Tuesday, December 28, 2010

" ၂၀၁၁ သို့မဟုတ် နှစ်သစ် ဥယျောဇဉ် "


အချိန်တွေက အရှိန်အဟုန်နဲ့ စီးဆင်းနေကြတယ် ။ ၂၀၁၀ ..... "သူ" လဲ လည်ပတ်နေတဲ့ သဘာဝတရားကြီးရဲ့ သဘောတရားတို့အတိုင်း သိပ်မကြာခင် ကိုယ်တို့ကို နှတ်ဆက် ထွက်ခွာတော့မယ်ပေါ့ ။ "သူ" မရောက်လာခင်တုန်းကတော့ "သူ့" ကို ကိုယ်တို့တွေ မျှော်လင့်ချက်တွေ တနင့်တပိုးကြီး ပွေ့ပိုက်ပြီ ရင်ခုန်စွာနဲ့ စောင့်ကြိုခဲ့တယ် ။ အသစ်အသစ်တွေကို ပိုလို့ရင်ခုန်တတ်ကြတဲ့ ကိုယ်တို့လူသားတွေက အသစ်ဆိုရင် မျှော်လင့်ချက်တွေသိပ်ထားချင်ကြတယ်လေ...... ။ ဒါပေမဲ့ အသစ်တွေတိုင်းဟာ အချိန်တခုကို ကျော်ဖြတ်ပြီးသွားလို့ ဟောင်းသွားကြရင်တော့ သိပ်အလေးမထားမချင်ကြတော့ပြန်ဘူး ။ အဲ့ဒီထက် အချိန်တခုကို နောက်ထပ် ထပ်ကျော်ဖြတ်လာရင်တော့ အဟောင်းလေးတွေဟာ အမေ့ခံလေးတွေ အဖြစ်ကို ရောက်ကြရပြန်တယ် ။ တိုက်ဆိုင်မှုလေးတွေ ရှိလာတဲ့ အခါကျရင်တော့ သူတို့လေးတွေက လွမ်းမောဖွယ်အဖြစ်နဲ့ပေါ့.......

၂၀၁၀ ကို ကြိုဆိုသလို ၂၀၁၀ကို ရင်ခုန်သလို ကိုယ်တို့တွေ ၂၀၁၁ ကိုလည်း ရင်ခုန်ကြအုန်းမယ် ။ ကြိုဆိုကြအုန်းမယ် ။ ၂၀၁၁ မှ မဟုတ်ပါဘူး ။ ၂၀၁၂ မှာကော ၂၀၁၃ မှာကော ... အိုးးးး လာကြမယ့် အသစ်အသစ်သော နှစ်တွေတိုင်းကို ကိုယ်တို့တွေ ရင်ခုန်ကြအုန်းမယ် ။ ကြိုဆိုကြအုန်းမယ် ။ ပြီးရင် မေ့ကြအုန်းမယ် ။ ချောင်ထဲထည့်ထားကြအုန်းမယ် ။ တိုက်ဆိုင်တာတွေရှိခဲ့ရင်လည်း လွမ်းမောကြအုန်းမယ်လေ ။ ဒါဟာ...အမြဲလည်ပတ် ခုတ်မောင်းနေတဲ့ သဘာဝ ဘဝရထားတွဲကြီးရဲ့ ပတ်လမ်းတွေ အများကြီးထဲက ပတ်လမ်းတခု ။ အဲ့ဒီအတွက် "အသစ်မြင် အဟောင်းမေ့...အလေးမထားလိုက်လေခြင်း " လို့ ကိုယ် အပြစ်မတင်လိုပါ ။ ဒါပေမဲ့ ဒီလိုတော့ တွေးမိတယ် ....

အသစ်ကို အားပိုကောင်းစေတာဟာ အဟောင်းလေးတချို့ ရှိနေလို့လို့ ကိုယ်ကယုံကြည်ထားတယ် ။ အဟောင်းနဲ့အသစ်ဟာ မြင်သာစွာကော မမြင်သာစွာပါ ချိတ်ဆက်နေတဲ့ " ကွင်းဆက်လေးတွေ " လေ ။ မှားခဲ့တာ ဖြစ်စေ မှန်ခဲ့တာ ဖြစ်စေ ပေါ့ ။ ပြန်အောက်မေ့တဲ့အခါ ပီတိဖြစ်ရင်း ၊ နာကျင်ရင်း ၊ ဆင်ခြင်သုံးသပ်ရင်း ၊ သတိတရ လွမ်းမောရင်းပေါ့..... ။ အဟောင်းတွေကနေ သင်ယူရင်း ကိုယ်တို့တွေ အသစ်တွေကို မွေးထုတ်နေကြတာလို့ ကိုယ် ခံစားမိတယ် ။ ကိုယ်တို့တွေဟာ နှလုံးသားနဲ့တည်ဆောက်ထားတဲ့ လူသားတွေဆိုတော့ တခါတလေမှာ " ခံစားမှု " ဟာ လိုတာထက် ပိုပြီး ရှေ့ကိုရောက်သွားတတ်ကြတယ် ။ တခါတခါကျလဲ ဖြစ်ချင်တာတွေကို အတင်းဖိနှိပ် ထိန်းချုပ်ပြီး မှန်ကန်လား မမှန်ကန်လား မသေချာပေမဲ့ " ဦးနှောက် " ကို စီမံချက်ချဖို့ အတင်းအမိန့်တွေ ပေးတတ်ကြတယ် ။ ကိုယ့်စည်း ကိုယ့်ဘောင်ထဲမှာပဲ ပိတ်မိသွားပြီး ရုန်းဖို့ခက်ရတာတွေလည်း အကြိမ်ကြိမ် .. ။ ပိုအားကောင်းတဲ့ အသစ်တွေကို ဖြစ်စေတဲ့ အဟောင်းတွေကို ဖန်တီးရာမှာ အဲ့ဒီ " မျှခြေ " ကိုတော့ ကိုယ်တို့တွေ ထိန်းတတ်ဖို့ သိပ်လိုအပ်တယ် ။ အဲ့ဒီ " မျှခြေ " ပျက်သုံးသွားပြီ ဆိုရင်တော့ အသစ် နဲ့အဟောင်းကို လှပစွာ ချိတ်ဆက်နိုင်ဖို့ ပြသာနာတွေ ရှိလာနိုင်တာပေါ့လေ ။

အဟောင်းတွေတိုင်းဟာ တသသ လွမ်းဆွတ် ၊ တွေးမိတိုင်း ပီတိဖြစ် ဆိုတဲ့ ချိုသော မြသော အဟောင်းများချည်းတော့ ဖြစ်ချင်မှ ဖြစ်မယ်ပေါ့လေ ။ ချိုစေ ၊ ခါးစေပေါ့။ အဲ့ဒီအဟောင်းတွေတိုင်းဟာ ကိုယ်တို့ရဲ့ လက်တွေနဲ့ ကိုယ်တို့တွေ ကိုယ်တိုင် ဖန်တီးခဲ့ကြတာချည်း ဆိုတာတော့ သေချာတယ် (သိလျှက်နဲ့ဖြစ်စေ ၊ မသိတာကြောင့်ဖြစ်စေ၊ တွန်းအားတခုကြောင့်ဖြစ်စေပေါ့) ။ အတိတ်မို့ အတိတ်မှာပဲ ထားခဲ့ပါ ဆိုတာမျိုးကို ကိုယ် ငြင်းဆန်ချင်တယ် ။ အတိတ်ဟာ ကိုယ်တို့ရဲ့ အရိပ်တွေပါ...

ခါးတာဆို မကြားလိုပါ ဆိုတာ လူ့သဘာဝ ဆိုပေမဲ့ ချိုမြိန်သော အဟောင်းများ အရသာရှိကြသလို ခါးသော အဟောင်းများမှာလည်း " အား "တွေ ရှိနေတတ်ကြပါတယ် ။ ပိုအားကောင်းတဲ့ အသစ်တွေကို ဖြစ်စေဖို့ရာ ဖန်တီးပြီးခဲ့တဲ့ ချိုသော ၊ ခါးသော အားလုံးသော အဟောင်းတို့ကို ကိုယ်တို့ ရဲရဲကြီး " လက်ခံ " ဖို့လိုတယ် ။ လက်ခံပြီးမှသာ လိုအပ်သလို ပြန်လည်ပြင်ဆင် ၊ ဆက်လက်ထိန်းသိမ်း စတဲ့ လုပ်ဆောင်ချက်တွေကို ရေးဆွဲနိုင်မယ် ။ " ပြသာနာ " တွေ ငြိမ်းနိုင်မယ် ။ အဲ့ဒီကျမှသာ အဟောင်း နဲ့ အသစ်ကို ကွင်းဆက်လှလှလေး ဖြစ်အောင် ချိတ်ဆက်နိုင်မယ်မဟုတ်လားလေ ။

အားလုံးလည်း ကွင်းဆက် လှလှလေးတွေ ဖန်တီး ချိတ်ဆက်နိုင်ကြပါစေ ။

ညီမလေး
၂၈.ဒီဇင်ဘာ.၂၀၁၀

# စာတည်းလုပ်ပေးသော သူငယ်ချင်း ကူးလွေ့ အား ကျေးဇူးအထူးတင်ပါကြောင်း ။
ထုံးစံအတိုင်း " ပုံ "ပံ့ပိုးသော ဂိုဂယ်အားလည်း ကျေးဇူးတင်ပါကြောင်းး)

Wednesday, December 15, 2010

ရှမ်းရိုးရာ ကိန္နရီ ကိန္နရာ အက



တိုက်ရိုက်တင်တာ မှန်သမျှ ကွာလတီ အရမ်း ကျကုန်တဲ့အတွက် ဒီတစ်ခါတော့ ကိုမိုးခေတ် အကြံပေးသလို ယူကျု ကနေပဲ တင်လိုက်ပါတော့တယ်။

Sunday, December 5, 2010

ငွေတောင်တန်းနဲ့ ထိုလွမ်းချင်း...

ချယ်ရီတွေငုံကာသင်းလို့ ငွေနှင်းဖွဲ့ရည်....
ချစ်ခြင်းတွေတူတုံဆင်းတယ် ထိုတောင်တန်းဆီ....
မြောက်ပြန်လေ မြမြသွေးမှာ ချမ်းခိုက်တုန်ရီ....
လှစ်သိုချို ဟန်ဆောင်ကင်းတယ် ခင်ဖွယ့်ရှမ်းပြည်....

တက်နေခြည် ခြုံကာအထွေးမှာ ရွှင်ပွဲဖွဲ့တည်...
မျက်ရည်ကြည်ခိုကာတွဲအောင် ရယ်ခိုးစီစီ.....
ပါးတော်နီထိုပုလိုင်းနဲ့ စီတန်းလှည့်ချီ.....
မောပျိုဖြူပီဘိမနောနဲ့ လှပန်းချယ်စီ.....

လက်ဆယ်ဖြာထိပ်မှာမိုးလို့ ဦးညွှတ်ရွယ်ရည်....
မြတ်ပေသည်စေတီပုထိုးနဲ့ ဘုရားစောင်းတန်းဆီ....
မက်ပေသည်အိပ်မက်ခိုးဖွဲ့ မြေလမ်းနီနီ....
စိတ်မှာရည်သည်တစ်ကြိမ်လေးတော့ လျှောက်ချင်သေးသည်....

လွမ်းရယ်မပြေ သံသာတေးနဲ့ ဆိုရေးဖွဲ့သီ....
ညနေရီလေပြည်အတိုးမှာ လွမ်းငွေ့ဝေစည်....
မိခင်ကြို အိမ်အိုလေးနဲ့ ထိုတောလမ်းဆီ....
အရောက်ရယ်ပြန် ခိုဝင်ဦးမယ် ဆုံးဖြတ်ရွယ်ရည်......
အိမ်... ပြန် ... ဦး... မည်.....။ ။

Thursday, December 2, 2010

အက်သံ...

မျက်ရည်စက်မှာ တွဲလွဲခို...
ရင်ခုန်သံကို အပြစ်မဆိုချင်ပါဘူး...
အချစ်ကို ချိုမယ်ထင်ခဲ့မိမှ...
မနက်ဖြန်ကို ရင်ကွဲကြိုဦးမယ်....

Monday, November 29, 2010

ချစ်ခြင်းတွေ......




ရယ်ခိုးဖွဲ့ ကျီစယ်ခဲ့တဲ့ စကားသံလေးတွေ
လေပွေတွေလိုပါပဲ...
မချစ်တော့ရင် အပြစ်တွေဖြစ်ကုန်သတဲ့ အမောင်
ကိုယ်တို့တွေကြား အမုန်းတရားတွေများ ကြားဝင်နှော့လေရော့သလား ။

နူးညံ့သာယာတဲ့ ပြုံးရယ်ခြင်းတွေ
တိမ်ခိုးတွေလိုပါပဲ...
ချိုသော ၊ ခါးသော နေ့တွေဟာ ဖန်တီးသူနဲ့သာ ဆိုင်သတဲ့ အမောင်
ကိုယ်တို့ရဲ့ချိုသော အပြုံးတွေ နေ့ခါးခါးတွေအောက်မှာ ပျောက်ကွယ် ကုန်တာများလား ။

ဟိုး....အရင်က ပျော်စရာ နေ့ရက်တွေ
အိပ်မက်တွေလိုပါပဲ ...
စစ်မှန်တဲ့ ချစ်ခြင်းဟာ အဓွန့်ရှည်သတဲ့ အမောင်
ကိုယ်တို့တွေ မစစ်မှန်ခဲ့ကြလို့များလား ။

သေချာတာကတော့ မသေချာခြင်းတွေပါပဲ အမောင်ရယ်...
ဒီလိုနဲ့ပဲ ကိုယ်တို့ရဲ့ ချစ်ခြင်းတွေ
နှောင်ထုံးလျော့ပြေ ဝေးလွင့်ကုန်လေတော့မလား ။

ညီမလေး
၂၉.နိုဝင်ဘာ.၂၀၁၀

ပုံ#ဂိုဂယ်

Friday, November 26, 2010

ကထိန် ( DVD Intro)


ဆယ့်လေးရက်နေ့ က လုပ်တဲ့ စုပေါင်း ကထိန်မှာ ရိုက်ထားတာတွေပါ။
အခမ်းအနားတစ်ခုလုံး ကို တင်ဖို့ရာ အဆင်မပြေလို့ ဒီဗွီဒီခွေ အတွက်လုပ်ထားတဲ့ အင်ထရိုကိုပဲ Trailer အဖြစ်တင်လိုက်ပါတယ်။

Tuesday, November 23, 2010

ရှင်သန်ခြင်းမှတ်စု

ရပ်နေတာလား...
လျှောက်နေတာလား........
ပြန်လာဖြစ်တော့လဲ ဒီနေရာ.........
ဘာမှ မရှိတာကနေစတယ်....
ဒီလိုပဲ ဘာမှမရှိပဲ ထွက်ခွာ........
ကြားကာလမှာ ငါ့ကိုယ်ငါ ဖွပ်ဖွပ်ကြေအောင်ထောင်းရင်း...
သံသရာကိုမျက်ကွယ်ပြု...
အဲဒီတွင်းတွေ နက်ကောင်းတုန်း....။

တောင်ကြီးမိသားစုဖိုရမ်မှာ တင်ဖူးတဲ့ ကဗျာတစ်ပုဒ်ပါ

Tuesday, November 9, 2010

လွတ်မြောက်ခွင့်



လေလွင့်တဲ့စိတ်
ဘောင်ခတ်မရတဲ့ အတွေး
အဆုံးမရှိတဲ့ ခရီးကိုနှင်
ရင်ခွင်က ပွစာတက်
စိတ်က ကယောက်ကယက်။


ထိန်းချုပ်ဖို့ ကြိုးစားတဲ့အသိ
မျောပါခွင့် ကို ကန့်သက်တဲ့ဝိညာဉ်
မြုပ်ချီပေါ်ချီ တလှည့်စီမို့
မျှတတဲ့ ရပ်တည်မှုကအစွမ်းမဲ့။


ရှေ့တိုးတော့ ဆူး
နောက်ဆုတ်တော့ ရူးမို့
ချောင်ပိတ်မိနေတဲ့ ဒီဘဝ
လွတ်မြောက်ခွင့် တခဏ
ပေးသနားတော်မူပါ အို…..သခင်။


ညီမလေး

ပုံ#ဂူဂယ်

Monday, November 1, 2010

စက္ကူကြိုးကြာလေးများ ...

ကိုယ် ဒီရက်ပိုင်းမှာ ကြိုးကြာငှက်ကလေးတွေ ခေါက်ဖြစ်နေတယ် ... ကိုယ်ကအစကတော့ ဘာရည်ရွယ်ချက်မှ မယ်မယ်ရရမထားဘဲ ပျင်းတဲ့ အချိန်လေးတွေမှာ အဲ့လိုပဲ စက္ကူနဲ့ အရုပ်ကလေးတွေခေါက်တယ်။ အမြဲတမ်းခေါက်ဖြစ်တာကတော့ ကြိုးကြာငှက်လေးတွေပဲ ဆိုပါတော့ ။ တခါတခါလဲ ပိုက်ဆံအိတ်ကလေးတွေ၊ ပစ္စည်းထည့်စရာ အိတ်ကလေးတွေ ချုပ်တယ် ။ ဖြစ်ဖြစ်မြောက်မြောက်ကြီး သိပ်လုပ်တတ်တာမျိုး မဟုတ်ပေမဲ့ လက်မှုအနုပညာကို ကိုယ်စိတ်ဝင်စားတယ် ။ စိတ်ငြိမ်စေတာရယ် ၊ ဟိုဟိုဒီဒီ အပြင်ထွက်ဖို့မလိုဘဲ အိမ်ထဲမှာနေရင်း အပန်းဖြေလို့ရတာရယ်ကြောင့် အားတဲ့အချိန်လေးတွေမှာ အဲ့လိုလေးတွေ လုပ်ဖြစ်တယ် ။

ပြီးတော့ ဒီမှာက စက္ကူနဲ့ အရုပ်ခေါက်တဲ့ လက်မှုပညာက တော်တော်ကြီး ထွန်းကားတာ။ ခေါက်နည်းစာအုပ် နဲ့ ခေါက်တဲ့ စက္ကူကလဲ လွယ်လွယ်ကူကူပဲ ဝယ်လို့ရနေတော့ ကိုယ်ပိုပြီး လုပ်ဖြစ်တယ်ပေါ့ ။ စိတ်ဝင်စားဖို့လဲ ကောင်းတယ် ။ ကြည်နူးစရာလဲကောင်းတယ် ။ ကိုယ်တို့တွေက စက္ကူခေါက်တယ်ဆိုရင် ကြိုးကြာငှက်ကလေးခေါက်တာလောက် ကြယ်ချိုးတာလောက် ကိုသာ သိကြတာရယ် ။ ကိုယ်ကိုယ်တိုင်လဲ တခြားဟာတွေထက် ကြိုးကြာငှက်လေးရဲ့ ပုံသဏ္ဍာန်ကို ပိုနှစ်သက်မိတယ် ။ ဒါပေမဲ့ ဒီမှာတော့ ခေါက်လိုက်တဲ့ အကောင်တွေ များမှများ ။ စက္ကူခေါက်တဲ့ နည်းကို ကိုယ်စားပြုတဲ့ လူတိုင်းသိတဲ့ ကြိုးကြာငှက်လေးကိုတောင် အကောင်လေးနှစ်ကောင် တွဲလျှက် ပျံနေတာမျိုး ၊ အမြှီးလေးက အနောက်မှာ ကားထွက်ပြီး ပျံနေတဲ့မျိုး ၊ လေးငါးကောင် အတွဲလိုက်လေး ခေါက်တာမျိုး စုံလို့ပါပဲ ။ ကိုယ်တို့တွေ သာမာန်မြင်နေကျနဲ့ မတူတဲ့ တခြားပုံစံအမျိုးမျိုးနဲ့ ခေါက်ကြတာ ။ အကောင်လေးနှစ်ကောင် တွဲလျှက် ပျံနေတဲ့ ကြိုးကြာငှက်ခေါက်နည်းလေး တခုတည်းတောင် ၄၉မျိုးရှိသတဲ့။
     

နောက်ပြီး လိပ်၊ မြင်း ၊ဖား ၊ ယုန် ၊ ငါး ၊ ခရု...အိုးးး....တခြား သတ္တဝါလေးတွေလဲ စုံမှစုံပဲရယ် ။ ပြီးတော့ မီးပုံးလေးတွေ ၊ ပန်းပွင့်လေးတွေ ၊ ဘူးလေး၊ ခွက်ကလေးတွေ ၊ အရုပ်လေးတွေ ပုံစံစုံ ၊ အမျိုးစုံ၊ ဒီဇိုင်စုံနေအောင် ရှိတယ် ။ အဲ့ဒါလေးတွေကို အိမ်တွေ ၊ ကျောင်းတွေ နဲ့ နေရာတော်တော်များများမှာ အလှဆင်တဲ့ ပစ္စည်းတခုလို သတ်မှတ်ပြီးကို အမျိုးမျိုးတီထွင် တန်ဆာဆင်ကြတယ် ။

ကိုယ်မှတ်သားဖူးတဲ့ စက္ကူခေါက်နည်း အကြောင်း နဲနဲပြောပြမယ်နော် ။ ဂျပန်လို စက္ကူခေါက်တာကို အိုရိဂါမိ (origami)လို့ခေါ်တယ် ။ အိုရိဂါမိမှာ ဂိလဲအိုရိဂါမိ(gireiorigami) နဲ့ ယူးဂိအိုရိဂါမိ (yuugiorigami)ဆိုပြီး ၂မျိုးရှိတယ် ။

ဂိလဲအိုရိဂါမိ ကတော့ ထုံးတမ်းအစဉ်အလာအရ ပြုလုပ်ကျင်းပတဲ့ ပွဲတွေမှာ အလှဆင်တဲ့အခါသုံးတယ် ။ ဥပမာ မင်္ဂလာဆောင်မျိုး၊ နှစ်သစ်ကူးပွဲတော်အခါမျိုး နောက်ပြီး အသုဘ အခမ်းအနားလို နေရာမျိုးတွေမှာပေါ့ ။ အတိအကျကြီးတော့ ကိုယ်မသိပေမဲ့ ၁၃၅၀ ခုနှစ် ပတ်ဝန်းကျင်လောက်က စပေါ်ပေါက်သတဲ့ ။ သူက ဘယ်လိုအရောင်မျိုး ၊ ဘယ်လို ပစ္စည်းမျိုးကိုပဲ သုံးရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေနဲ့ သတ်မှတ်ထားတဲ့ ခေါက်နည်းတွေ ရှိတယ် ။ အရောင်တွေနဲ့ပုံသဏ္ဍာန်တွေဟာ သူ့အဓိပ္ပာယ်နဲ့သူ ရှိနေပြီးသားမို့ ကန့်သတ်ချက်တွေကို ကျော်လွန်ပြီး ကိုယ့်စိတ်ကြိုက် စီရင်ပိုင်ခွင့်မရှိဘူး ။ အစဉ်အလာလို့ခေါ်တဲ့ လွတ်လပ်မှုမဲ့တဲ့ ဘောင်တွေထဲမှာ ပုံစံချထားခံရတဲ့ ခမ်းနားခြင်း အဆောင်အယောင် တခုဆိုပါတော့ ။

  

ယူးဂိအိုရိဂါမိကျ သူနဲ့ လုံးလုံးဆန့်ကျင်တယ် ။ သတ်မှတ်ချက်တွေ ကန့်သတ်ချက်တွေမရှိဘူး ။ အရောင်မျိုးစုံ ဒီဇိုင်းမျိုးစုံနဲ့ ကိုယ်စိတ်ကူးရှိသလို လွတ်လပ်စွာ ဖြန့်ကျက် တီထွင်ဆန်းသစ်ခွင့်ရှိတယ် ။ စက္ကူလေးတွေကို ကိုယ့်စိတ်ကြိုက် ကကြိုးဆွဲပြီး နှစ်သက်သလို ပုံဖော်လို့ရတဲ့ ကစားနည်းတမျိုးပဲဆိုပါတော့ ။ သူကတော့ ခရစ်နှစ် ၁၇၀၀ ခုနှစ်လောက်ကျမှ သေချာစပေါ်လာသတဲ့ ။

  

တလက်စတည်း ကိုယ်ဖတ်ဖူးတဲ့ စက္ကူခေါက်တဲ့နည်း ၅မျိုးအကြောင်းလဲ ပြောပြချင်ပါသေးတယ်

ပထမဆုံးတနည်းကတော့ fusetsuseihokei ichimaiori လို့ ခေါ်တဲ့စတုရန်းပုံစာရွက်တရွက်ထဲကိုပဲအသုံးပြုပြီး လိုသလိုခေါက်ချိုးပုံဖော်ပြီး ခေါက်တဲ့နည်းပါ။ အလွယ်ဆုံး ဥပမာပေးရရင် ကြိုးကြာငှက်ပေါ့ ။ ကတ်ကျေးတွေ ဘာတွေဘာမှမသုံးဘဲ စတုရန်းပုံရှိတဲ့ စာရွက်လေးတရွက်ထဲနဲ့ ပုံဖော်ခေါက်တာမျိုးပေါ့။ နောက်ပြီး အောက်မှာပြထားတဲ့ ခြင်္သေ့ပုံလေးလို လိုသလို ချိုးခေါက် ပြီးပုံဖော်တာမျိုးပေါ့ ။ လွယ်တော့မလွယ်ဘူးရယ် ... ကိုယ်လဲ မလုပ်တတ်ဘူးး)




နောက်တစ်ခုကတော့ မတူညီတဲ့ သက်ဆိုင်ရာ အစိတ်အပိုင်းလေးတွေတခုချင်းစီ ခေါက်ပြီး အားလုံးပေါင်းစပ်မှ လိုချင်တဲ့ ပုံစံတခုဖြစ်အောင် ပေါင်းစပ်ယူတဲ့ fukugo origami လို့ ခေါ်တဲ့ခေါက်နည်း ။ ဂျပန် ရိုးရာကီမိုနို လိုမျိုးပေါ့..အထပ်ထပ်ဆိုတော့ တခုခုချင်းစီ အရင်လုပ်ပြီးမှ အပိုင်းအစလေးတွေ ပေါင်းစပ်ယူထားတာမျိုး။



နောက်တစ်ခါ လိုအပ်သလို ခေါက်ရလွယ်အောင် ဖြတ်ညှပ်ပုံဖော်ပြီး ခေါက်တဲ့နည်းကိုတော့ kirikome origami လို့ခေါ်ပါတယ်။ ဥပမာ..စာရွက်တရွက်ကို လိုသလို ဖြတ်ညှပ်ပြီး ကြိုးကြာငှက်လေးတွေ ၄၊၅ ကောင် အတွဲလိုက်ကလေး ဖြစ်အောင်ခေါက်တာမျိုးပေါ့ ။



နောက်တမျိုးကတော့ တူညီတဲ့ အပိုင်းအစလေးတွေကို တခုချင်းခေါက်ပြီး အားလုံးပေါင်းစပ်မှ လိုချင်တဲ့ ပုံစံတခုဖြစ်အောင် ပေါင်းစပ်ယူတဲ့ ခေါက်နည်းကိုကျတော့ unit origami တဲ့။ ဥပမာပေးရရင်.. စက္ကူဘော်လုံးလေးလိုမျိုး မျက်စေ့ထဲ မြင်ကြည့်ပေါ့..သူကတော့ လိုအပ်ရင် ကော်တွေဘာတွေသုံးတာမျိုး ၊ အပ်နဲ့တွဲပြီးချုပ်တာမျိုးလဲ ရှိတယ်တဲ့..။

   

နောက်ဆုံး တနည်းကတော့ အပေါ်မှာပြောခဲ့တဲ့ လေးမျိုးအပြင် လှုပ်ရှားလို့ရတဲ့ ကစားစရာ အရုပ်လေးဖြစ်အောင် ခေါက်တဲ့နည်းပေါ့ ။ အဲ့ဒါကိုတော့ shikake origami လို့ခေါ်ပါသတဲ့ ။ အနီးစပ်ဆုံး မြင်သာအောင် ပြောရရင် ကိုယ်တို့ ငယ်ငယ်တုန်းက ကစားတဲ့ စက္ကူ ကင်မရာလေးလိုလေ..ဓါတ်ပုံမရိုက်ခင် အစွန်းလေး၂ဖက်ကို ချိတ်ပြီး ရိုက်မယ်လဲဆိုရော ချိတ်ထားတာလေးပြုတ်သွားအောင် ကော့လိုက်တာမျိုးလေပေါ့..

 

သေချာစဉ်းစားရင် ကိုယ်တို့တွေမှာလဲ မြန်မာ့နည်း မြန်မာဟန်နဲ့ စက္ကူခေါက်ကစားနည်းတွေလဲ အများကြီးရှိပါတယ်လေနော့ ။ စွန်၊ လေယာဉ်ပျံ ၊ ပြီးတော့ ကိုယ်စောစောကပြောတဲ့ ကင်မရာ၊ လှေ ၊ ဦးထုတ် ၊ ပိုက်ဆံအိတ် အစုံပါပဲလေ ။ ဒီမှာလို မူပိုင်ခွင့်တွေထားပြီး စနစ်တကျ လေ့လာ ပြုစုမဲ့သူရှိရင် သိပ်ကောင်းမှာပဲနော် ။ ကိုယ်တို့ဆီမှာ အဲ့လို လက်မှုအနူပညာပိုင်းဆိုင်ရာကို အလေးထားတာ သိပ်အားနည်းနေတာတော့ ဝမ်းနည်းစရာကောင်းတယ်နော် ။ ဒါပေမဲ့ ကိုယ်တို့ဆီက တလွဲဆံပင်ကောင်းပုံလေးတွေကိုတော့ မှတ်မိပါသေးတယ် ။ ကိုယ်တို့တွေ တက္ကသိုလ်တက်စ အချိန်မှာ ငှက်ကလေးတွေ ၊ ကြယ်လေးတွေခေါက် ဘူးလေးထဲထည့်ပြီး ချစ်သူချင်း လက်ဆောင်ပေးကြတာမျိုး ခေတ်စားလိုက်သေးတယ်လေ ။ အဲ့လိုပေးတဲ့ သူတွေဟာ ဘာ့ကြောင့်၊ ဘယ်လို အဓိပ္ပာယ်နဲ့ အဲ့လိုပေးတယ်ဆိုတာကိုကော သိကြရဲ့လားမသိ ။ ဗယ်လင်တိုင်းလိုပဲ ဘုမသိဘမသိနဲ့ လိုက်လုပ်ကြတဲ့ အရူးထနည်းတနည်းလို ဆိုရင်တော့ ခါးချိနေအောင် ခေါက်ရတဲ့ အချိန်တွေ နှမျောစရာ..... သေသေချာချာမသိဘဲနဲ့ သူများယောင်ရင် လိုက်ယောင်တတ်ကြတာဟာ ကိုယ်တို့ ဆီက ထုံးစံများလား.????

ကိုယ် ဒီရောက်တော့ ငှက်ကလေးတွေ ခေါက်ဖြစ်တာပေါ့ ... ဗဟုသုတ အဖြစ်နဲ့ ကျောင်းမှာ နဲနဲသင်ဖူးတာလဲ ရှိသလို ၊ အိုရိဂမိ ပွဲလေးတွေလဲ အများကြီး မကြာခဏသွားခဲ့ဖူးတယ် ။ အဲ့ဒီပွဲလေးတွေမှာ လုပ်နည်းတွေကို ရှင်းပြလေ့ရှိတယ် ။ တချို့ကျတော့ အရုပ်ကလေးတွေတိုင်းမှာ အဓိပ္ပာယ် ရှိနေတတ်တယ် ။ ကိုယ်လဲ ဘာလို့အဲ့လို လုပ်ရသလဲဆိုတာ သိရအောင် စာတွေနဲနဲ လိုက်ဖတ်ကြည့်မိဘူးတယ် ။ အဲ့တော့ ဘုမသိဘမသိ အသုံးပြုနေတာမျိုး မဖြစ်ရအောင် ကိုယ်သိတဲ့ ဒီက ကြိုးကြာငှက်ကလေးတွေ ခေါက်ခြင်းရဲ့ အဓိပ္ပာယ်ကို ကိုယ့်သူငယ်ချင်းတွေကို ပြန်မျှဝေပေးချင်တယ် ။

ဒီမှာတော့ ကြိုးကြာငှက်ဟာ အသက်ရှည် ကျန်းမာခြင်းရဲ့ သင်္ကေတကိုပြတဲ့ လာဘ်ကောင်းသော ငှက်လို့ မှတ်ယူကြတယ် ။ ဂျပန်လို ကြိုးကြာငှက်ကို Tsuru လို့ခေါ်ပြီး Tsuru ha sennen ဆိုတဲ့ အဆိုရှိသတဲ့ ။ sennen ဆိုတာ နှစ်ပေါင်းတထောင်ကို ဆိုလိုတာမို့ Tsuru ha sennen ဆိုတော့ နှစ်ပေါင်း တထောင်တိုင်အောင် အသက်ရှင်နေထိုင်နိုင်သော ကြိုးကြာငှက်ပေါ့ ။ အဲ့ဒါကြောင့် ဆုတောင်းမေတ္တာပို့
သရင်း ကြိုးကြာငှက်လေး အကောင်တထောင်ခေါက်ပြီး ကြိုးနဲ့သီတွဲပြုလုပ်ရင် (အဲ့လို ကြိုးကြာငှက်လေး တထောင် တွဲထားတဲ့ အတွဲကို senbatsuru လို့ခေါ်တယ်) နေထိုင်မကောင်းဖြစ်နေတဲ့သူ ပြန်လည်ကျန်းမာလာပြီး ၊ အသက်ရှည်ရှည်နေနိုင်တယ်လို့ ယုံကြည်ကြတယ်။ အဲ့ဒါကြောင့် လူနာမေးတဲ့အခါမှာ အသုံးပြုကြတယ် ။



ဒါပေမဲ့ တကယ့်အဆိုမှာတော့ ကြိုးကြာငှက်နဲ့အတူ လိပ်ကလေးလဲ ပါသေးတယ်ရယ်.. Tsuru ha sennen, kame ha mannen တဲ့ ။ kame ဆိုတာ လိပ် ၊ mannen ဆိုတာက နှစ်တသောင်း ။ စာဆိုအရဆို လိပ်ကလေးက ပိုလို့တောင် အသက်ရှည်ပါသေးတယ် ။ ဒါပေမဲ့ ဘာလို့လဲတော့ ကိုယ်လဲ သေချာမသိပေမဲ့ လိပ်ကလေးထက် ကြိုးကြာငှက်ကလေးကိုသာ ပိုအသုံးပြုကြသလို လိပ်အကောင် တသောင်းလဲ ဘယ်သူမှ မခေါက်ကြဘူးပဲး) ။ အင်း..... အဲ့လိုအဓိပ္ပာယ်နဲ့များ ကိုယ့်ချစ်သူကိုပေးမိရင်တော့ ကိုယ့်ချစ်သူလဲ လူမမာကြီးဖြစ်ရော..ဟဟဟားး ။

ဒါပေမဲ့ အဲ့လို မရယ်မောနိုင်တဲ့ အဓိပ္ပာယ်နဲ့ အသုံးပြုတဲ့ နောက်တနည်းလဲ ရှိသေးတယ် ။ အဲ့ဒါကတော့ ဟီရိုရှီးမားမှာ အဏုမြူဗုံး ကျဲခံရစဉ်ခါကစပြောရမယ် ။ အဲ့တုန်းက sasaki kidako ဆိုတဲ့ နှစ်နှစ်သမီးကလေးဟာ ၈နှစ်လုံးလုံး အဏုမြူဓါတ်တွေရဲ့ ဓါတ်တုံ့ပြန်မှုကြောင့် ဆေးရုံမှာ ရောဂါဝေဒနာတွေ အလူအလဲခံစားနေရတယ်တဲ့(သူလိုကလေးလေးတွေ အများကြီးရှိပါလိမ့်မယ်လေ... ) ။ အဲ့ကလေးလေးက သူ့ရဲ့ အသက်ချမ်းသာခွင့်ကို ဆုတောင်းဖို့ မသေခင်နှစ်လလောက်အလိုကစပြီး ဆေးရုံပေါ်မှာ ငှက်လေး ၁၀၀၀ကျော် ကို ကြိုးစားပမ်းစား ခေါက်ခဲ့သတဲ့ ။ ဒါပေမဲ့ သူ့ဆုတောင်းမပြည့်ခဲ့ရှာဘူး ။ သူအသက်ဆက်ရှင်နေနိုင်အောင် ဘယ်လိုပဲ ကြိုးစားပြီး အားတင်းအားတင်း ၁၉၉၅ခုနှစ် အောက်တိုဘာလမှာတော့ လောကကြီးထဲကနေ ကြေကွဲစွာ ထွက်ခွာသွားရရှာတယ် ။ ငြိမ်းချမ်းပြီး စစ်ပွဲတွေသာ မရှိခဲ့ရင် အဲ့လိုအဖြစ်ဆိုးမျိုးတွေ မကြုံတွေ့နိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်လေသလားတော့ မပြောတတ်ပါဘူး...အဲ့ဒီအချိန်ကစပြီး ကြိုးကြာငှက်လေးတထောင်ဟာ ငြိမ်းချမ်းရေးကို ကိုယ်စားပြုတဲ့ သင်္ကေတဖြစ်လာခဲ့ပြန်တယ် ။ နှစ်စဉ်နှစ်တိုင်းလဲ ဟီရိုရှီးမား အဏုမြူဗုံးကျဲခံရတဲ့ သြဂုတ်လ ၆ရက်တိုင်းမှာ ငြိမ်းချမ်းရေးကို ရည်စူးပြီး ကြိုးကြာငှက်လေးတထောင်ပြည့်အောင် ခေါက်ကြပြီး ဆုတောင်းပွဲတွေ လုပ်ကြတယ် ။ အဲ့လိုငှက်လေးတွေ ခေါက်ရတဲ့ အဖြစ်အပျက်မျိုး ဒီကမ္ဘာကြီးရဲ့ ဘယ်နေရာမှာမှ ထပ်မဖြစ်ပါစေနဲ့လို့ ကိုယ် တိတ်တိတ်လေး ကြေကွဲစွာ ဆုတောင်းမိဖူးတယ် ။

ကြိုးကြာငှက်ဟာ အသက်ရှည် ကျန်းမာခြင်းရဲ့ သင်္ကေတကိုပြတဲ့ လာဘ်ကောင်းတဲ့ ငှက်ဖြစ်သလို ၊ ငြိမ်းချမ်းရေးကို ပြတဲ့ သင်္ကေတဖြစ်သလို ဇနီးမောင်နှံတွေ သက်ထက်ဆုံး ပျော်ရွှင်စွာ ပေါင်းသင်းနေထိုင်နိုင်ကြစေဆိုတဲ့ အဓိပ္ပာယ်ကိုလဲ ဆောင်တဲ့ Meodozuyu ဆိုတဲ့ အဆိုလဲ ရှိတာမို့ ချစ်ခင်ရင်းနှီးမှုကို သင်္ကေတပြုတဲ့ ငှက် အဖြစ်လဲ သတ်မှတ်ကြတယ် တဲ့ ။ ဒါကတော့ ကိုယ်သိတဲ့ ဒီနိုင်ငံရဲ့ ကိုယ်သိသလောက် ကြိုးကြာငှက်လေးတွေခေါက်ရတဲ့ အဓိပ္ပာယ်လေးတွေပါ ။ ဒါပေမဲ့ ကိုယ် နောက်ဆုံးပြောပြတဲ့အဓိပ္ပာယ်နဲ့တော့ ငှက်အကောင် တထောင်ခေါက်ပြီး ပေးတယ်ဆိုတာမျိုး ကိုယ်သိသလောက်တော့ မရှိခဲ့ဘူးသေးဘူး ။ ပြီးတော့ ဘယ်သူမှလဲ ခေါက်ပြီးသား ငှက်လေးတွေကို ဘူးထဲမှာ ထည့်ပြီး ပေးလေ့မရှိဘူး ။ ခေါက်ပြီးသား ငှက်ကလေးတွေကို ကြိုးနဲ့သီကြတယ် ဒါမှမဟုတ်ရင် ငှက်ကလေးတွေနဲ့ တခြားပုံထပ်ဖော်ကြတယ် ။ အဲ့လိုတွေပဲ ကိုယ်တွေ့ဖူးတယ် ။ ကိုယ်တို့ဆီကျမှ ဘယ်ကဘယ်လို ဘူးနဲ့ပြောင်းလဲ သွားလဲတော့ ကိုယ်လဲ မသိ ။ ဒါပေမဲ့ ပြောလို့ရတာတခုက အိုရိဂမိ က ဂျပန်တနိုင်ငံထဲမှာပဲ ထင်ရှားတာမဟုတ်တော့ တခြားနိုင်ငံတွေရဲ့ အဓိပ္ပာယ်နဲ့ ဓလေ့တွေလဲ ကူးဆက်လာတာလဲ ဖြစ်ချင်ဖြစ်နိုင်ပါတယ် ။ ဒါပေမဲ့ သူများလုပ်လို့လိုက်လုပ်တာမျိုးမဟုတ်ဘဲ ကိုယ်ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာမျိုးလေး ရှိရင် ပိုပြီး စိတ်ဝင်စားမှုကောင်းသလို ၊ အဓိပ္ပာယ်လဲ ပိုရှိမယ်လို့ ကိုယ်ခံစားမိတယ် ။



ကိုယ်လဲ အစကတော့ အစောပိုင်းမှာပြောခဲ့သလိုပဲ ဘာရည်ရွယ်ချက်မှမရှိဘဲ ခေါက်မိတယ် ။ အပျင်းပြေပေါ့ ။ နောက်တော့ ကိုယ်ခေါက်လို့ ဘူးတဘူးနဲ့ ပြည့်သွားတဲ့ အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ကိုယ့်သူငယ်ချင်းမလေး တယောက် ကားတိုက်မှု ဖြစ်ပြီး ဆေးရုံတတ်လိုက်ရတယ် ။ ကိုယ်တို့ထဲက သူငယ်ချင်းတယောက်က သူ့အတွက် ကြိုးကြာလေးခေါက်ပေးချင်တယ်တဲ့ ဒါပေမဲ့ အချိန်က မရှိတော့ ဘယ်လိုလုပ်ရမလဲပေါ့ ... အဲ့ဒါနဲ့ ကိုယ်က ကိုယ့်ငှက်ဘူးလေးကို ပေးလိုက်မိတယ် ။ လိုအပ်နေတဲ့သူ အဆင်ပြေပါစေဆိုတဲ့ စိတ်တခုတည်းနဲ့ပါ။ ပြီးခါမှ ကိုယ်စိတ်မကောင်းဖြစ်လိုက်တာ... တစုံတယောက် နေမကောင်း ဖြစ်တဲ့အချိန်မှာ သုံးဖို့ အတွက် ကိုယ်က ကြိုခေါက်ထားသလိုမျိုးကြီး ရုတ်တရက်ခံစားလိုက်ရတယ် .... ။ အဲ့နောက်ပိုင်းတော့ ဘာရယ်မဟုတ်ပေမဲ့ ကိုယ် ငှက်ကလေးတွေ မခေါက်ပဲ ထားလိုက်မိသေးတယ် ။

ဒါပေမဲ့ ဝါသနာဆိုတော့ ကိုယ်ထပ်ခေါက်ချင်နေမိတယ် ။ အဲ့တော့ ကိုယ် ငှက်ကလေးတွေ ခေါက်ခြင်းရဲ့ ရည်ရွယ်ချက်ကို သတ်မှတ်လိုက်တယ် ။ ငှက်ကလေး တကောင်တကောင် ခေါက်တိုင်း ကိုယ်နဲ့ပတ်သက်သူတွေ ( မိဘ ၊ မောင်နှမ နဲ့ သူငယ်ချင်း မိတ်ဆွေတွေပေါ့) ငြိမ်းချမ်းပါစေဆိုတဲ့ အဓိပ္ပာယ်လေး သတ်မှတ်လိုက်မိတယ် ။ ခေါက်တဲ့ ခါတိုင်းလဲ တယောက်ယောက်ကိုရည်စူး မေတ္တာပို့မိတယ် ။ တဖက်လူ သိမသိ ကိုယ်မသိပေမဲ့ ကိုယ့်စိတ်ထဲမှာ ငြိမ်းချမ်းသလိုခံစားရတာတော့ အမှန်ပဲ ။ ပြီးတော့ ကိုယ်ကိုယ်တိုင် ငြိမ်းချမ်းစေဖို့လဲ တခါတခါ ကိုယ့်အတွက်ရည်စူးပြီး ခေါက်မိသေးတယ် ။ ဒီနေ့တော့ ကိုယ့်ငှက်လေးတွေ အကောင် ၁၀၀ ပြည့်သွားပြီ .... ကိုယ့်မှာ မိဘမောင်ဖွားနဲ့ သူငယ်ချင်း အပေါင်းအသင်း များများစားစားမရှိပေမဲ့ ကိုယ် ဆက်ခေါက်နေအုန်းမှာပဲ ... ကိုယ့်အနားမှာ ရှိတဲ့သူတွေ ထပ်ခါထပ်ခါ ငြိမ်းအေးစေအောင် ကိုယ် မေတ္တာတွေ ပို့နေမိအုန်းမှာပါပဲ ....


ညီမလေး
၁.နိုဝင်ဘာ.၂၀၁၀

ကိုးကား..... ဝီကီပီဒီယာနဲ့ ကျောင်းမှာ သင်ခဲ့ဘူးတဲ့ မှတ်စုတချို့မှ ထုတ်နုတ်ရေးသားပါကြောင်း ။


Friday, October 22, 2010

တင်းအား

အရာအားလုံး တစ်ခုတည်း ဖြစ်သွားခဲ့တယ်။

ကလေးလေး တစ်ယောက်လို
ငိုမယောင်မိုးတိမ်တွေ ပွင့်နေတဲ့ နှုတ်ခမ်းဆီက
ချွဲနွဲ့ဂီတများ
စိုရုံလေး တိုက်ခတ်သွားပြီးနောက်.....။

ကူးလွေ့

Friday, October 15, 2010

Rehearsal


ရှမ်းပွဲ အတွက် ဒုတိယ အကြိမ်မြောက် ရီဟာဇယ်ပါ။ စတူဒီယိုထဲမှာ မီး သီး လေး သေးသေး သုံးလုံးသာ ထွန်းထားပေးလို့ မှောင်မဲမဲ ဖြစ်နေတာလေး သီးခံပေးကြပါခင်ဗျား။ ဘလော့ပေါ် တင်ပြီးတိုင်း ကွာလတီအရမ်းကျသွားတဲ့အတွက် ဖူးစကရင် ကြည့်လို့အဆင်မပြေပါဘူးခင်ဗျာ..။ ကွာလတီမကျအောင်တင်တဲ့နည်းလေး ရှိရင် မ,စ ပေးကြပါဦး။

Sunday, October 10, 2010

"အမှား"

အမှတ်မထင် မှားတဲ့ အမှား
မှတ်မှတ်ထင်ထင် မှားတဲ့ အမှား

မသိစိတ်ကြောင့် မှားတဲ့ အမှား
သိလျှက်နှင့် မှားတဲ့ အမှား

ရိုးသားစွာ မှားမိတဲ့ အမှား
မရိုးသားစွာ မှားတဲ့ အမှား

ဘယ်လိုအကြောင်းနဲ့ မှားမှား
မှားပြီဆိုမှတော့ မမှန်တော့ဘူးပဲလေ ....

ပုံ/ မှားမိသူ

Sunday, October 3, 2010

အပိုင်းအစများ


ကျွန်တော်သုံးနေတဲ့ ဒီဘီအက်စ် ဘဏ်က  ပွဲကြည့်လက်မှတ်ပေါင်း သုံးထောင် မဲဖောက်ပေးတဲ့အထဲမှာ  လက်မှတ်တစ်စုံ မဲပေါက်တဲ့အတွက် သွားကြည့်ခဲ့ရတာလေးတွေပါခင်ဗျား။

Sunday, September 12, 2010

"စိတ်"



စိတ်...
သူက အရာရာကို ချည်တယ်
သူ့စက်ကွင်းက မလွတ်သူတွေထဲမှာ
သူကိုယ်တိုင်လဲ တခါတခါ...
သူ့ကြိုးနဲ့သူရှုပ်
ပြန်တုပ်မိတာလဲ အခါခါ ။

စိတ်...
သူကတော့ မစဉ်းမစား ရှေ့ကသွားတယ်
သိမှု၊ မသိမှု ...
ဒင်းတို့လဲ နောက်ကတော့လိုက်ကြပါရဲ့
တိုးရင်း တိုက်ရင်း တလှည့်စီဆိုသလို ဝါးရင်းမြိုရင်း ။

စိတ်...
သူက အင်အားရှိ "ဒြပ်မဲ့"
" ဒြပ်ရှိ" တဲ့"ကိုယ့်" ကို
အကြိမ်ကြိမ် လဲကျ
မကြာခဏ ဆိုသလို...
သေပွဲတွေလည်း ဝင်စေတတ်သေးတယ် ။




ညီမလေး
၁၂.စက်တင်ဘာ.၂၀၁၀

# ဂိုဂယ် မှပုံအား အနည်းငယ် ဖြတ်တောက်ပြင်ဆင်ထားသည် ။

Thursday, August 26, 2010

"စကားတခွန်း"




စကားတခွန်း
လှံချွန်းထက် ရှ၏ မြ၏ ။

ပြောသူက ဖွဖွဆိုစေ
ထိသူမှာကား မွမွကြေ...........



ညီမလေး
၂၀၁၀.သြဂုတ်.၂၆




ကိုယ့်စိတ်အလိုအတိုင်း ဆိုလိုက်တဲ့ "စကားတခွန်း" ဟာ ခပ်ဖွဖွ လို့သာထင်ရပေမယ့် တပါးသူကို မွမွကြေ သွားစေတာမျိုးဆို ဝမ်းနည်းစရာ သိပ်ကောင်းတယ် ...... ။

Sunday, August 15, 2010

".................."

  


ဒီလိုနဲ့ပဲ...ငါတို့တွေ
နီးလာလိုက်....ဝေးသွားလိုက်
သက်ရင့်အချစ်တွေသာ ကိုယ်စီကိုယ်ငှ ထမ်းပိုးပြီး
စိတ်ကူးတို့ ထပ်တူ ကျမယ့်နေ့ကိုစောင့်တယ်

ဖွင့်ဟ...မပြောလဲ
ရင်မှာ ထပ်တူကျ အလွမ်းတွေ တနင့်တပိုး
ဘယ်လောက်ပဲ ဝေးစေဦးတော့...တို့နှလုံးသားတွေ
နီးကပ်..ပူနွေးမြဲ

ရွှေရောင် အိပ်မက်တွေ ရိတ်သိမ်းဖို့
အနာတရ လမ်းမ ရှည်ဝေးဝေးမှာ
ဘဝစားမြိန်ဝိုင်းလေး ဖွယ်ဖွယ်ရာရာ ပြင်ဆင်မထားနိုင်သေးတော့
ချစ်သူကို လက်ဆုံစားဖို့ လည်း မခေါ်ဝံ့ဘူး။

တစ်ကြိမ်သာ နီးရဖို့ အကြိမ်ကြိမ်လဲ ခွဲခွါ
ပြန်ဆုံချိန် ငါ့စာမျက်နှာပေါ်မှာလဲ
ချစ်သူရဲ့ "ကတိ" တွေ မပါဘူး
ကိုယ်တိုင်ယုံကြည်ထူမတ်ခြင်းနဲ့သာ ခိုင်မာပြီး
မင်းအတွက်
ငါ့ရင်မြေလေး မွမွကြေ ထွန်ယက်ပြီး ပျိုးခဲ့...စိုက်ခဲ့။
ကူးလွေ့

(ဂူဂဲလ် ကပုံပါ။)

Tuesday, August 10, 2010

တောင်တောင်အီအီ

တွေ့လို့ ရေးတာလေးပါ............
ခိုတစ်အုပ်နဲ့ ထမင်းတစ်ဆုပ်..............

စင်ကာပူ တိုက်ခန်းတစ်ခုနားမှာပါ.............. ကျွန်တော် ကာစတမ်မာ ပြန်အလာကို စောင့်နေတုန်း တိုက်နားမှာ အမှိုက်ကား အမှိုက်လာသိမ်းတယ်...............
အမှတ်တမဲ့ကြည့်နေမိတယ်........... ကားထွက်သွားတော့ အမှိုက်ဂိုဒေါင်ရှေ့မှာ ထမင်းလုံးတွေ ပြန့်ကျဲကျန်ခဲ့တယ်...
စင်ကာပူမှာ ဒါမျိုးလဲ ရှိသေးတာပဲ တွေးနေတုန်း... ခိုတစ်အုပ် ပြုန်းဆိုရောက်လာရော............
ထမင်းလုံးတွေကို အလုအယက်ပေါ့.............
မြင်ရခဲတဲ့ မြင်ကွင်းလိုဖြစ်နေတော့ ကြည့်နေမိတယ်............
အဲဒီအချိန်မှာပဲ ခို တစ်ကောင် ထပ် ဆင်းလာတယ်... ကိုယ်လုံးကိုယ်ထည်က အကြီးဆုံးပဲ....
ရောက်လာတာနဲ့ ရှိသမျှခိုတွေကို ရန်ရှာတယ်...
အစာလုတယ်... စားမာန်ခုတ်တယ်ပေါ့.................
သူက ပတ်ပီး လိုက်ထိုးနေတဲ့အချိန်မှာ ကျန်တဲ့ ခိုတွေက ပြေးဟယ်လွှားဟယ်နဲ့ တစ်လုံးတွေ့ တစ်လုံးကောက်စားသွားကြတယ်...
ဗလကြီးကတော့ လိုက်ထိုးဆိတ်ရင်း ပြန်ကြည့်တဲ့အခါ ထမင်းလုံးတွေ ကုန်နေခဲ့ပီ....
အသက်ကို ဖုတ်လှိုက်ဖုတ်လှိုက်ရှူရင်း ထမင်းကျန်ကို ပတ်ရှာနေတယ်....
ကျန်တဲ့ခိုတွေတော့ အေးအေးလူလူ ပျံထွက်သွားတယ်......
“အလိုကြီး အရနည်း” ဆိုတဲ့စကားလေး ခေါင်းထဲ တက်လာတယ်......

ထမင်းဝိုင်း

အိမ်နဲ့ ဝေးတိုင်း အိမ်ကို တနည်းနည်းနဲ့ လွမ်းနေရတာ.........
ဒီနေ့မွေးနေ့မှာတော့ အမေချက်တဲ့ ဟင်းတွေ... အဖေချက်တဲ့ ဟင်းတွေ မထိမတွေ့ပဲ နေနေရတာ....
နောက်ဆုံးဗျာ.......... အသားဟင်းစားရင်တောင် အရိုးတွေကျန်ရင် အိမ်က ကြောင်လေး ခွေးလေးတွေကို သတိရတယ်...
ကိတ်မုန့်စားရင်လဲ မျက်လုံးဝိုင်းကြီးနဲ့ ကြည့်ပီး တောင်းစားတတ်တဲ့ ခွေးနက်မကြီး... (အခုတော့ မရှိတော့ပါဘူး..)
အမေ့အသံကြားရင် ပြာနေတဲ့ ကြောင်တစ်အုပ်....
သူများအိမ်ကို ပေးလိုက်ပီး အိမ်မှာ ပြန်လာနေတဲ့ တစ်ကောင်တည်းသော ခွေးနက်ကလေး မဲလုံး.....
တွေးရင်း မျက်ရည်တွေလည်လာလို့ မွေးနေ့မှာ သီချင်းလေး တစ်ပုဒ် ချရေးဖြစ်တယ်....
သီချင်းစပ်ပီးတာနဲ့ အမေ့ကို ဖုန်းဆက်တယ်... စပီကာ ဖွင့်ခိုင်းပီးတော့ သီချင်းချက်ချင်း ဆိုပြဖြစ်တယ်....
မျက်လုံးမှာ မျက်ရည်စတွေနဲ့.....
အိမ်ကို လွမ်းလိုက်တာ

Thursday, August 5, 2010

မုသားဖြူ


မုသားဖြူချို
သူဆိုလာ၏ ။
နှုန်းပြည့် ယုံကြည် မဆိုသော်ငြား
သောတ၌ဝယ် သကာပျား ။

ဆိုစေသော်လဲ
ထိုထိုမုသား
ဆိုပါများက
ရနံ့ကားပြယ် ချိုရန်ခက်၏ ။



ညီမလေး
၅.သြဂုတ်.၂၀၁၀

# ပုံ = ဂိုဂယ် က ယူပါတယ် ။

Sunday, August 1, 2010

Clone Shot


စိတ်ကူးတည့်ရာ လေးတွေပါခင်ဗျား။

Sunday, July 25, 2010

Sequence Shots 1


တစ်ခုခု ပေါ့ဗျာ။ လုပ်ကြည့်မိတာလေးတွေပါ။

Thursday, July 22, 2010

မိုင်တိုင်တွေရဲ့ သီချင်း

ငါတို့ရဲ့ တွေ့ဆုံချိန်လေး
ကြည့်နေရင်းကပဲ ခိုးယူခံလိုက်ရချိန်
မြင်နေကျ ငါ့မျက်လုံးတွေ ငတ်မွတ်ဖျားနာခဲ့ရပေါ့

မရှိခြင်းအနက်ရောင် ပွင့်ဖတ်တွေကြားမှာ
နေသားမကျတဲ့ စိတ် က
ည ရဲ့အရေခွံကို ဆုတ်ဖြဲ ပြေးထွက်တယ်
ဖွင့်ထားမယ့် တံခါးများဆီ
စွင့်ထားမယ့် နားတစ်စုံဆီ

ကောင်မလေးရေ...!
ဒါဟာ ငါ့ရင်နဲ့တီးခတ်တဲ့ ဂီတပါ
နင့် ပြတင်းရဲ့ အပြင်ဘက် မနက်ခင်းမှာ
ညနေမှာ...
ငါ့ အလွမ်း တွေ လှလှပပ
မိုင်တိုင်တွေ စိတ်လိုလက်ရ ကွေးညွတ်ထားတဲ့ လေပြေထဲမှာ
လွင့်ထွက်စီးမျောဆဲ ခေါ်သံများ...

ကူးလွေ့

Thursday, July 8, 2010

" အပြစ် "



လမ်းဖောက်ဖို့
လမ်းလျှောက်ထွက်ကြတယ် ။
လမ်းလျှောက်ရင်းပဲ
လမ်းပျောက်ကြရတယ် ။
လမ်းလျှောက်ရင်းပါပဲ
လမ်းပျောက်ကုန်ကြတယ် ။
ကိုယ့်အပြစ်လား ??
သူ့အပြစ်လား ??
ဒါမှမဟုတ် ..
လမ်း အပြစ်လား ??

(သူ = ဘယ်သူလဲ ??)

# ပုံ = ဂိုဂယ် က ယူပါတယ် ။

ညီမလေး
၈.ဇူလိုင်.၂၀၁၀

Friday, July 2, 2010

"ဆန္ဒ" နှင့် "စိတ်လေထု "

ခုချိန်မှာ မိုးပေါ်က သကြားမင်းက ကြိုက်ရာ တဆုတောင်းဆိုရင်တော့ ကိုယ် "အိမ်ပြန်ပါရစေ" ဆိုတဲ့ "ဆု" ကိုပဲ တောင်းမယ်။
အိမ်ကို လွမ်းလွန်းလို့ပါ ။ မားတို့ကိုလည်း သိပ်သတိရတယ် ။
တော်ရာမှာ နေရတဲ့ ကာလရာသီတွေကလဲ သိပ်ရှည်ကြာနေပြီဆိုတော့ ပျော်ရာလေးမှာလဲ နေချင်သေးတယ် ။ အင်းး... ဖြစ်နိုင်ချေ မရှိသေးတဲ့ "ဆန္ဒ" တခုဆိုပါတော့ ။

လတ်တလော အခြေအနေက အဲ့ဒီ "ဆန္ဒ" တွေကို ကျောမခိုင်းထားချင်လဲ ကျောခိုင်းနေရတယ် ။ အိမ်ကိုပြန်ပြီး ပါးနဲ့မားရဲ့ အနားမှာ ချာဂျင်လုပ်ချင်တဲ့ စိတ်တွေကလဲ ကိုယ့်ကိုနှိပ်စက်လွန်းလှတယ်။
ဒါပေမဲ့လည်း တခါတခါ မာန်တင်းပြီး ကျောခိုင်းရလွန်းလို့ ထင်ပါတယ် ... အားတွေ အင်တွေ ကုန်ခမ်း ပြီး ဖျော့တော့တော့ ဖြစ်ဖြစ်လာတယ် ။
ဘက်ထရီ ချာဂျင် သိပ်မသွင်းနိုင်လို့ အားကုန်ခါနီးတဲ့ အင်ဗာတာက မီးချောင်းလေးလိုပဲ။
ကိုယ့်ကိုတိုင်လဲ မလင်းနိုင်၊ သူများကိုလည်း အလင်းမပေးနိုင်တဲ့ လောင်ကျွမ်းခါနီး ခပ်မှိန်မှိန် မီးချောင်းလေး တချောင်းလိုဖြစ်နေတယ် ။
ကိုယ်ကတော့ ဘက်ထရီက "စိတ်"၊ မီးချောင်းလေးက"ကိုယ်" လို့တင်စားချင်တယ် ။ ဘက်ထရီအားပြည့်မှ မီးချောင်းလေးက လင်းနိုင်တာကိုးလေ ။ သူတို့က အတွဲလိုက်လေး နေတတ်တာမလား ။
အင်း...ဘက်ထရီတွေဟာ အားသွင်းဖို့ အချိန်လွန်ရင် ဘာဖြစ်တတ်သလဲ ကိုယ်မသိပေမဲ့ ကိုယ်ကတော့ ဒီအတိုင်းဆက်သွားရင် နှလုံးသားထဲက အကန့်တချို့ ပျက်ဖွယ်ရှိတယ် ။

ဒါပေမဲ့ ခက်တာက သကြားမင်းကလဲ မပေါ်လာဘူး ။
ဒီက ဆုတောင်းဖို့ အဆင်သင့် စောင့်နေပါတယ်ဆိုကာမှ .... ။
ကိုယ့် "ဆန္ဒ" တွေကို သူကလည်း လစ်လျှူရှုနေတယ် ။ ရက်စက်လိုက်ပုံများတော့ .. ။
သူကိုယ့်ကို သတိပြုမိစေဖို့ အချက်ပေး တန်ပို နဲနဲများ အရှိန်မြှင့်ဖို့ လိုနေသလား ??? ။
အင်း.....တမ်းသာတမ်းတ ကြည့်မိတာပါ ။
တောင်းတဲ့ဆုတိုင်းသာပြည့်မယ်ဆိုရင် သူ့ခမျာလည်း လက်လည်ရှာမယ် မထင်ဘူး ။
သံတူကြောင်းကွဲပေမဲ့ ကိုယ်လို တောင်းဆုပြုကြမဲ့ သူတွေ များမှာသေချာလှသကိုးလေ... ။

အခုလို အရေမရ အဖတ်မရ "ဆန္ဒ" တွေကြောင့် ကိုယ့်"စိတ်"လေထုဟာ တော်တော်ညစ်ညမ်းနေတဲ့ပုံပဲ ။ဟိုးအဝေးက လှမ်းကြည့်ရင်တောင် မည်းလို့မှောင်လို့ ။
ကိုယ့်ကိုယ်ကိုယ်ပဲ တားထားသလား ။ တစုံတယောက် ကပဲ ကိုယ့်အတွက် ပြန်လမ်း ကိုပိတ်ထားသလား ???
မရေရာတဲ့ အဖြေ တခုရယ် ၊ အကောင်အထည် ဖော်ဖို့ မဖြစ်နိုင်သေးတဲ့ အိမ်ပြန်ပြီး အားဖြည့်ချင်နေတဲ့ ကိုယ့်ရဲ့ အရေမရ အဖတ်မရ "ဆန္ဒ"
တခုရယ် .. အဲ့ဒီ ၂ခုအောက်မှာ ကိုယ်ခုလိုပဲ မကြာမကြာ ပိ ၊ ပိ နေတတ်တယ် ။
တခါတခါ ကိုယ် အသက်ရှု တောင် သိပ်မဝချင်တော့ဘူး ။
ဟူးးးးးးးး...သူ့ကို ထိန်းချုပ်ဖို့ ကိုယ့်မှာ "တက်ကနိုလော်ဂျီ" တခုလိုနေတာတော့ သေချာနေပြီဆိုပေမဲ့လည်း လောလောဆယ် ကိုယ် ရွေးချယ်ခွင့်ရှိတဲ့၊ ရွေးချယ်နိုင်တဲ့ "တက်ကနိုလော်ဂျီ" က အနာဂတ်ရဲ့ "ပျော်ရာ" ဆိုတဲ့ နေရာအတွက် "တော်ရာ" ဆိုတဲ့ ခုဒေသမှာ အဲ့ဒီ "ဆန္ဒ" တွေ ခဏခေါက်ပြီး သိမ်းထားယုံပဲ ဆိုတော့ ......... ။

ညီမလေး
၃၊ဂျူလိုင်၊၂၀၁၀

Wednesday, June 23, 2010

ညီမလေးသို့ပေးစာ

ကြာချစ်ရတဲ့ မီးမီးလေးရေ..

ကြာ..မီးမီးလေးနားကိုစာမရေးတာကြာပြီနော်။ တကယ်ကတော့ အမြဲတမ်းလိုလို သတိရနေပါတယ် မီးမီးလေးစာလိုက်နိုင်ရဲ့လား၊အဆင်ပြေပါ့မလား၊နေကောကောင်းရဲ့လား၊အစုံပေါ့။မီးမီးလေးမွေးနေ့တုန်းက ကြာတို့ ဖုန်းဆက်ကြသေးတယ် ။ ဖုန်းက ဘယ်လိုမှကို ခေါ်လို့မရဘူး။ ဒီရက်ပိုင်းတွေ မီးမီးတို့အဆောင်ကိုဖုန်းခေါ်ရတာ သိပ်ခက်တာပဲ။ မြန်မာပြည်ကို ဖုန်းခေါ်ရတာမလွယ်ဘူးမီးမီးရေ။ ဈေးကလည်းကြီးသေး၊လိုင်းကလည်းမကောင်းဘူး ။မီးမီးလေးတို့က အဆောင်ဆိုတော့ပိုခေါ်ရခက်တာပေါ့။ ကြာ ဒီစာကို ကွန်ပျူတာထဲမှာ ရိုက်ပြီးရေးလိုက်တာ။ လက်နဲ့ရေးတာလဲကောင်းပေမဲ့ မှားရင်ပြင်ရပြူရ စက်နဲ့ရေးတာ ပိုမြန်သလားလို့။ မီးမီးလေးဆယ်တန်းပြီးရင် အင်္ဂလိပ်စာကို သေချာ ကောင်းကောင်း ပြောနိုင် ဆိုနိုင်အောင် သင်တန်းတွေ တက်ရမယ်။ ပြီးရင်ကွန်ပျူတာ..ဒီခေတ်ထဲမှာ ကိုယ့်သင်ယူလေ့လာမဲ့ဘာသာရပ်ကဘာပဲဖြစ်ဖြစ် အိုင်တီနည်းပညာကို အနည်းဆုံး အခြေခံပဲဖြစ်ဖြစ် သိကိုသိထားရမယ် ။အဲ့ဒါဟာ ခေတ်ရဲ့လိုအပ်ချက်တခုပေါ့ ။

ကြာ..ဒီတခေါက် မီးမီးလေးကို စစ်ပွဲတွေအကြောင်းပြောပြချင်တယ်။ ကြာတို့နေတဲ့ ခုကမ္ဘာကြီးရဲ့ နေရာအရပ်ရပ်မှာ စစ်ပွဲတွေဖြစ်နေကြတာ မနည်းဘူး ။ကြာတို့နိုင်ငံထဲမှာကိုပဲ ကရင်ပြည်နယ်ဘက်မှာ ဆို ကရင်လက်နက်ကိုင်တွေနဲ့အစိုးရအဖွဲ့တွေ ပစ်နေခတ်နေကြတယ်။ ရုပ်ရှင်တွေထဲမှာ မြင်ဘူးမှာပေါ့။ အဲ့ဒါတွေ တကယ်လက်တွေ့ဖြစ်နေတဲ့နေရာတွေ မနည်းဘူးမီးမီးလေးရေ။ ကြာတို့ နိုင်ငံရဲ့ အနီးအနားက နိုင်ငံတွေ အိန္ဒိယမှာ၊ပါကစ်စတန်မှာ၊ထိုင်းမှာ၊ဟိုး..အနောက်ကမ္ဘာခြမ်းက နိုင်ငံတွေမှာ ဖြစ်နေလိုက်ကြတဲ့စစ်တွေ။ သူတို့တွေက ဘာကြောင့်ဖြစ်ကြသလဲ ။ အဓိကအချက်ကတော့ လူနည်းစု လူမျိုးတွေက သူတို့ရဲ့ မျိုးနွယ်ကို ထိန်းသိမ်းချင်တယ်၊ အဲ့အတွက် လုပ်ပိုင်ခွင့်အခွင့်အရေးတွေ ရချင်တယ်။ အစိုးရလက်အောက်မှာ မနေလိုဘူး။ ကိုယ့်နယ်မြေကို သီးသန့်အုပ်ချုပ်ချင်ကြတယ်။ နောက်တချက်က အစိုးရရဲ့ တရားမျှတတဲ့ အာဏာပေးဝေမှု တနည်းအားဖြင့် လုပ်ပိုင်ခွင့်ပေါ့။အဲ့ဒီအချက်က စစ်တွေကို ဖြစ်ပွားစေဖို့ အတွက် လောင်စာတမျိုးပေါ့။ တနှစ်တနှစ် စစ်ကြောင့် အပြစ်မဲ့တဲ့သူတွေ သောင်းနဲ့သိန်းနဲ့ချီပြီး သေကြတယ်။

ကြာတို့ တိုင်းပြည်ကလည်း သိပ်အကောင်းစား အငြိမ်းချမ်းဆုံးဆိုတဲ့ တိုင်းပြည်ထဲမှာ မပါပေမဲ့ နဲနဲတော့တော်သေးတယ်လို့ပြောရမယ်။ဒါပေမဲ့နော်..စစ်ဆိုကတည်းက မကောင်းတော့ဘူးလေ နိုင်သူကောရှုံးသူကော သေကြတာကိုး။ အဲ့ဒီအထဲမှာ အထိအနာဆုံးက ကလေးလေးတွေပေါ့။ မိသားစုတွေ သေကုန်ကြတယ် တယောက်တည်းကျန်ခဲ့တယ် ဒါမှမဟုတ် မောင်နှမ၂ယောက်၃ယောက်ပဲ ကျန်ခဲ့တယ် ။ အဲ့လိုကလေးလေးတွေဟာ ကျောင်းနေရွယ်မှာ ကျောင်းမနေနိုင် ၊ စားကောင်းခြင်းနေကောင်းခြင်း မနေနိုင်။ လမ်းပေါ်ရောက်တဲ့ အလေအလွင့်လေးတွေ ဖြစ်ကုန်ကြရော..။နောက်ပြီး ရှိသေးတယ် စစ်ကြောင့် လွတ်ရာကိုပြေးကြတယ်။ များသောအားဖြင့်တော့ နယ်နမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံတွေဘက်ဆီကို ကူးကြတယ်ပေါ့ ။ဥပမာ..ကရင်ပြည်နယ်ဘက်ဆို မြန်မာပြည်အောက်ပိုင်းဘက်မလား အဲ့တော့ ထိုင်းနဲ့နီးတော့ ထိုင်းဘက်ကိုပြေးကြတယ်။ တဘက်နိုင်ငံကလည်း သူတို့အကြောင်းနဲ့သူတို့ကလည်း ရှိသေးတာဆိုတော့ ပြေးလာသမျှစစ်ဘေးဒုက္ခသည်တွေကို မကြည့်ရှုနိုင်ဘူးပေါ့ ။ နေရာထိုင်ခင်းမလုံမလောက် ၊အစာရေစာမရှိ၊ ကျန်းမာရေးအတွက် ဆေးဝါးမရှိ ၊ကလေးလေးတွေအတွက် ကျောင်းမရှိ… ဘယ်လောက်ဆိုးလိုက်သလဲ ။

ဒါတောင်နော် ဒုက္ခသည်စခန်းတွေမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေက အခြေခံလိုအပ်ချက်တွေအတွက် ကူညီထောက်ပံ့နေကြတာ။ ဒါပေမဲ့ ပေးမဲ့သူနဲ့ယူမဲ့သူ အင်အားမမျှဘူးလေ။ တချို့တွေကတော့ တတိယနိုင်ငံလို့ခေါ်တဲ့ ကိုယ့်မွေးရပ်မြေမဟုတ်တဲ့၊ အခုလက်ရှိခိုလှုံနေတဲ့နေရာမဟုတ်တဲ့ တိုင်းပြည်ကို ထွက်ဖို့အခွင့်အရေးတွေရကြတယ်ပေါ့ ။ ဒါပေမဲ့လည်း လူနည်းစုပေါ့လေ။ အများစုကတော့ အဲ့ဒီဒုက္ခတောကြီးထဲမှာပဲ မွေး၊အဲ့ဒီမှာပဲကြီး၊အဲ့ဒီမှာပဲသေပေါ့။ မီးမီးလေးကြားဖူးမလား မသိဘူး ပါလက်စတိုင်း နဲ့အစ်စရေးစစ်ပွဲတွေအကြောင်းလေ။ ကြာဖြင့်လေ အဲ့ဒီစစ်ပွဲတွေ အကြောင်းစလေ့လာစတုန်းက ဘာကြောင့်များ အဲ့ဒီစစ်ဆိုတာကြီးကို ဖြစ်နေကြတာလဲဆိုတာ နားကိုမလည်ဘူး။ စစ်ဆိုတာ ခပ်လွယ်လွယ်ပြောရရငတာ့ ရှိတဲ့ပစ္စည်းတခုကို ညီမျှစွာ ခွဲဝေမပေးနိုင်လို့ တဦးတည်း မူပိုင်စီးချင်လို့ ဖြစ်ရတာကစတာပဲ ။ လူသားတွေရဲ့ လောဘများကြောက်စရာကောင်းလိုက်ပုံများ ပြောပါတယ်။ ဒီကမ္ဘာလောကကြီးမှာ အစဉ်းစားတတ်ဆုံး အတွေးအခေါ်ဆင်ခြင်ဥာဏ် အရှိဆုံးသတ္တဝါဟာ လူသားတွေတဲ့ … ကဲ အဲ့လိုဆို အဲ့ဒီဖြစ်နေတဲ့ စစ်ပွဲတွေကို ကြည့်ရင် အဲ့ဒီ လူသားဆိုင်ရာဖွင့်ဆိုချက်ဟာ မှန်တယ်လို့ပြောနိုင်ပါ့မလား။ စဉ်းစားစရာပဲနော် ။ အဲ့ဒီပါလက်စတိုင်းစစ်ပွဲဆိုတာ ကြာတို့ငယ်ငယ်လေးကတည်း ဖြစ်နေတာ ခုထိလဲမပြီးသေးဘူး နယ်မြေလုတာကနေစတယ်လို့ မီးမီးလေးနားလည်အောင် အလွယ်ပြောရမှာပေါ့ ။ ဗုံးတွေကျည်ဆံတွေကြားမှာပဲ ကြီးပြီးလာကြလို့လားမသိပါဘူး။ အားလုံးကသွေးဆာနေကြတယ်။ သူကချလိုက် ကိုယ်ကချလိုက်နဲ့ ရန်ကိုရန်နဲ့တုံ့ပြန်တော့ မဆုံးတော့ဘူးပေါ့လေ ။ အဲ့ဒါကြောင့် ကြာတို့ မြတ်စွာဘုရားက “ရန်ကိုရန်ချင်းမတုံ့နှင်းမှ ရန်ကင်းပြေပျောက် ချစ်ခြင်းရောက်၏” လို့ဟောတော်မူခဲ့တာပေါ့။

အဲ့လိုပဲမီးမီးလေးရေ.. စစ်ပွဲအကြီးကြီးတွေမှ မဟုတ်ဘူး သူငယ်ချင်းတွေချင်း မောင်နှမသားချင်းလဲ တူတူပေါ့။ အကြောင်းအရာတခု မျှတမှုမရှိဘူးလို့ ခံစားလာရရင် အဲ့ဒါကို အကြောင်းပြုပြီး တယောက်နဲ့ စိတ်ခုကြရင်းက ရန်တွေဆောင်ကြ ၊ တဦးကိုတဦးမကောင်းကြံကြ…အဲ့ဒါတွေဟာ စစ်ပွဲသေးသေးလေးတွေပေါ့။ ကြာ..ကလေ သိပ်ဒေါသကြီးတာ။ အဲ့ဒါဟာ စစ်ပွဲလေးတွေကို ဖြစ်စေတဲ့ မီးစာပေါ့။ ခုတော့ တဖြည်းဖြည်း ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်အောင်တော့ ကြိုးစားနေပါတယ်။ စစ်ပွဲလေးတွေလဲ မဖြစ်ရအောင် ဖြစ်ပြီးခဲ့ရင်လည်း ရန်ကိုရန်ချင်းမတုံးနှင်းမိအောင် ခွင့်လဲခွင့်လွတ်နိုင်အောင်ပေါ့။ မဖြစ်အောင်နေနိုင်ဖို့ ပိုကြိုးစားရအုန်းမယ် ။ မီးမီးလေးကိုလဲ ကြာက ဒေါသမီးစာတွေမရှိစေချင်ဘူး။ အဲ့ဒီမီးစာက ဆင်ခြင်တုံတရားတွေကို ကွယ်ပျောက်သွားစေတယ်။ ဂမူးရူးထိုးနဲ့ လုပ်သင့်တာမလုပ်သင့်တာကို မခွဲခြားတတ်ဘူးဖြစ်တတ်တယ်။ မီးမီးရေ…ကြာကလေ မီးမီးလေးကို စာတွေလည်းသိပ်ဖတ်စေချင်တာ။ ပြီးတော့ အသိအဥာဏ်ပညာလည်း သိပ်ကြီးမြင့်စေချင်တာပဲ ။ အရာရာကို စနစ်တကျ တွေးတတ်ခေါ်တတ် လေ့လာသုံးသပ်တတ်တဲ့ ညီမလေးသိပ်ဖြစ်စေချင်တာ။ နောက်ပြီး ကျေးဇူးတရားကိုလည်း သိတတ်စေချင်သေးတယ်။ လောကကြီးမှာ အသက်ရှင်နေထိုင်နေတဲ့ သူအားလုံးဟာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီနဲ့ နေထိုင်နေကြတာ။ ကိုယ်မမြင်မသိနိုင်တဲ့ အပိုင်းတွေကနေ ကိုယ့်တို့ဘဝတွေကို ထောက်ပံ့ပေးနေတဲ့သူတွေအများကြီးရှိတယ် ။ မီးမီးလေးတွေးကြည့်စမ်း …ဥပမာ ထမင်းစားတယ်ဆိုပါတော့ အဲ့ဒီဆန်ကိုစိုက်ပေးတဲ့ ဦးကြီးတွေရှိမှ ၊ပြီးတော့ အဲ့ဒီဆန်ကိုထမင်းဖြစ်အောင် လုပ်ပေးတဲ့သူတွေရှိမှ ၊ဟင်းဆိုလဲ အဲ့လိုပဲ။ မြင်အောင်ကြည့်တတ်ရင် အများကြီးပေါ့ ။ ဒီတခါထမင်းစားတဲ့ အခါ အဲ့ဒီထမင်းနဲ့ဟင်းကို ကိုယ့်ရှေ့မှာ အရန်သင့်စားလို့ရအောင် လုပ်ကိုင်ပေးကြတဲ့သူတွေကို စိတ်နဲ့မှန်းပြီးမေတ္တာလေးများ ပို့ကြည့်စမ်းပါ။ အဲ့ဒီအချိန် ဘယ်လိုခံစားရမလဲ ဆိုတာကိုလဲ သတိထားပြီးကြည့်ကြည့်စမ်းပါ။ ပိုက်ဆံပေးရင်ရတာပဲလို့ လွယ်လွယ်နဲ့ပေါ့ပေါ့လေး မတွေးနဲ့နော် ။ အားလုံးမှာ ပိုက်ဆံနဲ့ တန်ဖိုးဖြတ်လို့မရတဲ့ တန်ဖိုးဆိုတာရှိကြတယ် မီးမီးလေးရဲ့ ။ အဲ့ဒါကြောင့် ကြာက အရာရာကို တန်ဖိုးထားပြီး ကျေးဇူးတရားကို ခံစားတတ်တဲ့သူလည်း ဖြစ်စေချင်သေးတာ။

မီးမီးရေ..မီးမီးကိုကြာကပြောပြချင်တာတွေ၊ သိစေချင်တာတွေ အများမှအများကြီးပဲ ။ ကြာပြန်လာရင် မီးမီးကို အနီးကပ်သေချာ လုပ်ပေးနိုင်တော့မှာပါ။ ကြာပြန်လာဖို့လဲ စိတ်ကူးထားတယ် ။ ဒီနိုင်ငံမှာ ပိုက်ဆံရမဲ့ အလုပ်တခုတော့ လုပ်ရင်ရနိုင်ပါတယ် ။ဒါပေမဲ့ ကြာက ကြာတတ်တဲ့ပညာနဲ့ ကြာတို့ နိုင်ငံအတွက် တခုခုလုပ်ချင်တယ် ။ ကြာလုပ်ချင်တဲ့ အလုပ်မလုပ်ရရင်တောင် လူတွေကို အထောက်အကူပြုမဲ့ အလုပ်တခုခုလုပ်မယ် စိတ်ကူးတယ် ။ လူဆိုတာ ကိုယ့်အတွက်ချည်းပဲ စဉ်းစားနေရင် သိပ်အထီးကျန်ဆန်တယ်၊ ပြီးတော့ အဲ့ဒါဟာ လူမပီသဘူးမီးမီးလေးရဲ့..။ ကိုယ်တတ်နိုင်သလောက် အများကောင်းကျိုးကို သယ်ပိုးနိုင်ရမယ်။ သယ်ပိုးနိုင်အောင်လဲ အားထုတ်ရမယ် ။ ဘာမှမတတ်နိုင်ရင်တောင် ကိုယ့်ကြောင့် အနည်းဆုံး ကိုယ့်အနီးအနားကလူတွေ စိတ်ချမ်းသာသွားစေတာမျိုး၊ ပျော်ရွှင်စေတာမျိုးလောက်တော့ လုပ်ဆောင်နိုင်ရမှာပေါ့ ။ မီးမီးလေးရေ…ဒီတခေါက်ရေးလိုက်တဲ့ အကြောင်းအရာတွေက သိပ်များလေးနက်သွားလေသလား ။ ဒါပေမဲ့ မီးမီးလေးကို နားလည်စေချင်တယ် ။ သေချာဖတ်နော် ။

ကြာချစ်တဲ့ ညီမလေး နေကောင်းကျန်းမာပါစေ ။ စာတွေလည်း စိတ်သွားတိုင်း ကိုယ်ပါကြိုးစားနိုင်ပါစေ ။ စိတ်လက်အမြဲကြည်ရွှင်နေပါစေ ။ ပါးတို့မားတို့ကိုလည်း အမြဲသတိတရရှိနေပါစေ ။ မနောဖြူ သဘောဖြူနဲ့ လူချစ်လူခင်ပေါများပါစေ မီးမီးရေ…

မီးမီးကို ချစ်တဲ့
ကြာ
၂၂ရက်.၆လ.၂၀၁၀


ညီမလေး
၂၃.၆.၂၀၁၀

Saturday, June 19, 2010

ရော်.....

တိတ်ဆိတ်နေတဲ့ စကားလုံးတွေ ပြန့်ကျဲ...
အဲဒီ အတွင်းကျကျ စားပွဲလေးမှာ...
သူမပါတဲ့ မနက်ဖြန်တွေ ချခင်း....
နေဝင်ခြင်းဟာ ရက်စက်လွန်းတယ်......

စိတ်လိုလက်ရ စိမ်းလန်းခြင်းတွေ....
ရင့်ရောညိုးချိန် မြေခလွယ်လွန်း...
ပွင့်ချင်တိုင်း ပွင့်ခဲ့ပီးမှတော့...
ခြွေရက်သူ အပြစ်မတင်ချင်တော့....

ဆိတ်ငြိမ်စွာပဲ သုံးသပ်နေမိတယ်...
ပုံသေနည်းတွေ ချခင်းတိုက်တတ်တဲ့...
အဲဒီမနက်တွေ ပြန်ပြန်လန်းလာအောင်...
နှလုံးသွေးနဲ့ ပြုစုပျိုးထောင်...

လေးဘက်လေးတန် ဘောင်ခတ် အခန်းကျဉ်းထဲ
ငါ့နံရံကို ငါပြန်ကျော်ဖို့...
စည်းမျဉ်းချ ဒဿနတွေထဲ...
အခုထိတော့ ငါလဲကျနေတုန်း....။ ။

ကမ္ဘာ့ ဖလားအတွက် LIVE Streaming

ကမ္ဘာ့ဖလား ကို အွန်လိုင်းက ရှာကြံကြည့်နေရတဲ့ သူငယ်ချင်းများအတွက် ကျွန်တော် ကြည့်နေတဲ့ Live Streaming ဆိုက်လေး တစ်ခု မျှဝေချင်ပါတယ်...။ ကြည့်ရတာအတော်လေးလဲ အဆင်ပြေပြီး ကြည်ကြည်လင်လင်လဲ ရှိပါတယ်။ ကွန်နက်ရှင် အတန်အသင့်ရှိရုံနဲ့ ကြည့်ရှုနိုင်ပါတယ်။
 လင့်ခ် ကတော့ ဒီမှာပါ။

http://lets-kickoff.blogspot.com/2010/06/watch-live-streaming-fifa-world-cup.html

ဒါရိုက်လင့်ခ် တွေကို ပွဲစ ခါနီး ဆယ့်ငါး မိနစ်အလိုလောက်မှ ပေးပါတယ်..။ သူ့ဆိုက်မှာ တင်ထားတဲ့ ပလေယာကနေလဲ တိုက်ရိုက်ကြည့်ရှုနိုင်သလို...သူပေးထားတဲ့ လင့်ခ် တွေ ကနေလဲ ကြည့်ရှုနိုင်ပါတယ်။လင့်ခ်တွေကိုလဲ အမြဲ အပ်ဒိတ်လုပ်ပေးထားပါတယ်။ ကြည့်နေရင်း တစ်ခါတစ်လေလိုင်းပျောက်သွားရင် လင့်ခ်ပြောင်းပြီး ကြည့်နိုင်ကြောင်းပါ ခင်ဗျား..။

ကူးလွေ့

*ကျွန်တော့်ရဲ့ ကမ္ဘာ့ဖလားရောဂါကို ဒီလင့်ခ်နဲ့ ကူညီဖြေရှင်းပေးတဲ့ ဘော်ဒါကြီး စိုးငွေကို အထူးပဲ ကျေးဇူးတင်ပါကြောင်း *

Tuesday, June 15, 2010

တိမ်တွေ ငိုတဲ့နေ့

ပိတ်ထားတဲ့မျက်ခွံတွေက
ပြုံးတယ်။

မုတ်သုန် စိတ်ကူးတွေ တသုန်သုန် ခတ်ပြီး
ငတ်မွတ် ဖျားနာနေတဲ့ ကောင်ပါ
ထီးတစ်ချောင်းရဲ့ နောက်ကြောင်းပြန်လမ်းမပေါ်
တုန်တုန်ရီရီ အိပ်မောကျ

သူမရေ....!
ဟောဒီ လက်ထဲက ရက်စွဲဟာ
ကောင်းကင်ရဲ့ ဂီတနဲ့အတူ ပွင့်တယ်
ခု
စွတ်စို ခွင့် ဘယ်ဆီမှာလည်း....?

ယောင်ယမ်းသံ ဆူညံတဲ့ နေ့ပါ
ပိတ်ထားတဲ့ မျက်ခွံတွေကတော့
ပြုံးနေတယ်။

ကူးလွေ့

Thursday, June 3, 2010

စိတ်ထွက်ပေါက်

လွဲခြင်းပေါင်းများစွာနဲ့...
ဟန်ချက်ညီညီ စီချယ်ထားတဲ့ ငါ့ရဲ့ည....
စိတ်ကူးတိမ်စိုင်တွေ ကြိုးနဲ့သီလို့..
ရင်ဘတ်ကို လေပြည်ငွေ့ငွေ့ပွန်း.........
ဟိုးအနောက်ယွန်းယွန်းဆီက ထုပ်ပိုးခြင်းမဲ့ ဆာလောင်မှုတွေ....
မှောင်ရီနေတာတောင် အလင်းကို သက်သေထူတုန်း...
သံသယ ရယ်သံပါးပါးထဲမှာ...
အမှန်တရားတွေ ခြောက်ချားတိတ်ဆိတ်.....
အဲဒီမနက်မျိုးမှာ ငါ့ကို ဘယ်သူနိုးခဲ့တာလဲ.....?

Tuesday, June 1, 2010

နေမျှော်တဲ့ပန်း

ရင်အိမ်ကို ဖွင့်ပစ်လိုက်တဲ့အခါ
နားတစ်စုံ စာ စကားတွေ
တဆစ်ဆစ်ကြွေသွားခဲ့

နှုတ်ခမ်းကို ထမ်းပိုးပြီး
ခေါက်ရိုးကျိုး မျက်လုံးတွေ မြည်တမ်းခဲ့
သိုသိုဝှက်ဝှက်
ပင့်သက် တို့ ငွေ့ရည်ဖွဲ့ခဲ့ကြ

ပျိုးထားတဲ့ ငါ့ ကောင်းကင်လည်း
ကြယ်သေတွေ ပွင့်နှင့်ပေါ့
အဆိပ်သင့်လရောင်ကို မြည်းစမ်းရင်း
ပျို့ပျို့လာတဲ့အလွမ်းတွေ
ငါ့ အခန်းထဲ တနင့် တပိုး....

ကူးလွေ့

Wednesday, May 19, 2010

ဆုံမှတ်များရဲ့ အလွန်

တိတ်တိတ်လေး ငါရပ်နေခဲ့တယ်............
တိုးတိတ်ညင်သာလွန်းတဲ့ ရင်ခုန်သံပါးပါးလေးကြားမှာ အချစ်ရော်ရွက်လေးကြွေကျ.........
ကောက်ယူသိမ်းဆည်းလိုက်ဖို့ ငါလက်တွေ လှမ်းလိုက်တယ်........
နှင်းစက်တွေ စိုနေသတဲ့လား ရွက်ဝါရယ်...........
သဲ့သဲ့လေး လှုပ်ရှားယုံနဲ့ နင်ဘာလို့ ခုန်ချခဲ့တာလဲ.................
ရင့်ကျက်နေတဲ့ ဒဏ်တွေနဲ့ အဝါရောင်ငယ် မဟာဆန်ချိန်မှ နင်မြေခရက်တယ်နော်............
စိမ်းစိုဝေဖြာဖူးတဲ့ အခက်အလက်တွေ . ကောင်းကင်ကို မျှော်ကြည့်ကြေကွဲ...........
မြေနီရောင် ခြောက်သယောင်းမှာ နင်ငြိမ်သက်စွာ လဲလျောင်းလိုက်ချိန်....
ဘယ်ဘက် ရင်အုံက ပါးပါးဆိုတယ် မျက်ရည်ခြွေ စွေတဲ့မိုးတဲ့လားကွယ်.....
ပင့်သက်ရှိုက် ခေါင်းမော့လိုက်ချိန်မှာ ငါ့မျက်ရည်တွေ ခုန် ချ လိမ့် ဆင်း...........

Monday, May 17, 2010

ဆိတ်သုဉ်းခြင်း

ကွယ်...
အထီးကျန်ဆန်လွန်းရဲ့

ပင့်သက်တွေ မြို မြို ချထားရတယ်
အနားမှာ နင်မရှိ

ကူးလွေ့

Friday, May 14, 2010

အမှတ်တရ "သောက"



ဒီနေ့ အစီအစဉ် မရှိဘဲနဲ့ ဒိုးလုံးသီချင်းတွေ အများကြီး နားထောင် ဖြစ်တယ် ။
"သောက" ဆိုတဲ့ ခုသီချင်းကို ဒိုးလုံး ဆိုတာ ဘယ်သူမှန်း မသိခင် ကတည်းက သူငယ်ချင်းတွေ ဆိုပြလို့ နားထောင်ခဲ့ဘူးတယ် ။ ကိုယ်တို့ သူငယ်ချင်းတွေ တယောက် တနေရာစီ ကွဲကွာကုန်ကြကတည်းက ပြန်မတွေ့ကြတော့တာ ဆယ်စုနှစ် တခုကျော်လွန်တော့မယ်။ ကိုယ်ချစ်တဲ့ သူငယ်ချင်းတွေကို သတိရမိတဲ့ အတွက် အမှတ်တရပေါ့ ......... ။

ညီမလေး
၂၀၁၀.မေ.၁၅

Wednesday, May 12, 2010

ဥယျာဉ်မှူး....

ပတ်သက်ခြင်း တဒင်္ဂလေးမှာ..
ချစ်ခြင်းတွေ ရွာသွန်းဖြိုးလို့...
ရောင်နီနဲ့ အပြုံးတွေချယ်သ...
တွေ့ဆုံချိန်နောက်ကျတာကို အပြစ်တင်ဖူးတယ်........

စိတ်ကူးတိုင်းလဲ တွေ့နိုင်ခဲတယ်....
ဆုံမှတ်တွေက ထက်ဝက်မက လွန်နေခဲ့သမို့....
ပျံသန်းတဲ့ အိပ်မက်နားချိန်မှာ
ငါ့ရင်တွေ ပြပြမောတယ်.....

ရယ်သံတွေ ကကြိုးသီလို့...
ငါ့အသက်တွေ တည်စေခဲ့သူရေ....
ပူနွေးတဲ့ မျက်ရည်ကောက်ကြောင်းမှာ...
အေးချမ်းနှစ်သက်ပျော်ဝင်တတ်ခဲ့ပေါ့.....

တစ်စိမ့်စိမ့်နဲ့ တစ်အေးအေး....
ခြုံလွှာလေးလို နွေးထွေးလွန်းတယ်ကွယ်....
ထွက်သက်လေးကို မှန်းမျှော် ကြည်နူးရင်း....
ငါ့ရဲ့ပါးပြင်ဟာ စိတ်ကူးရင်ခွင်ဆီ.....

လက်တစ်ကမ်းစာ အထိအောင်...
ပင့်သက်တွေ ကျယ်လောင်ဖူးတယ်...
ခေါက်သိမ်းထားတဲ့ ရင်ဘတ်ထဲက...
အချစ်တွေ သွန်ဆင်းသွားလိုက်တာ.....

မိုးရည်တွေ မြမြကျဲတိုင်း...
ငါ့ကိုယ်ငါ ဆေးကြောသုတ်သင်.....
ကလေးလေးရေ.....
ချစ်ခြင်းမေတ္တာမှာ ယဉ်ယဉ်လေး ရူးခဲ့ပေါ့.....

စိမ်းလန်းဖူးတဲ့ နေ့တွေ အကြောင်းမှာ...
မမေ့ရက်နိုင်ကောင်းအောင်တွယ်ငြိ...
အချိန်ပြည့် ပြုံးပန်းရှိရာ...
တေးသံသာတွေ ချိုမြသီကျူး.....

စူးနစ်စွာ ချစ်ဖူးပီးမှတော့...
မူးယစ်ချိန် ရပ်တံ့လိုက်တယ်....
ပန်းပွင့်ငယ် ပွင့်ဖူးခြင်းမှာ...
အရောင်စွန်းတွေ ကင်းပါစေတော့....

လှိုက်လှိုက်ဆူ ပူတဲ့နှလုံးမှာ...
ပေးဆပ်သူ ယဲ့ယဲ့ပြုံးတယ်...
လောင်းရိပ်မှာ တွယ်က ညိုးမယ့်အစား...
လွတ်လပ်စွာ စွင့်ငွားစေတော့....

ငါ့ကိုယ်ငါ ပြန်ခေါက်သိမ်းလိုက်တယ် ကလေးရေ...
မျက်ရည်စို နာကျင်ခက်လဲ
ကြွေကျမယ့် ထန်းသီးတစ်ချို့အတွက်....
မနက်ဖြန်တွေ မထိတ်လန့်စေနဲ့တော့........................။

Tuesday, May 11, 2010

နှုတ်ဆက်သံ

တစ်နေ့က ဖုတ်ကျီးသဂြိုလ်လိုက်တဲ့
သံယောဇဉ်အပိုင်းစတွေ
စိတ်လိုလက်ရ ပုတ်သိုးပျက်စီး...

အသိမိုးတွေခေါင်တဲ့
ကျီးအာသီးပြပွဲမှာ....
အရောင်လှတိုင်း ရောင်းလို့ မလောက်ဘူးတဲ့လား....

ထားလိုက်တော့....
တစ်စွန်းတစ်စ ဖွင့်လှစ်ကြည့်ခွင့်ရလိုက်တာ
တမင်မဟုတ်သလို သက်သက်လဲ မဖြစ်နိုင်ဘူး....
ပေးသူယူသူ လွဲတဲ့လမ်းမှာ...
အစကတည်းက မှတ်တမ်းတွေမလို......။

ပြုံးပြ ခေါင်းညိတ်ယုံနဲ့
အသိတွေပုံကျသွားခဲ့တာ.....
လှောင်ရယ်သံ ပြပြကြားမှ...
ငါ့နောက်ကျောမှာ ဓါးကို မြင်တယ်.....

ဒါလဲ ထားလိုက်ပါ....
တောင်းဆိုသံမဲ့စွာ ဖွင့်ချထားပေးမှတော့
သံယောဇဉ်သီးတွေ ပုပ်သိုးသွားတာ.
ပြစ်တင်မှုကင်းစွာပဲ..
တယုတယ ပြန်သိမ်းပေးလိုက်တယ်...
သုံညကအစမှာ တစ်မှ မရှိသေးပဲ....

ပြတ်သားလိုက်တယ် လေလွင့်ခြင်းရေ...
ထိခိုက်လဲ ပြုံးနေယုံတာ...
ငါ့မျက်လွှာတွေ မှိတ်ထားမှတော့...
သကာရည် ပါးပါးဖုံးလဲ....
နှစ်သက်ဖို့ ကြောက်တတ်သွားခဲ့...
ပဉ္စလက်တွေ ပြတဲ့သူရေ...
နင်ရွာတဲ့မိုးမှာ နင်ကိုယ်တိုင် မနစ်မွန်းစေနဲ့
ထုတ်ချင်းခတ်ထိတဲ့မြားအတွက်
နင့်ကို ငါ ဦးညွှတ်ထားတယ်.....။

Wednesday, May 5, 2010

ကမ်းပါး

အိပ်မက်ထဲက နိုးထလာခဲ့သလိုလား
ထင်မှတ်မထားတဲ့ ရက်စက်ပြတ်သားမှုတွေ
မိုးပြိုတာကို မှင်တက်မိနေတုန်း
စက္ကန့်ပိုင်းလေးထိကို စကားသံတွေ ချိုလွန်းသေးတယ်...

ရေပက်မဝင် ဖြေရှင်းချက်တွေက
မာနအရံအတားကို ကျော်လွှားနိုင်ခြင်းမဲ့တယ်
လက်ဖဝါးကို လှန်ကြည့်တတ်ဖို့
မျက်ရည်တွေ နှစ်ချို့ရမှာလား.....

အရင်းခံ စိတ်ရိုးလေးနဲ့
ဒူးထောက်လို့ ရိုကျိုးနေခဲ့တာ
အမှိုက်တစ်စလို ပြတ်သားခံရချိန်တော့
သမုဒ္ဒရာလယ် သင်္ဘောမှောက်သလိုပဲ.........

ရင်အဆုံးထိ ဖွင့်ပေးတာတောင်
ကျောဘက်ထိ ဖောက်ထွက်ရှာတတ်လွန်း
ချခင်းစရာ ကုန်ချိန်ထိအောင်
ဒီပွဲက လှမလာခဲ့ဘူး.........

လွှမ်းခြုံကာ ချည်နှောင်ခံရင်း
အပြုံးကိုသာ ရိုးသားစွာဆာလောင်ခဲ့တာ
မျက်ရည်တာ ကျိုးကျချိန်မှ
လမ်းခုလတ်မှာ ငိုကြွေးမရတဲ့ဘဝ.....

မြင်လှည့်စမ်းပါ ဒီရင်ထဲကို
နားလည်မှုကိုသာ တောင့်တခဲ့တာပါ
အကြွင်းမဲ့တည်တဲ့ မေတ္တာထုမှာ
စကားလုံးအတုတွေ မသုံးနှုန်းခဲ့ပါဘူး.....

အခု
ချောက်ကမ်းပါးလေးရဲ့ အစွန်ဖျားမှာ
တိုးတိတ်စွာတောင်းဆုခြွေနေယုံ
မနက်ခင်းလေးရေ...
ကျေးငှက်တွေ သာနေလဲ ငါ့ရင်နာနေတယ်...................။ ။

ကမ်း

ရေကျချိန်မှာ ခြေကုန်လက်ပန်းကျပီး ကမ်းကို ကပ်မိဖို့ ကြိုးစားနေသူတစ်ယောက်လို ဘဝဟာ သံယောဇဉ်ပင်လယ်ပြင်မှာ ယောင်ချာချာ....
သက်သေလှိုင်းတွေ တစ်လုံးပြီးတစ်လုံး လှိုင်လှိုင်တက်သာ သွားတယ်... ခန္ဓာကို ပင်လယ်ထဲ ပြန်ပြန်ဆွဲချ...
လုံးချာပဲလိုက်နေတာလား.. ပြေးသူနဲ့ ပုန်းသူ၊ လိုက်သူနဲ့ ရှာသူ...။ တွေ့နေပေမယ့် မြင်ဖို့ခဲသလိုပဲ...
ဒူးထောက်လက်မြောက်ထားရင်း မေးခွန်းတွေကို ဖြေဖို့စောင့်နေတယ်...
ရလဒ်မကောင်းမှာ ကြိုသိထားတဲ့ အလုပ်ဝင်အင်တာဗျူးလိုမျိုး.. ကံတရားကို မျက်နှာချိုသွေးဖို့ စိတ်ကို မြေမှာ ဝပ်ဆင်း ပြင်ဆင်....
လေပြင်းတွေ တိုက်ခဲ့တာလား.. လေညှင်းတွေ လာမယ်လို့ အချက်ပြတာလား.. မှတ်ထင်သိရှိနေတာတော့ ပင်လယ်ဟာ မုန်တိုင်းထန်လွန်းတယ်....
တစ်ဘက်စောင်းနင်း မှတ်ချက်တွေနဲ့ သိတတ်မှုတွေ သိမ်ငယ်လွန်းပေမယ့် မှတ်ကျောက်တင် သံယောဇဉ် အဖြူရောင်ထဲမှာ ဒူးထောက်ကာ တိုက်ပွဲဝင်ရဦးမယ်...
မှန်သောစကားကို သစ္စာလို ဆိုရင်း အချိန်တန်ရင် ကောင်းကင်မှာ လမင်း ထွန်းပါစေလို့ မျက်ရည်ကြည်လေးနဲ့ ထွန်းငြိလိုက်တယ်......
ရောက်ခဲလှတဲ့ ကမ်းခြေမှာ ပန်းတွေ လှိုင်မွှေးစေတော့.....

Sunday, May 2, 2010

စကား

စကား..........
ကိုယ်လိုချင်တာကို ပုံစံဖော်ဖို့ သုံးနှုံးပြောဆိုကြတယ်.... ဘာသာစကားတွေ ဘယ်လောက်ကွဲကွဲ အဓိပ္ပာယ်ကို သယ်ဆောင်နေတာပါပဲ.....
ဆက်သွယ်ပြောဆိုနေကြတာ.. နည်းမျိုးစုံ.........။ စာရေးသလို၊ ပြောလဲ ပြောရဲ့....။
ကြားထဲမှာ သယ်ဆောင်ပေးတဲ့အဓိပ္ပာယ်နဲ့ လက်ခံနားလည်မှုလေး ချိတ်ဆက်မိဖို့ အရေးကြီးတယ်.........
အထင်လေးတစ်ချက် လွဲစေခြင်းဟာ တော်တော် ဆိုးဝါးတဲ့ ဆက်သွယ်မှု ကန့်လန့်ကာကြီးတစ်ခုလိုပါပဲ...
စေတနာတွေ လွန်သွားရင် ရေစီးကမ်းပြိုစကားတွေဟာ ကမောက်ကမ သံစဉ်တစ်ခုလို အဓိပ္ပာယ်တွေက ဝိရောဓိ...
ရှင်းရတာလွယ်ပေမယ့် စွဲမှတ်သွားတာက နှုတ်ရခက်တဲ့ သညာ............
သွားမယ် မသွားဘူး နှစ်ခွန်းထဲမှာ ပဲ အဓိပ္ပာယ်တွေ ကိန်းအောင်းနေလိုက်တာ....
သွားမယ် ပီးမှာ မသွားတော့ဘူး ပြောလိုက်တာဟာ.... အကြောင်းတွေ တစ်စုံတစ်ရာ တိုက်ဆိုင်ခဲ့ရင် စိတ်ဆိုးတာလို အဓိပ္ပာယ်မျိုး သယ်ဆောင်တယ်...။
တစ်ခါတစ်ရံ သိတတ်နားလည်မှုကို သယ်ဆောင်တယ်...။ ဖတ်သူရဲ့ စိတ်ခံစားချက်ပေါ်မူတည်ပီး ကွဲတာပေါ့...
နားတော့ ရှုပ်စရာ... ။ ဥပမာ... အခန်းထဲက ငါသွားတော့မယ် လို့ နှုတ်ဆက် အထွက်မှာ သွားတော့လို့အပြောနဲ့ကြုံမယ်...။ မသွားတော့ဘူးလို့ ပြန်လည်ပြင်ဆင်လိုက်ပါပီတဲ့ အဓိပ္ပာယ်တွေက ပေါက်ကရ ဖြစ်ကုန်ရော...။
တစ် သွားခါနီးမှာ သွားတော့လို့ အပြောခံလိုက်ရလို့ စိတ်ဆိုးပီး မသွားတော့ဘူးလို့ ရွဲ့တာလား...
နှစ် သွားခါနီးမှာ သွားတော့လို့ကြားလိုက်တာ မသွားစေချင်သေးဘူး ခံစားမိပီး စေတနာနဲ့ အလိုက်သိတတ်စွာ မသွားတော့ဘူးလို့ ပြင်ဆင်ခြင်းမျိုးလား...။
သုံး ကိုယ့်ဟာကိုယ် စိတ်မပြတ်သားတာမျိုးလား...
လေး သွားချင်စိတ် ကုန်တာလား..
လားပေါင်းများစွာ.... အဲဒါ စကားလေး သုံးခွန်းထဲက သယ်သွားတဲ့ ပြဿနာ....
အင်း ကာလံဒေသံကို လိုက်လို့ သုံးနှုံး တတ်ရင်တော့ ပိုကောင်းတာပေါ့လေ....
စကားဟာ တိုတိုင်းမကောင်းဘူး... ရှည်တိုင်းလဲ အကြောင်းမထူးတဲ့....
အင်း ဒီကလေး စကားတတ်လိုက်တာတဲ့.. တစ်ကယ်ကော တတ်ရဲ့လား.........
ပြောတတ်ယုံပဲလား.. နားကောထောင်တတ်ရဲ့လား..........
စကား .. စကား.. စကား....

ကြောက်စိတ် ၊ နှမ်းစေ့လေး နှင့် အတွေးတစ

“နိုင်ငံတိုင်းရဲ့ အဖိုးတန်ဆုံး သယံဇာတဟာ ရေနံမဟုတ်ပါဘူး။ သစ်တော မဟုတ်ပါဘူး။ တွင်းထွက် မဟုတ်ပါဘူး။ ကလေးတွေပါ” တဲ့ … ကိုယ် ဆရာမောင်သစ်စင်း ရေးတဲ့ “ကြောက်စိတ်” ဆိုတဲ့ စာအုပ်ထဲမှာ ဖတ်လိုက်မိတယ်။ ဟုတ်မှာပါ။ ကိုယ်တို့ ငယ်ငယ်တုန်းကလည်း ကလည်း ဆရာတွေ ခဏခဏ ပြောခဲ့ဖူးတယ် မင်းတို့ဟာ အနာဂတ်တိုင်းပြည် ရဲ့ ကြယ်ပွင့်လေးတွေ ဆိုတာမျိုးပေါ့။ “ကလေး” ဆိုတာ နောင်တချိန် “လူကြီး” ဖြစ်လာမဲ့သူ ၊ နဲနဲပိုပြီး ကြီးကြီးကျယ်ကျယ်လေး ပြောရရင်တော့ “တိုင်းပြည် ရဲ့ တာဝန်တွေကို ထမ်းဆောင်ကြမဲ့ အနာဂတ် ရဲ့ သူရဲကောင်းလေး” တွေပေါ့။ ဒါတွေကို မသိတဲ့သူ ၊ မနားလည်တဲ့သူ မရှိလောက်ဘူးလို့ ကိုယ်ထင်ပါတယ် ။ စဉ်းစား တွေးခေါ် တတ်တဲ့ ဦးနှောက်ရှိတဲ့ သူသာ မှန်ရင်ပေါ့ ။


ဒါပေမဲ့လေ … ကိုယ်တို့ နေတဲ့ ဟောဒီ ကမ္ဘာကြီးမှာ ကလေးလေးတွေကို တန်ဖိုး မထားကြတဲ့ နေရာတွေ ၊ အသိအဥာဏ် ကြီးလှပါချည့်ရဲ့ ဆိုတဲ့ လူကြီးကြီးတွေကြောင့် ဒုက္ခရောက် ၊ လူညွှန့်တုံးရတဲ့ ကလေးလေးတွေ အများမှ အများကြီးပါ ။ အဲ့ဒါကို ကိုယ် ပညာရေး နဲ့ ပတ်သက်တဲ့ အပိုင်းလေးကနေပဲ စဉ်းစားကြည့်ချင်ပါတယ်။ ကိုယ်ဥာဏ်မီသလောက်ပေါ့။ လူချင်းတူတာတောင် ဘဝတွေ မတူတဲ့ ကလေးလေးတွေကို မြင်ရရင် ကိုယ်ဝမ်းနည်းသလိုလိုကြီး အမြဲခံစားရတယ်။


ကိုယ်ဖတ်မိသလောက် ယူနက်စကိုက ထုတ်ပြန်တဲ့ အချက်အလက် တချို့အရ ကိုယ်တို့နေတဲ့ ဟောဒီ ကမ္ဘာကြီးပေါ်မှာ ကျောင်းမနေနိုင်တဲ့ ကလေးအရေအတွက်ပေါင်း သိန်းပေါင်း ၇၂၀ ရှိသတဲ့။ ကျောင်းနေအရွယ် ကလေး ၄ယောက်မှာ ၁ယောက်က ကျောင်းမနေနိုင်ဘူးလို့ ပြောရင် အဲ့ဒီသိန်း၇၂၀ဆိုတဲ့ အရေအတွက်ဟာ ဘယ်လောက်များသလဲဆိုတာ ပိုပြီးမြင်လွယ်မယ် ထင်ပါတယ်။ သေစာရှင်စာတောင် မတတ်တဲ့ အဲ့ဒီကလေးလေးတွေရဲ့ ဘဝ ၊ အဲ့လို ကလေးလေးတွေ များများလာမဲ့ တိုင်းပြည် တပြည် ရဲ့ အနာဂတ် ၊ ဘာတွေများ မျှော်လင့်လို့ ရနိုင်သလဲ ?? ဘာတွေများ သေချာရေရာသလဲ ?? ။ မသေချာတာတွေထဲက အသေချာဆုံးတခုကတော့… အကောင်းဆုံးတွေကို သူတို့တွေဘယ်တော့မှ မပိုင်ဆိုင်နိုင်ဘူး ဆိုတာပဲ။


ဟုတ်တယ်လေ .. သေစာရှင်စာလေးမှ မတတ်တဲ့ အဲ့ဒီကလေးလေးတွေဟာ သူတို့ဘဝ တက်လမ်း အတွက် ဘယ်လောက်ထိများ စဉ်းစားတွေးခေါ်တတ်ကြမလဲ။ သူတို့တွေ ဘဝအတွက် ဘယ်လို ရပ်တည် ရှင်သန်နေကြသလဲ ဆိုတာ ကိုယ်တို့တွေလဲ မြင်နေတွေ့နေကြရတာပါပဲလေ။ အခြေအနေမပေးတဲ့ ကလေးတွေကတော့ လမ်းဘေးမှာ တောင်းရမ်းစားသောက်မယ် ၊ အမှိုက်ကောက်မယ်။ အဲ့ထက် အခြေအနေဆိုးရင်တော့ ခိုးမယ်ဖွက်မယ်။ ဟော…နဲနဲလုပ်ရည်ကိုင်ရည် ရှိတဲ့ ကလေးဆိုရင်တော့ အရွယ်နဲ့မမျှအောင် ကြမ်းတမ်းတယ် ဆိုပေမဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ၊ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ မတန်တဆ ရတဲ့ လုပ်ခလေးနဲ့ အလုပ်ကြမ်းတွေ လုပ်ကြတယ်၊ အဲ့ထက် နဲနဲအဆင့်မြင့်ရင်တော့ သူများအိမ်မှာ အိမ်ဖော် လုပ်တာမျိုး၊ လ္ဘက်ရည် ဆိုင်မှာ စားပွဲထိုးတာမျိုးတွေ လုပ်ကြတယ်။ သူတို့တွေ ရင်ဆိုင်နေရတဲ့ ဘဝခရီးလမ်းတွေ ဘယ်လောက်များ ကြမ်းတမ်းလိုက်သလဲ ။


အသိပညာ နှုံ့နဲ့ကြတော့ အလုပ်ကောင်းကောင်းမရနိုင်ဘူး ။ အလုပ်ကောင်းကောင်းမရနိုင်တော့ ဝင်ငွေလဲမဖြောင့်တော့ဘူးပေါ့ ။ ရသလောက် ဝင်ငွေလေးနဲ့ ရပ်တည်နေရတော့ တခြားလှုမှုရေး ၊စီးပွားရေး၊ ကျန်းမာရေး အစရှိတဲ့ လူတယောက် အနေနဲ့ လိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေတာမှာပါ ချို့ယွင်းကုန်ကြရော ။ သူတို့ရဲ့ မျိုးဆက်တွေကျကော … မရှိ ၊ မရှိလို့ အခြေခံ ပညာတောင် မသင်ကြားနိုင် ၊ ပညာမရှိတော့ အလုပ်က အဆင်မပြေ၊ အလုပ်မဆင်မပြေတော့ ဝင်ငွေမရှိ၊ ဝင်ငွေမရှိတော့ ….အဲ့လိုနဲ့ပဲ လုံးလည်လိုက်နေပြန်ရော ။ အဲ့ဒါကို “Vicious circle of Poverty” “ရုန်းထွက်ဖို့ ခက်ခဲတဲ့ ဆင်းရဲခြင်း စက်ဝန်း”လို့ ခေါ်သတဲ့ ။ အဲ့ဒီ စက်ဝန်းကြီးထဲက ရုန်းထွက်ဖို့ ခက်ခဲနေတဲ့ ဘဝတွေ ကိုယ်တို့မြန်မာပြည်မှာကော ဘယ်လောက်များ များနေပြီလဲ ။ အတွေးနဲ့တင်တောင် ကိုယ့်မှာ မသက်မသာမို့ သက်ပြင်းအရှည်ကြီး တချက် ခပ်မောမောပဲ ချလိုက်မိတယ် ။


ကမ္ဘာ့ကုလသမဂ္ဂ က ထုတ်ပြန်တဲ့ ကလေးလေးတွေရဲ့ အခြေခံ လိုအပ်ချက်တွေထဲမှာ “အခြေခံပညာရေးသင်ယူနိုင်ရေး”ဟာ တခုအပါအဝင်ပေါ့ ။ မှန်ပါတယ် ။ အရွယ်ရောက်တဲ့ ကလေးတိုင်းဟာ အနဲဆုံး အခြေခံပညာ အဆင့်ထိတော့ သင်ကြားထားသင့်တယ်လို့ ကိုယ်လဲ ထင်မိတယ် ။ ဘာမှမသိ ဘာမှမတတ်တဲ့သူနဲ့စာရင် ရေးတတ်ဖတ်တတ်၊ အနည်းငယ် စဉ်းစား ဆင်ခြင်တတ်တဲ့ သူဟာ အနည်းဆုံး လူလိမ်မခံရအောင်လောက်တော့ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တယ်လေ။ စဉ်းစား ဆင်ခြင်နိုင်တယ် ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင် အရွယ်ရောက်သူ ကလေးတိုင်း “အခြေခံပညာသင်ယူရေး” ကို မဖြစ်မနေ လုပ်ဆောင်ရမဲ့ နိုင်ငံတော်ရဲ့ စီမံချက်တခုအနေနဲ့ ထည့်သွင်းထားသေးတာပဲလေ။ ကိုယ်တို့လို ဖွံ့ဖြိုးဆဲ .. ဟင့်အင်း .. မဟုတ်သေးပါဘူး ဖွံ့ဖြိုးမှု နောက်ကောက်ကျနေတဲ့ နိုင်ငံ .. အင်း… အဲ့လို ပြောရင်ပိုမှန်မယ် ။ အဲ့လိုနိုင်ငံမှာဆိုရင်တော့ ပိုလို့တောင် ဦးစားပေး ဆောင်ရွက်ရအုန်းမယ် ဆိုတာ ဘယ်သူမှ မငြင်းဆန်နိုင်တဲ့ အမှန်တရားပါ ။ သို့သော်ငြားလည်း…သို့သော်ငြားလည်း…ပေါ့ ။ အဲ့ဒါကြောင့် ကိုယ်အစောပိုင်းမှာ “အသိအဥာဏ် ကြီးလှပါချည့်ရဲ့ ဆိုတဲ့ လူကြီးကြီးတွေကြောင့် ဒုက္ခရောက် ၊ လူညွှန့်တုံးရတဲ့ ကလေးလေးတွေ အများမှ အများကြီးပါ” လို့ ပြောမိတာ။


ဒါပေမဲ့ ကိုယ် မျက်စိစုံမိတ်နေသူများကို ဘာမှမပြော လိုပါဘူး ။ ပြောလဲ မထိရောက်ဘူးလေ။ အဲ့တော့ ကိုယ်တို့ တတ်နိုင်တာလေးတွေ ကိုယ်တို့လုပ်ကြတာပေါ့ လို့ပဲ အမြဲတွေးတယ် ။ နှမ်းတစေ့ထဲ နဲ့လည်း ဆီမဖြစ်လောက်ပါဘူးလို့ ပြောချင်လဲ ပြောကြလိမ့်မယ် ။ ဟုတ်တယ် ။ ကိုယ်တို့တွေဟာ ဘာမှတော့ အကြီးကြီးတွေ မလုပ်နိုင်တဲ့ နှမ်းစေ့ သေးသေးလေးတွေပါ ။ ဒါပေမဲ့ အဲ့လို “ဆီ” ဖြစ်ဖို့ “နှမ်းစေ့လေး” တွေတော့ အများကြီးလိုတယ်လေ ။ ဟုတ်တယ်မလား ။ “နှမ်းစေ့လေး” တွေများမှသာ ဆီဖြစ်လာမှာကိုး ။ ပြီးတော့ ဆရာမောင်သစ်ဆင်း ပြောတဲ့ အဖိုးတန်ဆုံးလေးတွေ အတွက် ကိုယ်တတ်နိုင်သလောက် နဲ့ စေတနာ ကြိတ်စုံ ထဲမှာ အကြိတ်ခံပေးမဲ့ နှမ်းစေ့လေးတွေ အမှန်တကယ်လဲ အများကြီး လိုအပ်ပါတယ်လေ။ ကိုယ်ကတော့ “နှမ်းစေ့လေး” ဖြစ်ဖို့ တရက်ကို ၃၀၀ စုတယ် ။ ကိုယ်က အဲ့လောက်ပဲ တတ်နိုင်တာကိုး ။ ဒါပေမဲ့ ကိုယ် အားမငယ်မိပါဘူး ။ “Something is better than Nothing” လို့ ကိုယ်ဖတ်မှတ်ဘူးတယ်။ စာဖတ်သူ… သင်ကော နှမ်းစေ့လေး တစေ့ မဖြစ်သင့်ဘူးလား ။ မဖြစ်ချင်ကော မဖြစ်ချင်ဘူးလား ။ ဘယ်ပြဌာန်းစာအုပ်၊ ဘယ်ဥပဒေ မှာမှ မသတ်မှတ်ထားပေမဲ့ ကိုယ့်အထင် လူတိုင်းမှာ “နှမ်းစေ့လေး” ဖြစ်ဖို့ တာဝန်ရှိသလားလို့ပါ ။


စာကြွင်း။ ။ မောင်သစ်စင်းရဲ့ “ကြောက်စိတ်” ကိုဖတ်မိရင်း တွေးမိသည့် အကြောင်းကို ကိုလင်းညို အတွက် အမှတ်တရရေးသည် ။


ညီမလေး

၂၀၁၀.မေ.၂