Thursday, December 31, 2009

ဘဝအာသာတွေ ငတ်မွတ်ခြင်းကင်းတဲ့၂၀၁၀

သိပ်မကြာခင်ပဲ ၂၀၀၉က ကုန်ပြန်အုန်းမယ် ......။
၂၀၀၈ တုန်းကလည်း အဲ့လိုပဲ ဘုမထိဘမသိနဲ့ ၂၀၀၉ ဆိုတဲ့ ရေစီးထဲကို မျှောလာခဲ့တာ ။
၂၀၁၀ကကော အဲ့လိုနဲ့ပဲ ရောက်လာအုန်းမှာပဲလား??? ။

အင်း....၂၀၀၈ တုန်းကတော့ ၂၀၀၉ကို ကူးဝင်ဖို့အတွက် ထူးထူးထွေထွေ ဆန္ဒတွေ မရှိနေခဲ့ဘူးလားလို့ ။ အားလုံး ပြီးပြည့်စုံနေလို့တော့ မဟုတ်ဘူးဆိုတာ သေချာပေမဲ့ စိတ်ရှုပ်စရာတွေ မရှိနေခဲ့ဘူး ထင်ပ ။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ပြန်မသုံးသပ်ခဲ့မိလို့ ဘာမှမမြင်ခဲ့တာလဲ ဖြစ်နိုင်တယ် ။ ဒါပေမဲ့ ၂၀၁၀အတွက်တော့ ဆန္ဒတချို့ အတိအကျကြီးကို ဖြစ်မိတယ် ။ ဧကန္တ ၂၀၀၉ က စိတ်ရှုပ်စရာ နှစ်တနှစ်များ ဖြစ်ခဲ့လေသလား ??? ဒါမှမဟုတ် ကိုယ့်ကိုယ်ကို သုံးသပ်မိလို့ ပြင်သင့်တာတွေကို မြင်သွားတာများလား ???

ဒါပေမဲ့ သေချာတာကတော့ " ပဲ့ကိုနင်းဦးကထောင်၊ ဦးကိုနင်းပြန်တော့ ပဲ့ကထောင် " ဆိုသလို ဖြစ်နေတဲ့ ၊ ရှေ့နောက် ကမောက်ကမဖြစ်နေတဲ့ ဆန္ဒတွေ၊ ဘဝတွေကို ၂၀၀၉ နဲ့အတူ ထားခဲ့ချင်တယ် ။ လုပ်ချင်တာထက် လုပ်သင့်တာ၊ ဖြစ်သင့်တာကို လုပ်ဖို့ အားအင်တွေပြည့်နေတဲ့ ၂၀၁၀ ဖြစ်ချင်တယ် ။ နောက်ဆုံးဆန္ဒကတော့ လောဘနည်းနည်း ၊ ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ဖြစ်သမျှကို မတုန်မလှုပ်ရင်ဆိုင်ရဲတဲ့ ၂၀၁၀ ဖြစ်ချင်တယ် ။ အင်း... လောဘနည်းနည်းနဲ့လို့ ပြောနေရင်းနဲ့ ထွက်လာတဲ့ ဆန္ဒက သုံးခုတောင်ဆိုတော့ ရှေ့နောက် မညီများဖြစ်နေသလားမသိပါဘူးနော် ။

ဆင်ခြေပေးတာလို့လည်း ထင်ကောင်းထင်နိုင်ပါတယ် ။ ဒါပေမဲ့ ပုထုစဉ် ဆိုတော့လဲ ခါးသီးတဲ့ ဘဝအရသာတွေကို မေ့ထားပစ်ချင်ကြတာ ၊ ကောင်းတဲ့ လောကဓံကိုသာ လိုချင်တာ ဓမ္မတာပဲလားလို့လေ ။ အင်း... အဲ့ဓမ္မတာတွေကြောင့်ပဲ သံသရာတွေလဲ ရှည်ပြီးရင်း ရှည်ကုန်ပြန်ရောနော်.. ။ ဒါပေမဲ့ အဲ့အတွက် ဘယ်သူ့ကိုမှတော့လဲ အပစ်မဆိုသာပါဘူးလေ .. ။ ဘာလို့လဲဆိုတော့ သံသရာဝဋ်ဆင်းရဲကြီးထဲက လွတ်ချင်လိုက်တာလဲ ကိုယ်ပဲ ဆိုပေမဲ့ အဲ့သံသရာထဲကို ဆွဲနှစ်နေတာလဲ ကိုယ်ကိုယ်တိုင်ပဲကိုး ။ ပြုသူကကိုယ်ဆိုတော့ အပြုခံရလဒ်ကို ခံစားရသူလဲ ကိုယ်ပဲဖြစ်တော့မပေါ့ ။ ဒါလဲ ဓမ္မတာပဲလေ ။ ဟုတ် ! ကိုယ် ဒီပိုစ့်ကို ရေးနေရင်း ဆရာကျော်ဝင်းရဲ့ " သစ္စာရှာဖို့ မြင်းစီးသူ " ဆိုတဲ့ စာအုပ်ထဲ က စာတိုလေးကို သတိရမိပါတယ် ... ။

"တချို့ချို ၊ တချို့ခါး
ဘဝတိုက်ပွဲကလာတဲ့ ဒုစရိုက်တွေ
ဒီလိုနဲ့ ....... ဘဝအာသာတွေ
သောက်လေ - နှစ်ဆတိုးငတ်လေ " ........ တဲ့ ... ။

အဟုတ်ပဲနော် .... ။ သောက်လေ သောက်လေ ငတ်မပြေ ဆိုသလိုလေ.. ။ ချိုတာလေးများဆို ပိုဆိုးပေါ့ ။ ခဏခဏလည်း သောက်ချင်သေး ၊ မဖြစ်နိုင်မှန်းသိရက်နဲ့တောင် တသက်လုံး သိမ်းထားချင်သေး ဆိုတာမျိုးကလဲ ဖြစ်သေးတာ ။ ကိုယ်ထင်တယ် ချိုတာလေးတွေများဆို နှစ်ဆထက်မကများ ငတ်သလားလို့ပါ ။( ငတ်တယ် ဆိုတာကြီးထက် ငတ်မွတ်တယ် လို့ပြောရင် ပိုနားခံသာသလားလို့ ငတ်မွတ်တယ် လို့ သုံးပါရစေ ။) တကယ်တော့ ကိုယ်စောစောက ပြောတဲ့ ၂၀၁၀ အတွက် ကောင်းတဲ့ဟာလေးတွေသာ ဖြစ်လာဖို့ ဆန္ဒတွေရှိနေတယ် ဆိုတာလဲ ငတ်မွတ်ခြင်း တမျိုးပါပဲ ။ ကိုယ်လို ငတ်မွတ်နေသူ ဘဝတူတွေလည်း နည်းတော့နည်းမယ်တော့ မထင်ဘူးနော် ။

ဟင်း......ဘဝအာသာတွေကို ကိုယ်တို့တွေ ငတ်မွတ်နေသရွှေ့တော့ အဟောင်းတွေ သစ်လိုက်၊ အသစ်တွေ ဟောင်းလိုက်နဲ့သာ ရက်တွေ လတွေသာ တိုက်စားရင်တိုက်စားကုန်မယ် ကိုယ်တို့ကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းခြင်းနဲ့ အလှမ်းဝေးမြဲဝေးနေအုန်းမှာပဲနော်........ ။ သံသရာကလည်း ရှည်မြဲရှည်ဆဲပေါ့ ......။ ပြောတာတွေက ဟိုရောက် ဒီရောက်နဲ့ ပေါက်ကရဖြစ်နေလို့ အချုပ်ပဲဆိုပါရစေတော့ ။

၂၀၀၉ ကို မကြာခင် ၂၀၁၀ နဲ့ လဲကြတော့မယ် ။
အဟောင်းကုန်တော့ ထုံးစံအတိုင်း အသစ်ကိုပြောင်းတာပေါ့ လေ....။
အဲ့ဒီအသစ်ကလည်း မကြာခင်ဟောင်းပြန်အုန်းမှာပဲ ။
ဟောင်းတော့လည်း ပြောင်းပြန်အုန်းမပေါ့ အသစ်ကို ... ။
ဒီလိုနဲ့ပဲ သံသရာတွေလည်း ရှည်ပြီးရင်းရှည်ရင်းပေါ့ ................... ။အဲ့လို ရှည်လျှားလှတဲ့ သံသရာတွေထဲမှာ ဝဲလည်ရင်း ဆိုရင်တောင် " ၂၀၁၀" ဆိုတဲ့ နှစ်သစ်က ကိုယ်အပါဝင် အားလုံးအတွက် "ဘဝအာသာတွေ ငတ်မွတ်ခြင်းကင်းတဲ့ ၂၀၁၀ ဖြစ်ကြပါစေ" လို့ဆုမွန်ကောင်းတောင်းလိုက်ချင်ပါတယ်... ။

ညီမလေး
၂၀၀၉.ဒီဇင်ဘာ.၃၁

Sunday, December 20, 2009

ဒီည


ဒီည
အာရုံတွေ ထွေပြား
ကယောင်ချောက်ခြားနဲ့
သံစဉ်တွေ မှောက်မှားတဲ့ည။

ဒီည
အတွေးတွေလေဟုန်စီး
နယ်မြေတွေ ကျော်ကာခွ
ချစ်သူကိုလွမ်းတဲ့ည။

ဒီည
ရင်ခွင်ကဟာတာတာ
တွယ်မှီရာနေရာမဲ့မို့
အထီးကျန်တဲ့ည။

ညီမလေး
၂၀၀၉.ဇူလိုင်.၁၃

စာကြွင်း ။ ။ အဟောင်းပေမဲ့ ပြန်လည်ခံစားလို့ရတဲ့ အခါတိုင်း အသစ်ပေါ့ လေ....


Monday, December 14, 2009

သံဝေဂ လင်္ကာ

ခန္ဓာ ငါးပါးနဲ့
ဟောဒီ သံသရာ ဒုက္ခ အစစ်ကြီးထဲ
ကျွဲပါးစောင်းတီး ရင်ဘတ်နဲ့
အမြတ်တနိုး မက်တဲ့ အိပ်မက်က "နင်"..။

အဘိဇ္ဇာ မြူမှုန် စက်ဝိုင်းထဲ
မထိခလုတ် ထိခလုတ် စိတ်တွေက
သိင်္ဂါရညှို့ သံ တင်းတင်းမှာ
ညောင်သီးလေး ရယ်သံက ချို, ချို နိုင်လွန်း

တပ်မက်မှုက အဝိဇ္ဇာ တဏှာ
သိသာသိ မမြင်သူ မျက်ကန်းလို တစ္ဆေမကြောက်
အမိုက်တိုက်ထဲ နေသာရုံ , ခုန်လှုပ်နှလုံးသားနဲ့
ဝင်သက် ၊ ထွက်သက်တိုင်းလည်း "နင်" မှ "နင်"

မာတုဂါ မလေးရေ !
သံသရာဟာ အကြီးဆုံး ဝဋ်ဆင်းရဲ ဆိုပေမယ့်
လွတ်မြောက်ရာ တရား, ကင်းပ ငါ့မှာ
နင်သာ....
ငါကိုယ်တိုင်ရှာတဲ့ " သမုဒယ သစ္စာ "...။

ကူးလွေ့

ကောဇာသက္ကရာဇ် ၁၃၆၈
တပေါင်းလဆုပ် (၁၂) ရက်။

Sunday, December 13, 2009

သီအိုရီအလွဲ

ငိုသံကား တိုးတိုး
သို့သော်....
ကျယ်လောင်စွာ မြည်ဟီး၍
နှလုံးသည်းပွတ်တို့ ပျက်ကြွေပြုန်းကုန်၏ ။


ရယ်သံကား ကျယ်ကျယ်
သို့သော်....
ပဲ့တင်သံတို့ ကိုယ့်ထံပြန်မလာ .............. ။

ညီမလေး
၂၀၀၉.ဒီဇင်ဘာ.၁၃

Saturday, December 12, 2009

ပုံတူ

ဆိုးဆေးများ ယိုစီးဆဲ
ရင်ကတုတ်ပေါ်ကွဲတဲ့ ဗုံး ဟာ
ငါ ကိုယ်တိုင် ဟုတ်....မဟုတ်?

အလှကြည့် "မှန်" တစ်ချပ်နဲ့
မတ်တပ်ရပ်ဆဲ ငါ
ပြာအက် ကောက်ကြောင်းလမ်းမပေါ်
နီရဲ.. လိုအင်..များ

ငါ ဟာ ငါ ကိုယ်တိုင်ပဲလား...?

နှုတ်ခမ်းကို ဖွင့်...ဟ
"အရိပ်" များ ...အန်ချခဲ့...။

ကူးလွေ့

Friday, December 11, 2009

ပြဇာတ်

ပျားရည်တွေ ချိုမြမြ စီးတယ်။

ကတိ၊ သစ္စာ ၊ အနာဂါတ်
မြတ်နိုးခြင်း ၊ အကြင်နာ
တစ်ဘဝ ညီမျှ ပူးပေါင်းရေး

မျက်လုံးနဲ့ နှုတ်ဆက်လိုက် ကြတယ်။

ကူးလွေ့

Tuesday, December 8, 2009

အမှတ်တရဆောင်း ...

ဒီနှစ်ဆောင်းက နဲနဲအအေးပေါ့တယ်ဆိုပေမဲ့ နှင်းတွေတော့ ကျစပြုလာပြီ.........။
ဒီတဆောင်းနဲ့ဆို ကိုယ်ဒီမှာ ဆောင်းတွင်းကိုကြုံတာ လေးနှစ်မြောက်ပေါ့ ။
နောက်နှစ်ကစပြီး နှင်းကိုမမြင်ရမဲ့မြို့ ကိုပြောင်းရမယ်ဆိုတော့ ကိုယ့်ရင်ထဲမှာ ဟာတာတာနဲ့ လွမ်းလွမ်းဆွေးဆွေးကြီးရယ်........း( ။

ကိုယ်မှတ်မိနေပါသေးတယ် .. နှင်းတွေကို ကိုယ်စတွေ့ဖူးတဲ့အချိန်ကို ..။ အဲ့တုန်းက ညဘက်ကြီးအလုပ်မှာ .. ။ နှင်းတွေကျလိုက်တာဆိုတာ ဖွေး..နေတာပဲ ..။
ဖွေးဖွေးဖြူနေတဲ့ နှင်းမွမွလေးတွေကို ပထမဆုံးအကြိမ် ထိတွေ့မိလိုက်တဲ့ အထိအတွေ့ အရသာ ...ပြီးတော့ ...နှင်းတွေကြားကို တိုးဝှေ့ ဖြတ်တိုက်လာတဲ့ အေးစိမ့်နေတဲ့ လေညင်းရဲ့အရသာ...။ ပတ်ဝန်းကျင်က မီးရောင်တွေက ထိန်ထိန်ငြီးနေတယ် ဆိုပေမဲ့ ညကောင်းယံက မှောင်လိုက်တာဆိုတာ မဲနေတာပဲ ...။ အဲ့ဒီ ညအမှောင်နဲ့ နှင်းဖြူဖြူတွေဟာ သိပ်လိုက်ဖက်တာ ...ကိုယ်အဲ့ဒီညရဲ့ အလှကို ပီပီပြင်ပြင် စာမစီနိုင်ပေမဲ့ ကိုယ်တသက် အဲ့ဒီမြင်ကွင်းကို ဘယ်တော့မှ မမေ့ဘူး ဆိုတာတော့ သေချာတယ်.. ။ အဲ့ဒီနေ့က ...နှင်းတွေ အများမှ အများကြီး ပုံနေအောင်ကို ကျတာ .. ။ နှင်းထုကြီး သိပ်ထူလွန်းတဲ့ နေရာဆို ကိုယ့်ဒူးအထိတောင်မြှုပ်တယ် ။

နှင်း ဆိုတာကို ရုပ်ရှင်တွေ၊ စာအုပ်တွေထဲမှာသာ မြင်ဖူးခဲ့တာဆိုတော့ ကိုယ့်ဖြင့် မျက်စိရှေ့မှာ ရှိနေတဲ့ နှင်းဖြူဖြူမွမွလေးတွကိုကြည့်ပြီး သိပ်ပျော်နေမိတာပဲ ။ လက်နဲ့ထိထိကြည့်ရတာဆိုလဲ အမော... ။ ဆိုင်အပြင်ထွက်ပြီး ခပ်ကြာကြာနှင်းတွေကို မှင်သက်ပြီး ကြည့်မိနေတာတောင် အအေးဒဏ်ကို တဒင်္ဂတော့ မေ့နေမိတယ် ။ အလုပ်ချိန်ဆိုတာလဲ မေ့သွားတယ် ။ နှင်းဖြူဖြူလေးတွေကြားမှာ ခတ္တခဏပျော်ဝင်စီးမျောသွားတယ် ဆိုပါတော့ .. ။ အောက်ကပုံတွေက ကိုယ်မနှစ်က မှတ်တမ်းတင်မိတဲ့ ဆောင်းတွင်းပုံရိပ်တချို့ဆိုပါတော့ ...



ကိုယ်က ဓါတ်ပုံရိုက်ရတာကို ဝါသနာပါတယ် ဆိုပေမဲ့ အရင်ကဆို ကင်မရာကို ကိုယ်နှင့်မကွာ သိပ်ထားလေ့မရှိဘူး ။ သဘာဝအလှတရားကြီးကို ဘောင်ခတ်ရင် သိပ်ကျဉ်းသွားသလားလို့ .. ပြီးတော့ အသက်မဲ့သလိုများ ဖြစ်သွားသလားလို့လေ ။ နောက်ပြီး.. ကိုယ်ကိုယ်တိုင်ကလဲ အေးချမ်းသာယာ လှပတဲ့ မြင်ကွင်းတွေကို လတ်လတ်ဆတ်ဆတ်ပဲ နှလုံးသားနဲ့ တိုက်ရိုက် ပုံရိပ်ဖမ်းချင်ခဲ့မိတာ ။ အပြင်အဆင်မပါဘဲ အစိမ်းသက်သက် အလှတရားကိုပဲ တဝကြီးခံစားချင်ခဲ့မိတာ ။ပြီးတော့ ဓါတ်ပုံရိုက်ဖို့ထဲပဲ စိတ်ရောက်သွားရင် ကိုယ်ကိုယ်တိုင်လဲ မြင်ကွင်းတခုကို ဘောင်ထဲမှာပဲ ခံစားလို့ရတော့တာလေ..။ အဲ့ဒီဖီးလ်ကိုလည်း သိပ်မကြိုက်ဘူး ။ အဲ့တော့ ဓါတ်ပုံတွေသိပ်မရိုက်ဖြစ်ခဲ့ဘူး ဆိုပါတော့.. ။ ဒါပေမဲ့ ကိုယ်စဉ်းစားမိတယ် ... ။ ကိုယ်ခံစားမိတဲ့ သဘာဝအလှတရားတွေကို တခြားသူတွေလဲ ခံစားချင်မှာပဲလို့ လေ..။ ပြန်လည်းမျှဝေချင်လာမိတယ် ... ။ အဲ့ဒါကြောင့် ဓါတ်ပုံတွေရိုက်ဖြစ်လာတယ် ။ မှတ်တမ်းတခုအဖြစ်နဲ့လဲ ထားချင်လာတယ် ...။ ကိုယ်ဒီမနက်အလုပ်က ပြန်လာတော့ အဆောင်မြက်ခင်းပြင်မှာ ရေခဲမှုန်လေးတွေ သီးနေတဲ့ အပင်လေးတွေကို အမှတ်တရ မှတ်တမ်းတင်မိတယ် ...။



ကိုယ်ဒီမြို့မှာ နေရမဲ့ရက်က တဖြည်းဖြည်းနဲ့ ကုန်ခါနီးနေပြီလေ...
ကိုယ်က ဒီမြို့လေးရဲ့ အေးချမ်းမှုကိုချစ်တယ် ... ခပ်ဟောင်းဟောင်း အငွေ့အသက်တွေကို ချစ်တယ်... တောင်တန်းကြီးတွေကိုချစ်တယ် ... နှင်းပွင့်လေးတွေကိုချစ်တယ် ..ပြီးတော့ ...စနစ်တကျ စိုက်ပျိုးထားတဲ့ ပန်းခင်းကြီးတွေကို ချစ်သလို လမ်းဘေးမှာပေါက်နေတဲ့ အလေ့ကျပင်လေးတွေကိုလဲ ချစ်တယ် ..။ သဘာဝအလှတရားကပေးတဲ့ အလှတရားဟာ ဘာနဲ့မှကိုမတူဘူးနော် .. ။ စိတ်ကို သိပ်အေးချမ်းစေတာပဲ ။ ကိုယ့်ရဲ့ နှလုံးသားစာမျက်နှာကို ပရင့်ထုတ်ရင် ဒီမြို့ရဲ့ သိပ်လှ သိပ်သာယာတဲ့ မြင်ကွင်းရုပ်ပုံတွေ အများကြီးထွက်လာနိုင်တယ်...သိလား ။ ကိုယ်တင်စားတာ နဲနဲများမြန်းများ သွားပြီလားမသိနော် ..း) ဒါပေမဲ့ တကယ်ပါ ။ ကိုယ့်သူငယ်ချင်းကတော့ ကိုယ့်ကိုချီးမွမ်းသြဘာပေးရှာပါတယ် .. နင်က ခွေးသေးပန်းပင်တောင် လှတယ်လို့ ထင်နေတဲ့မိန်းမတဲ့ ...းD ..ဒါပေမဲ့ ကိုယ်ကျေနပ်ပါတယ် .. တကယ့်သဘာဝတရားကြီးရဲ့ အလှအပကို ခံစားနိုင်သူ ဖြစ်ရဖို့ လွယ်တာမှ မဟုတ်တာလေ .. နော့... ။
စာဖတ်သူတွေကိုလဲ အကြံပေးပါရစေ ..အလုပ်တွေနဲ့ သိပ်ရှုပ်လို့ မောပန်းနွမ်းနယ်နေရင် ... ကိုယ့်ပတ်ဝန်ကျင်မှာရှိတဲ့ ကိုယ်အမှတ်မထားမိတဲ့ သဘာဝပတ်ဝန်းကျင်ကြီးရဲ့ အလှတရားထဲမှာ တခဏလောက်ပဲဖြစ်ဖြစ် စီးမျှောကြည့်ပါလို့လေ....

ညီမလေး
၂၀၀၉.ဒီဇင်ဘာ.၈

Sunday, December 6, 2009

နောင်တကင်းရာသို့.......တဲ့..

ကိုယ်ဒီနေ့ စာအုပ်တအုပ် ဖတ်ဖြစ်တယ် ...ဆရာနန္ဒာသိန်းဇံရေးတဲ့ "နောင်တကင်းရာသို့..." တဲ့ ...
ကိုယ်ဒီရက်ပိုင်းတွေထဲမှာ ယောင်တောင်ပေါင်တောင်တွေ သိပ်များနေတယ် ။ စာလည်းလုပ်သလောက် ခရီးမပေါက်နေသလို ခံစားလာရတယ် ။ ဖြစ်မှာပေါ့ .. ဖိုရမ်မှာ စာဝင်ရေးလိုက် ၊ ဘလော့မှာ ကလိလိုက် ၊ ရုပ်ရှင်လေးကြည့်လိုက် နဲ့လုပ်နေတာကိုး...။ အဲ့တော့ ကိုယ့်စိတ်ကိုပြန်တည့်မတ်စေဖို့ ၊ စဉ်းစားနိုင်စေဖို့ အဲ့စာအုပ်လေးကို ကိုင်ဖြစ်လိုက်တယ် ။

တကယ်က အဲ့စာအုပ်လေးက လွန်ခဲ့တဲ့ တလတိတိကတည်းက ကိုယ့်အကို ပို့ထားပေးပါ ။ ကိုယ့်အကိုက " ညီမလေး နောင်တကင်းရာသို့ သွားနိုင်ဖို့ အထောက်အပံ့ ဖြစ်စေဖို့ " တဲ့ ။ ကိုယ်ပထမဆုံးတပုဒ် စဖတ်မိလိုက်တဲ့ အခါမှာပဲ သြော် ... ဒါကြောင့် နန္ဒာသိန်းဇံ ရယ်လို့ ဖြစ်နေတာကိုးလို့ ကိုယ်မှတ်ချက်ချမိတယ် ။ ကိုယ့်ကို သတိတရနဲ့ ဒီစာအုပ်လေး ဝယ်ထည့်လာပေးတဲ့ ကိုယ့်အကိုကိုလဲ ကျေးဇူးတင်မိတယ် ။ စာထဲက တချို့ဥပမာလေးတွေက ကိုယ်တို့တွေ ကြားဖူးနေကြ ပုံပြင်လေးတွေ ၊ ဇာတ်တော် ရိုးရိုးလေးတွေပါပဲ ။ ဒါပေမဲ့ ဆရာက ရှုထောင့်ပြောင်းပြီး တွေးပြ ရေးပြထားတော့ ဖတ်လို့ကောင်းတယ် ။

ပြီးတော့ စာအုပ်မှာသုံးတဲ့ ပန်းချီကိုလဲ ကိုယ်သိပ်သဘောကျတာပဲ ။ ပန်းချီက အညိုရောင်စုတ်ချက် ကြမ်းကြမ်းတွေပေါ်မှာ အဖြူရောင်ပန်းခက် ကလေးတွေ အမျိုးမျိုးနဲ့ပေါ့ ။ ပန်းချီအတွက်သုံးတဲ့ အရောင်ရွေးချယ်မှုနဲ့ ပတ်သက်ပြီး နေမျိုးဆေးက ဘယ်လိုပြောလဲ ဆိုတော့ " နောင်တဆိုတာ ကိုယ်လုပ်ခဲ့တဲ့ အမှားရဲ့ အကျိုးဆက်ဆိုတော့ မကောင်းတဲ့အရာပဲဆိုပြီး ညိုညိုမဲမဲ ခပ်ကြမ်းကြမ်း စုတ်ချက်တွေနဲ့ ရေးလိုက်ရင်ကောင်းမယ်ဆိုပြီး စဉ်းစားမိတယ် ။ နောက် ... ထပ်စဉ်းစားမိတာက ဘာပဲပြောပြော နောင်တဆိုတာ ကိုယ်အမှားလုပ်ခဲ့မိတာကို ပြန်ပြီး ဆင်ခြင် သတိကပ်တာလဲ ဖြစ်နိုင်တာပဲ ဆိုပြီး ကောင်းတဲ့ဘက်ကမြင်ပြီး အဲ့ဒီစုတ်ချက် မဲမဲတွေပေါ်မှာ အဖြူရောင်ပန်းခက်တွေ ဆွဲလိုက်မယ်လို့ စိတ်ကူးပြီး နောင်တကို ပုံဖော်လိုက်တာပါ " တဲ့...နေမျိုးဆေးပဲလေ နေမျိုးဆေးပဲ ဒီလိုပဲဖြစ်ရမှာပေါ့လို့ ကိုယ်ထပ်ပြီး မှတ်ချက်ပေးမိပါတယ် ။ စာအုပ်မျက်နှာဖုံးလေးက ဒီလိုလေး ...
ကိုယ် နေမျိုးဆေး ပြောထားတဲ့ ပန်းချီနှင့်ပတ်သက်၍ ကိုဖတ်ပြီး ကိုယ်လဲ ကိုယ့်သမိုင်းမှာ ညိုညိုမဲမဲ စုတ်ချက်ခပ်ကြမ်းကြမ်းကြီးတွေ ဆွဲတာ များမြန်းများနေပြီလားလို့ စိုးထိပ်လာမိတယ် ။ တတ်နိုင်သလောက်တော့ အဲ့ညိုညိုမဲမဲကြီးတွေကို မဆွဲချင်ပေါင်လေ .. နော့ ... ။ ညီမလေးမှ မဟုတ်ဘူး စာဖတ်သူအားလုံးကိုလဲ မဆွဲမိစေချင်ပါဘူး ။

အဲ့အတွက် ကိုယ် တော်တော်ကြိုက်မိတဲ့ ပထမဆုံးအပုဒ်ဖြစ်တဲ့ " ဇန်နဝါရီ " ဆိုတဲ့ အပုဒ်ကို အမြည်းနဲနဲတင်ပေးလိုက်မယ်နော် ... ဆရာ့ကိုခွင့်မတောင်းနိုင်တဲ့ အနေအထားမို့ ခွင့်ပြုချက်မရယူဘဲ တင်လိုက်ပေမဲ့ ဆရာနားလည်ပေးမယ် ထင်ပါတယ်နော် ။ ကိုယ်လဲ တပုဒ်ထဲပဲတင်မှာပါလေ ... ကျန်တာတွေတော့ စာအုပ်လေးကို ကိုင်ပြီး အေးအေးဆေးဆေးလေး တွေးရင်းနဲ့ ဖတ်စေချင်လို့ပါ ... ကိုယ်ကတော့ ဖတ်သင့်တဲ့ စာအုပ်တအုပ်လို့ထင်မိတာပဲ ... အားလုံးလဲ မြည်းစမ်းကြည့်ပါအုန်း ။












မကြာခင် ဇန်နဝါရီ ဝင်ပေါက်ကိုဆီကို လျှောက်ရတော့မှာမို့ ကိုယ်လဲ ဆရာပြောသလို နောင်တကင်းရာ အနာဂတ်နဲ့ ဆုံတွေ့ချင်သလို စာဖတ်သူအားလုံးကိုလဲ ဆုံတွေ့စေချင်လို့ပါ ။
တွေ့လဲ တွေ့ဆုံကြပါစေနော်။

ညီမလေး
၂၀၀၉.ဒီဇင်ဘာ.၆

Tuesday, December 1, 2009

ဒီဇင်ဘာ ပန်းချီကား

တိတ်တဆိတ်
ကျောခိုင်းသွားတဲ့ မီးခိုးမှုန်တွေရဲ့ ဒီဇင်ဘာက
ဆယ့်နှစ်နာရီ မိနစ် နှစ်ဆယ်

ခဏလေး တွေ့ကြဖို့
ခပ်ဝေးဝေး ကတည်းကလည်း စောင့်ခဲ့တယ်
ပါးပြင်ပေါ် ငါ့ ဝင်သက်လေး တစ်ရှိုက်စာ

ခုတော့...
ကိုယ်ငွေ့တို့ မနွေးထွေးလိုက်ခင် မိုင်တိုင် တွေထဲ
ခိုက်ခိုက်တုန်..။


ကူးလွေ့

22.12.06
Friday,December.

ဒီဇင်ဘာစစ်တမ်း

ဒီနေ့ ဒီဇင်ဘာ ၁ရက်နေ့နော် ။
အချိန်တွေကလဲ အကုန်မြန်လိုက်တာ...... ။ ဒီလိုနဲ့ပဲ နောက်တနှစ်ကူးပြန်အုန်းမယ်နော်..။ အသက်တွေလဲ တနှစ်ထပ်ကြီးရပြန်အုန်းမပေါ့လေ.. ။
အင်း...... အသက်ကတော့ ကြီးလာတဲ့ အမျိုးဆိုတော့ ကြီးလာမှာကို မစိုးရိမ်ပါဘူးလေ ။ တခုပါပဲ အဲ့လိုတဖြုတ်ဖြုတ်နဲ့ ကုန်သွားတဲ့ နှစ်တွေလတွေကို ကိုယ်ဘယ်လိုကုန်ဆုံးခဲ့သလဲ ဆိုတာတခုပါပဲ ။

ကိုယ်ဒီကိုရောက်တာ ၅နှစ်ပြည့်တော့မယ် ။ လွန်ခဲ့တဲ့ ၅နှစ်က ကိုယ်နဲ့ အခုလက်ရှိ ကိုယ် ဘာတွေ ကွာခြားသွားသလဲ ။ ဘာတွေတိုးတတ်ပြီး ဘာတွေဆုတ်ယုတ်သွားသလဲ ။ ဘယ်လိုနေရာတွေမှာ ရင့်ကျက်လာပြီး ဘယ်လိုနေရာနေမှာ စိတ်သဘောထားတွေ သေးသိမ်သွားသလဲ ။ ကိုယ်ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ကြည့်ချင်လာမိတယ် ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုပြန်သုံးသပ်တာကလဲ ကိုယ်ကိုယ်တိုင်ဆိုတော့ တခါတခါ ကိုယ့်လုပ်တာကို မှန်တယ်လို့ပဲ မြင်တတ်တဲ့အခါကလဲ ရှိသေးတော့ နဲနဲတော့ အန္တာရယ်များသား ဟီး..။ ဘာပဲပြောပြော အမှန်ကန်ဆုံး သုံးသပ်နိုင်အောင်တော့ အားထုတ်ထားပါတယ် ။

ဒီ၅နှစ်အတွင်း သေသေချာချာ ပြောနိုင်တာကတော့ ကိုယ်လူတွေအကြောင်းပိုသိလာတယ် ။ အဲ့တော့ လူတွေကို ပိုကြောက်လာတယ် ။ ပိုပြီးဝေးအောင်လဲ နေချင်လာတယ် ။ ကိုယ့်အဖော်ဟာ စာအုပ်တွေ၊ သီချင်းတွေပဲ ပိုပိုဖြစ်လာတတ်တယ် ။ ကိုယ်မဟုတ်တဲ့ အခြားတယောက်နဲ့ စကားမပြောဖြစ်တဲ့ အဆက်အဆံ မရှိတဲ့ အခါတွေတောင်ရှိတယ် ။ ဒါပေမဲ့ ကိုယ်ကျေနပ်နေမိတယ် ။ အေးချမ်းတယ်လို့လဲ ခံစားနေမိတယ် ။ ကိုယ်ဒီနှစ်ပိုင်းမှာ ရုပ်ဝါဒထက် စိတ်ဝါဒကိုလဲ ပိုဦးစားပေး စဉ်းစားဖြစ်နေတာလဲ သေချာတယ် ။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေ တိုးတတ်သလောက် စိတ်ဓါတ်ပိုင်းဆိုင်ရာတွေက ဆန့်ကျင်ဘက် လာရားကိုထိုးဆင်းနေတဲ့ လူ့ဘောင်ကြီးထဲမှာ ချောင်ပတ်မိနေတာကြောင့်လား မသိပါဘူးလေ။ အဲ... ဒါမှမဟုတ်ရင် .... အသက်ကြောင့်လား ။

အင်း.... အသက်ကြောင့်လဲ ဟုတ်ဟန်မတူပါဘူး ။ ကိုယ်ချစ်ရတဲ့ မိသားစု ၊ သူငယ်ချင်းတွေ.... သူတို့နဲ့ တွေ့တဲ့အခါကျလဲ ကိုယ်က အရင်အတိုင်းပဲ ဆိုးတုန်းနွဲ့တုန်းချွဲလို့လဲ ကောင်းနေတုန်းပါပဲ ။ ကိုယ့်အသက်တောင် ကိုယ်သတိမရဘူးပဲ အဲ့လိုအချိန်တွေဆို... ဟီးး။ စိတ်ကလဲ အရင်ကထက်တောင် မြန်ချင် ဆတ်ချင်နေသလိုပဲ ။ ဘယ်အရာမဆို အတိအကျ လုပ်ချင်တဲ့ စိတ် ၊ အတိမ်းအစောင်းမခံချင်တဲ့ စိတ်ကလဲ အရင်အတိုင်းပါပဲ ။အဲ့ဒါက မကောင်းတဲ့ အချက်ပဲနော်။ ဒါပေမဲ့ နဲနဲတော့ စိတ်ပိုရှည်အောင် အားထုတ်လာတယ် ။ အခြေအနေတွေကို အရှိအရှိအတိုင်း လက်ခံလာနိုင်အောင်လဲ ကြိုးစားနေမိပါတယ် ။ ဒါပေမဲ့ ဒေါသထွက်လွယ်တာ ၊ သူများတွေကို စိတ်တိုင်းမကျတတ်တာ ကတော့ သိပ်မလျှော့သွားသလိုပဲ ။ အဲ့ဒါမကောင်းဘူးနော် ။ ဟုတ်တယ် ... အဲ့၂ခုလုံး တခုမှမကောင်းဘူးး( ။

ကိုယ့်အကိုကပြောဖူးတယ် .... စကားပြောတော့မယ်ဆိုရင် ကိုယ့်စိတ်တွေကိုလျှော့ထားတဲ့ ပြီးတော့ အတတ်နိုင်ဆုံး လိုက်လျှောနိုင်အောင် ကြိုးစားတဲ့ ။ အဲ့လိုဖြစ်နိုင်ရင်တော့ အကောင်းဆုံးပဲပေါ့နော် ။ ဒါပေမဲ့ ကိုယ်က စိတ်သိပ်မြန်တယ် ။ တခုခုဆို ပြောမိသွားပြီးပြီ ။ ဒေါသက ဖြစ်လိုက်မိသွားပြီ ။ ပြောလိုက်မိရင်လဲ တုတ်ထိုးအိုးပေါက်ပဲ ။ ကိုယ့်က အမှန်ဘက်ကဆိုပေမဲ့ အပြောအဆို မညက်ညောတော့ ဘယ်နားခံသာမလဲနော် ။ ကိုယ်တော်တော်လိုသေးတာပါလားနော် ။ တကယ်တမ်းအဲ့လိုဖြစ်ရင် တဖက်လူတော့ မသိဘူး ကိုယ်တော့ နွမ်းပြီးကျန်ခဲ့တာပဲ ။ တခါက ကိုယ်မားမားကို ဒေါသနဲ့ စကားပြန်ပြောလိုက်မိတယ် ။ ပြီးမှ ကိုယ်အဲ့တညလုံး အိပ်လို့ကိုမရဘူး ။ ကိုယ်ပြောလိုက်မိတဲ့ ဒေါသပါတဲ့ စကားအတွက် ကိုယ်တညလုံး နောင်တရပြီး ငိုနေမိတယ် ။ အဲ့လိုအဖြစ်မျိုးထပ်ဖြစ်မှာ ကိုယ်သိပ်ကြောက်တာ ။ အထူးသဖြင့် ကိုယ်သိပ်ချစ်တဲ့ ပါးပါးမားမားပေါ်မှာပေါ့ ။ အဲ့နောက်တော့ ကိုယ်အိမ်ကိုဖုန်းဆက်ရင် အမြဲ ကိုယ့်စိတ်တွေကို ဟိုးးးးအောက်ဆုံးထိချထားပါတယ် ။ ကိုယ့်အကိုပြောသလို အတတ်နိုင်ဆုံး သူတို့ဆန္ဒကို လိုက်လျှောနိုင်အောင်ကြိုးစားပါတယ် ။ ဒါပေမဲ့ တခြားသူတွေနဲ့ကျ အဲ့လောက်ထိ မချနိုင်သေးပြန်ဘူး ။ ပြောသာပြောတာပါ တခြားသူတွေနဲ့က ဒေါသဖြစ်စရာလဲ သိပ်မရှိပါဘူး ။ မရှိဆို ကိုယ်ကအမြဲ တပွေထဲပဲလိမ့်နေတာကိုး ဟီးး... ။ တလက်စတည်း ကိုယ် အပေါင်းအသင်းညံ့တယ် ဆိုတာလဲ ဝန်ခံချင်ပါသေးတယ် ။ ကိုယ်က ခင်မိတဲ့သူဆိုရင်တော့ အဆုံးပဲ ။ ဒါပေမဲ့ တော်တော်နဲ့လဲ သူငယ်ချင်းရခဲတယ် ။ ကိုယ်က ဟန်တွေ ပန်တွေနဲ့ ရှုပ်ရှုပ်ရှက်ရှက်တွေ လုပ်ရတာလဲ မကြိုက်ပြန်ဘူးဆိုတော့ အပိုလုပ်သမားတွေနဲ့ကိုယ်နဲ့လဲ မကိုက်ပြန်ဘူး ။ လူတွေအကြောင်း လိုတာထက် ပိုစိတ်ဝင်စား တဲ့သူဆိုလဲ မဖြစ်ပြန်ဘူး ။ အဲ့ဒါဟာ ကောင်းသောအားနည်းခြင်းလား မကောင်းသောအားနည်းခြင်းလားလဲ တော့ကိုယ်မသိဘူး ။ အဲ့ဒီအချက်က မကောင်းသော အားနည်းခြင်း ဆိုရင်တောင် ကိုယ်ဒီလိုပဲ ထားမိမယ်ထင်တယ် ။ မပြင်လဲမပြင်ချင်နေမိဘူး...

ပြီးတော့ သူများတွေကို စိတ်တိုင်းမကျတတ်တဲ့ ကိုယ့်ကို ကိုယ့်အကိုကပြောသေးတယ် ။ သူများတွေဆိုတော့ သူများတွေလောက်ပေါ့တဲ့ နေရာတကာ ကိုယ့်စံနဲ့တော့ ဘယ်တိုင်းလို့ရမလဲတဲ့ ။ အဲ့ဒါလဲ ဟုတ်တာပဲနော်။ ကိုယ်မမှီနိုင်တဲ့ သူတို့စံတွေလဲ သူတို့မှာရှိမှာပဲလေနော် ။ ပြီးတော့ ကိုယ်လဲ ဘာမှမယ်မယ်ရရ ဟုတ်တဲ့သူမှ မဟုတ်တာကို ဘာလို့ ကိုယ့်စံနဲ့ တိုင်းချင်ရပါလိမ့်နော် ။ ကိုယ်ပြင်ရမှာတွေ အများကြီးကျန်ပါသေးလားနော်.... ဟူးးးးး........ ကိုယ်စာတွေအများကြီးဖတ်သင့်တယ် ၊ လိုက်နာဆောင်ရွက်နိုင်အောင်လဲ ကြိုးစားသင့်တယ်လို့ ကိုယ့်ကိုယ်လဲ ကျပ်ကျပ် ဆုံးမရအုန်းမယ် ။ အရင်ကထက် စာလေးလေးတွေ ပိုဖတ်ဖြစ်လာတာတော့ သေချာပါတယ် ။ ဘာတွေလုပ်သင့်တယ်ဆိုတာ ပိုသိလာပေမဲ့ လိုက်နာဆောင်ရွက်မှုတွေနည်းနေသေးတယ်.......

ဒီလိုနဲ့ပဲ ၂၀၀၉ကို ကုန်ဆုံးစေမလားလို့ တွေးမိရင်......
ကိုယ်၂၀၀၉ကို သေသေချာချာလေး နဲ့ အကောင်းဆုံးလေး ကုန်ဆုံးချင်လိုက်တာ..။ အင်း .. ပြောသာပြောတာပါလေ အဲ့ဒါလဲကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်လေ ။ စာရေးဆရာကျော်ဝင်းပြောသလိုပေါ့ ...

" စိုက်တာကို ရိတ်တာပဲ ၊
ဟို-လယ်တွေကိုကြည့်.....၊
နှမ်းဟာ နှမ်း ၊ စပါးဟာ စပါး ၊
ဆိတ်ငြိမ်မှု နဲ့ အမှောင်ထုတို့ သိရဲ့..... ။ " တဲ့ ....

ဘာရယ်မဟုတ်ပါဘူး .... ဒီဇင်ဘာဆိုတာ နှစ်တနှစ်ရဲ့ အဆုံးလ ဆိုတော့ ဒီနှစ်ကို ကိုယ်ဘယ်လို ကုန်ဆုံးစေခဲ့သလဲ ဆိုတာလေးကို သုံးသပ်ကြည့်မိတာပါ ။ အဖြေကတော့ " လိုသေးတယ် " တဲ့ ... ။ ကြိုးစားရပါအုန်းမည်ပေါ့ ....။
ညီမလေးလဲ ဒီ ဒီဇင်ဘာကို အကောင်းဆုံး ဒီဇင်ဘာ ဖြစ်အောင် လုပ်မယ်နော် ။
စာဖတ်သူများအားလုံးအတွက်လဲ ကောင်းသောဒီဇင်ဘာ ဖြစ်ကြပါစေ ။
နောက်တနှစ်ကို လှလှပပလေး ကူးပြောင်းသွားနိုင်တဲ့ ဒီဇင်ဘာလဲ ဖြစ်ပါစေနော် ။


ညီမလေး
၂၀၀၉.ဒီဇင်ဘာ.၁