Saturday, November 19, 2011

အသုံးမဝင်သော ...



ဖွင့်ဟခွင့်မရှိတဲ့ - -
ဆန္ဒတွေအတွက်
နှလုံးသား တစ်စုံအတွက်
စကားလုံးတွေက အသုံးမဝင်ခဲ့ ။

အဖော်မဲ့တဲ့ - -
ညတွေအတွက်
ခံစားချက်တွေအတွက်
အသိစိတ်တွေက အသုံးမဝင်ခဲ့ ။

ရှင်သန်ခွင့်မရတဲ့ - -
သတိရခြင်းတွေအတွက်
ချစ်ခြင်းတွေအတွက်
မျှော်လင့်ခြင်းတွေက အသုံးမဝင်ခဲ့ ။


ညီမလေး
၁၉.နိုဝင်ဘာ.၂၀၁၁

Sunday, November 6, 2011

လေထဲလွှင့်တဲ့ ဒြပ်မဲ့အလွမ်းထု...

ကောင်းကင်ယံကို မော့ကြည့်ရင်း ကြယ်တွေကို ရေတွက်ချင်ပေမယ့်.. ညညဆိုရင် အဖြူရောင် သက်မဲ့ မျက်နှာကျက်နဲ့ ပြတင်းတံခါးတစ်ခုပဲရှိတဲ့ အနားသတ်ခြောက်ကပ်တဲ့ အခန်းငယ်ထဲမှာ ညတွေဟာ မောပမ်းနွှမ်းလျှစွာ စီးမြောကုန်ဆုံးနေစဲ..။ ရာသီစက်ဝန်းက အပတ်ပေါင်းများစွာ အချိန်မှန် ရွေ့လျားနေသလို.. တစ်ဖြည်းဖြည်း ကြီးရင့်လာတဲ့ အသက်တွေကို ထမ်းပိုးရင်း ရောက်နေတဲ့နေရာက ရှေ့ဆက်ရွေ့လျားဖို့ အားအင်စိုက်ထုတ် ကြိုးပမ်းနေရတုန်း...။ ကျင်လည်ကျက်စား ပျော်မြူးခင်တွယ်ရာ အသိုက်အမြုံကို စွန့်ခွာလာပြီး ကျွန်းငယ်လေးတစ်ခုမှာ ကိုယ့်ကိုယ်ကို စက်ရုပ်သဖွယ် ကျင့်သားရအောင် နေနေရတော့လဲ.. တစ်ခါတစ်ခါ အိမ်ပြန်ချင်တဲ့အလွမ်းတွေဟာ တားမနိုင် ဆီင်္းမရ...။ ပြိုမလို အိုနေတဲ့ မိုးတိမ်ကိုကြည့်ပြီး တိမ်ညို တိမ်စိုင်ထုကြားထဲ ဘယ်အချိန်မှာ ဝေ့၀ဲနေတဲ့ မီးပုံးပျံလေးများ ပါလာမလဲဆိုပြီး တမ်းတလွမ်းရတာလဲ အခါခါ..။ သြော်.. ဘာလိုလိုနဲ့ သီတင်းကျွတ်ကျော်လို့ တန်ဆောင်တိုင်ပွဲတော်တောင် စနေပါ့ကော...။

ဟိုးအရင် နှစ်ပေါင်းများစွာကတည်းက လက်ဆင့်ကမ်း သယ်လာခဲ့တယ်ဆိုပေမယ့် တိမ်ကောမသွားပဲ တစ်နှစ်ထက် တစ်နှစ် ထူးခြားဆန်းသစ်လာအောင် မျိုးဆက်တွေ တာဝန်ကျေလွန်းတယ်လေ...။ ချမ်းအေးလှတဲ့ ဆောင်းညရဲ့ အအေးဒဏ်ကို မာဖလာ၊ ခေါင်းပေါင်း၊ လက်အိတ်၊ ဦးထုပ်၊ အနွေးထည်၊ ခြေအိတ်၊ ရှိသမျှ တွေ့သမျှ အကာအကွယ်လေးတွေယူပြီး တုန်ချမ်းချမ်းကြားထဲက မီးပုံးပျံ တစ်လုံးနဲ့ တစ်လုံးကြားကာလမှ ပွဲရဲ့ အသက်ကို ထိန်းထားပေးတဲ့ ချစ်စဖွယ် ဒေသခံပွဲကြည့်သူတွေနဲ့ ဧည့်သည် ပွဲဝင်သူတွေအတွက်လဲ နှလုံးဘ၀င် သာယာချမ်းမြေ့ဖွယ်ရာ အားထုတ်မှုဆိုရင်လဲ မမှားပါဘူး..။ ရိုးရာအစားအသောက်တွေ ဖွယ်ဖွယ်ရာရာ တည်ခင်းရောင်းချတဲ့ ဆိုင်တန်းလေးတွေမှာလဲ အမြဲစားနေကြဖြစ်ပေမယ့် ပွဲမှာ ဈေးကြီးလဲ ခုံမင်စွာ အားပေးနေကြသူတွေနဲ့ ညရဲ့ အလကဗျာဟာ လှသထက် လှလို့သာ နေပါတော့တယ်..။

ပွဲဈေးတန်းတစ်လျှောက် အစားအသောက်မျိုးစုံအပြင် ထုံးစံအတိုင်း လျှပ်စစ်မီး ထိန်ငြီးတဲ့ အဲဒီ လောင်းကစားဝင်းတစ်လျှောက်မှာလဲ ညချမ်းမှာ ကံစမ်းသူတွေ တိုးဝှေ့စည်ကားနေမြဲ...။ နေရာတိုင်းမှာတော့ ပွဲစည်အောင် လုပ်ပေးနေတဲ့ ပျော်ရွှင်တတ်သူ ကာလသားတွေနဲ့ ရယ်သံတွေ အုန်းအုန်းညံတဲ့ ညတွေ...၊ ညတင်မှ မဟုတ်ပါဘူး..။ နေ့ခင်းမှာလဲ ပွဲက ငြိမ်သက်နေတယ်လို့ မရှိအောင်ကို စည်ကားနေမြဲပါ..။ အသံမစဲတဲ့ ထိုပွဲချိန်ခါ နေ့ပေါင်းများစွာဟာ တစ်ရက်ထဲလိုပဲ တွဲဆက်ပျော်ပွဲဖွဲ့တည်တယ်လေ..။ ကိုယ်တတ်စွမ်းသမျှကို တတ်နိုင်တာထက်ပိုပြီး အပင်ပမ်းခံ ကြိုးစားပြီး တည်ဆောက်ထားရတဲ့ မီးပုံးပျံတွေဟာလဲ နေ့လွှတ်၊ ညလွှတ်စသဖြင့် အရောင်အသွေးစုံလင်လှတယ်..။ အထူးသဖြင့်တော့ ပွဲနားနီးပြီဟေ့ဆိုတာနဲ့ မြို့ရဲ့ ရပ်ကွက်တိုင်းမှာ အိုးစည်သံကို မြိုင်မြိုင်ကြားရတော့တာ..။ နားငြီးတယ်လို့ မငြူစူတဲ့အပြင် အိုးစည်သံလေးကြားရင် ခေါင်းလေး ဆတ်တောက်ဆတ်တောက်နဲ့ စည်းချက်ကျကျ ယိမ်းနွဲ့နေတတ်တာ ချစ်စရာ တောင်ကြီးမြို့နေ ဒေသခံတွေရဲ့ စရိုက်လေးတစ်ခုပါ..။

ပျော်ပွဲရွှင်ပွဲတွေနဲ့ပဲ တို့ရိုးရာကို ထိန်းသိမ်းတာလား..။ ဟင့်အင်း..။ ချစ်စရာ မီးပဒေသာပူဆော်ပွဲကလဲ တန်ဆောင်မုန်းလပြည့်ညရဲ့ အလတရားကို ကောင်းကင်ယံက ကြယ်တွေ လတွေနဲ့အတူ အပြိုင်အဆိုင် လင်းချင်းတဲ့ ပွဲပါ..။ မြတ်စွာဘုရားကို တတ်စွမ်းတဲ့ ပညာနဲ့ မသိုးသင်္ကန်း ယက်လှူပူဆော်တာလဲ အဲဒီ လပြည့်ညပါပဲလေ..။ တန်ဆောင်တိုင်လို့ ပြောလိုက်ရင်.. သီတင်းကျွတ်ကတည်းက အပြိုင်အဆိုင် လှူဒါန်းလာလိုက်တဲ့ ကထိန်ပွဲတွေနဲ့ ဆက်ပြီးတော့ မီးပုံးပျံတွေနဲ့ မြတ်စွာဘုရားကို ပူဇော်တဲ့ ပွဲအထိ ရိုးရာရဲ့ အနံ့အသက်တွေက ရင်ကို ကြည်နူးလှိုက်ဖိုစေတယ်..။ ဆောင်းရဲ့ အရိပ်အေးအေးမှာ ရင်ထဲက အပျော်ဓာတ်တွေနဲ့ နွေးထွေးနေလိုက်ကြတာ..။ သူစိမ်းတရံစာတွေကို မမြင်ရသလိုပဲ..။ တန်ဆောင်တိုင်ရဲ့ ပွဲရောင်အောက်မှာ မေတ္တာတရားတွေနဲ့ မွေ့လျှော်ပျော်ရွှင်နေလိုက်ကြတာ ရပ်နီးရပ်ဝေး အားလုံး တစ်သားထဲ..။ ပွဲရက်တွေအကြောင်းကို တစ်သသပြောဆိုမျှဝေရင်း နောက်ဆုံးရက်လေးကို ကုန်ဆုံးသွားမှ နှမြောသတနေလိုက်ကြတာ..။

အခုတော့ အဲဒီလို မြင်ကွင်းမျိုးတွေကို အဝေးကနေပဲ မျက်စိမှိတ် ပုံဖော်နေရတယ်လေ..။ ဘ၀ဆိုတဲ့ စေညွှန်ရာပြဌာန်းမှုမှာ ဌာနဆိုတာလဲ တစ်ခါတစ်လေ စိတ်ကူးနဲ့ ပေါင်းကူးယုံပဲ တတ်နိုင်တဲ့ နေရာတစ်ခုဖြစ်နေလေရဲ့..။ ဘာပဲပြောပြော.. ယမ်းနံ့လေး စွက်နေတဲ့ ဆောင်းနှင်းမြူလေးတွေကို ရှူရှိုက်စားသုံးရတဲ့ အဲဒီ တန်ဆောင်တိုင်ညတွေဟာ တစ်နှစ်တစ်ခါမကပါဘူး၊ ရင်ထဲမှာ ထာဝရ နှစ်နှစ်ကာကာ မြတ်နိုးနေမယ့် ရိုးရာတစ်ခုပါ..။ မီးပုံးပျံတွေ မီးစာကုန် ပြန်ကျသွားပေမယ့် ကျွန်တော့ဝင်သက်ထွက်သက်တိုင်းမှာတော့ ယမ်းနံ့တွေ စွတ်ဆိုထုံသင်းစဲပါ...။

(တန်ဆောင်တိုင်မီးပုံးပျံနှင့် ဝေးကွာနေရသော သူငယ်ချင်းများ မိတ်ဆွေများအားလုံးအတွက် အမှတ်တရ ရေးဖွဲ့တာပါ..။ စိုင်းမွန်း)