Sunday, October 23, 2011

ဖောက်ပြန်တဲ့ သီအိုရီ ...



အချစ်စစ်ရင် အခါးတွေ ချိုစေသတဲ့
ကိုယ်ကတော့ အတုစစ်စစ်ကို ဝယ်ခဲ့မိတယ် ။

သံယောဇဉ်က နှောင်ကြိုးတဲ့
ကိုယ်ကတော့ ပြန်လမ်းမဲ့ ကိုယ့်သမုဒယတွေနဲ့ နွမ်းလျစွာ ရှုပ်ထွေး ။

နားလည်မှုဟာ လိုအပ်ချက်တခုတဲ့
ကိုယ်ကတော့ ကြိုးစားရင်းပဲ အလွဲတွေကြား လှော်ရင်းနစ်ဆဲ ။

မျှော်လင့်ခြင်းက ရှင်သန်ခွင့်တဲ့
ကိုယ်ကတော့ အချိန်တိုင်းအတွက် တစိမ့်စိမ့် သေနေတဲ့သူ ။

မေတ္တာက အသွားအပြန်နဲ့တဲ့
ကိုယ်ကတော့ တလမ်းသွား လမ်းကြမ်းကြီးမှာ ဖော်ကွာဝေးလျှက် ။







ညီမလေး
၂၂.အောက်တိုဘာ.၂၀၁၁

Tuesday, October 18, 2011

အသံ

ဟိုး.. ငယ်ငယ်လေးကတည်းက ကျွန်တော်တို့ မိသားစုအတွက် မားမားရပ်ရင်း ဘဝထဲကို ကျွန်တော့်ကို တဖြည်းဖြည်းချင်း အဖေညွှန်ပြပို့ပေးခဲ့တယ်..။ လူသားပဲမို့ ပြီးပြည့်စုံအောင် မဖန်တီး မလုပ်ပေးနိုင်ပေမယ့် အဖေတစ်ယောက်ရဲ့ တာဝန်ကိုတော့ တစ်ပြားမှ အလျော့မခံခဲ့ဘူး..။ အဖေပုံဖော်တတ်တဲ့အတိုင်း ပုံဖော်ရင်း မေတ္တာရည်တွေကို သွန်းလောင်းပေးခဲ့တယ်..။ ဘဝဒဏ်ကြောင့် ချို့ငဲ့ခဲ့ရပေမယ့် လူများတွေအောက်မှာ နေနေရတယ်လို့ ကျွန်တော်တစ်ခါမှ မထင်ခဲ့မိဘူးအဖေ..။ လောကဒဏ်ကို အံတုရင်း အဖေ့ညတွေ ယစ်ရွှေရည်တွေနဲ့ ပေကျံတတ်ခဲ့တယ်..။ ဒါပေမယ့် ကျွန်တော့ရင်ထဲက သူရဲကောင်းအဖေဟာ တစ်ခါမှ တန်ဖိုးမကျသွားခဲ့ဘူးအဖေ..။ မှတ်မိသေးတယ်..။ ဟိုးငယ်ငယ် လေးငါးနှစ်သားတုန်းက အဖေရေချိုးပေးမှာကို ကျွန်တော် အင်မတန် ကြိုက်နှစ်သက်ခဲ့တာ..။ အဖေ့ လက်ဆွဲတော် ရေပန်းခယားကြီးနဲ့ ကျွန်တော့ခေါင်းပေါ်ကို လောင်းချပြီး အဖေ ရေပန်းကြီးတစ်ခုကို ဖန်တီးပေးခဲ့တယ်..။ ရေပုံးထဲက ရေပမာဏက သေးငယ်ပေမယ့် စီးဆင်းမျှောပါလာတဲ့ အဖေ့မေတ္တာတွေက တစ်သွင်သွင် မဆုံးတန်းပါပဲ...။

အဖေ စိတ်မကြည်တဲ့အခါမှာ အော်ငေါက်ဆူဆဲ တတ်ပေမယ့် အဖေ့ရင်သွေးတွေကို အဖေ ဘယ်လို ဖြည့်ဆည်းပေးရမယ်ဆိုတာကို အမြဲတွေးနေတတ်မှန်း အမှတ်မထင် အဖေလုပ်ပြတတ်တဲ့ အမူအကျင့်လေးတွေက ပြနေတယ်အဖေ..။ ငယ်တုန်းက အဖေကုန်းပိုးတာကို စီးရင်း မြို့လယ်လမ်းမကြီးမှာ သား အပျော်ဆုံးလူသား ဖြစ်ခဲ့တာကို အမှတ်ရတုန်းပါ...။ အမေပြောပြလို့ သိရတာလဲ ရှိသေးတယ်အဖေ..။ ကျွန်တော်လသားအရွယ်မှာ အမေ မန်းကို စာမေးပွဲသွားဖြေရတော့ အဖေ တိုက်တဲ့ နို့ဗူးလေးနဲ့ ကျွန်တော် လူလားမြောက်ခဲ့တာကိုပေါ့..။

ကလေးဘဝတုန်းက ကလေးပီပီ သူများကလေးတွေ ကိုင်တဲ့ စုပ်ခွက်ထည့်ပစ်ရတဲ့ ပလတ်စတစ် သေနတ်လေးကို လိုချင်လို့ပူဆာတော့ မွေးနေ့လက်ဆောင်အဖြစ် မရမက ဝယ်ပေးခဲ့တယ်..။ ကျွန်တော် အခု ကိုယ်ပိုင် ငွေကို ရှာတတ်လာတော့ အဲဒီတုန်းက ကျွန်တော်ပူဆာခဲ့တာ အဖေ့အတွက် ဘယ်လောက် ဖိအားများခဲ့မယ်ဆိုတာ ကျွန်တော် ကိုယ်ချင်းစာတတ်လာပြီအဖေ...။

ခြံထဲမှာ အဖေလုပ်ထားပေးဖူးတဲ့ ဝါးလုံးဒါန်းလေးကို အားပါးတရ စီးခဲ့ဖူးတဲ့အရသာကို အခုထိ ကျွန်တော်မမေ့နိုင်သေးဘူးအဖေ...။ ခြံထဲမှာ ရေတွင်းတူးတော့လဲ လာကူတဲ့သူတွေကို အဖေကိုယ်တိုင် ပဲကုလားဟင်း ချက်ကျွေးတော့.. အဖေ့လက်ရာကို သားဂုဏ်ယူရင်းနဲ့ အားပါးတရ စားခဲ့တယ်အဖေ..။ ခဏခဏ အဖေချက်ကျွေးဖူးပေမယ့် အဲဒီနေ့ကဟင်းက ကျွန်တော့အတွက် အချိုဆုံးပါ..။ ဘာလို့လဲဆိုရင် အဖေ့လက်ရာကို အားပါးတရ လူတွေ တောင်းဆိုပြီး စားနေကြတာကို ကျွန်တော်မြင်ရလို့..။ အဖေ့အတွက် ဂုဏ်ယူတဲ့စိတ်တွေနဲ့ ကျွန်တော့် နေ့လည်စာ သေးသေးလေးဟာ နတ်သုဓ္ဒာနဲ့ မလဲနိုင်အောင် ချိုလွန်းခဲ့တယ်အဖေ...။

ကျွန်တော် ကိုးတန်းရောက်တော့ ဘောလုံးကန်တာ အရမ်းဝါသနာ ထုံတယ်လေ..။ အဖေက ရန်ကုန်ကို အလုပ်ကိစ္စနဲ့သွားတော့ အဲဒီခေတ်က ခေတ်စားတဲ့ ကျွန်တော်တို့ အရပ်အခေါ် ချုပ်ဘောလုံးလေးကို အဖေ အမှတ်တရ ဝယ်လာပေးတယ်..။ ကျွန်တော် ထိန်းသိမ်းတာညံ့လို့ အဲဒီ ဘောလုံးလေး ပျောက်သွားခဲ့တယ်..။ တစ်ညလုံး မျက်ရည်ဝိုင်းပြီး ကျွန်တော် လိုက်ရှာပေမယ့် မတွေ့တော့ဘူး..။ အဖေဆူမှာထက် အဖေစိတ်မကောင်းဖြစ်မှာတွေးပြီး ကျွန်တော် ခြေမကိုင်မီလက်မကိုင်မီဖြစ်ခဲ့ရဖူးတယ် အဖေ..။

စတစ်ကာ တီရှပ်တွေ ခေတ်စားလာတော့လဲ အဲသလိုပဲ..။ ကျွန်တော်တို့ ညီအကိုတွေဝတ်ဖို့ဆိုပြီး အဖေ့ ချွေးနည်းစာလေးနဲ့ တခုတ်တယ ဝယ်လာပေးသေးတယ်..။ ကျွန်တော်မှတ်မိသေးတယ်..။ ကျားခေါင်းရုပ်ကြီးနဲ့ စတစ်ကာ တီရှပ် လက်ရှည်က ကျွန်တော်တို့ တောင်ကြီးမှာ လူတွေ မျက်လုံးကျစေတဲ့ အိကျီလေးဖြစ်ခဲ့တာ..။ လမ်းမှာ တစ်ယောက်က မနေနိုင်လို့ တီရှပ်ကို ဘယ်ဆိုင်မှာဝယ်တာလဲမေးတော့ ကျွန်တော် ရင်ကော့ပြီး ကျွန်တော့အဖေ ရန်ကုန်က ဝယ်လာပေးတာလို့ ကြွားခဲ့ရတာကို ပြန်တွေးမိတိုင်း ပြုံးမိတယ်အဖေ..။ အဲဒီပီတိလှိုင်းက ဒီအချိန်ထိ ရင်ကို ရိုက်ခတ်ပြုံးပျော်စေတုန်းပါ...။

အဖေနဲ့ အတူရှိနေစဉ်ကာလတွေမှာတော့ ခွန်းတုန့်ကြီးငယ်တွေနဲ့ အဖေ့ကို ပြန်ပြောရင်း နေ့ရက်တွေကို ခါးသက်သက် ကျော်ဖြတ်ခဲ့၇တယ်အဖေ..။ တစ်ယောက် မျက်ရည်ကို တစ်ယောက်မတွေ့စေပဲ ဟန်ဆောင်မှုတွေနဲ့ အဖေနဲ့ ကျွန်တော် စိတ်ကောက်ပွဲကြီးကို နွဲခဲ့သေးတာလဲ မှတ်မိသေးတယ်..။ တစ်လတိတိ ကျွန်တော် အဖေ့ကို စကားမပြောတော့ အမေ့ရဲ့ မှတ်ချက်ပြုတာတောင် ခံခဲ့ရသေးတယ်..။ ဒီကောင်က စိတ်တကယ်ဆိုးသွားရင် အဖေရင်းကိုတောင် စကားမပြောပဲ နေတဲ့ကောင်တဲ့..။

အဖေ့အကြောင်းတွေကို ပြန်ပြီး စာစီပြောပြနေမယ်ဆိုရင် ကျွန်တော်ရပ်တံ့နိုင်မယ်မထင်ဘူးအဖေရေ...။ တစ်ကယ်တန်း ပြန်တွေးလိုက်ရင် အဖေဝန်အားနဲ့ နိုင်တဲ့ အတိုင်းအတာအတွင်းမှာရှိတဲ့ လိုအပ်ချက်မှန်သမျှကို အဖေမရမက ဖြည့်ပေးခဲ့တာတွေကို ပြန်မြင်ရတယ်အဖေ..။ ဘယ်သူတွေ ဘာပဲပြောနေနေ ကျွန်တော် အဖေ့ကို ချစ်တာတော့ တစ်ပြားမှ မချနိုင်ဘူး..။ အဖေ့ကိုထိရင် ကျွန်တော် ဆတ်ဆတ်မခံနိုင်တော့ဘူးအဖေ..။ ကျွန်တော်တို့ရှေ့မှာ တင်းမာသလောက် နောက်ကွယ်မှာ အဖေဘယ်လောက်ထိ ပြိုလဲ နာကျင်ရတယ်ဆိုတာ ကျွန်တော် တိတ်တခိုး ဖမ်းမိခဲ့တာလေး အမှတ်တရရှိတယ်..။ အဲဒီအချိန်တုန်းက ကျွန်တော်က အဖေ့ကို ကျွန်တော့ကို တစ်ကယ်မချစ်ဘူးလို့ ထင်မှတ်နေတဲ့အချိန်ပေါ့..။ ကျွန်တော် ထူးထူးဆန်းဆန်း ဖျားပြီး အဖွားအိမ်မှာ အိပ်ရတဲ့အထိဖြစ်တုန်းကလေ..။ အဖေ ကျွန်တော့ကို ဆေးခန်းလိုက်ပို့တယ်..။ အဖွားအိမ်မှာ အိပ်တော့ ကျွန်တော့ကို သိပ်ပြီး အဖေ အောက်ဆင်းသွားတယ်..။ နာရီဝက်လောက်နေတော့ အဖေပြန်တက်လာတယ်..။ ဒါပေမယ့် အဖေ ငိုထားတယ်ဆိုတာကို ကျွန်တော်သိလိုက်တယ်..။ အဖေ့မျက်ဝန်းတွေ ညာလို့မရသလို အဖေ့အသံတွေက အဖျားခတ်တုန်ခါနေတယ်လေ..။ အဲဒီည ကျွန်တော် ခြင်ထောင်လေးထဲမှာ တိတ်တိတ်လေး လိုက်ငိုမိတယ်အဖေ..။

အဲလိုနဲ့ အဖေနဲ့ တည့်လိုက် မတည့်လိုက် လုံးချာလိုက်ရင်း ကျွန်တော် ရပ်ဝေးမြေခြားကို တစ်ကယ် ထွက်ခွာလာခဲ့ရတယ်..။ တတ်နိုင်သလောက် မိဘကျေးဇူးကို ဆပ်ဖို့ ဆုံးဖြတ်ရင်း ကျွန်တော့ မျက်စိတွေ ပွင့်လာတယ်လေ..။ မနေ့က တိုက်တိုက်ဆိုင်ဆိုင်အိမ်ကို ဖုန်းဆက်ဖြစ်တော့ အဖေနဲ့ စကားပြောရတယ်..။ အဖေ မျက်စိခွဲမှ ရတော့မယ်တဲ့..။ ကျွန်တော် ကြားကြားချင်း ဗလောင်ဆူသွားခဲ့တယ် အဖေ..။ သာမာန်ပါပဲလို့ ပြောတဲ့ အဖေ့လေသံက အားအင် ကုန်ခမ်းနေသလိုပဲ..။ ကျွန်တော့်အဖေ သိပ်ကို အိုမင်းသွားပြီလား..။ ဟင့်အင်း..။ အိုမင်းလို့ ထွက်လာတဲ့ အသံမျိုးမဟုတ်ပဲ အဖေ့ ရင်ထဲမှာ တုန်လှုပ်ခြောက်ချားနေတဲ့ အရိပ်လေးကို ကျွန်တော် ဖမ်းဆုပ်မိသွားောတ့ အင်မတန် ဝမ်းနည်းမိတယ်အဖေ..။ အဖေ .. ကျွန်တော်တို့အတွက် မားမားမတ်မတ် ရပ်တည်ပေးခဲ့ပေမယ့် အဖေ့ အလှည့်ကျတော့ အဖေလဲ မားမားမတ်မတ် ရပ်တည်ပေးမယ့်သူကို တမ်းတမိမှာပဲလေ..။ အဖေ့အသံကြားတော့ ကျွန်တော့်မျက်ရည်တွေ ဝေ့ဝဲတက်လာတယ်..။ ကျွန်တော် ပင်ပမ်းမှာစိုးလို့များ မြိုသိပ်ထားတာလား အဖေရယ်....။ ဆေးကုသဖို့ ကုန်ကျစားရိတ်လေး ပို့ပေးနိုင်ရင် ကောင်းတယ်တဲ့..။ စကားကို မယုတ်မလွန်လေး ထိန်းပြောသွားတဲ့အဖေ...။ လိုအပ်ချိန်တောင်မှ ကိုယ့်ကိုယ်ကို နောက်ပို့ထားသေးတယ်အဖေရယ်..။ တစ်မိနစ်တောင်မပြည့်တဲ့ အချိန်တိုလေးအတွင်းမှာ အဖေ့ရင်ထဲက ဆန္ဒတစ်ချို့ကို ကျွန်တော် မြင်တွေ့ခွင့်ရလိုက်တယ်အဖေ..။ စိတ်ချပါ.. အိုမင်းမစွမ်းဖြစ်သွားလဲ အဖေပေးခဲ့တဲ့ အားတွေက ကျွန်တော့ကိုယ်ထဲမှာ အပြည့်ပါ...။ အဖေပေးတဲ့ ခွန်အားတွေက အဖေ့ရှေ့မှာ မားမားရပ်ဖို့ အချိန်တန်ပြီဆိုတာ ပွက်ပွက်ဆူစီးဆင်းလှည့်ပတ်ရင်း ကျွန်တော့ကို လှုံ့ဆော်နေတယ်အဖေ..။ အဖေ့မျက်လုံးသေ သေချာ ပြန်မြင်ချိန်ကြရင် အဖေ့ရှေ့မှာ အဖေမွေးထုတ် သွန်သင်ပေးလိုက်တဲ့ သားကောင်းတစ်ယောက်ကို အဖေ မြင်စေရမယ်အဖေ.....။ ဒီစာလေးနဲ့ အဖေ့ရဲ့ ဂုဏ်ကျေးဇူးကို သား အောက်မေ့ ကန်တော့လိုက်ပါရစေ...။

(အဖေ့ကျေးဇူးကို အဖေရှိနေသေးတဲ့အချိန်မှာ ဖော်ထုတ် ပူဇော်ခွင့်ရတာကို ကျွန်တော် ဝမ်းသာကြည်နူးမိတယ်အဖေ..။ အဖေတစ်ယောက်သားတို့နဲ့တူတူ နှစ်ပေါင်းများစွာ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ..။ အဖေချစ်တဲ့ သားဆိုးလေး )