Sunday, February 21, 2010

အချစ်


အချစ်....
ဘာလဲ ???
ဘယ်လဲ ???

နက်နက်ကြီးလဲ မတွေးဖူးပါဘူး ။
အကြီးကြီးလဲ မသိပါဘူး ။

အဲ.... မြင်ရသမျှ ပြောရရင်တော့ ...
ချစ်လိုက်ကျ ၊ ကြိုက်လိုက်ကျ
ကွဲလိုက်ကျ ၊ ပြဲလိုက်ကျ ။

ဒါပေမဲ့ ....
သေချာတာတခုကတော့
မသေချာခြင်းတွေထဲမှာ" သူ " လဲပါတယ် ဆိုတာပါပဲ ။


ညီမလေး
၂၀၀၉.ဖေဖော်ဝါရီ.၂၁

စာကြွင်း ။ ။ အချစ်အတွက် အနည်းငယ် ဗျာများနေသော သူငယ်ချင်းလေး အတွက်ပါ ။
ပုံကတော့ ဂူဂယ် ကပါ။ ကိုလင်းညို ကိုအားကျလို့ပုံရှာထည့်ကြည့်တား ) ။

Friday, February 19, 2010

လွတ်လပ်ခြင်း



တစ်နေ့သား...မှာဗျာ။မိဘတွေရဲ့ တင်းကျပ်တဲ့ စည်းကမ်းအောက်မှာ နေရတဲ့ သူငယ်ချင်း တစ်ယောက်နဲ့တွေ့တဲ့အခိုက်မှာ သူ့ရင်ထဲက သူတောင့်တ ငတ်မွတ်တဲ့ လွတ်လပ်တဲ့ ရှင်သန်ခြင်းအကြောင်း စကားစမြည်ပြောဖြစ်ကြပါတယ်။သူ့စိတ်ကူး...သူ့ဆန္ဒလေး ထဲက လွတ်လပ်မှု မှာ  အဆိပ်အတောက် ဖြစ်စေနေတဲ့ အကြောင်းအရာလေးတွေကတဆင့် ကျွန်တော် တွေးမိတဲ့ လွတ်လပ်ခြင်းပါ။  လွတ်လပ်စွာ ကွဲလွဲ နိုင်ကြပါတယ် ခင်ဗျား။


လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်၊ ဆန့်ကျင်ခွင့်၊ ရေးသားခွင့်၊ ဝတ်ဆင်ခွင့်စတဲ့ လူတစ်ယောက်ရဲ့ လွတ်လပ်စွာ လုပ်ကိုင်နိုင်မှု၊ဖြစ်တည်ခွင့် ရှိမှု ကို တန်ဖိုးထား အသားပေးတဲ့ ကိစ္စရပ်ဟာ ကမ္ဘာကြီးကို တစ်ကယ် အကျိုး ပြုနိုင်ပါရဲ့လား? ကျွန်တော်တို့ လူတွေဆိုတာ တစ်ကယ်ပဲ လွတ်လပ်စွာဖော်ထုတ် လုပ်ကိုင်နိုင်ခွင့် ရှိသင့်သလား?လွတ်လပ်စွာ ပြောကြ၊လုပ်ကြ၊ဝတ်ကြ၊ ဖန်တီးကြ၊ နေထိုင်ကြခြင်းအားဖြင့် မျှတ ညီညွတ်တဲ့ ကမ္ဘာကြီး တစ်ခု ကို တည်ဆောက်ယူနိုင် ကြပါ့မလား...?လူတွေရဲ့ အကန့် အသတ်မရှိတဲ့ ဆန္ဒ အကွဲအလွဲတွေကို လွတ်လပ်မှု ပေးလိုက်ခြင်းအားဖြင့်...ဘာတွေ ပိုပြီး တိုးတက် လာမလဲ? 

လူတွေ ရဲ့ အတိုင်း အဆမဲ့ လွတ်လပ်ခြင်းဟာ ကမ္ဘာကြီးကို အမြဲ ငြိမ်းချမ်း ညီညွတ်စေနိုင်လိမ့်မယ် လို့ ကျွန်တော်က တော့ မယုံကြည်ဘူး။  တစ်ခါတစ်ရံ ကိုယ့် လွတ်လပ်မှုဟာ တစ်ပါးသူကို ကန့်သတ် ကျဉ်းကျုံ့စေတတ်ပါတယ်။ဒါပေမယ့် လူတိုင်းက ဒါကို မေ့လျော့ ထားလေ့ ရှိကြပါတယ်။
စည်းနဲ့ကမ်းနဲ့ လွတ်လပ်နိုင်မှ တန်ဖိုးရှိတာပါ ။ စည်းမရှိ ကမ်းမရှိ ပရမ်းပတာ လွတ်လပ်တာဟာ ကိုယ့်ရဲ့ တန်ဖိုးကိုလဲ ကျစေသလို ပတ်ဝန်ကျင်ကို အနှောက်အယှက် ဖြစ်စေပါတယ် ။ လွတ်လပ်မှု နဲ့ အတူ တာဝန်ယူတတ်မှု ဆိုတာလဲ ဒွန်တွဲပါနေပါတယ် ဆိုတာကိုလဲ မမေ့သင့်ကြဘူး ။ လွတ်လပ်မှု ဆိုတာကြီးကိုပဲ တွင်တွင်သုံးသုံးပြီး ကိုယ့်လုပ်ရပ်ရဲ့ ဖြစ်မှုပျက်မှု အပေါင်းကို တာဝန်မယူနိုင်ပြန်ရင်လဲ အဲဒီ လွတ်လပ်မှု ဆိုတာကြီးက တကယ် အဓိပ္ပာယ် ရှိပါဦးတော့မလား   ။

တစ်ချို့နေရာတွေမှာ လွတ်လပ်ခွင့် ကို ဆုပ်ကိုင်ထားတဲ့ အတွက် ၊ လွတ်လပ်မှုကို ငဲ့ညှာရတဲ့အတွက် သူ့ဆီက လာတဲ့  ချိန်းခြောက်မှုကို  ထိထိရောက်ရောက် ပြေလည်အောင် မဖြေရှင်းနိုင်ကြတာမျိုးတွေ ရှိတယ်။
ပြောရမယ်  ဆိုရင်တော့...လူတွေရဲ့လွတ်လပ်ခွင့် ကို အတိုင်းအတာတစ်ခုအထိသာ ထိန်းချုပ်ကန့်သတ်မထားခဲ့ရင် ကမ္ဘာကြီးဟာ ဒီနေ့ဒီချိန် ထိ အေးချမ်း နေလိမ့်မယ်လို့ မထင်မိဘူး။အဲ....တခုပဲ အဲ့ဒီလွတ်လပ်မှုကို ထိန်းချုပ်ပဲ့ကိုင်ပေးတဲ့  ကန့်သတ်ချက်ဟာ မှန်ကန် တိကျတဲ့ ကန်သတ်ချက် ( ဥပဒေ ) ဖြစ်ဖို့တော့ လိုတာပေါ့  ။

 
လွတ်လပ်မှု ဟာ မကောင်းဘူးလို့ ကျွန်တော် မပြောလိုပါဘူး။ လွတ်လပ်မှုကနေ တိုးတက် ဖြစ်ထွန်းမှုတွေ အများကြီး သီးပွင့်လာခဲ့သလို လွပ်လပ်မှုကနေ အဆိုး၊အပျက် ဘက်ဦးတည်တဲ့ အကြောင်းတရားတွေလည်း တပြိုင်နက် ရောယှက် ပါဝင်လာတာ ပဲ မဟုတ်လား။နောက်တစ်ချက်က အတိုင်း အဆမဲ့ လွတ်လပ်ခြင်း ဟာ လူတွေရဲ့ နဂိုရ် ရှိရင်းစွဲ အရိုင်းစိတ်ကို ပိုပြီး နိုးကြား စေတယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ဥပမာ ရှိုးပွဲတွေမှာ ကချင် ခုန်ချင် စိတ်ကို လွှတ်ပေးလိုက်တဲ့အခါ မျိုး။

ကမ္ဘာမှာ ထင်ရှားတဲ့ ပညာရှင်ကြီးတွေနဲ့ ပညာရပ်တွေဟာ လွတ်လပ်စွာတွေးခေါ် မှုကြောင့်သာ ဖြစ်ထွန်းပေါ်ပေါက်လာခဲ့တယ်လို့ စောဒက တက်ကောင်း တက် နိုင်ပါတယ်။ သို့ပေမယ့် သူတို့ ရဲ့ လွတ်လပ်စွာ တွေးခေါ်မှုကို သူတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်က သာ ကန့်သတ်ထိန်းချုပ်မထားခဲ့ရင် ပေါ်ပေါက်လာနိုင်စရာ မရှိပါဘူး။
 ဒီနေရာမှာ ကျွန်တော် ဥပမာ တွေ အများကြီး မပေးလိုပါဘူး...။ ထင်သာ မြင်သာ တဲ့ အကောင်းအဆိုး လေးတွေ ပတ်ဝန်းကျင်မှာ အနီးအနားမှာပဲ ဖြစ်ပျက်နေကြတာ အလွယ်တကူ မြင်တွေ့နေနိုင်ပြီးသားဖြစ်ကြမှာပါ။အရေးကြီးတာဟာ ကိုယ့်လွတ်လပ်မှု ကို ကိုယ့်ဘာသာ တန်ဖိုး ထား တာဝန်ယူစိတ်ရှိကြဖို့ပါ။ကျွန်ေ တ်ာတို့ဟာ ကိုယ့်လွတ်လပ်မှုကို တန်ဖိုးထားသလို သူတစ်ပါး လွတ်လပ်မှုကိုလည်း တန်ဖိုးထား လေးစားရပါမယ်။ ခက်တာက လူတွေဟာ လွတ်လပ်မှုကို အတိုင်းအဆမဲ့ အာသာငမ်းငမ်း ငတ်မွတ်တောင့်တကြပေမယ့် ကိုယ့်လွတ်လပ်မှုကြောင့် ဖြစ်လာနိုင်တဲ့ အဆိပ်အတောက်တွေကို တာဝန်ယူကာကွယ်ဖို့ ထိထိရောက်ရောက်စဉ်းစားထားကြဟန်တော့ မရဘူး။

ကူးလွေ့
19.02.2010
Friday,February.

***ဒီစာစုလေးဖြစ်မြောက်အောင် ဖြည့်စွက် အကြံဥာဏ်ပေးခဲ့တဲ့ ညီမလေးကို အထူးပဲ ကျေးဇူးတင်ရှိကြောင်းပါ။***

Thursday, February 18, 2010

နေထွက်ချိန်

ရိုက်ချက်တွေကပြင်းထန်တယ်..
...
ကရော်ကမယ် အိမ်ငယ်လေးထဲပုန်းခိုရင်း.....
ငါ့မျက်ရည်တွေ ရွာသွန်းဖြိုး...........

ကြည့်နေလဲ မြင်ဖို့ခက်တဲ့......
မနေ့ကလို ရယ်သံမျိုးတွေ.........
ရေညှိတက်ရင်ဘတ်ပေါ်ကို......
စကားလုံးတွေနဲ့ ထုတ်ချင်းခတ်.........
အဲဒီညက ငါအိပ်ပျော်ရဲ့လား....

ရေစီးကမ်းပြို သွန်ထုတ်လိုက်တာတွေ......
အိပ်မက်ကို ပြန်ခြောက်လှန့်ဖို့ဆို......
ဘာလို့များတို့တွေ တေ့ဆိုင်နေတော့မလဲ.........
ခူးပီးမှ အသီးနုတဲ့....
ဘဝရဲ့ထေ့လုံးအောက်မှာ..........
မတောင်းလဲ ပေးပေးနေမိတယ်....။

ဟုတ်ရဲ့လား.........
သံသယတွေက ပြန်ပြန်ချည်တယ်.........
ညိုတိုင်းလဲ ရွာနိုင်ခဲလွန်း........
အဲဒီပန်းတွေ ပွင့်ချိန်ထိအောင် .........
ငါ့ရင်ခွင် နေရာကျန်ပါ့မလား.........
မတောင်းပဲနဲ့ ပြည့်တဲ့ဆုဆိုတာ ...........
မျှော်လင့်ချက်ကို ခုတုံးလုပ်ဖို့တဲ့လား...........။

အရာရာကို အရှုံးပေးပီးပါမှ.......
နှုတ်ထွက်ဖို့ တောင်းဆိုတတ်တယ်....
ချိမ့်ချိမ့်သဲ ကြီးမြတ်မှုမှာ........
ရိုးမြေကျ နားလည်မှုတွေနဲ့............
ကြွေကျတဲ့ထန်းသီးအကြောင်း........
စကားလုံးတွေ ဆွံ့အလောက်တဲ့အထိ........
တိုက်ဆိုင်မှုက ဘဝကို စိန်ခေါ်.........။

ပေးသူနဲ့ ယူသူ...
ဘယ်သူက အားသာနေတာလဲ......
ချိန်ခွင်ကို လျှာထိုးညှိချိန်တော့.........
အသစ်ရောက်တဲ့မနက်ကို မြင်တယ်......
နေဘယ်ကထွက်တာလဲ....................?

တဒင်္ဂများ


ကံကြမ္မာရေစက်တို့
ရုတ်တရက်
ခလုတ်တိုက်မိတဲ့ တဒင်္ဂ

အမှတ်မထင်
တွေ့ကြ ဆုံကြ
ခင်မင် ရင်းနှီးကြ

အမှတ်မထင်ပါပဲ
ကွဲကြ ကွာကြ
စွန့်ကြ ခွာကြ

အဲဒီ အမှတ်မထင်လေးတွေကပဲ
မှတ်မှတ်ထင်ထင် မှတ်ကျောက် တင်နိုင်ခဲ့တာလေးတွေလဲရှိရဲ့
ဝေေ၀၀ါးဝါး မေ့မေ့ပျောက်ပျောက်နဲ့ အငွေပျံသွားကြတာလေးတွေလဲရှိရဲ့......
....................
....................

ညီမလေး
၂၀၀၉.သြဂုတ်.၁၀

Monday, February 15, 2010

အတွေး

ဘာလိုလိုနဲ့ ဆောင်းကုန်တော့ပြန်အုန်းမယ် ။ နွေဦးရဲ့ သင်္ကေတဖြစ်တဲ့ ချယ်ရီပင်တွေမှာလဲ အဖူးလေးတွေ စီလို့ ... ။ မကြာခင် နွေဦးဝင်လို့ ချယ်ရီတွေလည်း ပွင့်ပြန်အုန်းမယ်ပေါ့လေ ... ။ နှင်းပွင့်လေးတွေကတော့ ဌာနေကို ပြန်ရတော့မပေါ့ ။ ဒီလိုနဲ့ပဲ အချိန်တွေက တရွေ့ရွေ့နဲ့ တစတစနဲ့ တိုက်စားကုန်ဆုံးနေရှာပါလား ။ အချိန်ရဲ့ တိုက်စားမှုကို ဒီနှစ်ပိုင်းတွေမှာ ကိုယ်ပိုပိုပြီးခံစားလာရတယ်ဆိုတာ ကိုယ့်ကိုယ့်ကိုလဲ သိတော့သိနေတယ် ။ အမြဲတမ်းပြောင်းလဲရွေ့လျားနေတာကိုက ဘဝရဲ့ သရုပ်သကန်လေလားမသိနော် ။ အဲ့လိုသာမှန်ခဲ့ရင် အဲ့ဒီ ပြောင်းလဲခြင်း ပြတ်ရွေ့ကြောင်း စုတ်ချက်က ကျတဲ့ ဆေးစက်ကို ကိုယ် သရုပ်သကန်မှန်ကန်စွာကော ပုံဖော်မိခဲ့နိုင်ပြီလား ။ ဇာတ်လမ်းက ဒီမှာတင်ပဲ စတော့လေသည် ။ တောင်စဉ်ရေမရ ထုတ်မိသည့် အတွေးတစက အဆုံးမရှိ ဆက်ပါလေတော့သည် .... ။

ဟုတ်တယ် .. အခုလဲ ကြည့်လေ... လေးနှစ်ဆိုတဲ့ အချိန်ဟာ ဘာမှမဟုတ်လိုက်သလိုပဲ ။ အဲ့လိုနဲ့ပဲ ထုလိုက်ဆစ်လိုက်မိပြန်ပေါ့ ဘဝရဲ့ အချိုးအဆစ်တခု ။ မှတ်တိုင်တခု ။ ဟူး.....ကိုယ်ဘွဲ့တခုယူရပြန်အုန်းတော့မှာပါလားဆိုတဲ့ အတွေးက ကိုယ့်ကို ဂုဏ်ယူဝင့်ကြွားစေဖို့ထက် တာဝန်တွေ ပိုတိုးပေးလိုက်သလိုပါပဲ ။ အဲ့လေးနှစ်အတွင်း ဘာတွေများလုပ်နိုင်ခဲ့သလဲ ။ ဘာတွေကော လုပ်ခဲ့သလဲ ။ ကုန်ဆုံးသွားတဲ့ အချိန်တွေနဲ့ ညီမျှတာကော ကိုယ်ပြန်ရလိုက်အောင် လုပ်နိုင်ခဲ့ရဲ့လား ။ အတွေးပေါင်း တသောင်းက ကိုယ့်ကို မငြင်မသာစွာပဲ ထိုးနှက်နှိပ်စက်နေကြတယ် ။

စာရွက်လိပ်ကလေးတလိပ် ပိုလာတာကလွဲလို့ ဘာမှဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ခဲ့ဘူးများလားဆိုတဲ့ အတွေးက ရုတ်တရက် ခေါင်းထဲရောက်လာတော့ ခပ်မြန်မြန်ပါဘဲ ကိုယ်ခေါင်းတခါခါ လည်တခါခါလုပ်လိုက်မိတယ် ။ ဝင်လာတဲ့ အတွေးကို မောင်းထုတ်ပစ်ဖို့လား ဒါမှမဟုတ် ကိုယ့်ကိုယ်ကို စိတ်ကုန်ပြီး ခေါင်းခါလိုက်မိတာလား တခုခုတော့ တခုခုပါပဲ .. ။ ဒါပေမဲ့ သေချာတာကတော့ လူကနူံးချိသွားတယ် ။ အားတွေအင်တွေလဲ ကုန်လို့ ခမ်းလို့ ။ ပြန်ပြင်မရပေမဲ့လည်း အလုပ်မလုပ်ဘဲ ကျောင်းဆက်တတ်ဖို့ လုပ်လိုက်တာ မှားများသွားပလားလို့ နောင်တရနေသလိုလို မျက်နှာပေးလေးနဲ့ ခပ်ငေါင်ငေါင် တွေတွေလေးလည်း ထိုင်နေလိုက်မိသေးတယ် ။ ငေါင်နေလို့များ အတွေးတွေက ထင်တိုင်းကြဲ ရောက်ချင်ရာရောက်နေသလား မသိပေါင် ။ ကိုယ်ထပ်စဉ်းစားမိပြန်ပါတယ်။

ကိုယ့်တို့မှာ ကျောင်းမတတ်ခင်ကလည်း ကျောင်းတတ်ရအောင် လုပ်လိုက်ရတာ ဖတ်ဖတ်မော ။ ဟော...တတ်ရတော့လည်း လုပ်လိုက်ရတဲ့စာ .. ။ ပြီးပြန်တော့လည်း ပြီးပြန်လို့ အလုပ်လုပ်မလား ၊ ကျောင်းဆက်တတ်ရမလားနဲ့ ဗျာတွေများ ။ ပညာလည်း သင်ရတုန်းမို့ ဆက်လည်းသင်ချင် ၊ ဒီအရွယ်ထိ အလုပ်လက်မဲ့ ကျလဲ ဘဝအတွက် မဟန်ပြန်တော့ အလုပ်ကလဲလုပ်ချင် ။ တယောက်ထဲကို ယောက်ယက်ခတ်နေတာပဲ ။
ကိုယ်တို့တွေ တနေ့နေ့ ကိုယ်တို့ ဝမ်းဗိုက်ထဲကို ဖြည့်တင်းတဲ့ အစာတွေတောင် ပုံမှန်အချိန်မှန် ပြန်မစွန့်ထုတ်နိုင်ရင် ကိုယ်တို့ ခန္ဓာကိုယ်ကြီးကမအီမသာကြီးလေ ။ ခု ကိုယ်ကော .. ဘယ်လိုလဲ ??? သွင်းတာတွေသိပ်များပြီး အထွက်မရှိတဲ့ ကိုယ့်ခေါင်းကြီးလဲ မအီမသာကြီးနဲ့ လေးလံနေပြီလား ??? ပုတ်ပွ ပျက်စီးယို့ယွင်းနေပြီလား ??? ကိုယ့်ဦးနှောက်ထဲက အကန့်တွေ သံချေးတွေများ တတ်ကုန်ပြီးလား ။ ကိုယ်ခေါင်းတွေ ဆက်တိုက်ပဲ ခါနေမိတယ် .. ဘာ့အတွက်လဲ ဘာကြောင့်လဲ ဆိုတာ ကိုယ့်ဟာကိုလဲ မရေရာဘူး ။ နောက်ပြီး ဘာ့အတွက်ကျောင်းဆက်တတ်ချင်တာလဲ ဆိုတဲ့ သိပြီးသား၊ရှိပြီးသား အဖြေကိုလဲ ခဏခဏထုတ်ပြီး ကိုယ့်ကို ချောင်ပိတ်နေစေတဲ့ ကိုယ့်ဦးနှောက်ကိုလဲ ခပ်ဆတ်ဆတ်လေးရိုက်ပြီး ထပ်မမေးနဲ့ သေချာမှတ်လို့ နောင်ကျင်အောင် ဆုံးမချင်တယ် ။ အဲ့ဒီအတွေးနဲ့ အမေးက ယုံကြည်ချက်တွေနဲ့ လျှောက်နေတဲ့ ကိုယ့်ခြေလှမ်းတွေကို တခါတခါ ယိုင်နဲ့သွားအောင် ချောင်းရိုက်ဖို့ကြိုးစားတဲ့ တုတ်တံတွေ ဖြစ်တတ်လွန်းလို့ပါ ။

ကိုယ့်သူငယ်ချင်းတွေကတော့ ပြောကြပါတယ် ။ " အလုပ်လုပ်မှ အထွက်ရှိတာမဟုတ်ပါဘူး ။ ပညာသင်နေတယ်ဆိုတာလဲ အရင်သွင်းထားတာတွေကို ထပ်လောင်းပုံသွင်းထုတ်လုပ်တာမို့ အဲ့ဒါလဲ ထွက်ကုန်တမျိုးပါပဲ " တဲ့ ။ ကိုယ်စိတ်မပျက်အောင် အားပေးတာများလား ။ ပြီးတော့ အလုပ်လုပ်နေတဲ့ ကိုယ့်သူငယ်ချင်းတွေက အလုပ်လုပ်ရတာ ဘယ်လိုပင်ပန်းကြောင်း ၊ ဘယ်လိုစိတ်တွေ ညောင်းညာကြောင်း ငြီးပြလိုက်ကြတာ ဆိုတာလဲ ချူသံကိုပါလို့ ။ ပြောကြသေးတယ် " ကျောင်းသူပဲလုပ်စမ်းပါ ။ ပညာသင်ဖို့ အခွင့်အရေးရတာ နည်းတဲ့ ပါရမီမဟုတ်ဘူး " တဲ့ ။ ကိုယ်အားတတ်လိုက်ရမလား မတွေးတတ်တော့ပါ ။

ကျောင်းဆက်တတ်ရမဲ့ ကိုယ်ကလဲ အလုပ်လေးအကိုင်လေးနဲ့ အိနြေ္ဒရရ နေရတာ ဘယ်လောက်ကောင်းသလဲလို့ ကိုယ့်မှာမရှိတဲ့ အချက်ကို အားကျစွာနဲ့ပေါ့ ။ အလုပ်လုပ်နေကြတဲ့ ကိုယ့်သူငယ်ချင်းတွေကျလဲ ကျောင်းသူမကြီးကိုယ့်ကို အားကျလို့ ။ လူဆိုတဲ့ သတ္တဝါကို အဲ့လိုဟာမျိုးထင်ပါရဲ့ ။ ကိုယ့်မှာရှိတာထက် သူများမှာရှိတာကိုမှ ကောင်းတယ်ထင်တတ်ကြတာလေ ။ တကယ်တော့ လောကကြီးက လူတွေကို သူတို့နေရာနဲ့သူတို့ အံဝင်အောင် ဖန်တီးပေးထားပြီးသားပါ ။ အဲ့ဒါကို ကိုယ်တို့တွေမေ့နေကြတယ် ။ လိုတာမရ ရတာမလိုနဲ့ အပိုတွေတွေးပြီး ပူနေပန်နေကြတယ် ။ အဲ့ဒါ ကကော ပုထုစဉ်ရဲ့ ပြယုဒ်လေလား ။

အော်.... အတွေးတွေနဲ့တင် အလုပ်မဖြစ်သေးပါဘူးလေ ။ ပစ္စည်းတွေ သိမ်းအုန်းကောက်အုန်းမှပါ ။ ဒီကျောင်းက ပြီးပြီဆိုတော့ ဒီကျောင်းအဆောင်ကထွက်ရမှာပေါ့လေ ။ ထွက်ရမယ်ဆိုတော့လဲ သိမ်းရဆည်းရပြီးပေါ့ ပစ္စည်းတွေ ။ ပစ္စည်းတွေ သိမ်းရင်းကောက်ရင်းကနေ အလိုလိုနေရင်း ဦးနှောက်ထဲကို ဟိုးလွန်ခဲ့တဲ့ လေးနှစ် ဒီအချိန်ကလဲ ဒီလိုပဲလုပ်ခဲ့ဖူးတယ်ဆိုတာ ပြန်ပေါ်လာတယ် ။ အဲ့တုန်းကတော့ အခုကျောင်းကို ဆက်တတ်ဖို့ ပြောင်းဖို့ရွေ့ဖို့ပေါ့ ။ အဲ့တုန်းကတော့ ဒီကိုရောက်ပြီး ၁နှစ်မြောက်အချိန် ။ ခုတော့ ဒီကိုရောက်ပြီး ၅နှစ်မြောက်တဲ့ အချိန် ။ အရာအားလုံးက မနေ့တနေ့ကလိုပါပဲ ။ ဒါပေမဲ့ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ကိုယ့်လမ်းကိုဖောက်ပြီး လျှောက်လာတဲ့ ၅နှစ်တာ ခရီးက အနုအကြမ်း နဲနဲတော့ စုံတယ် ။ ဘဝဆိုတာကြီးရဲ့ ထုံးစံအတိုင်း ပျော်ရွှင်ခဲ့တာတွေ ရှိသလို ငိုရှိုက်ခဲ့ရတာတွေလဲ မနည်းတော့ မနည်းလှဘူး ။ အင်း... ဆက်တော့ လျှောက်ရအုန်းမှာပါပဲလေ ...။ရပ်နေလို့လဲ ရမှမရဘဲဟာကို ။

အမယ် .. လူက ပစ္စည်းတွေသာကောက်နေတယ် ။ အတွေးတွေနဲ့ ပစ္စည်းနဲ့က ကမ္ဘာတခုခြားရယ် အတွေးက တောင်ရောက်မြောက်ရောက်နဲ့ ... ။ အခုလဲ တွေးနေပြန်ပြီ ... ။ နောက်ဆက်တတ်ရမဲ့ ကျောင်းအကြောင်း ။ စကော်လာအကြောင်း ။ ပါးတို့မားတို့ လာခဲ့ရင် လိုက်လုပ်ပေးရမဲ့ ကိစ္စတွေအကြောင်း ။ ပါးတို့ကို ဘယ်လိုအပျော်ရွှင်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးရမလဲ ဆိုတဲ့ အကြောင်း ။ ပြောင်းရရွေ့ရမဲ့ အကြောင်း ။ နောက်နေရမဲ့ နေရာအသစ်အကြောင်း ... ။ အဲ့ဒီအကြောင်းတွေကို စိုပြေအောင်လုပ်ပေးမဲ့ မရှိမကောင်းရှိမကောင်းလေး ပိုက်ပိုက်(ပိုက်ဆံ) အကြောင်း ။ စုံနေတာပဲ... ။ အဲ့ဒါကြောင့် စိတ် (အတွေး) ဆိုတာ အလင်းထက်မြန်တယ်လို့ ပြောကြတာထင်ပ ။ အဟုတ်ပါပဲ ။ လူကသာ တနေရာထဲမှာ ပစ္စည်းတွေသိမ်းနေတာ ။ စိတ်က ဟိုး... ကမ္ဘာကြီးရဲ့ အပြင်ဘက်ထိ ခြေဆန့်နေတယ် ။ တဒင်္ဂလေးအတွင်းမှာ ပေါ်လာတဲ့အတွေးက ထောင်နဲ့သောင်းနဲ့ ။

ကိုယ်ကြားဖူးတာကတော့ ငှက်တွေက ပျံရင်းနဲ့ သေကြတယ် လူတွေက ကြံရင်းနဲ့သေကြတယ်တဲ့ ။ ကိုယ့်လည်းတွေးတော့ တွေးနေတာပါပဲ ။ ဒါပေမဲ့ တွေးတော ကြံဆခြင်း အတွေးမျိုးလား ၊ ဂယောင်ချောက်ခြားအတွေးမျိုးလား ဆိုတာတော့ ......... ။

ညီမလေး
၂၀၀၉.ဖေဖော်ဝါရီ.၁၅

Sunday, February 14, 2010

အလွမ်း

အစကတည်းက
စိတ်ကူးတွေ အကျဉ်းကျပြီးသား
ဥပေက္ခာ မှောင်နေအောင် ပွင့်တဲ့အခါ
ငါ့အတွက်
လ တစ်စင်းဟာ ပိုပြီး အိပ်မက်ဆန်ခဲ့တယ်..။

သတိရနေလည်း ဘယ်သူမှ မရှိ
ကိုယ့်စိတ်နဲ့ကိုယ် မထွေးနိုင် မအန်နိုင်ဖျားနာပြီး
ပဲ့တင်သံ "အ" နေတဲ့ ရင်နံရံများမှာ
ခေါ်သံတွေသာ စိုက်ဝင် နှစ်မြုပ်နေခဲ့ပေါ့...။

ကူးလွေ့

Saturday, February 6, 2010

ငါ့ရဲ့ ချစ်သူ

မျော်လင့်တကြီးနဲ့ ငါ့ ရင်မြေယာလေး
ထွန်ယက်....
စိတ်ကူးလိုက်ရုံနဲ့တင် ပျော်စရာကောင်းလွန်းနေတော့လည်း
ရူးရူး မူးမူး တောင့်တမိတာ မဆန်းဘူး မဟုတ်လား..?
အဲသလို...ရင်တွေ ခုန်ပြီးတော့
ရှိသမျှ အချစ်တွေပုံအောပြီးကြဲခဲ့တဲ့ ငါ့ ပျိုးခင်းပါ
ခုတော့..
သောကရည် ရွှန်းရွှန်းမှည့် ဝင်းတောက်ပြီး
အဆိပ်သီးရာထောင်မက ပွင့်လာခဲ့ကြတယ်....။

နင်ကတော့...သိမယ်မထင်ဘူး..ဟ!
ကတိ ကို တောင်လို ပုံပေးပြီး ဒူးလေးတ နန့်နန့်
ငါ့မှာသာ
ပုခုံးသားတွေ ဖူးရောင် အက်ကွဲပြီး ပုပ်ခဲ့..သိုးခဲ့ခုတော့
ဒုက္ခညှီနံ့ဟောင်ဟောင်ပေါ်မှာ
နင့် ရယ်သံတွေသာ တလှောင်းလှောင်း အုံလို့...ဖွဲ့လို့။

ကူးလွေ့