Wednesday, April 28, 2010

အမေ

ဝမ်းတွင်းမှာ လွယ်စဉ်ကတည်းက
တမ်းချင်းတွေနဲ့ ချစ်ခြင်းဖွဲ့တည်
အားတင်းကာ ဝန်ကိုချီမ
ဘဝသစ်ကို ပုံစံချဖို့................

အဆုံးစွန်အောင် နာကျင်ခက်လဲ
အပြုံးမွန်နဲ့ အောင်နိုင်ခဲ့ပေါ့
ချွေးသံတည် မျက်နှာနှုံးနဲ့
ပီတိဖြာ အမေ့မျက်လုံးတွေ.................

လှိုက်လှိုက်အော် ငိုသံပေးတဲ့...
ရင်သွေးငယ် ချိုသံတေးကို
စိတ်မှာခင် သူပြန်ပေးတယ်
လိုအပ်သမျှ လုပ်ကျွေးသုတ်သင်........

စကားငယ်မပီ တီတာပြောတော့
မျက်ရည်ကြည် ဝေဖြာဇောနဲ့
တွန်းတိုက်တည် သင်ကာပေးတယ်
ခေါ်စမ်းကွယ့် အမေ....

ခြေစုံကို တည်ကာရပ်တော့
လေဟုန်ကို ပြန်ကာထွက်ဖို့
အတောင်တွေစုံ ပညာတတ်ဖို့
လူရာသွင်းပို့ပေးတယ် ကျောင်းတော်ရပ်ဆီ.....

ပညာစုံ အတောင်ထွက်တော့
ရင်ကိုကန် ပျံကာတက်တယ်
ရင်သွေးငယ် လူရေတက်ကို
သွင်မပြတ်စီးဆင်း ချစ်ခြင်းနဲ့ဝေ....

ဒုက္ခကြုံ မနေတတ်မှ
သောကအစုံ သယ်လာပေးလဲ...
သုခဘုံထင်ကာမှတ်တယ်
တုနှိုင်းရယ်မှီနိုင်ဘု မေတ္တာထုကို...

ခွန်းချီငယ် ပြန်ကာပြောလို့
ချစ်တယ်အမေ မဆိုနိုင်ခဲ့ဘု
နောင်တလွန် ဆိုချိန်မရောက်မှီ
အပြေးပြန်ကာရင်ငွေ့နွေးသို့ လှမ်းမျှော်စိတ်ရည်....

သားတော်ငယ် သည်အပြစ်ကြွေးကို
မေတ္တာရည် တည်ကာဆေးမယ်
မေမေ့ရင် ပြန်ကာနွေးဖို့
ဦးညွှတ်ကာလက်အုပ်မိုး ရှိခိုးမိသည်...


မေမေ့ရဲ့ အနန္တကျေးဇူးဂုဏ်ကို အမေများနေ့ အမှတ်တရအဖြစ် သား ဒီကဗျာလေးနဲ့ ကန်တော့လိုက်ပါရစေ အမေ....

Sunday, April 25, 2010

စီးဆင်းတဲ့ရေ.....

အား... ငါ ဘာဖြစ်သွားတာလဲ...။ ငါ့ ဘယ်လက်တစ်ခုလုံး လှုပ်မရပါလား...။ ဟင် မိုးရည်တွေ ဘယ်က ကျလာတာလဲ..၊ ငါ ကားထဲမှာမလား...။ ဘာလို့ မိုးစိုနေပါလိမ့်...။ ငါ အခု ဘယ်မှာလဲ...။ ဟော ဥသြသံတွေကြားတယ်...။ လူတွေ ငါ့ဆီလာနေတယ်...။ ဟာ.... ငါ ကားအက်ဆီးဒင့်ဖြစ်တာပဲ...။ ငါ့ကို လော်ရီကားကြီး ဝင်တိုက်တာ..။ ဘယ်လိုမှ ထိန်းမရတော့လို့ ငါ တစ်ခြားကားတွေ ဆင့်တိုက်မိတာပဲ...။ လမ်းဘေးက အရံအတားတိုင်ကိုသာ မတိုက်မိရင် ငါ့ကား ဘယ်အထိ လိမ့်သွားမယ်မသိ....။ ကျွတ်ကျွတ်ကျွတ်.. ငါ့ခေါင်းကလဲ နာလိုက်တာ...။ တစ်ခုခုနဲ့ ဆောင့်မိတယ်ထင်တယ်...။ အား...။ ဖုန်း လေး မီးလင်းနေပါလား...။ မက်ဆေ့ခ်ျ ဝင်တယ်ထင်တယ်....။ ငါ့ မောင်လေးဆီကဖြစ်မယ်...။ ဟုတ်နိုင်တယ်.. သူနဲ့ စကားခုနလေးတင်ပြောနေတာ...။ ရာသီဥတုဆိုးလို့ ဖုန်းကျသွားတာ...။ ဖုန်းလေးကို မလွှတ်တမ်း ကိုင်ထားမှပါ...။ ငါ့ကိုယ်နဲ့ ကပ်နေမှရမယ်...။ မဟုတ်ရင် မောင်လေးကို အဆက်အသွယ် လုပ်လို့ရမှာမဟုတ်ဘူး...။ အမြင်တွေ ဝါးလိုက်တာ...။ အင်း... ငါ့ကို သယ်သွားကြပီ...။ ဘယ်လက်က လှုပ်မရပါလား...။ နာလိုက်တာ..။ ကျွတ်ကျွတ်....။ ငါ့ကို ဘယ်ထဲ ပို့ကြတာလဲ...။ အရေးပေါ်ခန်းတဲ့...။ မောင်လေး ဘာပို့လာတာလဲ ကြည့်ဦးမှပါ...။ အော် အိမ်ပြန်ရောက်ရင် ဖုန်းဆက်ပါတဲ့...။ သူအားပီတဲ့...။ မောင်လေးရေ အမ အိမ်ပြန်မရောက်နိုင်သေးဘူးက
ွယ်...။ ငါငိုလို့မဖြစ်သေးဘူး.. ။ မောင်လေး ကို မက်ဆေ့ခ်ျပြန်မှတော့ဖြစ်မယ်..။ မဟုတ်ရင် စိတ်ပူနေလိမ့်မယ်...။ ဖုန်းမကျခင်တောင် ဂရုစိုက်မောင်းဖို့ တဖွဖွ မှာနေတာ...။ အက်ဆီးဒင့်ဖြစ်တယ်ဆိုတာကိုသာသိရင် ရင်ကျိုးလိမ့်မယ်...။ ငါ ပြောပြလိုက်ရမလား...။ မပြောလဲ သူသိမှာပဲ...။ အဲလို ဆို ပိုတောင် စိတ်မကောင်းဖြစ်သွားလိမ့်မယ်...။ ပြောပြလိုက်ပါမယ်..။ ဒါပေမယ့် လက်ကျိုးသွားတဲ့အကြောင်းတော့ မပြောဘူး...။ အိုကေ.. မောင်လေးရေ အမ ဖုန်းမခေါ်နိုင်သေးဘူး.. အက်ဆီးဒင့်ဖြစ်လို့ အရေးပေါ်ခန်းရောက်နေတယ်... ။ ရပီ ဒီလောက်ဆို...။ အင်း ငါ့ညာလက် ကောင်းနေသေးတာ ကျေးဇူးတင်ရမယ်...။ မက်ဆေ့ခ်ျပို့လို့ရသေးတယ်...။ .................။ နာလိုက်တာ...။ မက်ဆေ့ခ်ျတော့ပို့လိုက်ပီ..။ ဆရာဝန်တွေက ငါ့ကိုဘာလို့ စစ်နေတာလဲ...။ ထင်တဲ့အတိုင်းပဲ မောင်လေးဆီက မက်ဆေ့ခ်ျ ချက်ချင်းဝင်လာတယ်...။ ဟာ တဲ့.. ပိ ဘယ်လိုဖြစ်တာလဲ... ပိ အိုကေရဲ့လားတဲ့...။ မအိုကေဘူးကွယ်...။ စိတ်ထဲကသာ ပြောဖြစ်လိုက်တာပါ...။ လက်ကတော့ အိုကေပါတယ်.. ဘယ်လက်နဲနဲနာတယ်၊ နောက် လက်ပင်းနဲနဲ နာတယ်... ဘာမှ မဖြစ်ဘူး ... မစိုးရိမ်နဲ့လို့ပဲ ရိုက်ပို့လိုက်တယ်...။ မက်ဆေ့ခ်ျပြန်ဝင်လာတယ်... စိုးရိမ်ရလား၊ ကြီးလား၊ ပိရယ်တဲ့....။ အင်း မောင်လေး စိတ်တအား ပူနေတာကို ခံစားမိတယ်...။ ငါ မြင်နေတယ် မောင်လေးရယ်... ၊ ဒီရင်ထဲကနေ မြင်နေတယ်...။ ဟော ဒေါက်တာတွေ လာကြပီ.. ။ ငါ့ကို ခွဲစိတ်ခန်း ချက်ချင်း ဝင်ရမယ်တဲ့...။ အိမ်သားတွေကိုလဲ အကြောင်းကြားထားတယ်တဲ့...။ ငါ့သားလေး စိတ်အားငယ်နေရော့မယ်...။ အတွေးတွေကလဲ ယောက်ယက်ခတ်နေတာပဲ...။ ငါ့ကို မေ့ဆေး ပေးပီးခွဲမယ်တဲ့...။ အရိုးကို ပြန်ဆက်ပီး ဝင်နေတဲ့ မှန်စတွေလဲ ထုတ်ရဦးမယ်...။ မောင်လေးရေ.. အမကို သတိရနေနော်...။ မေ့ဆေးငွေ့ကို ရှူရင်း လောက်ကကြီးက ဝေဝါးသွားတယ်...။

အင်း ဘယ်ဘက်လက်က မခံမရပ်နိုင်အောင် နာလိုက်တာ...။ လေဆာနဲ့ တစ်ခါတည်း ပြန်ချုပ်ထားပေးပေမယ့် နာလိုက်တာ..။ ပတ်တီးထူထူအောက်ကနေ နာကျင်နေတဲ့ ဒဏ်ရာကို တွေ့နေတယ်...။ ဖုန်းထဲက မောင်လေး ပို့ထားတဲံ မက်ဆေ့ခ်ျတွေကိုတွေ့တယ်...။ ဟော မတ်ဖြစ်သူ လာကြိုပီ...။ အိမ်ပြန်ရတော့မယ်..။ ပျော်လိုက်တာ..။ ဖုန်းကတော့ မိုးရည်နဲ့ ထိပီးပျက်သွားပီ...။ အသစ် ဝင်ဝယ်မှပါ...။ မတ်ဖြစ်သူက လက်မခံဘူး..။ အိမ်ကို အရင်ပို့တယ်..။ မောင်လေး မျှော်နေတော့မယ် ငါ့ကို..။ ငါ့မောင်လေးကို အသည်းနစ်အောင် ချစ်တယ်...။ သူ့ကို ပေးမျှော်နေလို့မဖြစ်ဘူး... ။ အိမ်ပြန်ရောက်ပီ...။ မတ်ဖြစ်သူက တွဲပီး အခန်းထဲ ပို့ပေးတယ်...။ ညာလက်ပဲ အားတော့တာ မောင်လေးရေ...။ နှုတ်ဘွတ်ခ် အသေးလေးကို ဖွင့်ပီး အွန်လိုင်းတက်လိုက်တယ်...။ မောင်လေး မွေးနေ့လက်ဆောင် ပေးထားတဲ့ အကောင့်လေးနဲ့...။ ထင်တဲ့အတိုင်းပါလား..။ အွန်လိုင်းမှာ မောင်လေးကိုတွေ့တယ်..။ အား ခေါင်းက ထိုးလိုက်တာ...။ မောင်လေး မေးနေပီ..။ လက်ကျိုးတယ်ဆိုတဲ့...။ မျက်ရည်တွေက ဘာလို့ ချက်ချင်းဝဲတာလဲ...။ ငါမငိုဘူး..။ မောင်လေး စိတ်ဆင်းရဲတော့မယ်...။ ပါးပါးလေး ပြောလိုက်မယ် အရိုးအက်တာပါလို့...။ ပြောပြလိုက်တယ် မောင်လေးကို၊ အရိုးအက်တာပါ.. ဘာမှမဖြစ်ပါဘူး၊ ခွဲပီး လေဆာနဲ့ ဆက်ပီး ချုပ်ပီးသွားပီလို့....။ မောင်လေး သနားပါတယ်... ။ ငါပြောတာကို ချက်ချင်းယုံပီး ပျော်သွားတယ်..။ အဟား မောင်လေးရယ် ပိလက်နာနေတာကို ချက်နေသေးတယ်...။ နားနေလေတဲ့...။ ချစ်လိုက်ရတာ မောင်လေးရယ်... ဒါကြောင့် ..။ သူက ငါဟောက်ရင် ကြောက်တယ်...။ နောင့်နဲ့ ပြောရင် အားရှိတယ်လို့ ပိပြောထားတယ်လေ ဆိုပီး ဟောက်လိုက်ဦးမှ...။ ထင်တဲ့အတိုင်းပဲ သူ ငြိမ်သွားတယ်..။ မပြောရဲတော့ဘူး...။ လက်ကလဲ နာလိုက်တာ..။ ခေါင်းတွေကလဲ ကိုက်လိုက်တာ..။ ဒါပေမယ့် ငါငြိမ်လိုက်ရင် မောင်လေး သိသွားတော့မယ်...။ သူက လူလည်လေး..။ ညာလက်တစ်ဖက်ကိုပဲ အဆင်ပြေအောင် သုံးရင်း ချက်နေလိုက်မယ်...။ အင်း ချက်လဲ ချက်ချင်ပါရဲ့ မောင်လေးက အလုပ်မှာဆိုတော့ အလုပ်ပျက်နေဦးမယ်...။ ပေးနားလိုက်ပါမယ်...။

အား ခေါင်းတွေ ထိုးလိုက်တာ... ။ ဖျားချင်နေသလိုပဲ...။ အဖျားတိုင်းကြည့်ဦးမှ...။ ဟာ... ၁၀၄ ဆိုပါလား...။ ငါဘာလို့ အဲလောက် ကိုယ်ပူနေတာလဲ...။ ခေါင်းလျှော်မိလို့လား..။ မဟုတ်ပါဘူး...။ မောင်လေးသိရင်တော့ ငါ့ကို ဆူတော့မယ်...။ သူ သိနေတာ ခက်တယ်...။ ပြောပြလိုက်မှပါ...။ ပြောပီ ငါ့ကို...။ ခေါင်းလျှော်လိုက်လို့နေမှာတဲ့..။ နောက် မလျှော်ရဘူးတဲ့...။ နားရမယ်တဲ့...။ အမ ကျေနပ်တယ်မောင်လေးရေ... ။ အဲလို ဂရုစိုက်တာ ..။ ရှိနေတဲ့ ညာလက်လေးတစ်ဖက်ကို အားပြုပီး ပြောနေရတာ အားမရလိုက်တာ...။ ဘယ်လက်ကလဲ ဘာလို့ အခုထိအောင် နာနေတာလဲ..။ လက်ချောင်းတွေကလဲ လှုပ်လို့ကို အဆင်မပြေ....။ ဟော မောင်လေးပြောတယ်.. စောစောနားရမယ်တဲ့...။ ဘယ်နှစ်နာရီ အိပ်ရမလဲ ဆိုတော့ ဆယ်နာရီအိပ် လေးနာရီထတဲ့...။ အမ နားထောင်မယ် မောင်လေး...။ တစ်ကယ်ဆို မင်းလေးနဲ့ စကားတွေ မပြတ်တန်းပြောချင်နေတာ...။ ဒါပေမယ့် နားမယ်..။ မနားလို့ မရအောင် ခေါင်းတွေ ထိုးလို့ မောင်လေးရေ...။ မတ်ဖြစ်သူ သိသွားတော့ သူ့ကို ဆေးရုံတန်းပို့တယ်..။ သူ့ခေါင်းကို စကင်ဖတ်တယ်...။ ဟာ.. သွေးခဲတွေ့တယ်တဲ့..။ ဒါကြောင့် ငါ့ခေါင်းတွေ ထိုးနေတာကိုး...။ မောင်လေး သိလို့ မဖြစ်ဘူး...။ သူ အရမ်း စိတ်ထိခိုက်သွားလိမ့်မယ်...။ ငါလိမ်ရမယ် ကလေးရယ်...။ စိတ်တော့မကောင်းပါဘူး...။ ဝင်လာတဲ့ မက်ဆေ့ခ်ျတွေကို ကြည့်ရင်း ပါးပြင်တွေ ပူနွေးလာတယ်...။ ငါ့မျက်ရည် ကျပြန်ပီ မောင်လေးရေ...။

နက်ဖြန် ခွဲခန်းဝင်ရတော့မယ်...။ ငါ သတိ ပြန်လည်ချင်မှလည်မယ်...။ လည်ရင်လဲ အားလုံးကို မှတ်မိချင်မှ မှတ်မိမယ်တဲ့...။ မောင်လေးရေ...။ အမ ရင်ထဲမှာ ငိုကျွေးနေတယ်...။ ဒါပေမယ့် မောင်လေး မသိစေရပါဘူး..။ စကားပြောရင်း မောင်လေးရဲ့ ဂရုစိုက်မှုတွေ ခံစားရင်း ရင်တွေ ပိုနာလာတယ်...။ မောင်လေးကို အမ ညာပီး မသွားရက်တော့ဘူး...။ မောင်လေးရေ မင်းအမ မနက်ဖြန် ခွဲခန်းဝင်ရမယ်...။ ထင်တဲ့အတိုင်းပဲ မောင်လေးဆီက မေးခွန်းတွေ တလစပ်ဝင်လာတယ်...။ သူသိနေပါလား..။ ဆေးရုံ ပြန်တက်ရမယ်ဆိုတာကို... ပြောလက်စနဲ့ ပြောလိုက်ပါမယ် မောင်လေးရေ..။ မင်းကိုတောင် မှတ်မိချင်မှ မှတ်မိတော့မှာ...။ ဘာတဲ့ မောင်လေး ပေးမသွားရင် အမ ဘယ်မှ သွားခွင့်မရှိဘူးတဲ့လား...။ ငါ့ကို ငိုအောင် လုပ်နေတာလား ကလေး...။ မင်းကို မခွဲနိုင်တာ မင်းလေး အသိဆုံးပါ မောင်လေးရယ်...။ ငါ့ဘဝကလဲ ဆိုးလိုက်တာ...။ ငါ့မောင်လေး လက်ထပ်ပွဲကိုတောင် ငါ သိပါတော့မလား...။ မနေ့က မောင်လေးရဲ့ ကောင်မလေး အင်တာနက်ကနေ ဖုန်းဆက်သေးတယ်..။ အလိုက်သိလိုက် တဲ့ကောင်မလေး..။ ညီမလေးလို့ပဲ ခေါ်ဖြစ်တယ်..။ ငါ့ညီမလေး ဖြစ်လာမှာကိုး...။ အား ခေါင်းတွေ ထိုးလိုက်တာ..။ ငါ ငိုနေပီ မောင်လေးရေ...။ ဆယ်နာရီလဲ ထိုးတော့မယ်...။ အိပ်ချိန် ရောက်တော့မယ်...။ ငါ မအိပ်ပါရစေနဲ့ မောင်လေး...။ မောင်လေးကို ပြောတော့ သူ နားလည်တယ်...။ စကားတွေ ပြောပေးတယ်..။ ငါ့ကို ဖက်ထားပေးပါမောင်လေး...။ ငါ့လက်တွေကို ဆွဲထားပါ...။ ငါ့ကို မလွတ်လိုက်ပါနဲ့။ ငါ့ကို ဘယ်အခြေအနေ ရောက်ရောက် မမေ့လိုက်ပါနဲ့...။ အရမ်းချစ်တယ် မောင်လေးရေ...။ အမတစ်ယောက် ရင်ကွဲသံကို မင်းလဲ နားလည်မှာပါ....။ မောင်လေး အသံတွေ တုန်နေတယ်..။ ဒါပေမယ့် ငါပျော်အောင် ဟန်လုပ်ပီး လေသံကို ပျော်ထားတယ်..။ မောင်လေးရယ်...။ ငါသိတာပေါ့...။ ငါ့ရင်ထဲမှာ မင်းကို အတိုင်းသားမြင်နေတာလေ...။ အား ငါ ကိုယ်ခန္ဓာ တစ်ခုလုံး မလှုပ်နိုင်တော့ဘူး...။ ညာလက်လေးပဲ ကျန်တယ် မောင်လေး...။ ဒါပေမယ့် အားအင်တွေ ပြည့်နေတယ်...။ ဘာလိုလိုနဲ့ မနက်ခင်းကို ရောက်လာတယ်...။ မောင်လေးရေ.. ငါ့ကို ခေါင်းတွေ ဖြီးပေးနေတယ်...။ ဆေးရုံကို သွားတော့မယ်...။ အမကို အားတွေ ယူသွားမှရမယ်...။ မောင်လေးရေ မင်းအသံလေးတွေ အမ ကြားသွားချင်တယ်...။ မှတ်သွားချင်တယ်..။ ပရင့်ထုတ်ထားတဲ့ ပုံကို ကြည့်ပီး အမ တိတ်တိတ် ငိုနေရတာ ...။ ဟော လာပြောပီ...။ ဖုန်းခေါ်လိုက်မယ်...။ တစ်ဖက်က မောင်လေး အသံကို ကြားလိုက်မှ နာကျင်နေတာတွေ သက်သာသွားတယ်..။ အင်း... လမ်းတစ်လျှောက်မောင်လေးကို အမ ပြောပြမယ်နော်..။ အလာပသလာပတွေပေါ့...။ အဲလိုနဲ့ ဆေးရုံဝင်းထဲ ဝင်လာတယ်..။ အမကို ခေါင်း စကင် ထပ်ဖတ်မယ် မောင်လေး...။ ပီးရင် အမကို ခွဲတော့မယ်...။ လက်မလွှတ်ပါဘူးတဲ့လား မောင်လေး...။ အမ ဖုန်းချမယ်နော် ပီးမှ ပြန်ခေါ်လိုက်မယ်...။

ဟဲလို...။

ဟဲလို ပိလား...

ဟုတ်တယ်နောင့်... ပိခေါင်းကို စကင်ဖတ်ပီးပီ...။ သွေးခဲက သေးတယ်တဲ့... ဒါပေမယ့် ခွဲဖို့ ဆရာဝန်တွေနဲ့ ပိ အကို နဲ့ တိုင်ပင်နေတယ်...။

ဟုတ်လားပိ.... ဘယ်လိုဖြစ်ဖြစ်ခွဲရမှာပေါ့နော်....

အင်း ခွဲရမယ် နောင့်...။ အခု ပိရဲ့ ဆရာဝန် လာနေတယ်....။ ခဏလေး ပိ နှုတ်ဆက်လိုက်ဦးမယ်...

အော့ ပိ ...

အင်း သူက ပိကို ခွဲစိတ်နေစဉ်တစ်လျှောက် လိုက်မှတ်ထားရမှာလေ...။ ပိက သူ့လူနာဆိုတော့...

အော့

အဲဒါမှ သူ အကြောင်းစုံသိမှာ...

အော့ ပိ

ဟော.. ပိ ဆရာနဲ့ သူငယ်ချင်းတွေ လာနေတယ်....

ဟုတ်လားပိ...

အင်း လာနေကြပီ... အဟင့်... ဟင့်...

ပိ.....

ဟင့်... အဟင့် ... နောင့်... အီး......

ပိ ရယ်.. မငိုပါနဲ့.. နောင့် တစ်ယောက်လုံး ရှိတယ်လေ...။ ပိဘေးမှာ နောင့် တစ်ယောက်လုံး ရှိတယ်လေ.....

နောင့်ရယ်.. ပိကို ခွဲကြတော့မယ်.. နောက်ဆယ်မိနစ်ဆို ပိကို မေ့ဆေး ပေးတော့မယ်.... အဟင့် ဟင့်....

ပိရယ်.. မေ့ဆေးက ပိရဲ့ ခန္ဓာကိုယ်ကိုပဲ ပေးနိုင်တာပါ...။ နောင့်က ပိရင်ထဲမှာလေ...။ ပိလက်ကို ဆုပ်ထားပေးတယ်..။ နောင့် မလွှတ်ဘူး... ။ ပိ မှတ်ထား...။ နောင့် ခွင့် ပြုချက်မရပဲ ပိ ဘယ်မှ မသွားရဘူး...

...................... ဟင့် ဟင့်.............

ပိ... နောင့်တို့ အတူတူ တိုက်ပွဲဝင်မယ်နော်....။ ပိရင်ထဲက နှလုံးခုံသံကို နားထောင်ကြည့်... သာမာန်ထက် အားပြင်းတယ်သိလား...။ ဘာလို့လဲ ပိသိလား..

......ဟင့် ဟင့်...

ပိရင်ထဲမှာ ပိရဲ့ နှလုံးသားက တစ်ခု နောင့်ရဲ့ နှလုံးသားက တစ်ခု နှစ်ခုပေါင်းပီး ခုန်နေတာပိ...
ပိ ဘာမှ မဖြစ်ဘူး... ပိခွဲစိတ်ခန်းထဲ ဝင်လဲ နောင့် ပိနဲ့ အတူရှိနေတယ်နော်ပိ....

နောင့်ရယ်... အဟင့်... ဟင့်.......... ပိ သိတယ် နောင့် ....... ပိနားမှာ နောင့်ရှိတယ်ဆိုတာ...

အော့ .. နောင့်ရှိတယ်ပိ... ပိကို ဘယ်မှ ပေးမသွားဘူး.....
ပိမှတ်ထား... ပိအုံးနေတဲ့ ခေါင်းအုံးဟာ နောင့် လက်မောင်းပဲ...။ ပိ အိပ်နေတဲ့ မွေ့ယာဟာ နောင့်ပဲ...။ ပိ ခြုံထားတဲ့ စောင်ဟာ နောင့် ရဲ့ လက်အစုံပဲ... ပိနဲ့ ထပ်တူ နောင့် ရှိနေတယ်နော်ပိ..

နောင့်ရယ်.. ဟင့်...

ပိ စိတ်မပူနဲ့နော်..

နောင့်ရယ် ဘယ်လိုဖြစ်ဖြစ် ပိကို မမေ့ရဘူးနော်.....

မမေ့ဘူးပိ ... ပိရင်ထဲမှာ နောင့် ထာဝရ ရှိနေတယ်.. ။ နောင့်ရင်ထဲမှာလဲ ပိ ရှိနေတယ်...။ ပိ ... အတူတူ တိုက်မယ်နော်....

နောင့်ရယ်....

နောင့် နောင့် ပိကို လာခေါ်နေကြပီ...။ ပိသွားရတော့မယ်............ နောင့် နောင့်.........

ပိ ပိ..............

နောင့် ...................... (ကလစ်)

Wednesday, April 21, 2010

ဆန့်ကျင်ဘက်…

တခါတခါ
ဆန္ဒတို့နဲ့ ဝေးရာ။
တခါတခါ
အချစ်တို့နဲ့ ဝေးရာ။
တခါတခါ
ရည်မှန်းချက် ပန်းတိုင်တို့နဲ့ ဝေးရာ။
တခါတခါ
တာဝန် ဝတ္တရားတို့နဲ့ ဝေးရာ။
တခါတခါ
အသိစိတ်တို့နဲ့ ဝေးရာ။
ဦးတည်တာကတော့ သူတို့နဲ့ ဝေးရာ
လျှောက်လှမ်းနေရတာက ဆန့်ကျင်ရာ ။

ညီမလေး
၂၀၁၀.ဧပရယ်.၂၀

Tuesday, April 13, 2010

သတိရခြင်းတွေ…

အမေ...အမေတို့ ချောချောမောမောမှ အိမ်ပြန်ရောက်ရဲ့လား ။ ပြန်သွားတာက တမနက်တရက်တောင် မပြည့်သေးပေမဲ့ အမေ့တို့ကို ခုသိပ်သတိရနေတယ်ဆိုတာ အမေတို့သိရဲ့လားဟင် ။ အမေကော၊ အဖေကော သမီးတို့ကို သတိရနေရဲ့လားဟင် ။ အမေရယ်…အမေတို့ ပုံရိပ်တွေကို ၄၅ရက်တိတိ စားသုံးခဲ့တဲ့ အခန်းကြီးက ခုတော့လဲ အေးစက်ငြိမ်သက်လွန်းလှတယ် အမေရယ် ။ တိတ်ဆိတ်မှုတွေကို မြိုချထားတဲ့ အသက်မဲ့နေတဲ့ ပတ်ဝန်းကျင်က အမေ့တို့ကို ပိုလွမ်းစေတယ် အမေတို့ရယ်… ။ ပြန်သွားသူတွေရဲ့ ရင်ထဲမှာ ဘယ်လိုနေတယ်တော့ မသိဘူးဗျာ ။ ကျန်ခဲ့သူတွေရဲ့ ရင်တွေထဲမှာတော့ ကွက်လပ်အကြီးကြီး လပ်နေတယ်ဗျာ ။ လွမ်းဆွတ်မှုတွေနဲ့ ပြည့်နှက်နေတာတောင် သတိရခြင့်းရဲ့လောင်မီးက အားလုံးကို မြှိုက်မြှိုက်လောင်စေလို့ လား မပြောတတ်ပါဘူး ရင်ခွင်တခုလုံး “ဟာ” နေတယ် အမေတို့ရယ်… ။ “ဟာ” နေတယ် ။



အမေတို့ကတော့ ပုံမှန် ဖာသိဖာသာနေခဲ့ ကြတာမှန်ပေမဲ့ ဟန်ဆောင်မှုကင်းတဲ့ အမေ့နဲ့အဖေ့ရဲ့ အရိုးခံဟန်ပန်တွေကို တွေးမိတိုင်းလည်း ချစ်မဝတဲ့ အမေတို့ကို ထက်တိုးပြီး ချစ်နေမိတယ်လို့ဆိုမိရင် ပိုရန်ကော ရယ်လို့ အမေတို့ကအပစ်တင်နေမလားဟင် ။ တကယ်ပါအမေတို့ရယ် တကယ်ပြောတာပါ ။ သားတွေသမီးတွေ တယောက်တပေါက်နဲ့ ပြောချင်ရာပြော ဆိုချင်ရာဆိုတိုင်းလည်း အမြဲအပြုံးမပျက်နဲ့ ခွင့်လွတ်ပေးနိုင်စွမ်းကြီးလွန်းတဲ့ အမေနဲ့အဖေ့ရဲ့ အပြုံးတွေကို ပြန်မြင်ယောင်လေလေ အမေ့တို့ကို သတိရတဲ့စိတ်တွေက ကြီးစိုးလာလေလေ ပါဗျာ ။ အဲ့ဒါကိုကော အမေတို့ သိမှသိကြပါလေစ ။ အကယ်၍ အဲ့ဒါတွေကို သိခဲ့တယ်ဆိုရင်တော့ သိသိကြီးနဲ့များ တမင်သက်သက် သတိရခြင်းတွေကိုမှ ချန်ထားခဲ့ရက်လေခြင်း အမေတို့ရယ် ။ ဘာလို့ အဲ့ဒါကြီးကိုကျ ပြန်ခေါ်မသွားဘဲ သမီးတို့နဲ့ ချန်ထားခဲ့ရသလဲဗျာ ။



ဒါပေမဲ့ အမေ.. ပျော်စရာကောင်းလွန်းလှတဲ့ ဒီခရီးစဉ်ဟာ သမီးတို့ရဲ့ နှလုံးသား တနေရာမှာ သေတဲ့အထိ အပျောက်မပျက်ဘဲ အခိုင်အမာ မှတ်ကျောက် တင်လိုက်နိုင်တဲ့ အတွက်တော့ သမီးတို့တွေ ကျေနပ်မိပါတယ်အမေ ။ ဒီအသက်အရွယ်မှာ အမေ့တို့နဲ့ ခုလို နာရီစက္ကန့်မလပ် အနီးကပ် နေခွင့်ရတဲ့ အဲ့ဒီအခိုက်အတန့်လေးလိုမျိုး နောက်ထပ် အကြိမ်ကြိမ် ထပ်ရပါရစေလို့လဲ တိုင်ပင်စရာမလိုပါဘဲ သမီးတို့တွေ တိတ်တိတ်ကလေး ဆုတောင်းနေမိကြတယ် အမေ ။ သမီးတို့တောင်းတဲ့ဆုတွေ ပြည့်မှာပါနော် … ။ ပြည့်ချင်တယ် အမေတို့ရယ် ပြည့်လဲပြည့်ပါရစေနော် ။ အဖေက ပြောတယ် အမေ “ အဖေက ငါ့သမီးတွေကို ဆုတောင်းမေတ္တာများပို့ပေးရင် မေတ္တာသိပ်စစ်လို့ ထင်ပါရဲ့ မပြည့်ဘူးဆို မရှိဘူးသမီးရဲ့ “ တဲ့ ။ ဒီတခါလဲ အဖေ့ကို အားကိုရမှာပဲ အဖေ ။ သိပ်စစ်လွန်းတဲ့ အဖေ့ရဲ့ မေတ္တာတွေ တထွေးကြီးနဲ့ သမီးတို့ပြည့်ချင်တဲ့ ဆုလေးပြည့်အောင် ဆောင်မပါအုန်း အဖေရယ် ။ ဆောင်မပါအုန်း ။ အဖေတို့ အမေတို့နဲ့ ပတ်သက်လာရင် လောဘ နဲနဲပိုကြီးတယ်ပဲ ဆိုဆို အဲ့ဒီတောင်းဆုလေးတော့ ပြည့်ပါရစေနော် အဖေ..နော် ။


အိမ်ပြန်သွားတဲ့ အဖေနဲ့အမေ့ကို သတိရခြင်းများစွာဖြင့်.....



ညီမလေး

၂၀၁၀.ဧပရယ်.၁၃

Monday, April 12, 2010

ဧပရယ် သီချင်း

ပုရစ်ဖူးတွေ သီတဲ့မျက်စောင်းထက်ထက်နဲ့
ချို နွဲ့နွဲ့ လှရက်လွန်းတဲ့ နွေ

ကောင်းကင်ရဲ့ တေးသွားတေးသံများ မြူချော့ဖို့
ကနွဲ့ကလျ ကကွက် ကကြိုး ကကွက် နဲ့
အဝါရောင် ပဉ္စလက် တံတိုင်း ပေါ်မှာ
ရှိသမျှ အလှကို လှစ်ပြဖွင့်ထုတ်ထား ရင်း
နှုတ်ခမ်းလေး မဟ တဟ
ဧပရယ် ဟာ လှချင်တိုင်းလှလို့

လေပြေတွေ လွန့်လူး ဦးခိုက်တဲ့
ယစ်မူးဖွယ် တန်ခူး ထောင်ချောက်ထဲ
တိမ်းပါး ညွှတ်နူး မေ့လျော့ရင်း
နာကျင်ဖို့ အဆင်သင့် မဖြစ်လိုက်ခင်
ဆောင်းရွက်ကျန်တွေ အစဉ်အတိုင်း ကျိုးကြေ ရွာကျသွားလိုက်ရ ပုံက
ခြောက်ခြောက်ခြားခြား
တိုးလျ အေးစိမ့်စွာ ကွဲကြေ လွင့်ပါးသွား

ကူးလွေ့

12.04.2010
Monday,April

Wednesday, April 7, 2010

ကချေသည်

တစ်ကယ်ကို မသိခဲ့တာပါ

ကကွက်တွေ သပ်သပ်ရပ်ရပ်
အနုစိတ်ထားတဲ့ လျှာဖျားပေါ်မှာ
ကိုယ့်ကို ကိုယ်ပြန်ရှာရတာ မောပေါ့

လေးလေးနက်နက် ပေါ့ပျက်ခဲ့
ပျားရည်တွေ စီးမျောလာပုံ ကိုက
မြွေတစ်ကောင် အဆိပ် ပါး ဝ သလို

မျိုခဲ့....သောက်ခဲ့
မျက်ရည်လည်ရွှဲလည်း ပျော်ရွှင်ခဲ့ဖူးရဲ့
အသားတင် မေ့လျော့ခြင်းအောက်မှာ
အရှက်ရ ဝမ်းနည်းခဲ့ရတဲ့ ဆန္ဒ အစုံစုံ

စနစ်တကျ အမှားတစ်ခုစီ ခင်းခဲ့
နှစ်သိမ့်တေး တစ်ချို့
လိုတိုင်း မရနိုင်တဲ့ အပြုံး တစ်ချို့
စကားခွံ တစ်ချို့
တစ်ချို့ ....တစ်ချို့
ဟောဒီ...နှုတ်ခမ်း အသေကောင်ပေါ်မှာပဲ
ကယောင်ခြောက်ခြား.....သေခဲ့တယ်။

ကူးလွေ့