ဒီနေ့ မျက်နှာစာအုပ်ပေါ် ဟိုလှန်ဒီလှန်လုပ်တော့ ပို့စ်တွေ သူရေးတာရော မရေးတာပါ ပွစိထနေအောင် တင်တတ်လွန်းတဲ့ ကိုဘွိုင်းဇ်ရဲ့ မျှဝေမှုတွေက ကိုယ့်နံရံပေါ်မှာ ဟစ်ပီတွေ ဆေးလာမှုတ်သွားသလို ပွစာကြဲနေတာ တွေ့လိုက်ရတယ်...
လောလောဆယ် အသားပေးတင်နေတာကတော့ သူ့ အိုက်ပက်တူးကို ထောင်ဖောက်တဲ့ လမ်းစဉ်....
အဲဒီကြားမှာမှ သားသမီးမကောင်း မိဘခေါင်းဆိုပြီး ပို့စ်တစ်ခုကို သူက ရှယ်ထားတယ်.....
ဖတ်ကြည့်လိုက်တော့ ပြည်သူ့ခေတ်ဂျာနယ် ၃၀ ဇွန် ၂၀၁၁ မှာ ဖော်ပြခဲ့တယ် ဆိုတဲ့ မထားရဲ့ ဆောင်းပါးလေးတစ်ပုဒ်အကြောင်းပါ...
သူ့ခွေးကလေး ဝလုံးကို ပြောနေတဲ့ပုံနဲ့ ရေးထားတဲ့ စာလေးပေါ့.. နိုင်ငံခြားရောက် မြန်မာပြည်သားတွေရဲ့ မျိုးဆက်သစ်နဲ့ ယဉ်ကျေးမှုအကြောင်း....
စာထဲမှာကတော့ မိဘတွေ အပြစ်လို့ ပြန်လည်သုံးသပ် ပြသွားတာကို မြင်လိုက်ရတယ်...
စိတ်မကောင်းပေမယ့် မှန်တယ်လို့လဲ ကိုယ်ယူဆတယ်လေ...။ မွေးလာတဲ့ ရင်သွေးကို အနီးကပ် ပုံစံပေးနိုင်တာ မိဘပဲရှိတာကိုး...
ယဉ်ကျေးမှုကို ဘာနဲ့တိုင်းတာမလဲ...။ မြန်မာပြည်မှာ လက်ခံကျင့်သုံးတဲ့ မိရိုးဖလာ ယဉ်ကျေးမှုကို လက်ခံတယ်ဆိုရင်တော့ ကိုယ်တိုင်လဲ လိုက်နာ ကျင့်သုံးပါ... ကိုယ့်သားသမီးကိုလဲ သွန်သင်ပေးပါ....
ကလေးတွေ ရိုင်းတယ်လို့ပြောတာဟာ ကိုယ်တွေ လက်ခံတဲ့ ကျင့်ထုံးနဲ့ မညီလို့လား.... ဒါမှမဟုတ် ကမ္ဘာ့စံနှုန်း သတ်မှတ်ချက်မျိုး နဲ့ ရိုင်းတာလား....
ခေတ်ကာလနဲ့ ယဉ်ကျေးမှုပုံစံ ကွာဟမှုကြားမှာ လူနေမှုအဆင့်ကို မြင့်တင်ချင်ရင်တော့ ရလာမယ့် ဘေးထွက်အကျိုးတွေကိုတော့ ကြိုတင် ပြင်ဆင်လက်ခံဖို့ လိုအပ်တယ်လို့ ထင်မိတယ်...
ကလေးတစ်ယောက်ကို ရဲရဲရင့်ရင့် ကြီးသူကို ရိုသေရတယ်လို့ ဆုံးမနိုင်ဖို့ ကိုယ်တွေရော နိုင်ငံခြားမှာ ဟိုး မြန်မာပြည်ကလို ဂါရဝတရားတွေ လူတိုင်းအပေါ် ထားနိုင်ရဲ့လား...။
မိဘကို ရိုသေစေချင်ရင် ကိုယ်ကကော ကလေးတွေရှေ့မှာ သူတို့ အဘိုးအဘွား၊ ကိုယ့်မိဘကို ရိုသေပြရဲ့လား...
ကလေးတွေကို ဘာသာတရားနဲ့ ပတ်သက်ပြီးဆုံးမပါရဲ့... ကိုယ်တိုင်ကကော ကျောင်းကို နှပ်မှန်အောင် သွားဖူးရဲ့လား....
ပြန်မေးသင့်စရာ မေးခွန်းတွေပါ.... ကိုယ့်ကိုယ်ကို သေချာ ပြင်ဆင်ထားခြင်းမရှိပဲနဲ့ ကိုယ့်ကလေးကို ကြည့်ပြီး ငါ့ကို အဲလိုပြောရက် လုပ်ရက်လိုက်တာလို့ စိတ်ဆင်းရဲ ဝမ်းနည်းမယ်ဆိုရင် ကိုယ်ဟာ ကလေးတွေကို ကျိန်စာတိုက်နေတဲ့ အတ္တဘောကြီး ဖြစ်နေပြီ...
ကလေးတွေကို ဘာမှန်းမသိပဲ ကံကြီးထိုက်အောင် လုပ်နေသလိုပါပဲ....
လက်ဦးဆရာမည်ထိုက်စွာ ဗုဗ္ဗာ စရိယ မိနှင့်ဘလို့တော့ ကြားဖူးတာပဲ...
ကလေးသူငယ်တွေရဲ့ ဘဝရှေ့လျှောက်မယ့်လမ်းမှာ သူတို့တွေကို ခံယူသင့်တဲ့ စိတ်မျိုး ထည့်ပေးလိုက်နိုင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်... မိုးလွန်မှ ထွန်ချမယ်ဆိုရင်တော့ဖြင့် ခယောင်းလမ်းမှာ မျက်ရည့်နဲ့သာ ထွန်ပေတော့လို့ပဲ ပြောရမလိုပါ...
တစ်ကယ်တန်းဆိုတာ ကိုယ်ယုံကြည်တာကို ထိန်းသိမ်းဖို့ဆိုတာ ကိုယ်ကနေစမှ ရမှာပါ... ကိုယ့်တိုင်ကျတော့ မလုပ်ပဲ သူများကို အတင်းလုပ်ခိုင်းတယ်ဆိုတာ ဘာသဘောလဲ မေးရမလိုပါ...
နိုင်ငံခြားရောက်လာတဲ့ ကလေးသူငယ်တွေမှာဆိုရင် အသိပို ပွင့်လင်းလာတဲ့အတွက် ဟိုးအရင်အတိတ်တွေလို မိဘပြောတိုင်း ခေါင်းညိတ်လက်ခံတော့မှာ မဟုတ်ဘူးဆိုတာ သတိချပ်သင့်ပါတယ်လေ...
အိမ်မှာတော့ အမေပြောတိုင်း အဖေပြောတိုင်း ဘာပဲဖြစ်ဖြစ် ခေါင်းညိတ်တဲ့ သားသမီးတွေ ရှိပေမယ့် နိုင်ငံခြားမှာ အသိအမြင်ကျယ်လာတဲ့ သူတွေအဖို့ကတော့ မလွယ်တော့ဘူး ထင်တာပါပဲ။
လက်တွေ့ကို ကြည့်တတ်လာပြီလေ....။ အဖေ့လို မမိုက်ကြနဲ့ သွားပြော... အဖေတောင် မိုက်ရဲ့သားနဲ့ ဒီလောက်အသက်ကြီးတဲ့အထိ ပြင်မှမပြင်တာ... သားတို့က ပြင်ဖို့ ငယ်သေးတယ် ပြန်ပြောလာရင် ကွဲပြီ....
ဆုံးမမှု လမ်းမလွဲဖို့ လိုတာပါ....
ကလေးတွေကို မိသားစု စိတ်ဓာတ်မွေး၊ မောင်နှမ သားရင်း အချင်းချင်း ချစ်ရမယ်ပြော.. ကိုယ်တိုင်ကျတော လင်မယား အော်ကြီးဟစ်ကျယ်ရန်ဖြစ်... မောင်နှမချင်းချင်း အတင်းပြော... ဘယ်လိုလုပ် ဆုံးမနိုင်မှာလဲ....
ခပ်လွယ်လွယ်နှိုင်းပြရရင် ကိုယ့်အရိပ်ကို ခိုစေချင်တယ်ဆိုရင် ကိုယ်က အရိပ်ကောင်းကောင်း ပေးနိုင်ရမယ်လေ...
သစ်ခြောက်ပင်အောက်တော့ ဘယ်သူမှ နေ့ခင်းကြောင်တောင် ဝင်မနားချင်ကြဘူးမလား....
ကိုယ်တွေလဲ တစ်နေ့ ကိုယ်တွေ လောကထဲကို ဆွဲသွင်းဖြစ်မယ့် မျိုးဆက် လောင်းလျာတွေအတွက် မိဘကောင်းဖြစ်ဖို့ အခုကတည်းက ရိက္ခာဖြည့် ပြင်ဆင်ရဦးမယ်....
မိသားစု ရိပ်မြုံဆိုတဲ့ ဝေါဟာရလေး လက်တွေ့လောက ကနေ ပျောက်မသွားပါစေနဲ့လို့ ဆုမွန်ပြုရင်း ဆင့်ကမ်းအတွေးပွားတာကို ရပ်လိုက်ဦးမယ်ဗျာ....
0 comments:
Post a Comment