Wednesday, December 21, 2011

ငါ့ရဲ့ နတ်သမီး (သို့မဟုတ်) ဧဝ

အရိုးရှင်းဆုံး စကားပြေတစ်ပုဒ်ပေါ့
စတင်ခဲ့ခြင်းက....
ဆန်းပြားတဲ့ သက်တန့် တွေကြားမှာ
သူမ...
အရိုးသားဆုံး ကောင်းကင်ဆန်တယ်
ပင်လယ်ဆန်တယ်

မျဉ်းမတ်တစ်ကြောင်းလိုပဲ
ငါ့ရဲ့ဆောင်းဦးစာမျက်နှာပေါ် ဝင်လာတဲ့ခြေလှမ်းဟာ
နိုးထစ ချယ်ရီရဲ့ ကပိုကရို လှပုံမျိုးနဲ့ သိမ်မွေ့
မြင်သာရုံ နှုတ်ခမ်းစွန်း ထောင့်ချိုးလေး ပြေပြစ်ဖို့
သိင်္ဂါရ ငါ့ဥယျာဉ် စိမ်းစိမ်းစိုခဲ့တယ်

မှော်ရုံထဲက နတ်ဘုရားများတီးတဲ့ စောင်းသံလို
အဖွဲ့အနွဲ့ မပါတဲ့ မျက်ဝန်းက ညှို့ချက်ကင်းတယ်
အိပ်မက်ရွက်ကြွေတို့ဝေ့ဝဲတဲ့ ဧဒင်စိတ်ကူးမှာ
မာရ်နတ်ရဲ့ စကားသံမပါဘူး...
ဘုရားသခင်ရဲ့ ပညတ်တော်မပါဘူး..
ငါ့ရုပ်နာမ်တွေ ထမြောက်ရာ ပုခုံးဦးထက်မှေးမှီဖို့
နက္ခတ်ဆိုးကျိန်စာကို ပုန်ကန်ပြီး
တားမြစ်သီးခိုးယူခဲ့

ယုံကြည်ချက်ကို ရဲရဲမတ်မတ်ထူလွင့်ပြီး
ချစ်ခြင်းနဲ့ထွင်းတဲ့ ငါ့ရဲ့ အက္ခရာပါ
နာကျင်ရုံသက်သက်လေး
ထောင်ချောက်တွေ ဒင်းကြမ်းရွာချခဲ့မယ်ဆိုလည်း
ရင်ဘတ်ထဲ ဝှက်ထားတဲ့မြို့လေးမှာ
" ဒွိဟ " ကပ်ဆိုးတွေ....ကင်းတယ်။


ကူးလွေ့

10.10.2006

0 comments:

Post a Comment