Wednesday, April 28, 2010

အမေ

ဝမ်းတွင်းမှာ လွယ်စဉ်ကတည်းက
တမ်းချင်းတွေနဲ့ ချစ်ခြင်းဖွဲ့တည်
အားတင်းကာ ဝန်ကိုချီမ
ဘဝသစ်ကို ပုံစံချဖို့................

အဆုံးစွန်အောင် နာကျင်ခက်လဲ
အပြုံးမွန်နဲ့ အောင်နိုင်ခဲ့ပေါ့
ချွေးသံတည် မျက်နှာနှုံးနဲ့
ပီတိဖြာ အမေ့မျက်လုံးတွေ.................

လှိုက်လှိုက်အော် ငိုသံပေးတဲ့...
ရင်သွေးငယ် ချိုသံတေးကို
စိတ်မှာခင် သူပြန်ပေးတယ်
လိုအပ်သမျှ လုပ်ကျွေးသုတ်သင်........

စကားငယ်မပီ တီတာပြောတော့
မျက်ရည်ကြည် ဝေဖြာဇောနဲ့
တွန်းတိုက်တည် သင်ကာပေးတယ်
ခေါ်စမ်းကွယ့် အမေ....

ခြေစုံကို တည်ကာရပ်တော့
လေဟုန်ကို ပြန်ကာထွက်ဖို့
အတောင်တွေစုံ ပညာတတ်ဖို့
လူရာသွင်းပို့ပေးတယ် ကျောင်းတော်ရပ်ဆီ.....

ပညာစုံ အတောင်ထွက်တော့
ရင်ကိုကန် ပျံကာတက်တယ်
ရင်သွေးငယ် လူရေတက်ကို
သွင်မပြတ်စီးဆင်း ချစ်ခြင်းနဲ့ဝေ....

ဒုက္ခကြုံ မနေတတ်မှ
သောကအစုံ သယ်လာပေးလဲ...
သုခဘုံထင်ကာမှတ်တယ်
တုနှိုင်းရယ်မှီနိုင်ဘု မေတ္တာထုကို...

ခွန်းချီငယ် ပြန်ကာပြောလို့
ချစ်တယ်အမေ မဆိုနိုင်ခဲ့ဘု
နောင်တလွန် ဆိုချိန်မရောက်မှီ
အပြေးပြန်ကာရင်ငွေ့နွေးသို့ လှမ်းမျှော်စိတ်ရည်....

သားတော်ငယ် သည်အပြစ်ကြွေးကို
မေတ္တာရည် တည်ကာဆေးမယ်
မေမေ့ရင် ပြန်ကာနွေးဖို့
ဦးညွှတ်ကာလက်အုပ်မိုး ရှိခိုးမိသည်...


မေမေ့ရဲ့ အနန္တကျေးဇူးဂုဏ်ကို အမေများနေ့ အမှတ်တရအဖြစ် သား ဒီကဗျာလေးနဲ့ ကန်တော့လိုက်ပါရစေ အမေ....

3 comments:

မြစ်ကျိုးအင်း said...

သိပ်ကောင်းတဲ့ ကဗျာလေးပဲဗျာ
ဖတ်ရတာ ပြေပြေပြစ်ပြစ်ရှိလိုက်တာ
အမေအကြောင်း ရေးတဲ့ ကဗျာတွေထဲမှာတော့
တော်တော်လေးကို ထိထိမိမိ ရှိတဲ့ ကဗျာလေးပါပဲ

Anonymous said...

ကျေးဇူးပါ ကိုကြီး မြစ်....

Anonymous said...

အမေ တစ်ယောက်မို့ ရင်နင့်အောင်ခံစားမိပါသည် ..။ အမေ့ရင်ကိုကန်ပျံကာတက်လည်း ဒီဒဏ်တွေ အမေခံပါ့မယ်
မြင့်သထက်မြင့်စေ ..လွှင့်သထက်လွှင့်စေ ..
အောင်လံထူ စိုက်ပါမှ အမေ ရင်နာ ခံ ကျိုးနပ်စေဖို့
တိမ်လွှာကိုဖောက်လိုက်ပါ
မေ့သားငယ်ရယ် ..။

Post a Comment