Wednesday, December 28, 2011

ငါ့စိတ်ကူး တိုင်းမှာ မွှေးတဲ့ နှင်းဆီ

နင်က...
ငါ့စိတ်ကူးတိုင်းမှာ မွှေးတဲ့နှင်းဆီ

" ကမ္ဘာဦးကျမ်း " ထဲက လိုပဲ
ငါ့ဘယ်ဘက် ရင်ဘတ် ထဲက နင့်အကြောင်းတွေ ပဉ္စလက်ဆန်ပုံက
အရုဏ်ဦးလို ဆည်းဆာလို
လျှို့ဝှက်ခြင်းနဲ့ အဆန်းတကြယ် ခမ်းနားတယ်

ချယ်ရီရောင်သင်းနေတဲ့ ရနံ့တွေ
ရင်တစ်ခုလုံး စွတ်စိုအောင် ရွာချလိုက်ပုံက
လတစ်စင်း ကောင်းကင်မှာ ပွင့်လိုက်သလို

သက်တန့်ဆန်တဲ့ ဂီတစည်းချက်တွေပေါ်မှာ
စိတ်က...
ထိန်းမရချုပ်မရ မြောပါပြီး
အိပ်မက်တို့ ချိုမြိန်ရာ တိမ်တိုက် တစ်ခုလို
နင်ဟာ....
ငါ့စိတ်ကူးတိုင်းမှာ မွှေးတဲ့ နှင်းဆီ။

ကူးလွေ့

17.9.2006

Wednesday, December 21, 2011

ငါ့ရဲ့ နတ်သမီး (သို့မဟုတ်) ဧဝ

အရိုးရှင်းဆုံး စကားပြေတစ်ပုဒ်ပေါ့
စတင်ခဲ့ခြင်းက....
ဆန်းပြားတဲ့ သက်တန့် တွေကြားမှာ
သူမ...
အရိုးသားဆုံး ကောင်းကင်ဆန်တယ်
ပင်လယ်ဆန်တယ်

မျဉ်းမတ်တစ်ကြောင်းလိုပဲ
ငါ့ရဲ့ဆောင်းဦးစာမျက်နှာပေါ် ဝင်လာတဲ့ခြေလှမ်းဟာ
နိုးထစ ချယ်ရီရဲ့ ကပိုကရို လှပုံမျိုးနဲ့ သိမ်မွေ့
မြင်သာရုံ နှုတ်ခမ်းစွန်း ထောင့်ချိုးလေး ပြေပြစ်ဖို့
သိင်္ဂါရ ငါ့ဥယျာဉ် စိမ်းစိမ်းစိုခဲ့တယ်

မှော်ရုံထဲက နတ်ဘုရားများတီးတဲ့ စောင်းသံလို
အဖွဲ့အနွဲ့ မပါတဲ့ မျက်ဝန်းက ညှို့ချက်ကင်းတယ်
အိပ်မက်ရွက်ကြွေတို့ဝေ့ဝဲတဲ့ ဧဒင်စိတ်ကူးမှာ
မာရ်နတ်ရဲ့ စကားသံမပါဘူး...
ဘုရားသခင်ရဲ့ ပညတ်တော်မပါဘူး..
ငါ့ရုပ်နာမ်တွေ ထမြောက်ရာ ပုခုံးဦးထက်မှေးမှီဖို့
နက္ခတ်ဆိုးကျိန်စာကို ပုန်ကန်ပြီး
တားမြစ်သီးခိုးယူခဲ့

ယုံကြည်ချက်ကို ရဲရဲမတ်မတ်ထူလွင့်ပြီး
ချစ်ခြင်းနဲ့ထွင်းတဲ့ ငါ့ရဲ့ အက္ခရာပါ
နာကျင်ရုံသက်သက်လေး
ထောင်ချောက်တွေ ဒင်းကြမ်းရွာချခဲ့မယ်ဆိုလည်း
ရင်ဘတ်ထဲ ဝှက်ထားတဲ့မြို့လေးမှာ
" ဒွိဟ " ကပ်ဆိုးတွေ....ကင်းတယ်။


ကူးလွေ့

10.10.2006

Tuesday, December 6, 2011

ဆောင်းည ...



တိတ်ဆိတ်လွန်းလှတဲ့ဆောင်းည...
သက်ဝင်မှုမဲ့တဲ့ ပုံရိပ်တို့နဲ့ ကိုယ်တယောက်တည်း တိုးတိုးကလေး ဖြတ်သန်းနေတယ် ။
ဗလာကျင်းနေတဲ့ ဦနှောက်က မသိစိတ်ရဲ့ ကြီးစိုးမှုအောက်မှာ အသိစိတ် ဆိုတာကို ခဲခဲယဉ်းယဉ်း ရှာဖွေနေရင်းပေါ့ ။

ပျော်စရာတွေဆိတ်သုန်းနေတဲ့ ဆောင်းည...
နာကျင်နေတဲ့ လိပ်ပြာ အပိုင်းအစတွေကို စွန့်ပစ်ဖို့ကြိုးစားရင်း ဝန်ပိုတွေပိလို့နေရှာတယ် ။
စကားလုံးမဲ့ ခံစားမှုတချို့က ကိုယ့်ရင်ခွင်ကို ကယောင်ခြောက်ခြားဖြစ်နေစေရင်း၊ တဆစ်ဆစ်နဲ့ကိုက်ခဲနေစေရင်းပေါ့ ။

အဆိပ်သင့်နေတဲ့ ဆောင်းည...
အရောင်ဆိုးခံလိုက်ရတဲ့ ရိုးသားခြင်းရဲ့ ဝိဥာဏ်ဟာ ဝမ်းနည်းပက်လက် ငိုကြွေးလို့နေရှာတယ် ။
ကျိုးကြောင်း ဆက်စပ်လို့ မရတဲ့ ပုစ္ဆာတပုဒ်ကို မိုက်မဲစွာ အဖြေရှာရင်း၊ ဝင်သက်ထွက်သက်တို့လည်းမွန်းကျပ်နေရင်းနဲ့ပေါ့ ။







ညီမလေး
၆.ဒီဇင်ဘာ.၂၀၁၁

Saturday, November 19, 2011

အသုံးမဝင်သော ...



ဖွင့်ဟခွင့်မရှိတဲ့ - -
ဆန္ဒတွေအတွက်
နှလုံးသား တစ်စုံအတွက်
စကားလုံးတွေက အသုံးမဝင်ခဲ့ ။

အဖော်မဲ့တဲ့ - -
ညတွေအတွက်
ခံစားချက်တွေအတွက်
အသိစိတ်တွေက အသုံးမဝင်ခဲ့ ။

ရှင်သန်ခွင့်မရတဲ့ - -
သတိရခြင်းတွေအတွက်
ချစ်ခြင်းတွေအတွက်
မျှော်လင့်ခြင်းတွေက အသုံးမဝင်ခဲ့ ။


ညီမလေး
၁၉.နိုဝင်ဘာ.၂၀၁၁

Sunday, November 6, 2011

လေထဲလွှင့်တဲ့ ဒြပ်မဲ့အလွမ်းထု...

ကောင်းကင်ယံကို မော့ကြည့်ရင်း ကြယ်တွေကို ရေတွက်ချင်ပေမယ့်.. ညညဆိုရင် အဖြူရောင် သက်မဲ့ မျက်နှာကျက်နဲ့ ပြတင်းတံခါးတစ်ခုပဲရှိတဲ့ အနားသတ်ခြောက်ကပ်တဲ့ အခန်းငယ်ထဲမှာ ညတွေဟာ မောပမ်းနွှမ်းလျှစွာ စီးမြောကုန်ဆုံးနေစဲ..။ ရာသီစက်ဝန်းက အပတ်ပေါင်းများစွာ အချိန်မှန် ရွေ့လျားနေသလို.. တစ်ဖြည်းဖြည်း ကြီးရင့်လာတဲ့ အသက်တွေကို ထမ်းပိုးရင်း ရောက်နေတဲ့နေရာက ရှေ့ဆက်ရွေ့လျားဖို့ အားအင်စိုက်ထုတ် ကြိုးပမ်းနေရတုန်း...။ ကျင်လည်ကျက်စား ပျော်မြူးခင်တွယ်ရာ အသိုက်အမြုံကို စွန့်ခွာလာပြီး ကျွန်းငယ်လေးတစ်ခုမှာ ကိုယ့်ကိုယ်ကို စက်ရုပ်သဖွယ် ကျင့်သားရအောင် နေနေရတော့လဲ.. တစ်ခါတစ်ခါ အိမ်ပြန်ချင်တဲ့အလွမ်းတွေဟာ တားမနိုင် ဆီင်္းမရ...။ ပြိုမလို အိုနေတဲ့ မိုးတိမ်ကိုကြည့်ပြီး တိမ်ညို တိမ်စိုင်ထုကြားထဲ ဘယ်အချိန်မှာ ဝေ့၀ဲနေတဲ့ မီးပုံးပျံလေးများ ပါလာမလဲဆိုပြီး တမ်းတလွမ်းရတာလဲ အခါခါ..။ သြော်.. ဘာလိုလိုနဲ့ သီတင်းကျွတ်ကျော်လို့ တန်ဆောင်တိုင်ပွဲတော်တောင် စနေပါ့ကော...။

ဟိုးအရင် နှစ်ပေါင်းများစွာကတည်းက လက်ဆင့်ကမ်း သယ်လာခဲ့တယ်ဆိုပေမယ့် တိမ်ကောမသွားပဲ တစ်နှစ်ထက် တစ်နှစ် ထူးခြားဆန်းသစ်လာအောင် မျိုးဆက်တွေ တာဝန်ကျေလွန်းတယ်လေ...။ ချမ်းအေးလှတဲ့ ဆောင်းညရဲ့ အအေးဒဏ်ကို မာဖလာ၊ ခေါင်းပေါင်း၊ လက်အိတ်၊ ဦးထုပ်၊ အနွေးထည်၊ ခြေအိတ်၊ ရှိသမျှ တွေ့သမျှ အကာအကွယ်လေးတွေယူပြီး တုန်ချမ်းချမ်းကြားထဲက မီးပုံးပျံ တစ်လုံးနဲ့ တစ်လုံးကြားကာလမှ ပွဲရဲ့ အသက်ကို ထိန်းထားပေးတဲ့ ချစ်စဖွယ် ဒေသခံပွဲကြည့်သူတွေနဲ့ ဧည့်သည် ပွဲဝင်သူတွေအတွက်လဲ နှလုံးဘ၀င် သာယာချမ်းမြေ့ဖွယ်ရာ အားထုတ်မှုဆိုရင်လဲ မမှားပါဘူး..။ ရိုးရာအစားအသောက်တွေ ဖွယ်ဖွယ်ရာရာ တည်ခင်းရောင်းချတဲ့ ဆိုင်တန်းလေးတွေမှာလဲ အမြဲစားနေကြဖြစ်ပေမယ့် ပွဲမှာ ဈေးကြီးလဲ ခုံမင်စွာ အားပေးနေကြသူတွေနဲ့ ညရဲ့ အလကဗျာဟာ လှသထက် လှလို့သာ နေပါတော့တယ်..။

ပွဲဈေးတန်းတစ်လျှောက် အစားအသောက်မျိုးစုံအပြင် ထုံးစံအတိုင်း လျှပ်စစ်မီး ထိန်ငြီးတဲ့ အဲဒီ လောင်းကစားဝင်းတစ်လျှောက်မှာလဲ ညချမ်းမှာ ကံစမ်းသူတွေ တိုးဝှေ့စည်ကားနေမြဲ...။ နေရာတိုင်းမှာတော့ ပွဲစည်အောင် လုပ်ပေးနေတဲ့ ပျော်ရွှင်တတ်သူ ကာလသားတွေနဲ့ ရယ်သံတွေ အုန်းအုန်းညံတဲ့ ညတွေ...၊ ညတင်မှ မဟုတ်ပါဘူး..။ နေ့ခင်းမှာလဲ ပွဲက ငြိမ်သက်နေတယ်လို့ မရှိအောင်ကို စည်ကားနေမြဲပါ..။ အသံမစဲတဲ့ ထိုပွဲချိန်ခါ နေ့ပေါင်းများစွာဟာ တစ်ရက်ထဲလိုပဲ တွဲဆက်ပျော်ပွဲဖွဲ့တည်တယ်လေ..။ ကိုယ်တတ်စွမ်းသမျှကို တတ်နိုင်တာထက်ပိုပြီး အပင်ပမ်းခံ ကြိုးစားပြီး တည်ဆောက်ထားရတဲ့ မီးပုံးပျံတွေဟာလဲ နေ့လွှတ်၊ ညလွှတ်စသဖြင့် အရောင်အသွေးစုံလင်လှတယ်..။ အထူးသဖြင့်တော့ ပွဲနားနီးပြီဟေ့ဆိုတာနဲ့ မြို့ရဲ့ ရပ်ကွက်တိုင်းမှာ အိုးစည်သံကို မြိုင်မြိုင်ကြားရတော့တာ..။ နားငြီးတယ်လို့ မငြူစူတဲ့အပြင် အိုးစည်သံလေးကြားရင် ခေါင်းလေး ဆတ်တောက်ဆတ်တောက်နဲ့ စည်းချက်ကျကျ ယိမ်းနွဲ့နေတတ်တာ ချစ်စရာ တောင်ကြီးမြို့နေ ဒေသခံတွေရဲ့ စရိုက်လေးတစ်ခုပါ..။

ပျော်ပွဲရွှင်ပွဲတွေနဲ့ပဲ တို့ရိုးရာကို ထိန်းသိမ်းတာလား..။ ဟင့်အင်း..။ ချစ်စရာ မီးပဒေသာပူဆော်ပွဲကလဲ တန်ဆောင်မုန်းလပြည့်ညရဲ့ အလတရားကို ကောင်းကင်ယံက ကြယ်တွေ လတွေနဲ့အတူ အပြိုင်အဆိုင် လင်းချင်းတဲ့ ပွဲပါ..။ မြတ်စွာဘုရားကို တတ်စွမ်းတဲ့ ပညာနဲ့ မသိုးသင်္ကန်း ယက်လှူပူဆော်တာလဲ အဲဒီ လပြည့်ညပါပဲလေ..။ တန်ဆောင်တိုင်လို့ ပြောလိုက်ရင်.. သီတင်းကျွတ်ကတည်းက အပြိုင်အဆိုင် လှူဒါန်းလာလိုက်တဲ့ ကထိန်ပွဲတွေနဲ့ ဆက်ပြီးတော့ မီးပုံးပျံတွေနဲ့ မြတ်စွာဘုရားကို ပူဇော်တဲ့ ပွဲအထိ ရိုးရာရဲ့ အနံ့အသက်တွေက ရင်ကို ကြည်နူးလှိုက်ဖိုစေတယ်..။ ဆောင်းရဲ့ အရိပ်အေးအေးမှာ ရင်ထဲက အပျော်ဓာတ်တွေနဲ့ နွေးထွေးနေလိုက်ကြတာ..။ သူစိမ်းတရံစာတွေကို မမြင်ရသလိုပဲ..။ တန်ဆောင်တိုင်ရဲ့ ပွဲရောင်အောက်မှာ မေတ္တာတရားတွေနဲ့ မွေ့လျှော်ပျော်ရွှင်နေလိုက်ကြတာ ရပ်နီးရပ်ဝေး အားလုံး တစ်သားထဲ..။ ပွဲရက်တွေအကြောင်းကို တစ်သသပြောဆိုမျှဝေရင်း နောက်ဆုံးရက်လေးကို ကုန်ဆုံးသွားမှ နှမြောသတနေလိုက်ကြတာ..။

အခုတော့ အဲဒီလို မြင်ကွင်းမျိုးတွေကို အဝေးကနေပဲ မျက်စိမှိတ် ပုံဖော်နေရတယ်လေ..။ ဘ၀ဆိုတဲ့ စေညွှန်ရာပြဌာန်းမှုမှာ ဌာနဆိုတာလဲ တစ်ခါတစ်လေ စိတ်ကူးနဲ့ ပေါင်းကူးယုံပဲ တတ်နိုင်တဲ့ နေရာတစ်ခုဖြစ်နေလေရဲ့..။ ဘာပဲပြောပြော.. ယမ်းနံ့လေး စွက်နေတဲ့ ဆောင်းနှင်းမြူလေးတွေကို ရှူရှိုက်စားသုံးရတဲ့ အဲဒီ တန်ဆောင်တိုင်ညတွေဟာ တစ်နှစ်တစ်ခါမကပါဘူး၊ ရင်ထဲမှာ ထာဝရ နှစ်နှစ်ကာကာ မြတ်နိုးနေမယ့် ရိုးရာတစ်ခုပါ..။ မီးပုံးပျံတွေ မီးစာကုန် ပြန်ကျသွားပေမယ့် ကျွန်တော့ဝင်သက်ထွက်သက်တိုင်းမှာတော့ ယမ်းနံ့တွေ စွတ်ဆိုထုံသင်းစဲပါ...။

(တန်ဆောင်တိုင်မီးပုံးပျံနှင့် ဝေးကွာနေရသော သူငယ်ချင်းများ မိတ်ဆွေများအားလုံးအတွက် အမှတ်တရ ရေးဖွဲ့တာပါ..။ စိုင်းမွန်း)

Sunday, October 23, 2011

ဖောက်ပြန်တဲ့ သီအိုရီ ...



အချစ်စစ်ရင် အခါးတွေ ချိုစေသတဲ့
ကိုယ်ကတော့ အတုစစ်စစ်ကို ဝယ်ခဲ့မိတယ် ။

သံယောဇဉ်က နှောင်ကြိုးတဲ့
ကိုယ်ကတော့ ပြန်လမ်းမဲ့ ကိုယ့်သမုဒယတွေနဲ့ နွမ်းလျစွာ ရှုပ်ထွေး ။

နားလည်မှုဟာ လိုအပ်ချက်တခုတဲ့
ကိုယ်ကတော့ ကြိုးစားရင်းပဲ အလွဲတွေကြား လှော်ရင်းနစ်ဆဲ ။

မျှော်လင့်ခြင်းက ရှင်သန်ခွင့်တဲ့
ကိုယ်ကတော့ အချိန်တိုင်းအတွက် တစိမ့်စိမ့် သေနေတဲ့သူ ။

မေတ္တာက အသွားအပြန်နဲ့တဲ့
ကိုယ်ကတော့ တလမ်းသွား လမ်းကြမ်းကြီးမှာ ဖော်ကွာဝေးလျှက် ။







ညီမလေး
၂၂.အောက်တိုဘာ.၂၀၁၁

Tuesday, October 18, 2011

အသံ

ဟိုး.. ငယ်ငယ်လေးကတည်းက ကျွန်တော်တို့ မိသားစုအတွက် မားမားရပ်ရင်း ဘဝထဲကို ကျွန်တော့်ကို တဖြည်းဖြည်းချင်း အဖေညွှန်ပြပို့ပေးခဲ့တယ်..။ လူသားပဲမို့ ပြီးပြည့်စုံအောင် မဖန်တီး မလုပ်ပေးနိုင်ပေမယ့် အဖေတစ်ယောက်ရဲ့ တာဝန်ကိုတော့ တစ်ပြားမှ အလျော့မခံခဲ့ဘူး..။ အဖေပုံဖော်တတ်တဲ့အတိုင်း ပုံဖော်ရင်း မေတ္တာရည်တွေကို သွန်းလောင်းပေးခဲ့တယ်..။ ဘဝဒဏ်ကြောင့် ချို့ငဲ့ခဲ့ရပေမယ့် လူများတွေအောက်မှာ နေနေရတယ်လို့ ကျွန်တော်တစ်ခါမှ မထင်ခဲ့မိဘူးအဖေ..။ လောကဒဏ်ကို အံတုရင်း အဖေ့ညတွေ ယစ်ရွှေရည်တွေနဲ့ ပေကျံတတ်ခဲ့တယ်..။ ဒါပေမယ့် ကျွန်တော့ရင်ထဲက သူရဲကောင်းအဖေဟာ တစ်ခါမှ တန်ဖိုးမကျသွားခဲ့ဘူးအဖေ..။ မှတ်မိသေးတယ်..။ ဟိုးငယ်ငယ် လေးငါးနှစ်သားတုန်းက အဖေရေချိုးပေးမှာကို ကျွန်တော် အင်မတန် ကြိုက်နှစ်သက်ခဲ့တာ..။ အဖေ့ လက်ဆွဲတော် ရေပန်းခယားကြီးနဲ့ ကျွန်တော့ခေါင်းပေါ်ကို လောင်းချပြီး အဖေ ရေပန်းကြီးတစ်ခုကို ဖန်တီးပေးခဲ့တယ်..။ ရေပုံးထဲက ရေပမာဏက သေးငယ်ပေမယ့် စီးဆင်းမျှောပါလာတဲ့ အဖေ့မေတ္တာတွေက တစ်သွင်သွင် မဆုံးတန်းပါပဲ...။

အဖေ စိတ်မကြည်တဲ့အခါမှာ အော်ငေါက်ဆူဆဲ တတ်ပေမယ့် အဖေ့ရင်သွေးတွေကို အဖေ ဘယ်လို ဖြည့်ဆည်းပေးရမယ်ဆိုတာကို အမြဲတွေးနေတတ်မှန်း အမှတ်မထင် အဖေလုပ်ပြတတ်တဲ့ အမူအကျင့်လေးတွေက ပြနေတယ်အဖေ..။ ငယ်တုန်းက အဖေကုန်းပိုးတာကို စီးရင်း မြို့လယ်လမ်းမကြီးမှာ သား အပျော်ဆုံးလူသား ဖြစ်ခဲ့တာကို အမှတ်ရတုန်းပါ...။ အမေပြောပြလို့ သိရတာလဲ ရှိသေးတယ်အဖေ..။ ကျွန်တော်လသားအရွယ်မှာ အမေ မန်းကို စာမေးပွဲသွားဖြေရတော့ အဖေ တိုက်တဲ့ နို့ဗူးလေးနဲ့ ကျွန်တော် လူလားမြောက်ခဲ့တာကိုပေါ့..။

ကလေးဘဝတုန်းက ကလေးပီပီ သူများကလေးတွေ ကိုင်တဲ့ စုပ်ခွက်ထည့်ပစ်ရတဲ့ ပလတ်စတစ် သေနတ်လေးကို လိုချင်လို့ပူဆာတော့ မွေးနေ့လက်ဆောင်အဖြစ် မရမက ဝယ်ပေးခဲ့တယ်..။ ကျွန်တော် အခု ကိုယ်ပိုင် ငွေကို ရှာတတ်လာတော့ အဲဒီတုန်းက ကျွန်တော်ပူဆာခဲ့တာ အဖေ့အတွက် ဘယ်လောက် ဖိအားများခဲ့မယ်ဆိုတာ ကျွန်တော် ကိုယ်ချင်းစာတတ်လာပြီအဖေ...။

ခြံထဲမှာ အဖေလုပ်ထားပေးဖူးတဲ့ ဝါးလုံးဒါန်းလေးကို အားပါးတရ စီးခဲ့ဖူးတဲ့အရသာကို အခုထိ ကျွန်တော်မမေ့နိုင်သေးဘူးအဖေ...။ ခြံထဲမှာ ရေတွင်းတူးတော့လဲ လာကူတဲ့သူတွေကို အဖေကိုယ်တိုင် ပဲကုလားဟင်း ချက်ကျွေးတော့.. အဖေ့လက်ရာကို သားဂုဏ်ယူရင်းနဲ့ အားပါးတရ စားခဲ့တယ်အဖေ..။ ခဏခဏ အဖေချက်ကျွေးဖူးပေမယ့် အဲဒီနေ့ကဟင်းက ကျွန်တော့အတွက် အချိုဆုံးပါ..။ ဘာလို့လဲဆိုရင် အဖေ့လက်ရာကို အားပါးတရ လူတွေ တောင်းဆိုပြီး စားနေကြတာကို ကျွန်တော်မြင်ရလို့..။ အဖေ့အတွက် ဂုဏ်ယူတဲ့စိတ်တွေနဲ့ ကျွန်တော့် နေ့လည်စာ သေးသေးလေးဟာ နတ်သုဓ္ဒာနဲ့ မလဲနိုင်အောင် ချိုလွန်းခဲ့တယ်အဖေ...။

ကျွန်တော် ကိုးတန်းရောက်တော့ ဘောလုံးကန်တာ အရမ်းဝါသနာ ထုံတယ်လေ..။ အဖေက ရန်ကုန်ကို အလုပ်ကိစ္စနဲ့သွားတော့ အဲဒီခေတ်က ခေတ်စားတဲ့ ကျွန်တော်တို့ အရပ်အခေါ် ချုပ်ဘောလုံးလေးကို အဖေ အမှတ်တရ ဝယ်လာပေးတယ်..။ ကျွန်တော် ထိန်းသိမ်းတာညံ့လို့ အဲဒီ ဘောလုံးလေး ပျောက်သွားခဲ့တယ်..။ တစ်ညလုံး မျက်ရည်ဝိုင်းပြီး ကျွန်တော် လိုက်ရှာပေမယ့် မတွေ့တော့ဘူး..။ အဖေဆူမှာထက် အဖေစိတ်မကောင်းဖြစ်မှာတွေးပြီး ကျွန်တော် ခြေမကိုင်မီလက်မကိုင်မီဖြစ်ခဲ့ရဖူးတယ် အဖေ..။

စတစ်ကာ တီရှပ်တွေ ခေတ်စားလာတော့လဲ အဲသလိုပဲ..။ ကျွန်တော်တို့ ညီအကိုတွေဝတ်ဖို့ဆိုပြီး အဖေ့ ချွေးနည်းစာလေးနဲ့ တခုတ်တယ ဝယ်လာပေးသေးတယ်..။ ကျွန်တော်မှတ်မိသေးတယ်..။ ကျားခေါင်းရုပ်ကြီးနဲ့ စတစ်ကာ တီရှပ် လက်ရှည်က ကျွန်တော်တို့ တောင်ကြီးမှာ လူတွေ မျက်လုံးကျစေတဲ့ အိကျီလေးဖြစ်ခဲ့တာ..။ လမ်းမှာ တစ်ယောက်က မနေနိုင်လို့ တီရှပ်ကို ဘယ်ဆိုင်မှာဝယ်တာလဲမေးတော့ ကျွန်တော် ရင်ကော့ပြီး ကျွန်တော့အဖေ ရန်ကုန်က ဝယ်လာပေးတာလို့ ကြွားခဲ့ရတာကို ပြန်တွေးမိတိုင်း ပြုံးမိတယ်အဖေ..။ အဲဒီပီတိလှိုင်းက ဒီအချိန်ထိ ရင်ကို ရိုက်ခတ်ပြုံးပျော်စေတုန်းပါ...။

အဖေနဲ့ အတူရှိနေစဉ်ကာလတွေမှာတော့ ခွန်းတုန့်ကြီးငယ်တွေနဲ့ အဖေ့ကို ပြန်ပြောရင်း နေ့ရက်တွေကို ခါးသက်သက် ကျော်ဖြတ်ခဲ့၇တယ်အဖေ..။ တစ်ယောက် မျက်ရည်ကို တစ်ယောက်မတွေ့စေပဲ ဟန်ဆောင်မှုတွေနဲ့ အဖေနဲ့ ကျွန်တော် စိတ်ကောက်ပွဲကြီးကို နွဲခဲ့သေးတာလဲ မှတ်မိသေးတယ်..။ တစ်လတိတိ ကျွန်တော် အဖေ့ကို စကားမပြောတော့ အမေ့ရဲ့ မှတ်ချက်ပြုတာတောင် ခံခဲ့ရသေးတယ်..။ ဒီကောင်က စိတ်တကယ်ဆိုးသွားရင် အဖေရင်းကိုတောင် စကားမပြောပဲ နေတဲ့ကောင်တဲ့..။

အဖေ့အကြောင်းတွေကို ပြန်ပြီး စာစီပြောပြနေမယ်ဆိုရင် ကျွန်တော်ရပ်တံ့နိုင်မယ်မထင်ဘူးအဖေရေ...။ တစ်ကယ်တန်း ပြန်တွေးလိုက်ရင် အဖေဝန်အားနဲ့ နိုင်တဲ့ အတိုင်းအတာအတွင်းမှာရှိတဲ့ လိုအပ်ချက်မှန်သမျှကို အဖေမရမက ဖြည့်ပေးခဲ့တာတွေကို ပြန်မြင်ရတယ်အဖေ..။ ဘယ်သူတွေ ဘာပဲပြောနေနေ ကျွန်တော် အဖေ့ကို ချစ်တာတော့ တစ်ပြားမှ မချနိုင်ဘူး..။ အဖေ့ကိုထိရင် ကျွန်တော် ဆတ်ဆတ်မခံနိုင်တော့ဘူးအဖေ..။ ကျွန်တော်တို့ရှေ့မှာ တင်းမာသလောက် နောက်ကွယ်မှာ အဖေဘယ်လောက်ထိ ပြိုလဲ နာကျင်ရတယ်ဆိုတာ ကျွန်တော် တိတ်တခိုး ဖမ်းမိခဲ့တာလေး အမှတ်တရရှိတယ်..။ အဲဒီအချိန်တုန်းက ကျွန်တော်က အဖေ့ကို ကျွန်တော့ကို တစ်ကယ်မချစ်ဘူးလို့ ထင်မှတ်နေတဲ့အချိန်ပေါ့..။ ကျွန်တော် ထူးထူးဆန်းဆန်း ဖျားပြီး အဖွားအိမ်မှာ အိပ်ရတဲ့အထိဖြစ်တုန်းကလေ..။ အဖေ ကျွန်တော့ကို ဆေးခန်းလိုက်ပို့တယ်..။ အဖွားအိမ်မှာ အိပ်တော့ ကျွန်တော့ကို သိပ်ပြီး အဖေ အောက်ဆင်းသွားတယ်..။ နာရီဝက်လောက်နေတော့ အဖေပြန်တက်လာတယ်..။ ဒါပေမယ့် အဖေ ငိုထားတယ်ဆိုတာကို ကျွန်တော်သိလိုက်တယ်..။ အဖေ့မျက်ဝန်းတွေ ညာလို့မရသလို အဖေ့အသံတွေက အဖျားခတ်တုန်ခါနေတယ်လေ..။ အဲဒီည ကျွန်တော် ခြင်ထောင်လေးထဲမှာ တိတ်တိတ်လေး လိုက်ငိုမိတယ်အဖေ..။

အဲလိုနဲ့ အဖေနဲ့ တည့်လိုက် မတည့်လိုက် လုံးချာလိုက်ရင်း ကျွန်တော် ရပ်ဝေးမြေခြားကို တစ်ကယ် ထွက်ခွာလာခဲ့ရတယ်..။ တတ်နိုင်သလောက် မိဘကျေးဇူးကို ဆပ်ဖို့ ဆုံးဖြတ်ရင်း ကျွန်တော့ မျက်စိတွေ ပွင့်လာတယ်လေ..။ မနေ့က တိုက်တိုက်ဆိုင်ဆိုင်အိမ်ကို ဖုန်းဆက်ဖြစ်တော့ အဖေနဲ့ စကားပြောရတယ်..။ အဖေ မျက်စိခွဲမှ ရတော့မယ်တဲ့..။ ကျွန်တော် ကြားကြားချင်း ဗလောင်ဆူသွားခဲ့တယ် အဖေ..။ သာမာန်ပါပဲလို့ ပြောတဲ့ အဖေ့လေသံက အားအင် ကုန်ခမ်းနေသလိုပဲ..။ ကျွန်တော့်အဖေ သိပ်ကို အိုမင်းသွားပြီလား..။ ဟင့်အင်း..။ အိုမင်းလို့ ထွက်လာတဲ့ အသံမျိုးမဟုတ်ပဲ အဖေ့ ရင်ထဲမှာ တုန်လှုပ်ခြောက်ချားနေတဲ့ အရိပ်လေးကို ကျွန်တော် ဖမ်းဆုပ်မိသွားောတ့ အင်မတန် ဝမ်းနည်းမိတယ်အဖေ..။ အဖေ .. ကျွန်တော်တို့အတွက် မားမားမတ်မတ် ရပ်တည်ပေးခဲ့ပေမယ့် အဖေ့ အလှည့်ကျတော့ အဖေလဲ မားမားမတ်မတ် ရပ်တည်ပေးမယ့်သူကို တမ်းတမိမှာပဲလေ..။ အဖေ့အသံကြားတော့ ကျွန်တော့်မျက်ရည်တွေ ဝေ့ဝဲတက်လာတယ်..။ ကျွန်တော် ပင်ပမ်းမှာစိုးလို့များ မြိုသိပ်ထားတာလား အဖေရယ်....။ ဆေးကုသဖို့ ကုန်ကျစားရိတ်လေး ပို့ပေးနိုင်ရင် ကောင်းတယ်တဲ့..။ စကားကို မယုတ်မလွန်လေး ထိန်းပြောသွားတဲ့အဖေ...။ လိုအပ်ချိန်တောင်မှ ကိုယ့်ကိုယ်ကို နောက်ပို့ထားသေးတယ်အဖေရယ်..။ တစ်မိနစ်တောင်မပြည့်တဲ့ အချိန်တိုလေးအတွင်းမှာ အဖေ့ရင်ထဲက ဆန္ဒတစ်ချို့ကို ကျွန်တော် မြင်တွေ့ခွင့်ရလိုက်တယ်အဖေ..။ စိတ်ချပါ.. အိုမင်းမစွမ်းဖြစ်သွားလဲ အဖေပေးခဲ့တဲ့ အားတွေက ကျွန်တော့ကိုယ်ထဲမှာ အပြည့်ပါ...။ အဖေပေးတဲ့ ခွန်အားတွေက အဖေ့ရှေ့မှာ မားမားရပ်ဖို့ အချိန်တန်ပြီဆိုတာ ပွက်ပွက်ဆူစီးဆင်းလှည့်ပတ်ရင်း ကျွန်တော့ကို လှုံ့ဆော်နေတယ်အဖေ..။ အဖေ့မျက်လုံးသေ သေချာ ပြန်မြင်ချိန်ကြရင် အဖေ့ရှေ့မှာ အဖေမွေးထုတ် သွန်သင်ပေးလိုက်တဲ့ သားကောင်းတစ်ယောက်ကို အဖေ မြင်စေရမယ်အဖေ.....။ ဒီစာလေးနဲ့ အဖေ့ရဲ့ ဂုဏ်ကျေးဇူးကို သား အောက်မေ့ ကန်တော့လိုက်ပါရစေ...။

(အဖေ့ကျေးဇူးကို အဖေရှိနေသေးတဲ့အချိန်မှာ ဖော်ထုတ် ပူဇော်ခွင့်ရတာကို ကျွန်တော် ဝမ်းသာကြည်နူးမိတယ်အဖေ..။ အဖေတစ်ယောက်သားတို့နဲ့တူတူ နှစ်ပေါင်းများစွာ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ..။ အဖေချစ်တဲ့ သားဆိုးလေး )

Wednesday, August 17, 2011

အိပ်ယာဝင်အတွေး

ကိုယ်ကပဲ ခေတ်နောက်ကျတာလား.. ခေတ်ကပဲ မှီလွန်းနေတာလား.. ခေတ်ပဲ ပျက်သွားတာလား....

လားပေါင်းများစွာတွေနဲ့ ဒီနေ့ အိပ်တာ နောက်ကျရပြန်ပြီ....

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘုန်းကြီးကျောင်းသွားတော့ ဆရာတော် ဦးဝါယာမိန္ဓက မေတ္တာ အခါတော်နေ့ ဖြစ်တာနဲ့ အညီ မေတ္တာတရားရဲ့ စွမ်းပကားနဲ့ အားအင်တွေကို ညွှန်ပြသွန်သင်တော်မူသွားတယ်....

တရားနာပြီးမှ ချို့တဲ့လွန်းတဲ့ ကိုယ့်ရဲ့ မေတ္တာ ထားနိုင်မှုစွမ်းရည်တွေကို သိလိုက်ရတယ်....

ကိုယ် စလုံးရောက်လာစက ပြောင်းလဲသွားတဲ့ လူနေမှုကြား အလိုက်သင့်မျှောပါသွားဖို့ တော်တော်လေး ရုန်းကန်ခဲ့ရတယ်....

အားလုံးကို အသားကျသွားတဲ့အခါ မတူညီတဲ့ အမြင်နဲ့ တန်ဖိုးတွေကို နှိုင်းယှဉ်ကြည့်တတ်လာတယ်...

အထူးသဖြင့်တော့ လူတွေ ကိုယ့်ကိုယ်ကို သတ်မှတ်တဲ့ တန်ဖိုးပေါ့....

ဒီဘက်ခေတ်မှာ လူတွေက အချစ်စစ်ဆိုတာကြီးကို အာကွဲမတတ်အော်ဟစ်နေပြီးတော့ လက်တွေ့မှာ ချစ်ခြင်းမေတ္တာရဲ့ တန်ဖိုးတွေကို မီးရှို့ဖျက်စီးနေကြသလိုပဲ.....

ရည်းစား စင်ပြိုင်ထားတဲ့လူနဲ့...၊ သူများရည်းစား သွားလုတဲ့သူနဲ့...၊ အိမ်ထောင်ရှိတာ သိသိနဲ့ ဇာတ်ရှုပ်ကြတဲ့သူနဲ့...၊ အဲလိုမျိုး လူမှုရေး ဖောက်ပြန်တာကို သဘာဝလိုလို ဘာလိုလို အားပေးအားမြောက်ပြုတဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေနဲ့...၊ စုံစီနဖာ ပြည့်နက်နေတာကို အံ့သြမှင်တက်မိလောက်အောင်ကို တွေ့နေရတယ်.....

ကိုယ်လဲ လူပေါင်းစုံနဲ့ ပေါင်းဖူးပါတယ်.. အမှားပေါင်းစုံလဲ လုပ်ဖူးပါတယ်... ဒါပေမယ့် ကိုယ်မှားရင် မှန်ပါတယ်လို့ ဇွတ်အတင်း ငြင်းဆန် ကာကွယ်တာမျိုး လုံးဝ မလုပ်ဖူးတာတော့ သေချာတယ်...။

အဲ့သလိုပဲ ကိုယ်နဲ့ ရင်းနှီးသူတွေအပေါ်လဲ တတ်နိုင်သလောက် ကာကွယ်ချင်တဲ့ စိတ်လေး ဖြစ်မိတာပေါ့...

ဒါပေမယ့် ဆရာတော် ဟောတဲ့ တရားလိုပဲ ကိုယ်တိုင်က မေတ္တာကို သေချာ မပွားများနိုင်တော့ အကျိုးသက်ရောက်မှု နည်းခဲ့တယ်လေ...

ဂရုဏာဒေါသောနဲ့ ဆိုဆုံးမမိသမျှဟာ နောက်ဆုံး ကိုယ့်ဘက်ကို မြားဦးလှည့်လာစေတဲ့ ဖြစ်ရပ်တွေဆီ သယ်ဆောင်သွားခဲ့တယ်....။

သဘောထားကြီးချင်ပေမယ့် စိတ်ရှုပ်မခံနိုင်တော့တာကြောင့် မြင်နေလျက်နဲ့ သူတို့တွေကို ကိုယ် ကျောခိုင်းပစ်တယ်....

ကိုယ်အော်နေတဲ့ မေတ္တာဆိုတာကို ကိုယ်လဲ သေချာ ပုံမဖော်နိုင်ခဲ့ဘူးလေ....။

ဒါပေမယ့် အခုချိန်ထိ အံ့သြစွာတွေ့နေရတာတော့ ကိုယ်နဲ့ ရင်းနှီးနေတဲ့ အသိုင်းအဝိုင်းကြားမှာ သမီးရည်းစား ဖြစ်ကြ ကွဲကြတယ်ဆိုတာ အင်မတန်ကို လွယ်လွန်းလာတာ မြင်မြင်နေရတယ်....

နောက်ဆုံး ကုန်ကုန်ပြောမယ်... ကိုယ်နဲ့ လာပြီး ပရောပရီလုပ်နေတဲ့သူဟာ သစ္စာဆိုတာကို နားမလည်တတ်သူမှန်းသိနေရက်နဲ့ သူ့ပါးစပ်က ထွက်တဲ့ သစ္စာတရားသင်ပုန်းကြီးဖတ်စာမှာ ပျော်ပျော်ကြီး နားဝင် လှည့်စားခံပစ်ကြတာပါပဲ...။

ကိုယ်တွေ့ဖြစ်ရပ်တွေ ကြုံလာမှ ကိုရီးယားကားထဲက ပူလောင်ပြင်းပြတဲ့ ရ့မ္မက်ခိုးဝေ ခဏတာ လျှပ်တပြက်အချစ်မီးတောက်မျိုးတွေမှာ ပိုပြီး ပျော်မွေ့တတ်တာကို မယုံနိုင်လွန်းစွာ လက်ခံလိုက်ရတယ်...။

ကိုယ် တားဆီး ဆုံးမတဲ့ စကားတွေက အဖတ်မတင်.... ကိုယ်ပဲ လူပေါလူမိုက်ဖြစ်ကျန်ခဲ့တာကို ဝမ်းနည်းပက်လက် ကြုံလာတော့မှ သစ္စာ၊ မေတ္တာ၊ ကိုယ်ချင်းစာနှာမှုတွေ တော်တော်လေး ခေါင်းပါးနေပြီဆိုတာ သိလိုက်ရတယ်....။

နောက်ဆိုရင် ငရဲပြည်မှာ ရှိနေတဲ့ ယမမင်းနဲ့ ငရဲသားတွေ သူတို့ရဲ့ သမီး၊ှဇနီး၊ စတာတွေကို တစ်ကျွန်းမှာသတ်သတ် ခွဲထားရတော့မလိုတောင် ဖြစ်နေပြီ....။

ယောက်ျားတွေပဲ လုပ်တတ်တာလား..။ ဟင့်အင်း.. မိန်းကလေးတွေမှာလဲ စဉ်းစားဆင်ခြင်နိုင်မှု နည်းလွန်းတာကို တွေ့လာရတယ်..၊ (စကားချပ်၊ ယောက်ျားတိုင်း မိန်းကလေးတိုင်းကို ဆိုလိုခြင်းမဟုတ်..)။ ဒီလူတစ်ယောက် သစ္စာမရှိ ထင်တိုင်းကျဲနေတာကို သိရက်နဲ့ ကိုယ့်ဆီမှာတော့ မလုပ်လောက်ပါဘူးဆိုပြီး မျက်စိမှိတ် သူရဲကောင်းလုပ်ကြ... ကွဲကြ... ပြဲကြနဲ့....

ကိုယ့်တန်ဖိုးကို ကိုယ်တိုင် ဆွဲဆွဲချနေကြတယ်.....။

အွန်လိုင်းတွေ ထင်တိုင်းသုံးလို့ရတဲ့ စလုံးလို နိုင်ငံရပ်ခြားတွေ ထားဦး... အနိုင်နိုင် အွန်လိုင်း လုတက်နေရတဲ့ အမိမြေက မျိုးဆက်တွေပါမကျန် အွန်လိုင်းမှာ တော်သလင်းရာသီကို ဆယ့်နှစ်လ အပြည့်ယူထားကြတာကို တွေ့နေရတယ်...။

သူများတွေကိုပါမက ကိုယ့်အသိ၊ ကိုယ့်ပတ်ဝန်းကျင်ကလူ၊ နောက်ဆုံး ကိုယ် သံယောဇဉ်ရှိတဲ့သူတွေပါ ဒီလို ဇာတ်လမ်းမျိုးတွေထဲမှာ တစ်ချို့ မျှောနေကြတာ တွေ့တော့ အင်မတန်မှ စိတ်ထိခိုက် အံ့သြယုံကလွဲလို့ ကိုယ်ဘာမှ မတတ်နိုင်ခဲ့ဘူး...။

ကိုယ့်မှာ ကိုယ်ပိုင်တဲ့ ခန္ဒာကိုယ်ဟာ လုံးဝကို တန်ဖိုးမရှိတော့တာလား....။ အချစ်ဟာ လိင်ဆက်ဆံမှုတစ်ခုသာသာလို့သာ တွက်ချက်ကြတော့မှာလား...။ လိင်ဆက်ဆံမှုဟာ သာမာန် ထမင်းစားရေသောက် အလုပ်လို လုပ်နိုင်နေကြပြီလား....။

သူတစ်ပါး စိတ်ဆင်းရဲမှာကို မကြည့်တော့ပဲ ကိုယ်မှန်တယ်ထင်ရင်၊ ကိုယ်ပျော်မယ်ထင်ရင် လုပ်ထည့်လိုက်ကြတာကို တွေ့နေရတော့ တော်တော်လေးကို ရင်မောမိတယ်...။

တစ်ချို့ ခင်ခဲ့ဖူး သံယောဇဉ်ကြီးခဲ့ဖူးသူတွေ အခုလို ဂယက်ထဲ လွယ်လွယ် မျှောပါနေတာတွေ့တော့ တော်တော်လေး ယူကြုံးမရဖြစ်မိတယ်...။ သူတို့လေးတွေ ဖြူစင်တဲ့ဘဝကို ဘာလို့ တန်ဖိုးမထားကြတော့တာလဲ....။

ကိုယ်တိုင်ကပဲ သိပ်ကို အတွေးခေါ်တွေ နောက်ကျ ရိုးရှင်းနေတာလား... ခေတ်ကာလကပဲ ကဲသည်းဖောက်ပြန်နေပြီလား....။

မတင်မကျ အတွေးတွေနဲ့ ဒီည အိပ်ပျော်အောင် အိပ်ရဦးမယ်...

Wednesday, July 6, 2011

ဘယ်သူတွေမှာ တာဝန်ပိုရှိလဲ

ဒီနေ့ မျက်နှာစာအုပ်ပေါ် ဟိုလှန်ဒီလှန်လုပ်တော့ ပို့စ်တွေ သူရေးတာရော မရေးတာပါ ပွစိထနေအောင် တင်တတ်လွန်းတဲ့ ကိုဘွိုင်းဇ်ရဲ့ မျှဝေမှုတွေက ကိုယ့်နံရံပေါ်မှာ ဟစ်ပီတွေ ဆေးလာမှုတ်သွားသလို ပွစာကြဲနေတာ တွေ့လိုက်ရတယ်...

လောလောဆယ် အသားပေးတင်နေတာကတော့ သူ့ အိုက်ပက်တူးကို ထောင်ဖောက်တဲ့ လမ်းစဉ်....

အဲဒီကြားမှာမှ သားသမီးမကောင်း မိဘခေါင်းဆိုပြီး ပို့စ်တစ်ခုကို သူက ရှယ်ထားတယ်.....

ဖတ်ကြည့်လိုက်တော့ ပြည်သူ့ခေတ်ဂျာနယ် ၃၀ ဇွန် ၂၀၁၁ မှာ ဖော်ပြခဲ့တယ် ဆိုတဲ့ မထားရဲ့ ဆောင်းပါးလေးတစ်ပုဒ်အကြောင်းပါ...

သူ့ခွေးကလေး ဝလုံးကို ပြောနေတဲ့ပုံနဲ့ ရေးထားတဲ့ စာလေးပေါ့.. နိုင်ငံခြားရောက် မြန်မာပြည်သားတွေရဲ့ မျိုးဆက်သစ်နဲ့ ယဉ်ကျေးမှုအကြောင်း....

စာထဲမှာကတော့ မိဘတွေ အပြစ်လို့ ပြန်လည်သုံးသပ် ပြသွားတာကို မြင်လိုက်ရတယ်...

စိတ်မကောင်းပေမယ့် မှန်တယ်လို့လဲ ကိုယ်ယူဆတယ်လေ...။ မွေးလာတဲ့ ရင်သွေးကို အနီးကပ် ပုံစံပေးနိုင်တာ မိဘပဲရှိတာကိုး...

ယဉ်ကျေးမှုကို ဘာနဲ့တိုင်းတာမလဲ...။ မြန်မာပြည်မှာ လက်ခံကျင့်သုံးတဲ့ မိရိုးဖလာ ယဉ်ကျေးမှုကို လက်ခံတယ်ဆိုရင်တော့ ကိုယ်တိုင်လဲ လိုက်နာ ကျင့်သုံးပါ... ကိုယ့်သားသမီးကိုလဲ သွန်သင်ပေးပါ....

ကလေးတွေ ရိုင်းတယ်လို့ပြောတာဟာ ကိုယ်တွေ လက်ခံတဲ့ ကျင့်ထုံးနဲ့ မညီလို့လား.... ဒါမှမဟုတ် ကမ္ဘာ့စံနှုန်း သတ်မှတ်ချက်မျိုး နဲ့ ရိုင်းတာလား....

ခေတ်ကာလနဲ့ ယဉ်ကျေးမှုပုံစံ ကွာဟမှုကြားမှာ လူနေမှုအဆင့်ကို မြင့်တင်ချင်ရင်တော့ ရလာမယ့် ဘေးထွက်အကျိုးတွေကိုတော့ ကြိုတင် ပြင်ဆင်လက်ခံဖို့ လိုအပ်တယ်လို့ ထင်မိတယ်...

ကလေးတစ်ယောက်ကို ရဲရဲရင့်ရင့် ကြီးသူကို ရိုသေရတယ်လို့ ဆုံးမနိုင်ဖို့ ကိုယ်တွေရော နိုင်ငံခြားမှာ ဟိုး မြန်မာပြည်ကလို ဂါရဝတရားတွေ လူတိုင်းအပေါ် ထားနိုင်ရဲ့လား...။

မိဘကို ရိုသေစေချင်ရင် ကိုယ်ကကော ကလေးတွေရှေ့မှာ သူတို့ အဘိုးအဘွား၊ ကိုယ့်မိဘကို ရိုသေပြရဲ့လား...

ကလေးတွေကို ဘာသာတရားနဲ့ ပတ်သက်ပြီးဆုံးမပါရဲ့... ကိုယ်တိုင်ကကော ကျောင်းကို နှပ်မှန်အောင် သွားဖူးရဲ့လား....

ပြန်မေးသင့်စရာ မေးခွန်းတွေပါ.... ကိုယ့်ကိုယ်ကို သေချာ ပြင်ဆင်ထားခြင်းမရှိပဲနဲ့ ကိုယ့်ကလေးကို ကြည့်ပြီး ငါ့ကို အဲလိုပြောရက် လုပ်ရက်လိုက်တာလို့ စိတ်ဆင်းရဲ ဝမ်းနည်းမယ်ဆိုရင် ကိုယ်ဟာ ကလေးတွေကို ကျိန်စာတိုက်နေတဲ့ အတ္တဘောကြီး ဖြစ်နေပြီ...

ကလေးတွေကို ဘာမှန်းမသိပဲ ကံကြီးထိုက်အောင် လုပ်နေသလိုပါပဲ....

လက်ဦးဆရာမည်ထိုက်စွာ ဗုဗ္ဗာ စရိယ မိနှင့်ဘလို့တော့ ကြားဖူးတာပဲ...

ကလေးသူငယ်တွေရဲ့ ဘဝရှေ့လျှောက်မယ့်လမ်းမှာ သူတို့တွေကို ခံယူသင့်တဲ့ စိတ်မျိုး ထည့်ပေးလိုက်နိုင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်... မိုးလွန်မှ ထွန်ချမယ်ဆိုရင်တော့ဖြင့် ခယောင်းလမ်းမှာ မျက်ရည့်နဲ့သာ ထွန်ပေတော့လို့ပဲ ပြောရမလိုပါ...

တစ်ကယ်တန်းဆိုတာ ကိုယ်ယုံကြည်တာကို ထိန်းသိမ်းဖို့ဆိုတာ ကိုယ်ကနေစမှ ရမှာပါ... ကိုယ့်တိုင်ကျတော့ မလုပ်ပဲ သူများကို အတင်းလုပ်ခိုင်းတယ်ဆိုတာ ဘာသဘောလဲ မေးရမလိုပါ...

နိုင်ငံခြားရောက်လာတဲ့ ကလေးသူငယ်တွေမှာဆိုရင် အသိပို ပွင့်လင်းလာတဲ့အတွက် ဟိုးအရင်အတိတ်တွေလို မိဘပြောတိုင်း ခေါင်းညိတ်လက်ခံတော့မှာ မဟုတ်ဘူးဆိုတာ သတိချပ်သင့်ပါတယ်လေ...

အိမ်မှာတော့ အမေပြောတိုင်း အဖေပြောတိုင်း ဘာပဲဖြစ်ဖြစ် ခေါင်းညိတ်တဲ့ သားသမီးတွေ ရှိပေမယ့် နိုင်ငံခြားမှာ အသိအမြင်ကျယ်လာတဲ့ သူတွေအဖို့ကတော့ မလွယ်တော့ဘူး ထင်တာပါပဲ။

လက်တွေ့ကို ကြည့်တတ်လာပြီလေ....။ အဖေ့လို မမိုက်ကြနဲ့ သွားပြော... အဖေတောင် မိုက်ရဲ့သားနဲ့ ဒီလောက်အသက်ကြီးတဲ့အထိ ပြင်မှမပြင်တာ... သားတို့က ပြင်ဖို့ ငယ်သေးတယ် ပြန်ပြောလာရင် ကွဲပြီ....

ဆုံးမမှု လမ်းမလွဲဖို့ လိုတာပါ....

ကလေးတွေကို မိသားစု စိတ်ဓာတ်မွေး၊ မောင်နှမ သားရင်း အချင်းချင်း ချစ်ရမယ်ပြော.. ကိုယ်တိုင်ကျတော လင်မယား အော်ကြီးဟစ်ကျယ်ရန်ဖြစ်... မောင်နှမချင်းချင်း အတင်းပြော... ဘယ်လိုလုပ် ဆုံးမနိုင်မှာလဲ....

ခပ်လွယ်လွယ်နှိုင်းပြရရင် ကိုယ့်အရိပ်ကို ခိုစေချင်တယ်ဆိုရင် ကိုယ်က အရိပ်ကောင်းကောင်း ပေးနိုင်ရမယ်လေ...

သစ်ခြောက်ပင်အောက်တော့ ဘယ်သူမှ နေ့ခင်းကြောင်တောင် ဝင်မနားချင်ကြဘူးမလား....

ကိုယ်တွေလဲ တစ်နေ့ ကိုယ်တွေ လောကထဲကို ဆွဲသွင်းဖြစ်မယ့် မျိုးဆက် လောင်းလျာတွေအတွက် မိဘကောင်းဖြစ်ဖို့ အခုကတည်းက ရိက္ခာဖြည့် ပြင်ဆင်ရဦးမယ်....

မိသားစု ရိပ်မြုံဆိုတဲ့ ဝေါဟာရလေး လက်တွေ့လောက ကနေ ပျောက်မသွားပါစေနဲ့လို့ ဆုမွန်ပြုရင်း ဆင့်ကမ်းအတွေးပွားတာကို ရပ်လိုက်ဦးမယ်ဗျာ....

Sunday, July 3, 2011

အင်တာနက် သင်ခန်းစာ

စာရေးမယ်လုပ်ပြီးမှ နာရီကို အမှတ်မထင်ကြည့်မိတယ်…

တနင်္ဂနွေမနက် နှစ်နာရီ ဆယ့်ခြောက်မိနစ်တဲ့… ညနက်တယ်ပဲ ပြောရမလား မနက်စောစောလို့ ပြောရမလား…. လွန်ခဲ့တဲ့ ဆယ့်ငါးမိနစ်လောက်က ကြည့်ပြီးသွားတဲ့ ရုပ်ရှင်ကားလေးတစ်ကားကို ပြန်ဈာန်ဝင်စားနေတာနဲ့ အချိန်ကို သတိမထားမိလိုက်ဘူး… စနေတိုင်း ညနက်ဖြစ်တယ် ဆိုပေမယ့် ဒီနေ့ညကတော့ လိုချင်တာတစ်ခုကို ရလိုက်တဲ့ညလို့ဆိုရင် မမှားပါဘူး…

သူများတွေ ရုပ်ရှင်ကို ဘယ်လိုခံစားလဲမသိပေမယ့် ကိုယ်ကတော့ ရုပ်ရှင်ကို ကိုယ်တိုင်အဖြစ်လို စီးမျှောခံစားလေ့ရှိတယ်… ဒီနေ့ည ကြည့်ဖြစ်လိုက်တဲ့ Trust ဆိုတဲ့ ကားလေးကတော့ တစ်နှစ်တာလုံးအတွက် အကောင်းဆုံး ဇာတ်ကားအဖြစ် သတ်မှတ်ထိုက်လောက်အောင်ကို ရိုးရှင်းပြောင်မြောက်တဲ့ မိသားစု သင်ခန်းစာပေးတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်နေတယ်…။ အစက ဒီလောက် ကောင်းမယ်မထင်ပေမယ့် ဇာတ်လမ်းစပုံက မက်ဆေ့ခ်ျစာသားလေးတွေနဲ့မို့ အင်တာနက်ခေတ်ကို မီးမောင်းထိုးပြမယ့်ကားလို့ ထင်မိသား…။ ဒီလောက် ရိုးရိုးရှင်းရှင်းနဲ့ အဘက်ဘက်ကို မီးမောင်းထိုးပြသွားမယ်လို့တော့ မထင်ထားမိတာ အမှန်…။ ဒါပေမယ့် ဒီစာကို ထရေးရလောက်အောင်ကို ဆွဲခေါ်သွားပုံများ…..

မိသားစုတစ်ခုရဲ့ ပျော်ရွှင်ငြိမ်းချမ်းတဲ့ ချစ်ခြင်းမေတ္တာကနေ ပူလောင်သောကတွေဆီ သက်ဆင်းသွားရတဲ့ ကံကြမ္မာ အလှည့်အပြောင်းတွေ… ခေတ်တစ်ခုရဲ့ မတူညီတဲ့ အတွေးအခေါ် အမြင်တွေနဲ့ လက်တွေ့ ခံစားဖြစ်ပျက်သွားတဲ့ လောက လှည့်စားမှုတွေ… ကွက်ကွက်ကွင်းကွင်းပါပဲ…။

အဓိက မီးမောင်းထိုးပြသွားတာကတော့ နည်းပညာ တိုးတက်လာတာနဲ့အမျှ လူလိမ်လူကောက်တွေရဲ့ နည်းနာနိသျှတွေ ပိုမို အကွက်စိတ်လာပုံပါ…။ အတ္တ၊ အယုံလွယ်မှု၊ ကိုယ့်ကိုယ်ကို အထင်ကြီးမှု၊ နဝေတိမ်တောင် ဖြစ်မှုတွေကြားမှာ လူလိမ်တွေ ခြေဘယ်လို ရှုပ်သွားနိုင်တယ်ဆိုတာ ပြသွားတာပါပဲ…။ လက်တွေ့မှာ ကိုယ်ကြုံနေရတဲ့ အဖြစ်တွေ၊ မြင်နေရတဲ့ ပြဿနာတွေကလဲ ထပ်တူပါပဲ…။ စကားလေးချိုယုံနဲ့ ကိုယ်ကို ပုံအပ်လိုက်တဲ့ မိန်းကလေးတွေရဲ့ သနားစရာအဖြစ်….

ပြောမယုံကြုံမှသိလို့ ပစ်ထားမှာလား…။ ကြုံလိုက်ရတဲ့အချိန်က ဘဝတစ်ခုလုံးကို ပေးလိုက်ရပြီလေ…။ ဒါပေမယ့် ကျွဲပါးစောင်းတီးသလိုမျိုး အမှားကို အမှန်ဇွတ်ထင်တတ်တဲ့ တစ်ဇွတ်ထိုးဥာဉ်ကလဲ ထိန်းသိမ်းလို့ ခက်တဲ့အရာတစ်ခု..။ လောကရဲ့ ထေ့လုံးတစ်ခုမှာ အသည်းမပါသူတွေ ကောင်းစားတတ်လွန်းတယ်….။

အချစ်ဆိုတဲ့ အင်မတန် နူးညံ့နက်နဲတဲ့အရာကို အချိန်တိုတိုနဲ့ လွယ်လွယ်သိပြီထင်တတ်တာ… အချစ်တုရဲ့ သကာက ပိုချိုတော့ သကာကုန်ချိန်ကျ မျက်ရည်နဲ့ မျက်ခွက်ပေါ့…။

ဇာတ်လမ်းလေးက ရှင်းရှင်းလေးပါ… မိသားစု ငါးယောက်ရှိတယ်… သားတစ်ယောက် သမီးနှစ်ယောက်.. သမီးအလတ်က ဆယ့်သုံးနှစ်ကျော် ဆယ့်လေးနှစ်ထဲမှာ…။ အင်တာနက်ကနေ လူတစ်ယောက်နဲ့ ခင်တယ်…။ အခက်အခဲတွေကို သူက ကူပြီး လမ်းပြပေးတယ်….။ အထင်ကြီးသွားတယ်…။ သာမာန်ချက်အဆင့်ကနေ ပိုရင်းနှီးလာတယ်..။ နောက်တော့ လိင်ချက်တင်တွေ ဝင်ဖြစ်တယ်..။ နောက်ထပ် အဆင့်တက်တော့ အပြင်မှာတွေ့တယ်…။ ထင်သလို အသက်အစိတ်အရွယ်ကောင်လေးမဟုတ်ပဲ အသက်ခပ်ကြီးကြီး ယောကျာ်းတစ်ဦးဖြစ်နေပေမယ့် လိင်ချက်တင်ရဲ့ နှိုးဆော်မှုကိုလဲ မလွန်ဆန်နိုင်၊ ကိုယ်တိုင်ကိုယ်ကျ ထပ်ပြီး လှိမ့်တဲ့ ယောက်ျားရဲ့ မြူဆွယ်မှုကိုလဲ မတော်လှန်နိုင်၊ နောက်ဆုံး အသက်ဆယ့်လေးနှစ်အရွယ်နဲ့ ကိုယ့်ကိုယ်ကို ထိုးကျွေးလိုက်တယ်..။ စားလဲပြီးရော သကောင့်သားက ပျောက်သွားရော…။ အတူတွဲထွက်သွားတာမြင်လိုက်တဲ့ ကောင်မလေးရဲ့ အချစ်ဆုံးသူငယ်ချင်းက သတင်းပို့တော့ ရဲတွေသိသွားရော…။ အဲဒီကနေတစ်ဆင့် မိဘတွေသိသွားတယ်…။ သမီးကို ကာကွယ်ဖို့ကြိုးစားတယ်..။ သမီးဖြစ်သူက မွှန်နေပြီ…။ အဖေဖြစ်သူက အကိုင်အတွယ်ကြမ်းသွားတယ် ဆိုးရိမ်စိတ်တွေနဲ့…။ နောက်ဆုံး သကောင့်သားက သူ့အပြင် နောက်ထပ် ကလေးတွေကို ထပ်ပြီး လိင်မှုဆိုင်ရာ စော်ကားကျူးလွန်ကြောင်း ဒီအန်အေ အထောက်အထားရမှ ကောင်မလေး နောင်တရတယ်…။ ဒါပေမယ့် အချိန်နှောင်းပြီလေ..။ အင်တာနက်မှာ သူ့ပုံကိုယ် သူတွေ့တော့ ကောင်မလေး အဆုံးစီရင်ဖို့ ကြိုးစားတယ်..။ သူ့မိဘ အချိန်မှီ ကယ်တင်လိုက်နိုင်တယ်..။ နောက်ဆုံး အဖေဖြစ်သူလဲ နောင်တရ၊ သမီးလဲနောင်တရ… ဟိုလူကတော့ ပျော်နေစဲ…။ ဇာတ်လမ်းလေးက ဒါပါပဲ…။

ရိုးရှင်းလွန်းပါတယ်..။ ဒါပေမယ့် ဇာတ်ကားထဲက ပြောသွားတဲ့ စကားလုံးတွေတိုင်း အခြေအတင် စကားတွေတိုင်းက အသိတွေကို တစ်ခုပြီးတစ်ခု ထည့်ထည့်ပေးသွားတယ်…။

တိုးတက်လာတဲ့ နည်းပညာကို အသုံးချတာ လွဲကုန်တော့ ဒီလိုပါပဲ…။ မရိုးနိုင်အောင် ကြားနေရတဲ့ အင်တာနက် မှုခင်းတွေပေါ့…။ ဒီဇာတ်ကားလေးကတော့ အင်တာနက်မှာ ကြင်ဖက်ရှာတဲ့ မောင်ငယ် ညီမငယ်တွေအတွက် သင်ခန်းစာပေးနိုင်ပါတယ်… ယူတတ်ရင်ပေါ့လေ…။ အချိန်မနှောင်းခင် သတိဝင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း Trust ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်ဖြစ်အောင်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ…။

Tuesday, May 31, 2011

ကိုယ့်ရဲ့ချစ်ခြင်း...


ကိုယ့်ရဲ့ချစ်ခြင်း...
သိုဝှက်ခြင်းတွေ ရှိချင်ရှိမယ်
စကားလုံးတွေနဲ့တော့ အပေါ်ယံရှုပ်ပြေး ရေပေါ်အရုပ်မရေးလိုပါ ။

ကိုယ့်ရဲ့ချစ်ခြင်း...
မျှော်လင့်ခြင်းတွေ ရောယှက်ချင်ရောယှက်နေမယ်
ချည်ထုံးတွေပတ်ရစ် ရုန်းခက်အောင်တော့ဖြင့် မနှောင်ဖွဲ့လိုပါ ။

ကိုယ့်ရဲ့ချစ်ခြင်း...
အထီးကျန်ခြင်းတွေ ပြည့်နှက်ရင် ပြည့်နှက်နေမယ်
သူချစ်၊ကိုယ်ချစ် ကံစေရာဘဝကိုဖြင့် အပြစ်ရယ်တော့မတင်လိုပါ ။

ကိုယ့်ရဲ့ချစ်ခြင်း...
စွန့်လွတ်ရခြင်းတချို့ ရှိကောင်းရှိမယ်
ပေးဆပ်သူ၊ရယူသူ ဘက်တူမတူလည်း မတွက်ချက်လိုပါ ။

ကိုယ့်ရဲ့ ချစ်ခြင်း...
နာကျင်ခြင်းနောက်ဆုံး ရှိခဲ့ရင်တောင်
“ချစ်ခြင်းရဲ့အရှုံး” “အမုန်း” တို့ဖြင့် အစားမထိုးလိုပါ ။




ညီမလေး
၃၁.မေ.၂၀၁၁

Sunday, May 15, 2011

သံစဉ်အကျိုး...

လက်တွေက ဂစ်တာပေါ်မှာ မရပ်မနား ပြေးဆော့နေသော်လည်း ဘာသံစဉ်မှ မယ်မယ်ရရ မထွက်လာ….။ အုံ့မှိုင်းနေသော စိတ်အစဉ်ကို ပြန်လည် စုစည်းဖို့ ခေါင်းကို အကြိမ်ကြိမ်ခါနေတာလဲ ဇက်တွေက နာလာခဲ့ပြီ….။ မျက်လုံးအမြင်တွေ ခဏခဏ ဝေဝါးသွားနေတာကို အလိုမကျစွာ လက်ခံနေရသည်…။ သက်ပြင်းမောကို မှုတ်ထုတ်လိုက်ရင်း အချည်းနှီးဖြစ်နေသော ကြိုးစားမှုကို အဆုံးသတ်ဖို့ စဉ်းစားမိစဉ် သံစဉ်တစ်ပိုင်းတစ်စ ခေါင်းထဲရောက်လာတော့ အမိအရ ဖမ်းဆုပ်ဖို့ ဂစ်တာကို မချဖြစ်ခဲ့…။

“ဒေါက်… ဒေါက်.. ဒေါက်….”

ဘာကြောင့် တံခါးကို ခေါက်ရင် သုံးချက်ထက်မပိုကြတာလဲ…။ အလိုမကျစွာတွေးရင်း မချဖြစ်သေးတဲ့ ဂစ်တာကို အောင်မြင်စွာ ချမိသည်။ တံခါးကို ဖွင့်လိုက်တော့ သူမမှတ်မိလောက်တော့အောင် အိုစာသွားသော အဖေ….။ ရီဝေသော မျက်လုံးတွေက အဖေပျော်မနေတာကို သိသိသာသာ ဖော်ပြနေသည်။ စကား တစ်ခွန်းတစ်လေမှ မပြောဖြစ်ပဲ တစ်ယောက်ကိုတစ်ယောက် မမြင်ဖူးသလို ငေးမိနေကြသည်။ နောက်မှ သတိဝင်လာသလို အဖေက သူ့လက်ထဲ တစ်ခုခုကို ထိုးထဲ့ပေးရင်း ကျောခိုင်းသွားခဲ့သည်…။ ဘာလဲမကြည့်မိ..။ သံပါတ်ပေးထားသလို တံခါးကို ပြန်ပိတ်ရင်း သူ ကုတင်ပေါ် ထိုင်လိုက်သည်။

လက်ထဲက အဖေထည့်သွားပေးတာ ဘာမှန်း ရေရရာရာ မကြည့်ဖြစ်…။ သံစဉ်အကျိုးအပဲ့ကို ပြန်ဖမ်းဖို့သာ စိတ်စောနေမိသည်။ ဂစ်တာကို ပြန်ကောက်ကိုင်ရင်း တီးခတ်နေတုန်း ထောက်ဆို ဂစ်တာက ကြိုးပြတ်သွားခဲ့သည်။

“ဟူး….”

သက်ပြင်းမောကို ချလိုက်ရင်း ဂစ်တာကို အနားပေးလိုက်တော့သည်။ ခေါင်းရင်းမှာ ချထားသော ညပေါင်းများစွာ ဖတ်ဖို့ကြိုးစားမိနေသော စာအုပ်လေးကို ကောက်ကိုင်မိသည်။ ထို့နောက်မှ အဖေ တစ်စုံတစ်ခု တိတ်ဆိတ်စွာ ထိုးထည့်ပေးသွားတာကို သတိရလာသည်။ သူဘယ်နား ချမိပါလိမ့်…။

မိနစ်ပိုင်းလေးအတွင်း လွင့်မျှောနေသော စိတ်အစဉ်မှာ အဖေပေးခဲ့တာ ပျောက်ဆုံးသွားခဲ့ပြီလား…။ စိတ်မောလူမောဖြစ်စွာ အိပ်ယာကို အစအဆုံးမွှေနောက်ရှာနေမိသည်။ ခက်တာ ဘာမှန်း မကြည့်မိသည့်အတွက် ဘာကို ရှာနေမှန်း သူလဲမသိနေ….။ အဖေလက်ထဲထည့်သွားပေးတုန်းက ခံစားမှုကို ပြန်အမှတ်ရမိဖို့ ကြိုးစားကြည့်သည်။ မာကျောနေလား..။ ဒါမှမဟုတ် နူးညံ့သော အရာတစ်ခုခုများလား…။ သေချာတာကတော့ သူ လက်ထဲရောက်လာသော ပစ္စည်းအတွက် မှတ်မှတ်ရရ ခံစားချက်တွေ ဖမ်းဆုပ်မရနေတာပင်…။ စိတ်ပိုမောသွားသည်။ ဒီတိုင်းဆို ရှာနေတာ တွေ့ပါ့မလား…။ မိနစ်ပိုင်းကနေ နာရီပိုင်းကို ကူးပြောင်းလာသည်အထိ သူဘာရှာနေတာကို သူမသိသေး…။

အဖေ့ကိုသွားမေးမှပါ…။ တံခါးကို ထဖွင့်လိုက်ရင်း အပေါက်ဝမှာ သူတွေဝေနေမိသည်။ အဖေသိရင် မှိုင်းညှို့နေသော မျက်ဝန်းတွေ ခြောက်သွေ့အက်ကွဲသွားမှာ သူသိနေသည်။ အဖေ့ကို ဒီထက်ပိုပြီး စိတ်မဆင်းရဲစေချင်တော့…။ တံခါးကို အသာအယာပဲပိတ်ကာ သူပြန်ထိုင်မိသည်။ သူ ခုဏက မြင်တွေ့ခံစားလိုက်ရသော အဖေ့မျက်ဝန်းထဲမှာ အဖေပေးသွားတာကို ပြန်ရှာကြည့်ဖို့ ကြိုးစားမိသည်။ ဘာမှ ရှာမတွေ့တော့ သူ ရှက်ရွံ့လာမိသည်…။ မကြာသေးခင်ကမှ အဖေကိုယ်တိုင် ပေးသွားသော ပစ္စည်းတစ်ခု ပျောက်ရှသွားခဲ့ပီလား..။ သူပိုင်သော သူ့အခန်းကျဉ်းလေးထဲမှာ အံ့သြမှင်တက်ဖို့ကောင်းလှအောင် ပျောက်ချက်သားကောင်းသွားခဲ့သော ဘာမှန်းမသိသော ပစ္စည်းလေးတစ်ခု…။

စိတ်ပျက်အားငယ်စွာ အိပ်ယာပေါ် ပက်လက်လဲလိုက်တော့ မျက်နှာကျက်မှာ ကပ်လျက်နားနေသော ပိုးဖလံမှ လောင်ရယ်သံကို အမှတ်မထင် ကြားလိုက်ရသည်။ ဘာတွေလဲ …။ သူရူးသွပ်သွားခဲ့ပီလား…။ သေချာအောင် ထပ်ကြည့်နေတုန်းမှာ ပိုးဖလံရဲ့ မျက်နှာကို သေချာ မြင်လိုက်ရသည်။ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ တူနေသလို…။ ဟာ… မဟုတ်ပါဘူး..။ သူ စိတ်ဂယောက်ဂယက်ဖြစ်သွားပီလား…။ တွေးနေတုန်းမှာပဲ ဒုတိယအကြိမ် ပိုးဖလံရဲ့ အပြုံးကို ထင်ရှားစွာ မြင်လိုက်ရသည်..။

ပိုးဖလံက ပြုံးနေတယ်…။ သူ တွေဝေနေတုန်းမှာ ပိုးဖလံက ထပြန်သွားခဲ့သည်။ ထုံးစံအတိုင်း ရဲရဲတောက်လောင်နေသော မီးတောက်တစ်ခုအတွင်းသို့ …။ ဟုတ်ကနဲ တောက်လောင်အား ပြင်းသွားသော မီးညွှန့်ကို ခြောက်ချားစွာ ငေးကြည့်မိရင်း ပိုးဖလံရဲ့ ဘဝ အဆုံးသတ်သွားပုံကို ဆွံ့အစွာ ငေးမောနေမိသည်။ ပိုးဖလံ မီးကို တိုးတာ အထူးအဆန်းမဟုတ်ပေမယ့် လောင်ရယ်ပီး ပြုံးပြသွားတာတော့ ဒီဖလံတစ်ကောင်သာ ရှိသေးသည်။ ပြတင်းတံခါးကို အလန့်တကြား သွားပိတ်လိုက်ရင်း ပြန်လှည့်လာတော့ သူ့အိပ်ယာပေါ်မှာ ထိုင်နေသော အရိပ်တစ်ခု…။

တုန်လှုပ်ခြောက်ချားစွာ ကျောပြင်တွေက ပြတင်းတံခါးကို ဝင်ဆောင့်မိသည်အထိ သူ နောက်တွန့်သွားခဲ့မိသည်။ ဘာတွေ ဖြစ်နေပီလဲ လောကကြီး…။ ထိုစဉ်မှာပင် သူ့ပုခုံးကို တစ်ယောက်ယောက်က ထိတွေ့ကိုင်တွယ်လိုက်တာကို ခံစားလိုက်ရသည်..။ အေးစက်သွားသော ကိုယ်ခန္ဒာနှင့်ဆန့်ကျင်စွာ နဖူးမှာ ချွေးစေးတွေ စီးကျလို့လာခဲ့သည်။ တံခါးပေါက်ဘက်ကို လှည့်ကြည့်လိုက်တော့ တံခါးရွက်မှာ မျက်လုံးစိမ်းတစ်စုံ… ။ အကြောက်လွန်သွားတာလား မကြောက်တော့တာလား သူ့ကိုယ်သူ ဝေခွဲမရ…။ စိတ်ဓာတ်ကျ ခေါင်းငိုက်စိုက်ချကာ အိပ်ယာထက်က အရိပ်မည်းဘေးမှာ ဝင်ထိုင်မိသည်။

အက်ကွဲနေသော အသံဖြင့် အရိပ်မည်းကြီးထံမှ စကားသံထွက်လာသည်။

“မင်း ရှာနေတဲ့ ပစ္စည်းက မင်းရင်ဘတ်ထဲမှာ…”

သူ အံ့သြသွားသည်။ သူ့ကို တစ်ချိန်လုံး အရိပ်မည်းကြီးက စောင့်ကြည့်နေခဲ့တာလား…။

“ခင်းဗျား ဘယ်လိုသိလဲ… ။ ဟာ ဘယ်လိုဖြစ်နိုင်မှာလဲ..။ အဖေထည့်သွားတာက ကျုပ်လက်ထဲကို… ။ ကျုပ်ရင်ဘတ်ထဲရောက်သွားရင် ကျုပ်သေသွားမှာပေါ့…”

အသံနက်ကြီးနဲ့ ပြတင်းတံခါးဆီမှ ရယ်သံကို ကြားလိုက်ရသည်။ ထို့နောက်…

“မင်းက လက်နဲ့ထိတွေ့ရမှ ရှိတယ်လို့ထင်တာကိုးကွ… ။ မင်းလက်ထဲ မင်းအဖေ ထည့်သွားပေးတုန်းက မင်းဘယ်လို ခံစားရလဲ..။ အဲဒီပစ္စည်းက မာလား၊ ပျော့လား၊ ပူလား၊ အေးလား.. ။ ပြန်စဉ်းစားကြည့်”

သူ တုန်လှုပ်သွားသည်။ အမှန်တိုင်း ဝန်ခံရလျှင် သူ လုံးဝကို မမှတ်မိတာ သေချာသည်။

“မင်း မဖြေနိုင်တော့ဘူးမလား…”

သူ ခေါင်းငိုက်စိုက်ချကာ ဆိတ်ငြိမ်ခြင်းဖြင့် ဝန်ခံမိသည်။ အမှတ်တမဲ့ ခိုးကြည့်မိတော့ တံခါးရွက်စီက မျက်လုံးစိမ်းတွေ မီးဝင်းဝင်းတောက်မတတ်ဖြစ်လာတာကို မြင်လိုက်ရတော့ သူတစ်ဖန်ကြောက်ရွံ့လာမိပြန်သည်။

“ခင်းဗျားတို့က ဘယ်သူတွေလဲ…”

အိပ်ယာထက်မှ အရိပ်မည်းကြီးက သူ့ဘက်ကို လှည့်လာသည်။…

“ဟာ…. ” သူ ခြောက်ချား အားငယ်စွာ အော်မိသည်။ အခန်းတစ်ခုလုံးကို လှည့်ပတ်ကြည့်မိတော့ အားလုံးက သူ့အရိပ်တွေ…၊

သူ့ကိုသူ ပြန်ခြောက်လှန့်နေတာပါလား…။ အမှတ်တမဲ့ ရင်ဘတ်ထဲ ငုံ့ကြည့်မိတော့ ခုန်နေသော နှလုံးသားထဲမှာ အဖေပေးသွားခဲ့သော “မိဘမေတ္တာ”……

ဆိတ်ငြိမ်စွာပဲ သူလဲပြိုကျကာ ကလေးငယ်လို ငိုကြွေးမိသည်…။ ရှိုက်ကြီးတစ်ငင် …..။

Sunday, April 24, 2011

အချစ်အကြောင်း....

မမသက်ဝေက အချစ်အကြောင်းပြောရအောင် တဲ့ တက်ဂ်လာတယ် ။

*********************************************************************

တကယ်တော့ ကိုယ်က အချစ် နဲ့ ပတ်သက်ရင် သတ္တိမရှိဘူး ။
အချစ် အကြောင်းကို တွေးရမှာ ကြောက်တယ် ။
ချစ်ရမှာကို ကြောက်တယ် ။
အချစ် ဆိုတဲ့ ကွန်ထဲမှာ ငြိတွယ်မိပြီး ရုန်းရခက်တဲ့ ငါးသူငယ်လေး ဖြစ်မှာကို ကြောက်တယ် ။
ပျော်ရွှင်မှုတပဲ စိတ်ဆင်းရဲမှု တပိသာ ဖြစ်လာမယ့် အချစ်ရဲ့ နောက်ဆက်တွဲ ပူလောင်မှုတွေကို ကြောက်တယ် ။
အချစ်ဆိုတဲ့စကားလုံးကြီးရဲ့အောက်မှာ မထိန်းနိုင်မသိမ်းနိုင် ဖြစ်ကောင်းဖြစ်လာနိုင်မယ့် စိတ်ရိုင်းတွေကို ကြောက်တယ် ။
ကိုယ်ချစ်ရတဲ့ နှလုံးသားတစုံအတွက် ကိုယ့်ကိုချစ်ကြတဲ့ နှလုံးသားတွေ အများကြီး စတေးပစ်လိုက်ရမှာကို ကြောက်တယ် ။
အချစ်နွံထဲမှာ နစ်ပြီး သံသရာဝဲထဲမှာ တဝဲလည်လည် ဖြစ်နေမှာကိုတော့ အကြောက်ဆုံးပါပဲ ။

အဲ့ဒီအကြောက်တရားတွေရဲ့ ကြီးစိုးမှုဟာ ကိုယ့်ကို အချစ်တို့နဲ့ ဝေးရာ ပြေးစေတယ်။ အချစ်ကို ထိတွေ့ကြည့်ဖို့ရာ အားအင်တွေ ဆုတ်ယုတ်နေစေတယ် ။ အဲ့ဒီ အားအင်တွေ တိုးပွားလာအောင် ကိုယ် ကြိုးစားချင်စိတ်လဲ မဖြစ်မိသလို မကြိုးစားမိအောင်လဲ ရှောင်မိပြန်တယ် ။ အဲ့ဒီအတွက်

"အော်....ဒုက္ခ" လို့ ငြီးတွားရင်း အပြစ်တင်တဲ့ ကိုယ့်သူငယ်ချင်း တချို့ကို ကိုယ်က ပူမယ်မှန်းသိရက်နဲ့ ပိုးဖလံမျိုး မီးကို တိုးတာ "မိုက်" လို့ ဆိုခဲ့တော့ သူတို့က ကိုယ့်ကို "အဲ့ဒါ ကြောက်ကန်ကန်တာ" တဲ့လေ ။


ကိုယ် ပြုံးမိပါတယ် ... ။
သူတို့ဘက်ကကြည့်တော့ "လက်ဖမိုး" ကိုယ့်ဘက်ကကြည့်တော့ "လက်ဖဝါး" ပေါ့ ။ ကြည့်တဲ့ရှုထောင့် နဲ့ ရပ်နေတဲ့ နေရာအနေအထား မတူလေတော့ အမြင်တွေ ကွဲလွဲတာ အထူးအဆန်းတော့ မဟုတ်လေဘူး..။

အချစ်ကို ချိုမြိန်သော ဝိုင်တခွက်လို့ ယုံကြည်သူတွေ နှစ်သက်စွာ မက်မက်စက်စက် သုံးစွဲပါစေလေ ။ အဲ့ဒီအတွက် ကိုယ့်မှာ တားဆီးလိုစိတ် စိုးစိမျှမရှိပါ ။ ဒါပေမဲ့ အဲ့ဒီအချစ်က ရိုက်ခက်လာမယ့် ဂယက်ကြမ်းကြမ်းကြီးတွေကိုတော့ ကိုယ့်အတွက် နဲ့ ကိုယ့်ကို ချစ်တဲ့သူတွေပါ နာကျည်စေတဲ့အထိ မရိုက်ခတ်စေချင်ဘူး ။ မရိုက်ခတ်စေသင့်ဘူးလို့လည်း ကိုယ်ကတွေးတယ် ။


ကိုယ့်ဘဝ ကိုယ်လျှောက်ကြတယ် ဆိုပေမဲ့ ကိုယ့်ဘဝအတွက် နှလုံးသားတွေခင်းပြီး ပင့်တင်ပေးခဲ့တဲ့ ဘဝတွေ အများကြီးရှိတယ်ဆိုတာ မေ့ရမဲ့ အရာမဟုတ်သလို လျစ်လျူရှုရမဲ့ အရာလည်း မဟုတ်ဘူးလို့ ကိုယ်က စွဲစွဲမြဲမြဲကို မှတ်ယူထားတယ် ။



အဲ့ဒီ မျှခြေဟာ ထိန်းရလွယ်မလိုနဲ့ ခက်ခက်နေတဲ့ အဖြစ်တွေ ကိုယ်အများကြီး မြင်တွေ့နေရတယ် ။ အဲ့လို နှလုံးသားနဲ့ ဦးနှောက်ရဲ့ မျှခြေကို ဖျက်ပြီး ကပျက်ကယက် ဝင်လာမဲ့ အချစ်မျိုးထက် ရင်ထဲမှာ သူ့ဟာသူ အိပ်စက်အနားယူနေတဲ့ အချစ်စိတ် ကလေးဟာ ပိုပြီးနူးညံ့သိမ်မွေ့တယ်လို့ ကိုယ်ယူဆတယ် ။ အင်း...အဲ့ဒါလဲ အချစ်ကို အငွေ့နဲ့တင် မူးနေတဲ့ ကိုယ့်ရဲ့ "လက်ဖဝါး" သီအိုရီပဲလို့ ဆိုရလေမလား.... ။

သေချာတာကတော့ နှလုံးသားရေးရာနဲ့ ပတ်သက်ရင် ကိုယ့် ဘာကိုမှ မစွန့်စားချင်ဘူး ။


နှလုံးသားဟာ ဖျတ်ကနဲ လန့် ၊ ဖြုတ်ကနဲ ကြွေ ၊ ထိလွယ်ရှလွယ် .......



အဲ့ဒီနှလုံးသားလေးများ ထိရှသွားမိရင် တခြားဘာကိုမှ မမြင်တော့ဘူး ။ မျက်ကန်များ တစ္ဆေမကြောက်သလို တခြားဘာတွေ ဖြစ်ဖြစ် ကိုယ့် နှလုံးသားလေး မနာကျင်စေဖို့သာ စိတ်တွေစောနေတတ်ကြတယ် ။ အဲ့လိုတွေ ကိုယ်မြင်ရတွေ့ရပေါင်း များနေလာလေတော့ မဆီမဆိုင် အချစ်နဲ့သူရဲ့ကကြိုးတွေကို ကိုယ်ကြောက်မိတယ် ။ အချစ်က သူ့ဟာသူ နေတယ်ဆိုပေမဲ့ အဲ့ဒီအချစ်ကို အခြေခံတဲ့ ကိုယ်တို့တွေရဲ့ စိတ်ကကြိုးဟာ တခါတခါ ကိုယ်တို့တွေရဲ့ စီမံခန့်ခွဲနိုင်မှုဘောင်ကို ကျော်လွန်ပြီး ၊ တခါတခါ အားလုံးကို မျက်ကွယ်ပြုပြီး ဆင်ကန်းတောတိုးစေတယ် ။ ကိုယ်အဲ့လို ကကြိုးတွေနဲ့ ရစ်ပတ်နှောင်ဖွဲ့ပြီးလည်း အသက်မရှင်ချင်ဘူး ။ စစ်မရောက်ခင် မြှားကုန်တယ်ပဲဆိုဆို ၊သွေးနဲတယ်ပဲဆိုဆို အချစ်နဲ့သူရဲ့ကကြိုးတွေကိုလဲ ဘောင်ခတ် ကိုယ့်ကိုယ်ကိုလဲ အဲ့ဒီစည်းဝိုင်းရဲ့ အပြင်မှာ ထားပြီး အေးအေးလူလူလေးပဲ နေလိုတော့တယ် ။...။


ညီမလေး
၂၆.မတ်.၂၀၁၁

စာကြွင်း ... ဒီစာလေးက FB မှာ တင်ပြီးသားပါ ။။

..............................................................................
မမသက်ဝေ ကျေနပ်နိုင်မယ်ထင်ပါတယ် ။

Friday, February 25, 2011

မျက်နှာစိမ်း ကပွဲ


မတ်တပ်ရပ်........။

နှုတ်ခမ်းခွံထဲက
သူမ ရဲ့ ဖေဖော်ဝါရီ ယဉ်ကျေးမှုများ
ငါ့ ပုခုံးစွန်း လေးလံအောင် ထမ်းပိုးထားရဆဲ
အံဝှက်အောက်က ကတိမဲ့နှောင်ကြိုးများ
နှုတ်ခမ်းဖျားက မျက်ရည်စက်များ
အမှတ်တရ ပို့စ်ကဒ်များ
အပင်းသွင်း ချိုမြိန်ခြင်းများ
ဝှက်ဖဲ တစ်ချပ်စီပိုင်တဲ့ နောင်တများ
ကိုယ်စီ ကိုယ်ငှ
ပြက္ခဒိန် တွေရဲ့ ရှေးရိုး ဆန်မှုနဲ့ အတူ
ငါ့ နံရံပေါ်မှာ
ချယ်ရီပင်ပေါင်းများစွာ သူမ နဲ့အတူ စီးမျောဆဲ
မင်နီ တားခံရတဲ့ ကတိကဝတ်များ ပွေ့ပိုက်ပြီး
မျက်နှာစိမ်း ကပွဲ က ပြန်ခဲ့။


ကူးလွေ့

Sunday, February 13, 2011

R 3 R

ဒီနေ့တော့ဗျာ မအားတဲ့ကြားက ဘယ်သူမှ မတိုက်တွန်းပဲ မနေနိုင်လွန်းစွာ တွေ့စုံဆွေးနွေးပွဲလေးတစ်ခုကို သွားတက်ဖြစ်တယ်....

တက်တယ်လို့သာပြောတာပါ ဘယ်သူမှလဲ မလာကြပါဘူးလေ.... ထုံးစံအတိုင်း ပြောပီးရင် လုပ်တတ်တဲ့ ကိုယ်တွေ လေးငါးယောက်ပဲရှိတယ်....

လူများလားဆိုတော့ များပါတယ်.. တစ်ခြား အကကျင့်နေကြတဲ့ စင်ကာပူ လူငယ်လေးတွေပေါ့...

သူတို့ အက တိုက်နေတာကို ကြည့်ပီး ထုံးစံအတိုင်း အတွေးက နယ်ကျွံပြန်ပါလေရော....

နောက်ပီး အတူတူလာတဲ့အထဲက အမြဲတမ်းလို အတွဲညီညီ လုပ်ဖြစ်ကိုင်ဖြစ်နေကြတဲ့ သူတွေ ပါတယ်ဆိုတော့ ထုံးစံအတိုင်း လာမယ့် ပွဲလမ်း အစီအစဉ်တွေ ပြောဖြစ်ကြတယ်...

အတွေ့အကြုံကိုတော့ အရင်က အောင်အောင်မြင်မြင် လက်တွဲ ပုံဖော်ခဲ့တဲ့ အကြောင်းအရာလေးကို ဗဟိုပြုရင်း ဆွေးနွေးဖြစ်ကြတယ်....

ငါတို့တွေ ဘာလို့ လက်တွဲညီနေတာလဲပေါ့....း)

အဲလိုပြောရင်းနဲ့ ခေါင်းလေးထဲကို R သုံး R ဝင်လာတယ်... ကိုယ်တွေကြားမှာ အဲဒီ အာရ်သုံးအာရ်လေး ရှိခဲ့လို့ပဲ ဒီနေ့အထိ ရဲဘော်ရဲဘက်တွေ ဖြစ်နေကြတာမလား....

ဘာတွေပါလိမ့်....

၁) Respect

၂) Responsibility

၃) Reliability

စတဲ့ အာရ်သုံးအာလေးပဲပေါ့....

၁) RESPECT

လေးစားတဲ့နေရာမှာ ဘာတွေကို လေးစားရမလဲ ..

မေးစရာလေးတွေ ရှိလာပါပီ....

လူပုဂ္ဂိုလ်ချင်း လေးစားမှု...

ဟုတ်ကဲ့... ဒါကတော့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ် လေးစားမှုထားပီး ဆက်ဆံပြောဆိုတွေးခေါ်တာမျိုးပါ...

တစ်ဦးကို တစ်ဦး လေးစားမှုရှိမှလဲ ကြားထဲ ဖြစ်ပေါ်နိုင်တဲ့ အဆိုင်အခဲလေးတွေကို ချေဖျက်ပီး သားဖြစ်မှာကိုး....

လေးစားသမှုလေးနဲ့ ပြောဆိုဆက်ဆံလိုက်တော့ တူညီတဲ့ တုန့်ပြန်မှုတွေနဲ့ ကျွန်တော်တို့ အလုပ်လုပ်ရတာ ပိုပီးတော့ နှစ်လို ပျော်ရွှင်ဖို့ ကောင်းလာမှာပါ...

နောက်ထပ် ဘာကို လေးစားရမလဲ....

အချိန်....

ဒါကလဲ အင်မတန် အရေးကြီးတဲ့ အကြောင်းအရာ တစ်ခုပါပဲ...

အချိန်ကို လေးစားတတ်ရပါမယ်....

လူတိုင်းဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်ကို ပေးပီး လူများစုအတွက် လုပ်ကိုင်နေကြတာပါ...

ငါက အချိန်ပိုပေးရတယ်ဆိုတာ မရှိပါဘူး... သူ့အတိုင်းအတာနဲ့ သူ ပေးနေရတာချင်းတူတူတွေပါ...

အဲဒီအခါမျိုးမှာမှ ကိုယ့်အချိန်က ပိုပီး တန်ဖိုးရှိနေတာမျိုး ရှောင်ကြဉ်သင့်ပါတယ်...

ဘာကို ဆိုလိုသလဲဆိုရင် သူများရဲ့ တန်ဖိုးရှိတဲ့အချိန်ကို ကိုယ့်ကို စောင့်နေရပီး အလဟဿ ကုန်ဆုံးသွားစေတာမျိုးပါ....

အချိန်ကို မလေးစားတာဟာ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို မလေးစားတာနဲ့ တူတူပါပဲ...

အချိန်ကန့်သတ်မှုတွေနဲ့ ကြုံတဲ့အခါ လူတိုင်းမှာ တစ်ခါတစ်ရံ အကြောင်းတိုက်ဆိုင် ပီး လွဲရှောင်လို့ မရနိုင်တဲ့ နောက်ကျမှုမျိုးတွေ ကြုံတတ်ပါတယ်...

လွယ်ပါတယ်... သင့်လုပ်ဖော်ကိုင်ဖက်ကို လေးစားတယ်ဆိုရင် မက်ဆေ့ခ်ျဖြစ်ဖြစ် ဘာဖြစ်ဖြစ် ပို့ပီး နောက်ကျမယ့်အကြောင်း သူတို့ မစောင့်နေခင် ကြိုတင်ပီး ပို့သင့်ပါတယ်...

ဥပမာ တွေ့ဆုံဆွေးနွေးပွဲက သုံးနာရီစတယ်ဆိုရင် တစ်နာရီ နှစ်နာရီလောက်ကတည်းက အားမအားကို သိနေပါပီလေ...

လူတိုင်း ကိုယ့်ကို စောင့်နေရတယ်ဆိုတာ လူတွေရဲ့ လေးစားမှုကို ဆုံးရှုံးစေတာနဲ့ တူတူပါပဲ...

သူများအပေါ် မလေးစားပဲ ကိုယ့်ကို လူလေးစားဖို့ မျှော်လင့်နေမယ်ဆိုရင် လမင်းပေါ်က ထမင်းဆီစမ်းကို တမ်းတသလို ဖြစ်နေမှာပါ....

နောက်ထပ် ဘာကို လေးစားရမလဲ...

ကိုယ်ပေးထားတဲ့ နှုတ်ကတိဖြစ်ဖြစ် စာကတိဖြစ်ဖြစ် အဲဒီကတိကို လေးစားမှုရှိပါ...

ကတိတစ်ခုကို မလုပ်နိုင်ပဲနဲ့ လွယ်လွယ်မပေးပါနဲ့..

ကိုယ်က ကတိတစ်ခုကို မဖြစ်နိုင်ပဲ ပေးလိုက်ပီး လွယ်လွယ်နဲ့ ဖျက်ပစ်မယ်ဆိုရင် အဲဒီအတွက် ရလာမယ့် အကျိုးဆက်ကတော့ အရိုအသေတန်ခြင်းဆိုတဲ့ ဆုလာဘ်ပါပဲ....

ကတိဆိုတာဟာ သူများတွေရဲ့ မျှော်လင့်ချက်ကို ရှင်သန်စေပီးမှ ပေါက်ဖွားလာတာမျိုးပါ....

ကိုယ့်ကတိဖျက်လိုက်တာဟာ သူများရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးဖျက်စီး သတ်ပစ်တာနဲ့ တူတူပါပဲ...

ကဲ နံပါတ်နှစ် အာရ်ကို ကြည့်ရအောင်...

၂) RESPONSIBILITY

ဒါကိုတော့ တာဝန်သိတတ်မှုလို့ လွယ်လွယ်ပဲ ပြောလိုက်မယ်....

ခုဏက ကတိကို လေးစားတာနဲ့ ဆက်စပ်နေပါတယ်....

ကိုယ့်ကတိကို ကိုယ်လေးစားရင် အဲဒီကတိအတွက် တာဝန်သိတတ်ရပါမယ်...

နောက်တစ်ခု .. တစ်ဦးတစ်ယောက် အကျိုးအတွက် ဝိုင်းလုပ်ပေးနေတာမဟုတ်ပဲ လူမျိုးစု လူသားစု တစ်ခုလုံးအတွက် လူနည်းစုလေး ဝိုင်းပီး လုပ်နေတဲ့ ကိစ္စရပ်မျိုးမှာ ကိုယ့်ကြောင့် ကမောက်ကမ ဖြစ်သွားစေနိုင်မယ့် အပြုအမူမျိုး တာဝန်မဲ့မှုမျိုးကို မလုပ်သင့်ပါဘူး...

ကိုယ် လုပ်ပေးနိုင်တာကို လုပ်ပေးနိုင်သလောက် တစ်တပ်တအားနဲ့ လုပ်ပေးမယ်ဆိုရင် အားလုံးအတွက် အားဖြစ်ပါတယ်...

ကိုယ် တာဝန်ယူထားတဲ့ ကိစ္စရပ်တစ်ခုကို ပြီးမြောက်သွားသည်အထိ တာဝန်သိတတ်ဖို့လိုပါတယ်....

ကိုယ့်လုပ်ရက်အပေါ်မှာလဲ တာဝန်သိသိနဲ့ ဖြေရှင်းဆောင်ရွက်တတ်ဖို့လိုပါတယ်...

ချီးကျူးခံရရင် ငါ၊ ကဲ့ရဲ့ ခံရရင် နင် ဆိုရင်တော့ လက်တွဲမယ့် လုပ်ဖော်ကိုင်ဖက် ရှိမှာမဟုတ်ပါဘူး....

ကဲကဲ ... နံပါတ်သုံးကို ဆက်ခုန်ကြပါစို့...

၃) RELIABILITY

ဒါကတော့ ကိုယ့်ဟာ အားထားရတဲ့သူတစ်ယောက် ဖြစ်နေဖို့လိုပါတယ်....

ပြောတုန်းက ရွှန်းရွှန်းဝေနေပီး လက်တွေ့ကျတော့ ပေါ်မလာ ဖြစ်နေလို့ မရပါဘူး....

ဒီလို ဖြစ်မယ်ဆိုရင် လုပ်ဖော်ကိုင်ဘက်တွေရဲ့ စိတ်ကို သတ်တာနဲ့ တူတူပါပဲ...

ကြာရင် ဘယ်သူမှ လက်တွဲ ချင်စိတ် ရှိတော့မှာ မဟုတ်ပါဘူး....

ဒီအာရ်သုံးအာရ်နဲ့ အချင်းချင်း ညှိနှိုင်း ဆောင်ရွက်သွားမယ်ဆိုရင်ဖြင့် ဘာလုပ်လုပ် အောင်မြင်မှာပါ....

ကိုယ်တွေလဲ အသက်အရွယ် အပိုင်းအခြား အစုံအလင်တွေနဲ့ လက်တွဲ လုပ်လာခဲ့တာ ဒီအာရ်သုံးအာရ်ကို တတ်နိုင်သလောက် လွှတ်ထွက်မသွားအောင် ကျင့်ကြံ ထိန်းသိမ်းပါတယ်...

ဒါကြောင့်မို့လဲ နှစ်ခွန်းမပြောရတဲ့ ရဲဘော်ရဲဘက်တွေ ဖြစ်လာတာပေါ့....

လူနည်းပေမယ့် ပွဲတော့ စည်နေမြဲပါ....

လူများပီး ပွဲပိုစည်ရင်တော့ အတိုင်းထက် အလွန်ပါ....

ထုံးစံအတိုင်း စိတ်ထဲ တွေးမိတာလေးကို မျှလိုက်တာပါ...