ကိုယ်ကပဲ ခေတ်နောက်ကျတာလား.. ခေတ်ကပဲ မှီလွန်းနေတာလား.. ခေတ်ပဲ ပျက်သွားတာလား....
လားပေါင်းများစွာတွေနဲ့ ဒီနေ့ အိပ်တာ နောက်ကျရပြန်ပြီ....
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘုန်းကြီးကျောင်းသွားတော့ ဆရာတော် ဦးဝါယာမိန္ဓက မေတ္တာ အခါတော်နေ့ ဖြစ်တာနဲ့ အညီ မေတ္တာတရားရဲ့ စွမ်းပကားနဲ့ အားအင်တွေကို ညွှန်ပြသွန်သင်တော်မူသွားတယ်....
တရားနာပြီးမှ ချို့တဲ့လွန်းတဲ့ ကိုယ့်ရဲ့ မေတ္တာ ထားနိုင်မှုစွမ်းရည်တွေကို သိလိုက်ရတယ်....
ကိုယ် စလုံးရောက်လာစက ပြောင်းလဲသွားတဲ့ လူနေမှုကြား အလိုက်သင့်မျှောပါသွားဖို့ တော်တော်လေး ရုန်းကန်ခဲ့ရတယ်....
အားလုံးကို အသားကျသွားတဲ့အခါ မတူညီတဲ့ အမြင်နဲ့ တန်ဖိုးတွေကို နှိုင်းယှဉ်ကြည့်တတ်လာတယ်...
အထူးသဖြင့်တော့ လူတွေ ကိုယ့်ကိုယ်ကို သတ်မှတ်တဲ့ တန်ဖိုးပေါ့....
ဒီဘက်ခေတ်မှာ လူတွေက အချစ်စစ်ဆိုတာကြီးကို အာကွဲမတတ်အော်ဟစ်နေပြီးတော့ လက်တွေ့မှာ ချစ်ခြင်းမေတ္တာရဲ့ တန်ဖိုးတွေကို မီးရှို့ဖျက်စီးနေကြသလိုပဲ.....
ရည်းစား စင်ပြိုင်ထားတဲ့လူနဲ့...၊ သူများရည်းစား သွားလုတဲ့သူနဲ့...၊ အိမ်ထောင်ရှိတာ သိသိနဲ့ ဇာတ်ရှုပ်ကြတဲ့သူနဲ့...၊ အဲလိုမျိုး လူမှုရေး ဖောက်ပြန်တာကို သဘာဝလိုလို ဘာလိုလို အားပေးအားမြောက်ပြုတဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေနဲ့...၊ စုံစီနဖာ ပြည့်နက်နေတာကို အံ့သြမှင်တက်မိလောက်အောင်ကို တွေ့နေရတယ်.....
ကိုယ်လဲ လူပေါင်းစုံနဲ့ ပေါင်းဖူးပါတယ်.. အမှားပေါင်းစုံလဲ လုပ်ဖူးပါတယ်... ဒါပေမယ့် ကိုယ်မှားရင် မှန်ပါတယ်လို့ ဇွတ်အတင်း ငြင်းဆန် ကာကွယ်တာမျိုး လုံးဝ မလုပ်ဖူးတာတော့ သေချာတယ်...။
အဲ့သလိုပဲ ကိုယ်နဲ့ ရင်းနှီးသူတွေအပေါ်လဲ တတ်နိုင်သလောက် ကာကွယ်ချင်တဲ့ စိတ်လေး ဖြစ်မိတာပေါ့...
ဒါပေမယ့် ဆရာတော် ဟောတဲ့ တရားလိုပဲ ကိုယ်တိုင်က မေတ္တာကို သေချာ မပွားများနိုင်တော့ အကျိုးသက်ရောက်မှု နည်းခဲ့တယ်လေ...
ဂရုဏာဒေါသောနဲ့ ဆိုဆုံးမမိသမျှဟာ နောက်ဆုံး ကိုယ့်ဘက်ကို မြားဦးလှည့်လာစေတဲ့ ဖြစ်ရပ်တွေဆီ သယ်ဆောင်သွားခဲ့တယ်....။
သဘောထားကြီးချင်ပေမယ့် စိတ်ရှုပ်မခံနိုင်တော့တာကြောင့် မြင်နေလျက်နဲ့ သူတို့တွေကို ကိုယ် ကျောခိုင်းပစ်တယ်....
ကိုယ်အော်နေတဲ့ မေတ္တာဆိုတာကို ကိုယ်လဲ သေချာ ပုံမဖော်နိုင်ခဲ့ဘူးလေ....။
ဒါပေမယ့် အခုချိန်ထိ အံ့သြစွာတွေ့နေရတာတော့ ကိုယ်နဲ့ ရင်းနှီးနေတဲ့ အသိုင်းအဝိုင်းကြားမှာ သမီးရည်းစား ဖြစ်ကြ ကွဲကြတယ်ဆိုတာ အင်မတန်ကို လွယ်လွန်းလာတာ မြင်မြင်နေရတယ်....
နောက်ဆုံး ကုန်ကုန်ပြောမယ်... ကိုယ်နဲ့ လာပြီး ပရောပရီလုပ်နေတဲ့သူဟာ သစ္စာဆိုတာကို နားမလည်တတ်သူမှန်းသိနေရက်နဲ့ သူ့ပါးစပ်က ထွက်တဲ့ သစ္စာတရားသင်ပုန်းကြီးဖတ်စာမှာ ပျော်ပျော်ကြီး နားဝင် လှည့်စားခံပစ်ကြတာပါပဲ...။
ကိုယ်တွေ့ဖြစ်ရပ်တွေ ကြုံလာမှ ကိုရီးယားကားထဲက ပူလောင်ပြင်းပြတဲ့ ရ့မ္မက်ခိုးဝေ ခဏတာ လျှပ်တပြက်အချစ်မီးတောက်မျိုးတွေမှာ ပိုပြီး ပျော်မွေ့တတ်တာကို မယုံနိုင်လွန်းစွာ လက်ခံလိုက်ရတယ်...။
ကိုယ် တားဆီး ဆုံးမတဲ့ စကားတွေက အဖတ်မတင်.... ကိုယ်ပဲ လူပေါလူမိုက်ဖြစ်ကျန်ခဲ့တာကို ဝမ်းနည်းပက်လက် ကြုံလာတော့မှ သစ္စာ၊ မေတ္တာ၊ ကိုယ်ချင်းစာနှာမှုတွေ တော်တော်လေး ခေါင်းပါးနေပြီဆိုတာ သိလိုက်ရတယ်....။
နောက်ဆိုရင် ငရဲပြည်မှာ ရှိနေတဲ့ ယမမင်းနဲ့ ငရဲသားတွေ သူတို့ရဲ့ သမီး၊ှဇနီး၊ စတာတွေကို တစ်ကျွန်းမှာသတ်သတ် ခွဲထားရတော့မလိုတောင် ဖြစ်နေပြီ....။
ယောက်ျားတွေပဲ လုပ်တတ်တာလား..။ ဟင့်အင်း.. မိန်းကလေးတွေမှာလဲ စဉ်းစားဆင်ခြင်နိုင်မှု နည်းလွန်းတာကို တွေ့လာရတယ်..၊ (စကားချပ်၊ ယောက်ျားတိုင်း မိန်းကလေးတိုင်းကို ဆိုလိုခြင်းမဟုတ်..)။ ဒီလူတစ်ယောက် သစ္စာမရှိ ထင်တိုင်းကျဲနေတာကို သိရက်နဲ့ ကိုယ့်ဆီမှာတော့ မလုပ်လောက်ပါဘူးဆိုပြီး မျက်စိမှိတ် သူရဲကောင်းလုပ်ကြ... ကွဲကြ... ပြဲကြနဲ့....
ကိုယ့်တန်ဖိုးကို ကိုယ်တိုင် ဆွဲဆွဲချနေကြတယ်.....။
အွန်လိုင်းတွေ ထင်တိုင်းသုံးလို့ရတဲ့ စလုံးလို နိုင်ငံရပ်ခြားတွေ ထားဦး... အနိုင်နိုင် အွန်လိုင်း လုတက်နေရတဲ့ အမိမြေက မျိုးဆက်တွေပါမကျန် အွန်လိုင်းမှာ တော်သလင်းရာသီကို ဆယ့်နှစ်လ အပြည့်ယူထားကြတာကို တွေ့နေရတယ်...။
သူများတွေကိုပါမက ကိုယ့်အသိ၊ ကိုယ့်ပတ်ဝန်းကျင်ကလူ၊ နောက်ဆုံး ကိုယ် သံယောဇဉ်ရှိတဲ့သူတွေပါ ဒီလို ဇာတ်လမ်းမျိုးတွေထဲမှာ တစ်ချို့ မျှောနေကြတာ တွေ့တော့ အင်မတန်မှ စိတ်ထိခိုက် အံ့သြယုံကလွဲလို့ ကိုယ်ဘာမှ မတတ်နိုင်ခဲ့ဘူး...။
ကိုယ့်မှာ ကိုယ်ပိုင်တဲ့ ခန္ဒာကိုယ်ဟာ လုံးဝကို တန်ဖိုးမရှိတော့တာလား....။ အချစ်ဟာ လိင်ဆက်ဆံမှုတစ်ခုသာသာလို့သာ တွက်ချက်ကြတော့မှာလား...။ လိင်ဆက်ဆံမှုဟာ သာမာန် ထမင်းစားရေသောက် အလုပ်လို လုပ်နိုင်နေကြပြီလား....။
သူတစ်ပါး စိတ်ဆင်းရဲမှာကို မကြည့်တော့ပဲ ကိုယ်မှန်တယ်ထင်ရင်၊ ကိုယ်ပျော်မယ်ထင်ရင် လုပ်ထည့်လိုက်ကြတာကို တွေ့နေရတော့ တော်တော်လေးကို ရင်မောမိတယ်...။
တစ်ချို့ ခင်ခဲ့ဖူး သံယောဇဉ်ကြီးခဲ့ဖူးသူတွေ အခုလို ဂယက်ထဲ လွယ်လွယ် မျှောပါနေတာတွေ့တော့ တော်တော်လေး ယူကြုံးမရဖြစ်မိတယ်...။ သူတို့လေးတွေ ဖြူစင်တဲ့ဘဝကို ဘာလို့ တန်ဖိုးမထားကြတော့တာလဲ....။
ကိုယ်တိုင်ကပဲ သိပ်ကို အတွေးခေါ်တွေ နောက်ကျ ရိုးရှင်းနေတာလား... ခေတ်ကာလကပဲ ကဲသည်းဖောက်ပြန်နေပြီလား....။
မတင်မကျ အတွေးတွေနဲ့ ဒီည အိပ်ပျော်အောင် အိပ်ရဦးမယ်...
0 comments:
Post a Comment