Tuesday, January 19, 2010

ခြေလှမ်း

စိတ်လိုလက်ရ တစ်ခုခုကို စဉ်းစားမိတယ်...
အဝေးကို မျှော်ကြည့်နေရာကနေ အာရုံတွေကို ကိုယ့်ဆီမှာ ကိုယ်စုကြည့်တဲ့အခါ..... ဘာကို သွားမြင်လဲဆိုရင် နေ့စဉ်လှမ်းနေရတဲ့ ခြေလှမ်းလေးတွေကို သွားမြင်တယ်....
ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ခြေတစ်ဘက်က ရှေ့ကို တက်သွားချိန်မှာ ခြေတစ်ဘက်က နောက်ဆီမှာ ကျန်ခဲ့တယ်....
စဉ်းစားမိတယ်....
ခြေလှမ်းတစ်လှမ်းမှာ ပါဝင်တဲ့ ခြေနှစ်ချောင်းရဲ့ အရေးပါမှု..........
ရှေ့ကို တက်လှမ်းလိုက်တဲ့ ခြေကပဲ ဦးဆောင်သွားတာလား... ဒါမှမဟုတ် နေရာတစ်ခု ခြေကုပ်မြဲနေအောင်ချပီး ပင့်ထောက် တွန်းကန်ပေးလိုက်တဲ့ ကျန်ခဲ့တဲ့ ခြေကြောင့်ပဲ ရှေ့ကို ရောက်သွားခဲ့တာလား....
တစ်ကယ်တော့ အချက်ကျ ညီမျှ အချိုးကျတဲ့ အပေးအယူတစ်ခု ပြီးမြောက်မှသာ ခိုင်မာတဲ့ ခြေလှမ်းသစ်တစ်ခု ဖြစ်လာတာပါ....
လက်ရှိနေရာမှာ ခိုင်မြဲနေမှသာ ရှေ့ဆက်ဖို့အတွက် အားယူနိုင်မှာဖြစ်သလို၊ ရှေ့ကို ထိုးထွက်ရဲတဲ့ ခြေလှမ်းသစ်ရှိမှလဲ လက်ရှိ ခြေကုပ်ကို အားပြု ရှေ့တိုးနိုင်မှာ....။
အရာရာကို ဘက်မျှအောင် သုံးမှပဲ ခြေလှမ်းသစ်ဆိုတာ ဖြစ်လာမှာကိုး....။
လူတွေမှာ ပါလာတဲ့ တစ်စုံ တစ်စုံသော ပစ္စည်းတွေဟာ နှစ်ခုကို တစ်ပြိုင်တည်း လုပ်ဖို့မဟုတ်ပဲ တစ်ခုတည်းကို နှစ်ခုပေါင်းပီး စည်းချက်ညီညီ အပေးအယူတဲ့တဲ့ လုပ်နိုင်ဖို့ ဆိုတာ သိလာတယ်....
ကိုယ့်မှာ ရှိနေတာကို စနစ်တစ်ကျ ပေါင်းစည်းတတ်တဲ့အခါ ကိုယ့်မျှော်မှန်းချက်ဆိုတာ ပြည့်စုံ ဖို့ မခက်တဲ့ အရာဆိုတာ ကျေနပ်စရာ တွေ့နိုင်မှာပါ....

(ခေါင်းထဲရောက်လာတဲ့ အတွေးလေးကို မျှလိုက်တာပါ...)

Sunday, January 17, 2010

ပိုးကိုက်ထားတဲ့ သစ်သီး

ခံနိုင်ရည် ရှိလာတာမျိုး မဟုတ်ပေမယ့်
နာကျင်မှုက အသားကျ
"ဘဝ" ကို စကားတစ်ခွန်းကဝယ်ပြီး တစ်ခွန်းက ရောင်းတယ်
ထုံထိုင်းဆဲ ဆွံ့အ နာတွေက လူမသိ သူမသိ

တစ်ကယ်တော့လည်း
စိတ်အဆာပြေရုံလေး မေးခွန်းတွေရွာချ ခဲ့တာပါ
သူစိမ်း သူရံ ဆန်ဆဲ ငါ့နေ့စွဲတွေသာ တစ်ရွက်ပြီး တစ်ရွက်
စိမ်းသွားလိုက်...ဝါလာလိုက်။

ကူးလွေ့

20.7.2006
July,Thursday

Monday, December 14, 2009

သံဝေဂ လင်္ကာ

ခန္ဓာ ငါးပါးနဲ့
ဟောဒီ သံသရာ ဒုက္ခ အစစ်ကြီးထဲ
ကျွဲပါးစောင်းတီး ရင်ဘတ်နဲ့
အမြတ်တနိုး မက်တဲ့ အိပ်မက်က "နင်"..။

အဘိဇ္ဇာ မြူမှုန် စက်ဝိုင်းထဲ
မထိခလုတ် ထိခလုတ် စိတ်တွေက
သိင်္ဂါရညှို့ သံ တင်းတင်းမှာ
ညောင်သီးလေး ရယ်သံက ချို, ချို နိုင်လွန်း

တပ်မက်မှုက အဝိဇ္ဇာ တဏှာ
သိသာသိ မမြင်သူ မျက်ကန်းလို တစ္ဆေမကြောက်
အမိုက်တိုက်ထဲ နေသာရုံ , ခုန်လှုပ်နှလုံးသားနဲ့
ဝင်သက် ၊ ထွက်သက်တိုင်းလည်း "နင်" မှ "နင်"

မာတုဂါ မလေးရေ !
သံသရာဟာ အကြီးဆုံး ဝဋ်ဆင်းရဲ ဆိုပေမယ့်
လွတ်မြောက်ရာ တရား, ကင်းပ ငါ့မှာ
နင်သာ....
ငါကိုယ်တိုင်ရှာတဲ့ " သမုဒယ သစ္စာ "...။

ကူးလွေ့

ကောဇာသက္ကရာဇ် ၁၃၆၈
တပေါင်းလဆုပ် (၁၂) ရက်။

Saturday, December 12, 2009

ပုံတူ

ဆိုးဆေးများ ယိုစီးဆဲ
ရင်ကတုတ်ပေါ်ကွဲတဲ့ ဗုံး ဟာ
ငါ ကိုယ်တိုင် ဟုတ်....မဟုတ်?

အလှကြည့် "မှန်" တစ်ချပ်နဲ့
မတ်တပ်ရပ်ဆဲ ငါ
ပြာအက် ကောက်ကြောင်းလမ်းမပေါ်
နီရဲ.. လိုအင်..များ

ငါ ဟာ ငါ ကိုယ်တိုင်ပဲလား...?

နှုတ်ခမ်းကို ဖွင့်...ဟ
"အရိပ်" များ ...အန်ချခဲ့...။

ကူးလွေ့

Friday, December 11, 2009

ပြဇာတ်

ပျားရည်တွေ ချိုမြမြ စီးတယ်။

ကတိ၊ သစ္စာ ၊ အနာဂါတ်
မြတ်နိုးခြင်း ၊ အကြင်နာ
တစ်ဘဝ ညီမျှ ပူးပေါင်းရေး

မျက်လုံးနဲ့ နှုတ်ဆက်လိုက် ကြတယ်။

ကူးလွေ့

Tuesday, December 1, 2009

ဒီဇင်ဘာ ပန်းချီကား

တိတ်တဆိတ်
ကျောခိုင်းသွားတဲ့ မီးခိုးမှုန်တွေရဲ့ ဒီဇင်ဘာက
ဆယ့်နှစ်နာရီ မိနစ် နှစ်ဆယ်

ခဏလေး တွေ့ကြဖို့
ခပ်ဝေးဝေး ကတည်းကလည်း စောင့်ခဲ့တယ်
ပါးပြင်ပေါ် ငါ့ ဝင်သက်လေး တစ်ရှိုက်စာ

ခုတော့...
ကိုယ်ငွေ့တို့ မနွေးထွေးလိုက်ခင် မိုင်တိုင် တွေထဲ
ခိုက်ခိုက်တုန်..။


ကူးလွေ့

22.12.06
Friday,December.

Saturday, October 10, 2009

အမှတ်တမဲ့...

ဒီနေ့ .....
မထင်မှတ်ပဲ ကြားလိုက်ရတဲ့ သတင်းဆိုးတစ်ခု.....၊
မယုံကြည်နိုင်လောက်အောင် မထင်မှတ်တာတွေက ဖြစ်တတ်လွန်းတဲ့ လောကရယ်.....
ရုတ်တရက်ကို တစ်ဖြုတ်ဖြုတ်ကြွေနေကြ....။
အဲဒီအထဲမှာ ဆရာလည်း ပါသွားတယ်တဲ့လား.....။
ကျွန်တော် မယုံကြည်နိုင်စွာ အံ့အားသင့် နာကျင်နေလို့....။
ဒီကနေ့ပဲတဲ့.... ဆရာတစ်ယောက် လောကကြီးကို အရွယ်ကောင်းတုန်း၊ သန်တုန်းမာတုန်းမှာ ကျောခိုင်းထားလိုက်ပုံများ....။
သင်္ခါရဆိုတာ သိပေမယ့် အိုဆရာရယ် ......
ကျွန်တော်တို့ တွေ့ဆုံခဲ့တဲ့ အချိန်က တိုတောင်းပေမယ့် အမှတ်ရစရာ၊ မှတ်သားစရာ အဖြစ်အပျက်တွေ စုံလို့ပေါ့ဆရာရယ်....။
လက်ထောက် ကထိကအဆင့်ကို တက်တာမှ မကြာသေး... ဆရာတစ်ယောက် လောကပေါ်က ပျောက်ကွယ်သွားပြီတဲ့လား....။
မှတ်မှတ်ရရပါပဲဆရာ.... ထိပ်ဆုံး စတင်သိကျွမ်းခွင့် ရပုံက ထိပ်တိုက်တွေ့ခဲ့တယ်နော်....။ ဂျစ်ကန်ကန်နဲ့ ဆရာ့ ပုံကို ကျွန်တော်တို့ ဖရက်ရှာကောင်လေးတွေ သိပ် မကြည်ခဲ့ဘူးလေ....။
မောင်မယ်သစ်လွင်ပွဲတွေလုပ်ရင်း ဆရာနဲ့ကျွန်တော် အတွဲညီခဲ့တယ်နော်....။
အင်္ဂလိပ်မေဂျာမှာ ပြေးကြည့်မှ နှစ်ယောက်တည်းရှိတဲ့ ဆရာထဲက တစ်ယောက်....။
မေဂျာကို ချစ်လွန်းတဲ့ဆရာတစ်ယောက်....။ မန္တလေး ကျောင်းဆင်းဖြစ်ရတာကို ဂုဏ်ယူလွန်းတဲ့ ဆရာတစ်ယောက်...။ အခုဘယ်ဆီရောက်ပြီလဲ....။
ငယ်ငယ်က ဆိုးတဲ့အကြောင်းတွေကို ဖောက်သည်ချရင်း ငယ်ဂုဏ်နဲ့မလိုက် ပျော်တတ်၊ သည်းခံတတ်တဲ့ ဆရာ....။
ဒေါသကို မြိုသိပ်ပြီး ကွယ်ရာမှာမှ ကြိတ်ပေါက်ကွဲတတ်တဲ့ဆရာ....
ကျွန်တော့ကို ယုံကြည်စွာနဲ့ စာသင်ဖို့ အားပေးခဲ့တဲ့ဆရာ....။
ကျွန်တော် အားငယ်နေချိန်မှာ လက်တွဲပေးတတ်တဲ့ဆရာ....။
စာတစ်လုံးမှ မသင်လိုက်ရပဲ ဆရာတပည့် အရင်းကြီးဖြစ်ရတာ ကျွန်တော် ဂုဏ်ယူတယ်ဆရာ....။
နှစ်တိုင်း တပည့်တွေနဲ့ တရုံးရုံး.... အလုပ်ကို အတူတူလုပ်တတ်တဲ့ဆရာ....။
အခက်အခဲတွေကြားက မျက်နှာမငယ်ရအောင် လုပ်ပေးတတ်တဲ့ဆရာ....။
သီချင်းဆိုတာ ဝါသနာကြီးလွန်းတဲ့ဆရာ....။
လူဖြောင့်ကြီး ဆရာ....။
ဘီယာသိပ်ကြိုက်လွန်းတဲ့ဆရာ....။
အခုတော့ ဆုံးသွားပြီတဲ့လား....။
ဒီနေ့ညနေကပဲ ဆုံးသွားပြီတဲ့လားဆရာရယ်....။
ကျွန်တော် ပြန်လာရင် ဆရာ့ဆီလာပြီး ဆရာကြိုက်တဲ့ ဘီယာ အဝတိုက်မယ်ဆိုတဲ့ စိတ်ကူးတွေ အခုတော့.......
အိုဆရာရေ....
ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်ဘဝပဲရောက်ရောက် ဆရာ့ကို ထာဝရ ဦးထိပ်ထား ဂါရဝတရားနဲ့ အစဉ်ဦးညွှတ်နေမှာပါ....။
ဆရာရေ....
ကောင်းရာသုဂတိ လားပါစေ....
ကျွန်တော် ပြုဖူးသမျှ ကုသိုလ်တွေကို အမျှပေးဝေပါတယ်....။
ရောက်လေရာက ဆရာတစ်ယောက် သာဓုခေါ်နိုင်ပါစေ....။
ကုသိုလ် အမျှ ..... အမျှ ..... အမျှ ပါ ဆရာ......
ဒီစာလေးနဲ့ ဆရာ့ကို နောက်ဆုံးအကြီမ် ကန်တော့ပါရစေ......

လွမ်းဆွတ်ကြေကွဲလျှက်....

ဆရာ့ချစ်တပည့်...

စိုင်းစိုင်းမွန်း...

၂၀၀၉၊ အောက်တိုဘာလ ၉ ရက် မွန်းလွဲပိုင်းတွင် တောင်ကြီး စောဝ်စံထွန်း ဆေးရုံပေါ်တွင် ကွယ်လွန် အနိစ္စရောက်သွားသော တောင်ကြီး တက္ကသိုလ် အင်္ဂလိပ်စာဌာန လက်ထောက်ကထိက ဦးမောင်မောင်လေးအား ရည်စူး၍ ရေးသားသည်....