Tuesday, August 18, 2009

ကျွန်တော့်ရဲ့ အလွမ်းစာ

ဘာရယ်တော့ မဟုတ်ပါဘူးဗျာ..။ သေသွားတဲ့ အိမ်က ကြောင်ကလေးအကြောင်း အလွမ်းစာပါ။ အတော်လေးကို လိမ္မာ ပြီး လူနဲ့ အင်မတန် နီးစပ်တဲ့ ကြောင်ကလေးပါ။စမွေးခါစကတော့ နှစ်ကောင်ပေါ့..။ ညီအစ်ကို နှစ်ကောင် ဆိုပါတော့ဗျာ..။တစ်ကောင်က တော့ အရွယ်ရောက်ပြီး မကြာခင် ပျောက်သွားလေရဲ့။ သူတို့ရဲ့ ငယ်ဘ၀ရာဇ၀င်ကို ကျွန်တော် မသိမှီလိုက်ပါဘူး။ သူတို့ နှစ်ကောင် အိမ်စရောက်တော့ ကျွန်တော်က အဝေးမှာ..။ ကျွန်တော် အိမ်ပြန်ရောက်တဲ့အချိန် မှာတော့ တစ်ကောင်ပဲကျန်တော့တယ်။ အခုရေးမှာက အဲဒီကောင် အကြောင်း ဆိုပါတော့။

ဒီကောင်က အမေ့ရဲ့ အချစ်တော်ပါ။ အမေချစ်အောင်လည်း သူက တတ် သကိုးဗျာ။ အစာတောင် အမေကျွေးမှ ကောင်းကောင်းစားတာ။ ဗိုက်ဆာရင် တညောင်ညောင် အသံလေး ပေးပြီး အမေ့ကိုရှာတတ်တယ်။တစ်ခါတစ်လေ အမေ တီဗွီကြည့်နေရင် ခြေထောက်နားသွားပြီး ပွတ်သီးပွတ်သပ်နဲ့ ၊ ခြေချောင်းတွေကို ကိုက်ပြီး ထမင်းကျွေးဖို့ သတိပေးတတ်သေးတယ်။စားရင်လည်း အစားက ရွေးသေးတယ်။ ပေါက်ကရ ကြုံတာနဲ့ ကျွေးလို့မရဘူး။သူ့ကို ကျွေးဖို့ ပုဇွန်ခြောက် သပ်သပ် ၀ယ်ထားပေးရတယ်။ တခါတစ်လေ ပုဇွန်ခြောက် ကုန်သွားလို့ ဆိုရင် ထမင်းကောင်းကောင်းမစားတော့ဘူး။ ဒီလို အချိန်ဆို ကျွန်တော်ကတော့ အ၀ယ်တော်ပဲ။ နီးရာဆိုင်ကနေ အသားခြောက် အထုပ်သေး တစ်ခုခု သွားဝယ်ပေးရတယ်။မဟုတ်ရင် သူ့ကြောင်ကလေး ထမင်းမစားရင် အမေ့ခမျာလည်း မလန်းဆန်းရှာဘူးကိုး။

နောက်ပြီး ဒီကောင်က အိပ်ရင်လည်း အများအားဖြင့် အမေ့နားပဲ အိပ်တတ်တယ်။ ပြီးတော့ သူအိပ်ပုံက အဆန်း။ ခွေမအိပ်ဘူး။ လူတွေအိပ်သလို ပက်လက်ကြီး ခြေပစ်လက်ပစ် အိပ်တတ်တယ်။ တစ်ခါတစ်လေ လည်း ဘေးတစ်စောင်းအိပ်တယ်။သူ့ ကို ကလေး ငယ်လို ချီပြီးသိပ် ရင် အရမ်းကြိုက်တတ်တယ်။ အမေဆို သူ့ကို အဲလို ချီ ပြီး သိပ်နေကြ။ ဒါကြောင့် သူက အိပ်ချင်လာရင် အမေ့ဆီကို ပဲသွားတယ်။တစ်ခါတစ်လေ အမေ မီးဖိုချောင်ထဲ အလုပ်ရှုပ်နေရင်တောင် သူက တညောင်ညောင် အသံပေးလိုက်တာနဲ့ အမေကလည်း လာလာ ဆိုပြီး လက်ဆန့်ပေးလိုက်တာပဲ။ အဲဒါမျိုးများဆို အမေ့ပေါ်ကို ခုန်တက်ပြီး ကျကျ နနကို အိပ်တော့တာ ကလား။

သူက လူနဲ့ အိပ်ရတာကို အင်မတန် ကြိုက်တယ်ဗျ။ ညအစောပိုင်းဆို အမေ့နားသွားအိပ်တယ်။ ည တစ်ရေးနိုင်းဆို အပေါ့ အပါးက ထသွားတတ်သဗျ..။ အဲလို အချိန်ဆို လူကို နိုးတတ်တယ်...။ တံခါး ထဖွင့်ပေးလိုက်ရင် ခဏထွက်သွားရော...။ တစ်ခါတစ်လေ အပြင်မှာကြာနေလို့ မစောင့်ပဲ တံခါးပြန်ပိတ်ပြီး အိပ်နေရင်လည်း အထဲဝင်မယ်ဆို အပြင်ကနေ အသံပေးတယ်...။ ကြုံသလို မ၀င်လာတတ်ဘူး။အဲဒီတာဝန်ကိုလဲ အမေပဲ အများအားဖြင့်ယူ ထားတာပါပဲ။တစ်ရေးနိုး အပြင်ထွက် အပေါ့အပါးသွားပြီးရင် ကျွန်တော့်ဆီ လာတောင်းအိပ်တတ်တယ်။ တောင်းအိပ်တာ ဆို တာ တစ်ကယ်ကို တောင်းအိပ်တာ။ ခေါင်းရင်း နားကို လာပြီး တညောင်ညောင် အသံ တိုးတိုးပေးတတ်တယ်။ မနိုးမချင်း တက်မအိပ်ဘူးဗျ။ အဲဒီနားမှာပဲ စောင့်နေတာပဲ။ နိုးလာလို့ ဂွမ်းဖုံကလေး အသာဟပြီး လာလာ ဆိုမှ တက်လာတာ။ သူက အိပ်ရင် ချိုင်း နားမှာ ခေါင်းကလေး မှေးတင်ပြီး အိပ်လေ့ရှိတယ်။ ပိုနွေးလို့လား မသိပါဘူး။ ခေါင်းကလေး ကိုမှေးပြီး ခြေပစ် လက်ပစ်နဲ့ အကျ ကို အိပ်တော့ တာများ အရမ်း ချစ်ဖို့ကောင်းတယ်။တစ်ခါတစ်လေများ လျှာကလေး တစ်လစ်ကို ထွက်လို့။

ပြီးတော့ ဒီကောင်က ကြောင်ထီးသာ ဖြစ်တာ ကြွက်တော့ ခုတ်တယ်။ ကြွက် ခုတ်လာပြီးရင် လူတွေရှေ့ ကို အမြဲယူလာပြီး ...ဆော့ တတ်တယ်။ ကျွန်တော်တို့ကများ ၀ိုင်းကြည့်ပြီး အသံထွက်အားပေးရင် အကွက်မျိုးစုံနဲ့ ဂျွမ်းပြန်နေအောင် ဆော့ တော့တာပဲ။ တစ်ခါတစ်လေ ဘယ်သူမှ စိတ်ဝင်တစား မကြည့်ဘူးဆိုရင်တော့ ၀တ်ကျေတန်းကျေလောက် ဟို တို့ ဒီပုတ် လုပ်ပြီး ထားခဲ့တော့တာပဲ။ စားချင်မှ စားတယ်။ စားရင်လည်း ခေါင်းရယ်၊ အမြီးရယ်၊ အရေခွံရယ်၊ ကလီစာရယ်ကို ဘယ်တော့မှ မစားပဲ ချန်ထား တတ်သဗျ။ တစ်ခါတစ်လေများ ဆို နှစ်ကိုက်လောက်ကိုက်ပြီး ထထွက်သားတတ်လေရဲ့။ ကျွန်တော်တို့က နောက်က လိုက်ကောက် လိုက်သိမ်းပေးရတတ်သေးတယ်။

ဒါပေမယ့် သူ့မှာ အားနည်းချက် တစ်ခုတော့ ရှိတယ်ဗျ။ အမြင့်ဆို ရင် တက် ပြီးတော့ ပြန်မဆင်းတတ်တာပဲ။ တစ်ခါတစ်လေ သစ်ပင် တက်ပြီး ပြန်မဆင်း တတ်ရင် ဒါမှမဟုတ် ခေါင်မိုးပေါ်က ပြန်မဆင်းတတ်ရင် ကျွန်တော်တို့မှာ နည်းမျိုးစုံနဲ့ သူ ပြန်ဆင်းလာအောင် ဖြေရှင်းပေးရလေ့ ရှိတယ်။ အများစုကတော့ ခေါင်မိုးပေါ်တက်တက် ပြီး ပြန်မဆင်းတတ်ပဲ တညောင်ညောင် လုပ်တတ်တာပဲဗျာ....။ ဒီအခါဆို ကျွန်တော်တို့မှာ စကော တချပ်ကို တစ်ယောက်က ခေါင်းပေါ် ကနေမြှောက်ပြီး တစ်ယောက်က သူဆင်းလာအောင် မြူရတယ်။ ဒါတောင် ကိုယ်တော်ချောက အမေ မပါရင် တော်တော်နဲ့ မဆင်းဘူး။ အဲဒီလို။ရန်လည်း မဖြစ်တတ်ဘူးဗျ..။ အကောင်သာကြီးတယ် အလည်သွားရင် သူများ ဆော်ပလော်တီးတာ ခံလာရတာ ချည်းပဲ။ ပြန်လာရင် ဒဏ်ရာ ဒဏ်ချက် ပေါင်းစုံကို အမြဲ မရိုးရအောင် ယူလာတယ်။ အမေ့မှာ ဆေး မှုန့်လေးတွေ နဲ့ သူ့ တစ်ကိုယ်လုံး လှန်လှောရှာဖွေပြီး ဆေးထည့်ပေးရ သဗျ..။ ဟတ်ဟတ် တစ်ကယ့်ကို အာဂကြောင်။

နောက်တော့ ကျွန်တော်တို့အိမ်ပြောင်း တော့ အဲဒီပြောင်းသွားတဲ့နေရာလေးမှာပဲ သူ နေလို့ထိုင်လို့ အသားကျပြီး သိပ်မကြာခင်လေးမှာပဲ ပျောက်သွားရှာတယ်။ အမေ့မှာ သူ့ကြောင်ကလေး ပြန်လာနိုး ပြန်လာနိုးနဲ့ ထမင်းပန်းကန်လေး ပြင်ပြီး စောင့်နေရှာတာ။ ည တရေးနိုးရင်လည်း သူ့ကြောင်ကလေး လာအော်ပြီး နိုးလေမလားလို့ ခဏ ခဏ စောင့်စောင့်ကြည့်တတ်လေရဲ့။ကျွန်တော်လည်း တော်တော် လေးကို စိတ်မကောင်းဘူး...။ သံယောဇဉ်တွယ် မိသကိုးဗျာ။ဘယ်လောက်အထိလည်းဆို တစ်ခါတစ်လေ ကြောင်တစ်ကောင်လို့တောင် မမြင်တော့တဲ့ အထိပဲ..။အမေ့နဲ့ သံယောဇဉ်ကတော့ ပိုပြီး နက်ရှိုင်းသပေါ့ဗျာ...။ သို့ပေမယ့်လည်း ကံဆုံ သလောက်ပဲပေါ့။နောက်နောင်အခါမှာ တရိစ္ဆာန် မဖြစ်ပဲ ကောင်းရာ မွန်ရာ မှာ ရောက်ပါစေလို့။ ဒီစာလေး ရေးဖြစ်သွားတဲ့ကြောင်းရင်းကလည်း ကျွန်တော် ကြောင်လေ ကြောင်လွင့်တွေ ပေါများလွန်းတဲ့ အရပ်တစ်ခုမှာ ရောက်နေတုန်း ပြန်လွမ်းမိတဲ့ အပိုင်းအစလေးတွေကို သီကြည့်ဖွဲ့ကြည့် တာသက်သက်ပါပဲ....။ဒီလိုနဲ့ ဒီ ကြောင် အလွမ်းစာလေးကို ရေးဖြစ်ပါတယ်။

ကူးလွေ့

18.8.2009
Tue,August.

0 comments:

Post a Comment