Monday, March 29, 2010

အသိနဲ့ တရား

တိတ်တဆိတ်ပါပဲ....
ခုတ်မောင်းနေတဲ့ လောကကြီးမှာ စက္ကန့်နဲ့အမျှ (ခပ်မြန်မြန်တိုင်းတာလို့ရတဲ့ အသေးဆုံး အစိတ်အပိုင်း) ပြောင်းလဲ ဖြစ်ပျက်နေတယ်....
သိနေလဲ ဖာသိဖာသာနေရင်း ကြောက်လန့်မှုကို သိုဝှက်ထားမိတုန်း....
အမှားနဲ့ အမှန်ကြားက သတိနဲ့ သန္တန်.......
တွေးခေါ်မှုတွေက ဖောဖောသီသီ................ ရလာတဲ့ အသိတွေက ဝေဝေဆာဆာ......... လက်တွေ့ ကျင့်ကြံမှုက ခပ်ခွာခွာ............
မကောင်းမှန်းသိပေမယ့် သင်ပေးလိုက်တဲ့ တွေးခေါ်မှုနဲ့ ဆင်ခြေတုံတရားကြားက မုသားပါးပါးလေးမှာ အမှတ်တမဲ့ သို့တည်းမဟုတ် တမင်သက်သက် ခိုဝင်စားသုံး...........
ကိုယ့်ကိုယ်ကို ကိုယ်ပိုင် ဒါမှမဟုတ် အငှား စံနှုန်းတွေနဲ့တိုင်းတာရင်း ကိုယ်မှန်တယ်ထင်ရာကို တန်းတန်းမတ် သွားကြ........
ရယ်သံနောက်ကွယ်က အငိုမျက်လုံးတွေ.......... ဆန္ဒနဲ့ လက်တွေ့............ ကွာဟမှုကို သေးနိုင်သမျှ ဆွဲချုန့်ရင်း ရင့်ကျက်တဲ့ရင်မှာ အတ္တသီးလေးတွေက တွဲလွဲခို..................
ပေးဆပ်တယ်ဆိုပေမယ့် တွက်တတ်လွန်းစွာပဲ ပမာဏတစ်ခုထိသာ စိတ်ကို ဆွဲဆန့်ရင်း ပြန်မရရင် စိတ်က ဒဏ်ရာလေးတွေ သယ်သယ်သွားတတ်လွန်း.............
အင်း........ ကြီးမြတ်တာကို လူမသိချင်နေဆိုပေမယ့် တစ်စုံတစ်ယောက်ဆီက မျက်ဝန်း တစ်စုံတစ်ရာကို မျှော်နေတတ်ပြန်ရော.............. ဘယ်လောက်ပြုံးပြုံး နင့်နေတဲ့ ရင်ကို ထမ်းရင်း ကြီးမြတ်တဲ့ စိတ်ကို အားမလိုအားမရနဲ့ သံသယက ထားတတ်သေး...............
ဆင်ခြေမပေးပါနဲ့လို့ တစ်ဘက်သားကို တားမြစ်ရင်း သုံးခဲ့တဲ့ ဆင်ခြေတွေက အသင်္ချေ...........
တစ်ခုချင်း ထောက်နေရမယ်ဆိုရင် စာမျက်နှာတွေသာ ပွထသွားနိုင်တယ်.....
အထင်ရှားဆုံးက ကျေးဇူးတရား၊ သိတတ်မှုနဲ့ ကိုယ်ပိုင် အတ္တ............
မိဘကျေးဇူးကို ငါဆပ်မယ်ဆိုရင်း ရုန်းကန်ဖွေရှာပေးဆပ်ရင်း ပေးဆပ်မှုတွေက ကိုယ့်နောက်မှာရောက်မှန်းမသိ ရောက်.....
နေ့တိုင်း ဖုန်းမဆက်ဘူးနော်အမေ.. အဖေ.. ပြောစရာစကားတွေက နေ့တိုင်းမှ မရှိတာ... ကျန်းမာရေးကို ဂရုစိုက်ကြ... ပျော်ပျော်နေ... တစ်လတစ်ခါ ပြောဖြစ်တဲ့စကား...
တစ်လမှတစ်ခါ.............. နေ့တိုင်း ပြောဖြစ်စရာ စကား မရှိဘူးတဲ့.............
ပြန်စဉ်းစားမိပါ့.............. အွန်လိုင်းမှာ သူငယ်ချင်းတွေနဲ့ နေ့တိုင်း နီးပါးတွေ့ပီး ပြောနေတာ စကားက ကုန်မသွားပါလား.............
း)
ပါးပါးလေးပဲ ပြုံးမိပါတယ်... ရှက်သွားတဲ့စိတ်ကို ပေါင်းသင်းဆက်ဆံရေးဆိုတဲ့ ဆင်ခြေနောက်မှာ ပြေးပုန်းခိုင်းလိုက်တော့ ဘာမှ မဖြစ်တော့သလို နေသားကျသွားတယ်...။
လူမှုဆက်ဆံရေးမှာ မိဘက ဘာလို့ မပါတာလဲ?...................... နောက်မှ ဆွေးနွေးကြပါစေ....
ဘယ်မှာ ဘယ်လိုပဲ ယှဉ်ယှဉ် ကိုယ့်ဒုက္ခက ပိုကြီးနေသယောင် ထင်တတ်သေး............
ကုန်ကုန်ပြောရင် ဘုရားဟောတဲ့ တရားကိုတောင် လက်တလုံးခြားလေး လုပ်တတ်လွန်းတယ်....
အရက်သေစာ မသောက်ပါနဲ့ တားမြစ်တယ်... ဘုရားရှင်က
ကျွန်တော်တို့က ဆင်ခြေလေးနဲ့ လှည့်တယ်... သောက်တတ်ရင်ဆေး မသောက်တတ်ရင်ဘေးတဲ့....
အရက်သေစာမှာ ဆေးလိပ်မပါ၊ ကွမ်းယာမပါဆိုပီး သိသိနဲ့ လိမ်ချင်သေး.....
ဒါပေမယ့် တရားကို သိနေတဲ့သူတွေချည်း................
အသိနဲ့ အတ္တကြားမှာ ခန္ဓာကို မှီတွယ်ရင်း မိုက်တွင်းနက်လို့ လွတ်လမ်းကို မျှော်တတ်တယ်....
အပြောလွယ်သလောက် လက်တွေ့ လုပ်ရခက်တယ်တဲ့.............
အဲဒီတော့ ပေးနေကြ ဆင်ခြေပါးပါးလေးတွေနဲ့ မုသားမပါ လင်္ကာမချော.......... ဖြစ်ကတတ်ဆန်းဘဝကို နည်းနည်းပါးပါး ကောက်ကက်စီပီး ရင်ကော့ အလှံထူနေတာ.............
နောက်ဆုံး တော့ လူပဲလေဆိုပီး တင်ထားသမျှ စံနှုန်းလေးတွေကို ကိုယ်နဲ့ ကိုက်အောင် ပြန်ညှိရင်း နေ့တစ်နေ့ဟာ အရင်လိုပဲ ပဉ္စလက်ဆန်နေတုန်း.................... အင်းပေါ့လေ ကိုယ့်အတွက် ကြေးစည်သံကို ကိုယ်မှ မကြားနိုင်တာ.......



ကိုကြီးလင်းညို တဂ်လိုက်တော့ အလန့်တကြားနဲ့ ခေါင်းထဲက ကစင့်ကလျား ခုန်ပေါက်ထွက်ကျလာတာလေးတွေပါ (ဒါလဲ ဆင်ခြေပါးပါးလေးပေါ့).....။ ကျွန်တော့ဘဝမှာ ထိပ်ဆုံး အတဂ်ခံရဖူးတာဆိုတော့ မျက်စိကိုလည်ထွက်နေတာ....။
ဖတ်ရတာ အဆင်မပြေရင် အဆင်ပြေသလိုလေး ဖတ်သွားပေးကြပါလို့.................
လေးစားစွာဖြင့်
စိုင်းစိုင်းမွန်း

တွေးခြင်း

တစ်ရက် တစ်ရက် အသားကျနေတဲ့ ပြုဖွယ် ကိစ္စတွေ ထဲမှာ ပျင်းရိ ငိုက်မြည်း နေတဲ့ ကျွန်တော့်ကို ခင်မင်ဖို့ကောင်းတဲ့ အစ်ကိုကြီး ကို လင်းညိုက တစ်စုံတစ်ခု တွေးဖြစ်ဖို့ တက်ဂ်လာ တဲ့အတွက် ဖုန်တက်နေတဲ့ ခေါင်းကို ကမန်းကတန်း ဖုတ်ဖက် ခါရင်း တစ်စုံတစ်ခု တွေးဖို့ အထိတ်တလန့် ကြိုးစားကြည့်ပါတယ်။ အသုံးမပြုတာ ကြာတဲ့ ဦးနှောက်က ချက် ချင်း အလုပ် မလုပ် ပါ။

တစ်စုံတစ်ခု ကို တွေးဖြစ်ဖို့ အရေးထက် ဘယ် အကြောင်း အရာကို တွေးရင် ကောင်းမလည်း ဆိုတာ ကိုတောင် မနည်း တွေးကြည့် နေရပါတယ်။ ပေါ့ ပါ့ ပါးပါးလေးပဲ တွေးရမလား..။ ကမ္ဘာကြီးနဲ့ ချီပြီး မနိုင်ရင်ကာ တွေးရမလား..။ ဟိုလား ဒီလားနဲ့ တောင်တောင် အီအီ လျှောက်စဉ်းစား နေမိတဲ့အခါ ခေါင်း ထဲမှာ ဟိုတစ်စ ဒီတစ်စ တောင်စဉ်ရေမရ ပြေးလွှားခုန်ပေါက်နေကြတော့တာပဲ။

သြဂတ်စ် ရိုဒင် ကတော့ ခွါချွတ်ပြီး တွေးတယ်။ ဒီဘိုးနိုးက ဦးထုပ် ခြောက်လုံးဆောင်းပြီးတွေးတယ်..။ ဆရာကိုတာ က တော့ ဖောက်ထွက် ဖြန့်ကျက်ပြီးတွေး ကြစေချင်သတဲ့။ ကျွန်တော်ကတော့ ဘာကိုတွေးရမလည်း...? ဘယ် လိုတွေးရမလည်း...? မနက်ဖြန်အကြောင်း လား..။ မနေ့ကအကြောင်းလား...။ ဘဝကို တွန်းထိုး ဆွဲတင်ပေးမယ့် လှေကားထစ်တွေအကြောင်းလား..။ အောင်မြင်ကျော်ကြားသူတွေရဲ့အကြောင်းလား။ အမှတ်နှစ်စက်ကြားက ဖြောင့်တန်းနေတဲ့ မျဉ်း တစ်ကြောင်းလို ရှင်ခြင်း သေခြင်း အကြောင်း လား...။ ဒါမှ မဟုတ်....မီဂန်ဖောက်စ် ရဲ့ အကြောင်းလား။

တွေးခြင်းက လူတွေကို အဟိတ် ဘဝကနေ ကွာဝေး လွန်မြောက်ပြီး လောကကို ချုပ်ကိုင်လွှမ်းမိုးနိုင်တဲ့ တစ်ခုတည်းသော ဆင်ခြင်တုံ သတ္တဝါ အဖြစ်ကို ဆောင်ကျဉ်း မြှင့်တင်ပေးခဲ့တယ်။ တစ်ပြိုင်နက်တည်းမှာ ပဲ တွေးခြင်းက လူတွေကို ပိုပြီး ကောက်ကျစ်စဉ်းလဲ တတ်လာ စေပြန်တယ်။ မွေးကတည်းက သေတဲ့အထိ လူတွေဟာ အမျိုးမျိုး အကြောင်းကြောင်းသော၊ အထူးထူး အပြားပြားသော အကြောင်းအရာ အကြံအစဉ် တွေအတွက် တရစပ်တွေး ကြတယ်။ ထိုင်ရင်းတွေးတယ်၊ ရပ်ရင်းတွေးတယ်၊ သွားရင်း တွေးတယ်၊ စားရင်း တွေးတယ်၊ အိပ်ရင်းတွေးတယ်..။ တွေးတယ်...တွေးတယ်...တွေးတယ်...။ တစ်ခု မဟုတ်ရင် တစ်ခု တော့ တွေးနေကြတာပဲ...။ တစ်ချို့က ကောင်းတဲ့ဘက် မှာ...တစ်ချို့ကလည်း မကောင်းတဲ့ဘက်မှာ...။ တစ်ချို့ကလည်း ကိုယ့်ဘဝ ကိုယ့်အတ္တအတွက်၊ တစ်ချို့ကလည်း အများအတွက် လောကအတွက်....။

ဘယ်လို အကြောင်းနဲ့ပဲ တွေးနေ တွေးနေ လူတွေ မတွေးချင်ပဲ မသိမသာရော သိသိသာသာပါ ကျော်လွှား သွားတတ်ကြတာလေး တော့ ရှိတယ်ဗျာ...။ ကမ္ဘာဦး ကတည်းက အခု လက်ရှိအချိန်အထိ လူတွေ မလိုချင်ဆုံးနဲ့ အကြောက်ရွံ့ဆုံး၊ ပြီးတော့ မွေးရာပါ ပိုင်ဆိုင်မှု တစ်ခု လည်းဖြစ်လေတဲ့ သေခြင်း ဆိုတာပါပဲ။

ငယ်ရွယ် သေးတယ်လို့ ပြောချင် ပြောနိုင်သေးတဲ့အချိန်မှာ....သေခြင်းဆိုတာ ကိုယ့်နဲ့ မလှမ်း မကမ်းလေးမှာ ရှိနေတယ် ဆိုတာ မသိယောင်ဆောင်ထား နိုင်သေးတဲ့အချိန်မှာ တောင် သေတယ် ဆိုတဲ့ ခံစားမှုကြီးကို တွေးမိတိုင်း မနှစ်မြို့စရာ ခံစားချက် မျိုးနဲ့ သိသိသာသာ တုန်လှုပ်ကြစမြဲပါပဲ။ တစ်ဆက်တည်း အမှတ် နှစ်စက်ကြားက မျဉ်းဖြောင့်လို ဘဝ အကန့်အသတ်နယ်ပယ်သေးသေးလေးထဲမှာ ကိုယ့်ဘာသာ ငါဘာလဲ..ငါဘယ်လဲ...ငါဘာလုပ်နေလည်း တွေးကြည့်ရင် အရာရာ အလဟဿ အဖြစ် ကို ပဲရောက်သွားတယ် ...။ပုထုဇဉ် လောကထဲက လူဆိုတာမျိုးကလည်း ကိုယ့် အတ္တ၊ ကိုယ့်မာန နဲ့ ကိုယ့် စွမ်း အား အရည်အချင်းအပေါ်မှာ တစ်စုံတစ်ခုနဲ့ အမှတ်ကျောက်တင်ပြီး အသိအမှတ်ပြုခံရဖို့ အလိုလားဆုံး သတ္တဝါတွေမဟုတ်လား..။ ကိုယ့်စွမ်းနိုင်သမျှကာလပတ်လုံးလည်း ကိုယ့်ပုံရိပ် ကိုယ့်သမိုင်းကို ခိုင်သထက်ခိုင်မာအောင် ထုဆစ်ချင်ကြတယ်။ ဒါကြောင့်လည်း လျစ်လျူ ရှု ခံရခြင်းဆိုတဲ့ ခံစားချက်ကို မကြိုက်ဘူး။ကိုယ့် အားထုတ် မှုအပေါ် မှာ ကိုယ့်ကို အသိအမှတ်မပြုပဲ အားလုံး ကို ချိုးဖျက် နင်းခြေ ပြီး ဥပက္ခော ပြု ပစ်ပယ်ပြီး ထားခဲ့မယ့် ဒီသေခြင်းဆိုတာ ကို မကြိုက်ဘူး။မကြိုက်ဘူး...မကြိုက်ဘူး... ဟင့်အင်း...ဟင့်အင်း...ဟင့်အင်း...တွန့်ဆုတ် မေ့လျော့ ငြင်းပယ်ကြရင်း ပဲ ငြင်းပယ်ခြင်းဟာ ကျွန်တော်တို့ ဖြစ်သွားခဲ့ကြ...။ အဲသလိုနဲ့ သံသရာစက်ဝန်းကြီးကို အမြဲလည်ပတ် စီးဆင်းနေဖို့ ကျွန်တော်တို့တွေ ပျော်ပျော်ပါးပါး..ထို့နောက် တစ်တပ် တစ်အား။


ကူးလွေ့

၂၉.မတ်လ.၂၀၁၀
တနလာၤ။


****ကိုလင်းညိုရေ...။ ကျွန်တော့်ရဲ့ အတွေးများကတော့ ဤမျှသာပါပဲဗျာ...။ တွေးဖြစ်နေကျ အကြောင်းတစ်ခုကို မျှဝေလိုက်ပါတယ်...။ငြီးငွေ့ဖွယ် တစ်စုံတစ်ရာ ဖြစ်စေခဲ့ရင် ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုကို ခွင့်လွှတ်ပေးကြမယ် ထင်ပါတယ် ခင်ဗျား...။****

Thursday, March 25, 2010

အလှည့်

အမှတ်တမဲ့ ဝင်လာပီး အမှတ်တမဲ့ ပြန်ထွက်သွားတယ်...
စေ့ထားတဲ့ တံခါးလေးမှာသာ လှုပ်ရှားရင်း.......
အသံလေးက တိုးတိတ်ညင်သာ...............

Saturday, March 20, 2010

ချယ်ရီရောင် စောင်းကြိုး

ကမ္ဘာဦး ဒဏ္ဍာရီပေါ်မှာ ကတည်းက
နတ်ဘုရားတွေ ဖဲ့ထုတ်ခဲ့တဲ့ ခန္ဓာ
ဟောဒီ...သံသရာမြေနီလမ်း တစ်ဆုံးထိအောင်
ဘဝ များစွာ ရှာဖွေပေါင်းဆုံချိန်
အိပ်မပျော်သူ မှန်ချပ်အပိုင်းအစတွေ စည်းဝါးကိုက် ကခုန်တယ်....

မျက်ရည်ကို ဆာလောင်တဲ့အပြုံးတွေက ဘဝကို သိမ်းယူတယ်
မတော်တဆ တိမ်ခင်းရဲ့ ထစ်ချုန်းသံ အက်အက်

ဂမ္ဘီရ ဆန်ဆန် တီးခပ်တယ်
ချယ်ရီရောင် ခပ်ပါးပါး စောင်းကြိုးညှိသံ ညင်သာ ထိပွန်း
ဆိုကရေးတီးရဲ့ နောက်ဆုံး ချိုမြိန်ခြင်းလိုမျိုး
မျက်နှာစိမ်းပင်လယ်က " လှ"တယ်

လက်သည်းဖွက်ထားတဲ့ မျက်လုံးအသစ် တစ်စုံအောက်က
အဆက်မပြတ်ထုတ်လုပ်ဆဲမျက်နှာဖုံးများ
မိုးညှို့ မန္တာန်တွေ ပဲ့တင်ထပ် ဖုန်းဆိုးလွင်ပြင်ကြီးတစ်ခုလို
"သူမ" ဟာ အကြိမ်ကြိမ်ရွာသွန်းသွေ့ခြောက်တယ်

နားဝေတိမ်တောင် ညနေခင်းများစွာ ဖြတ်သန်းသွားကြဆဲ
ရွက်အိုတွေ စီးဆင်းတဲ့ ဖေဖော်ဝါရီ လမ်းအိုကျဉ်းထဲမှာတော့
အိပ်မက်လက်ပံက နီသထက် နီလာခဲ့တယ်။

ကူးလွေ့

2002 ခုနှစ်တုန်းက ကျွန်တော့် အစ်ကိုရယ်၊ ကျွန်တော်ရယ်၊ နောက် ညီမလေးတစ်ယောက်ရယ် ပေါင်းပြီး အိပ်မက်ချယ်ရီလို့ အမည်ပေးထားတဲ့ ဖေဖော်ဝါရီ အမှတ်တရ ကဗျာ စာအုပ် တစ်အုပ်လုပ်ဖို့ စီစဉ်ခဲ့ကြပါတယ်...။အကြောင်းကြောင်းကြောင့် စာအုပ်မလုပ်ဖြစ်ခဲ့ပါဘူး။ နောက်တော့ သူငယ်ချင်းတွေ ကောင်းမှုနဲ့ စမ်းရင်း သပ်ရင်း ဟိုတုန်းကမလုပ်ဖြစ်လိုက်တဲ့ ကဗျာစာအုပ်အတွက် အမှတ်တရအဖြစ် အိပ်မက်ချယ်ရီ ဆိုပြီး ဘလော့ဂ် လုပ်ဖြစ်သွားတော့ အဲဒီတုန်းက စာအုပ်ထဲထည့် ဖို့ လျာထားတဲ့ကဗျာတွေကို နည်းနည်းချင်း ပြန်တင်ဖြစ်ပါတယ်...။ အဲဒီတုန်းက စာအုပ် ခေါင်းစည်းအတွက် ရေးခဲ့တဲ့ ကဗျာ နှစ်ပုဒ်ရှိပါတယ်။ အိပ်မက်တစ်ခြမ်းနဲ့ ည ဆိုတဲ့ ကဗျာနဲ့  အခု ဒီ ချယ်ရီရောင် စောင်းကြိုး ဆိုတဲ့ ကဗျာပါ..။

Thursday, March 18, 2010

ဒွိဟ

စိတ်တွေနောက်ကျိနေတယ်....
တင်းထားရင်လဲ ပြတ်မှာစိုးတဲ့စိတ်နဲ့ မျက်စိမှိတ် နားပိတ် နေခဲ့ရတာ အကြိမ်တွေ ရေတွက်လို့မရ....
ချစ်တတ်လွန်းတဲ့ ကိုယ့်ကိုယ်ကိုပဲ ခပ်ဖွဖွကျိမ်ဆဲရင်း လေးလွန်းတဲ့ရင်ကို ထမ်းထမ်းပီး ငါ့နေ့တွေ ဆက်နေရတယ်...
ကံကြမ္မာအလှည့်ပြောင်းလေးတစ်
ခုမှာ စေ့ထားတဲ့တံခါလေးဟသွားလို့ အတွင်းကို တစ်စွန်းတစ်စ မြင်ခွင့်ရလိုက်တယ်...
မယုံကြည်နိုင်စရာကောင်းအောင် အတ္တတွေက ဘဝကို အဖန်ဖန် မျက်လှည့်ပြ.........
အမှန်တစ်ရားနှစ်ခုကြားမှာ ပါးပါးလေး လက်တစ်လုံးခြားလှည့်နေတာ.....
ငါ ဆိုတဲ့ တံတိုင်းကိုတော့ ကျော်ဖို့ ခက်ကြတယ်မလား....။
တံတိုင်းနောက်က နှလုံးသားတစ်ခုကို ထုတ်ကြည့်ချင်တဲ့ ငါကပဲ မှားနေတာပါ....။
ပတ်သက်မှု အတိုင်းတာတစ်ခုကို စည်းချက်ကျကျ ထိန်းထားဖို့လိုတယ်ဆိုတာ သိလာချိန်မှာ ငါမမှားတဲ့ ငါ့ အမှားတွေတွက် ငါ့ကို စွဲချက်တင်ပီးနေပီ....။
ထိရှတာချင်းတူတူ သူက ပိုနာတတ်နေတော့ ဟင်းလင်းပြင်တစ်ခုလို ငါခေါင်းငုံ့ပေးလိုက်တယ်.....
ပေးဆပ်မှုမှာ မျှော်လင့်ချက်လေး ကပ်ပါနေမိတာ ငါ့ရဲ့ ကြီးကျယ်သော ဆုံးရှုံးမှုပေါ့.....
မျက်ရည်ပူတွေ ဝေ့ဝဲတက်နေတဲ့ ဒီမျက်လုံးတွေနဲ့ပဲ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကြားကို ငါ ပါးပါးလေး တိုးဝင်ရင်း မပြည့်သောဆုတွေ တောင်းမိတုန်း....
ဆိုင်တယ်ထင်တော့ တောင့်တတယ်.. ပိုင်တယ်ထင်တော့ ကြောင့်ကျတယ်တဲ့....
ကြားဖူးတဲ့ တရား အဆုံးမစကားတွေ.....
နားထဲမှာ ရိုက်ခတ် ပဲ့တင်ပြန်လဲ ငါက ခေါင်းမာလွန်းစွာ ဆုပ်ကိုင်ထားနေဆဲ.....
ဟူး......................
သိမ်မွေ့နက်ရှိုင်းလွန်းတဲ့ သံယောဇဉ်ပုစ္ဆာထဲမှာ မျက်စိတ်မှိတ် နားပိတ်တတ်ဖို့ ကျင့်ရမှာလား.....
ဥပေက္ခာနဲ့ လစ်လျူရှုတာ ဘာကွာလဲ.....
ဟူး.........................
သက်ပြင်းမောတွေ အခါခါချရင်း အရာရာကို ရင်ထဲ ထည့်လွန်းတဲ့ငါ့ကိုငါ အခုထိ အားမရဘူး..........
ကောင်းတတ်လွန်းတဲ့ စိတ်ကို ခုထိ နားမလည်ဘူး...........
စာနာလွန်းတာလဲ မှားတာပဲလား.............
အခုထိ ငါရခဲ့တဲ့ ဒဏ်ရာတွေဟာ စာနာမှု၊ ကိုယ်ချင်းစာမှု၊ ပေးဆပ်မှု၊ တာဝန်သိတတ်မှု၊ စေတနာထားမှု၊ မေတ္တာသက်ဝင်မှုကနေ ဖြစ်ဖြစ်နေတာ အံ့အားသင့် ရင်နာနေတုန်း....
ပင်ပန်းလွန်းပေမယ့် ငါ့ခံယူချက်ကတော့ ယိုင်လဲ မသွားမှာ သေချာနေပြန်တယ်.............
ရင်ကို စုံကန် ထွက်သွားပေမယ့် နာကျင်ရင်း မေတ္တာမပျက်တတ်နေတာ ရှေးဘဝရဲ့ အတိတ်ကံကြောင့်လေလား....

Monday, March 15, 2010

သံပတ်

တွေ့ဆုံချိန်တွေက
ရေပွက်ပမာ........
တွေ့နေကျ မျက်မှန်းတန်းမိယုံလေး..
သယ်ဆောင်လာတဲ့ ဘဝလွယ်အိတ်ထဲ...
အမှတ်တမဲ့ ထည့်ထည့်မိနေတယ်....
ပခုံးတစ်ဖက်စောင်းတဲ့အထိအောင်
အမှတ်သညာနည်းတုန်း....

အနေတတ်ရင် အသေမြတ်တယ်တဲ့..........
အနေမတတ်ခင် ခဏခဏ သေနိုင်လွန်းတယ်....
တလွဲတချော် ငါ့နေ့တွေက ...
ကောက်ကြောင်းတွေ မှားမှားနေတယ်....

ရှေ့ကို လှမ်းလှမ်းမျှော်ပီး...
တစ်လှမ်းလိုငါ့စိတ်ကူးတွေဖြန့်ချိန်တော့..........
ထုံးစံအတိုင်း လူးလိမ့်....
မြေနီလမ်းက ရှည်နေခဲ့တာလား...
အခုထိ ဖုန်နဲ့ အသားမကျ.....

စားသုံးဖို့မေ့ပီး ခူးခူးမိတဲ့ အသီးတွေ...
လက်ကမ်းဝေချိန်ကျတော့....
မနက်ဖြန်တွေ မှုန်ရီသွားလိုက်တာ....
လွယ်အိတ်လေးပိုက်ရင်း....
ဒိုင်ယာ၇ီထဲရေးထိုးမှတ်သား.........
ထပ်တူကျ စာသားတွေ..........။

Tuesday, March 9, 2010

သံယောဇဉ်အလွန်

လရိပ်ထဲမှာပဲ ဝေနေဖူးတဲ့ပန်းတွေ....
မညှိုးတော့ဘူးလို့ ထင်ခဲ့.....
မှတ်မှတ်ရရပါပဲ...
မျက်တောင် တစ်ချက်ခတ်လိုက်ချိန်မှာ...
.
ပွင့်ညှာတွေ ကြွေကျ...

ရင်ခွင်ကို ဖြတ်နင်းသွားတဲ့ လေပြေ...
ခြံထဲကအသီး လူခိုးချိန်ကျမှ....
လှောင်ရယ်သံတွေ ပြပြသယ်လာ....
မနေ့က တွေ့ဖူးတဲ့ မျက်နှာထဲ........
ရက်ရက်ရောရော ပေးမိတဲ့အဖြစ်.....

မျက်ရည်နဲ့မတန်အောင် အလွန်းနေခဲ့တာလား
အဖြူရောင် ခြုံထည်ပါးကို
ခွင်းထွက်လာတဲ့ဒါးချက်အောက်မှာ...
နှလုံးသားကို ချခင်းပေးနေမိတယ်.....

ငါ့ခန္ဓာကို ဖဲ့ထုတ်သွားတဲ့...
မှော်ဝင်နတ်သမီးလေးရေ......
သံယောဇဉ် တစ်ဆင်စာအတွက်
အဖန်ဖန် ဦးညွှတ်နေမှာပါ......

မလိုချင်ပဲ ပေးမိနေသလိုမျိုး........
ဆန္ဒတွေတောင်လိုပုံမှ.......
ချောင်းစီးတဲ့မျက်ရည်..........
နဂိုအတိုင်းလေးဖြစ်နေဖို့အတွက်...
ငါ့ရင်တွေ နာလိုက်ရတာ.....

မွှေးပျံ့ပါစေ ပန်းကလေးရေ.........
လရောင်လွန် ကမ်းခြေတစ်ဖက်မှာ.........
ပွင့်ဖူးကာ သာယာစေတော့....
အဆုံးမဲ့ အချစ်တွေ သွန်လောင်းရင်း.........
တိတ်တဆိတ်ပဲ ငိုနေတော့မယ်.....။

Thursday, March 4, 2010

မြို့ပျက်

ခြောက်သွေ့နေပုံက ကန္တာရ ဆန်ဆန်

ရနံ့ကင်းနေ့ရက်တို့ ဆွတ်ယူစားသုံးရင်း
ခံနိုင်ရည်ဟာ ပီပီသသကြီး နွမ်းလာခဲ့
တိမ်ပွင့်တွေ မပါ တဲ့ မိုးရာသီကို ထမ်းပြီး
စိတ်ကူးတွေ လျှံကျ

နောက်တော့
တဖြည်းဖြည်းလဲပြိုသွားခဲ့တယ်
ပက်ကြားအက် ပုခုံးတို့ကို ပင့်တင်ရင်း
မျော်လင့်ခြင်း တစ်သီးစာတောင် မပြည့်ခင်...။

ကူးလွေ့