက်ပါတယ်။

အစစ်မဲ့အိမ်

မချိကာ သွားဖြဲ
အပြုံးတုကို အဖော်လုပ်
အနှစ်ဗလာ အကာသာများတဲ့
အတုအပြည့်နဲ့ ရုပ်လုံး

မြင်ရသူလဲ ခပ်နုံးနုံး
အောက်သိုးသိုး အော်ဂလီဆန်
ရွှေဘ၀င် တယ်မခွေ့သော်ငြား
ခမျာလဲ မနေသာ
ရောယောင်ကာ ချယ်မှုန်း
ဟန်ဆောင်လို့ ပြုံး။

ညီမလေး
၂၀၀၉.ဇူလိုင်.၂၅

Friday, July 24, 2009

ဖြစ်နေကျရောဂါ


ငါတွေးတယ် ငါရှိတယ်
ဖြစ်တည်မှု လတ်တလော ဝေဒနာ
တောက်လောင်ကုန်ဆုံးတတ်တဲ့ ဘ၀ဆိုတာ
အလေ့အထ အိပ်ကပ်တွေထဲက
သိပြီးသား စိတ္တဇနာမ်
အလေ့ကျ
လွင့်ပါးပျောက်ဆုံး ဖို့သက်သက်လေး
တင်ကူး ပေါက်ရောက်လာသမျှတိုင်း
အမှုမဲ့ အမှတ်မဲ့
ဖတ်ရင်း လှန်ရင်း
ဆုပ်ကိုင် ထားမိမှတော့လည်း
ဝေးနိုင်သမျှ ဝေးဝေး
စိတ်ကူးစိတ်သန်းတို့
အကွဲအလွဲပေါင်းများစွာ ဟန်ချက်ညီညီ
မိမိဝင်ရိုးပေါ် တိမ်းစောင်းလည်ပတ်မှုတိုင်း
ပျော်ပျော်ပါးပါး ဆိုညည်းကြတဲ့ သီချင်းက
သို့ သုံးဆယ့်တစ်ဘုံ။

ကူးလွေ့

8.6.2009
Mon,June.


ကုန်ဆုံးခြင်း..........

အိပ်စက်ခြင်း နဲ့ စိတ်မပါခြင်းတွေကို
ကျိတ်မှိတ်မျိုချရင်း
အပြေးနှင်ရတဲ့ မနက်အလုပ်တွေ
ရုပ်ဆိုးဆိုးရှစ်ခေါက်ချိုး မျက်နှာတွေကို
ငြိုငြင်စွာ သီးခံရင်း
မလှပတဲ့ အဲဒီမနက်တွေနဲ့
မသိမသာ ငါယဉ်ပါးလာတာ
ဆယ်စုနှစ် တ၀က်ကျိုးပြီ။

တခါတခါလည်း စိတ်ဝင်တစား
တခါတခါလည်း အိပ်စုံ မှုန်မွှားနဲ့
ရသမျိုးစုံ ရောကျိုရင်း
ရည်မှန်းချက်ကို ညီမျှခြင်းချ
သေချာတဲ့ အဖြေမရတဲ့
အမိကျောင်းတော်က လက်ချာပေါင်းလည်း
ရာနဲ့ထောင်နဲ့ချီခဲ့ပြီ။

အိပ်မက်တွေကပဲ ခက်ခဲလွန်းနေသလား
"ရရာ" ဆိုတဲ့ရေစီးကိုမျောပါဖို့
ခေါင်းမာလွန်းတဲ့ ကိုယ်ကပဲ မိုက်မဲနေသလား
အများသောက်တဲ့ မိုးရေခါးကို
သောက်ဝံ့ဖို့ ကန့်ကွက်နေတဲ့
ကိုယ့်မာနကပဲ တလွဲဆံပင်ကောင်းနေသလား
လိုအပ်တဲ့ မာနလား
မလိုအပ်တဲ့ မာနလား
"လား"ပေါင်းများစွာကို
မကျနစွာ ဆန်းစစ်ရင်း
ဝေဖန်ရင်း
ပိုင်းခြားရင်းနဲ့ပဲ
ဒီတညလည်း အဖြေမရဘဲ
မှောင်ခဲ့ရပြန်ပြီ။။

ညီမလေး