Wednesday, November 18, 2009

ကမ္ဘာမြေကြီးငြိမ်းချမ်းစေချင်..

ကိုယ်လေ ဒီနေ့ အတန်းထဲမှာ အီရတ်စစ်ပွဲရဲ့ စစ်မြေပြင်ကို ရိုက်ပြထားတဲ့ အခွေကိုကြည့်ခဲ့ရတယ် ။ အဲ့ဒီအခွေက အီရတ်စစ်ပွဲအတွက် စစ်မြေပြင်ကို စေလွတ်ခြင်းခံရတဲ့ အမေရိကန်စစ်သားတွေက မှတ်တမ်းတင်ထားတဲ့ အခွေပေါ့။ စစ်မြေပြင်က တကယ့်အခြေအနေတွေ ၊ သူတို့မိသားစုတွေရဲ့ ခံစားချက်တွေ ၊ စစ်တိုက်သွားကြတဲ့ သူတို့တွေကိုယ်တိုင်ရဲ့ ခံစားချက်တွေကို ရိုက်ပြထားတာ ။ ကိုယ်ဖြင့် ကြည့်နေရင်းနဲ့ မျက်ရည်တောင်ကျမိတယ် ။

စဉ်းစားကြည့်ပါအုန်း… အီရတ်နိုင်ငံက အပြစ်မဲ့တဲ့ ပြည်သူတွေက ဗုန်းတွေ ကျည်ဆံတွေကြားမှာ ရှင်သန်နေရတာ ။ အသက်ကို ဖက်နဲ့ထုပ်ထားရတဲ့ အခြေအနေမျိုး၊ ပြီးတော့ အဲ့ဒီဖက်ကလေးက အချိန်မရွေး ပေါက်ပြဲစုတ်ပြတ်သွားနို်င်တာနော် ။ ကျီးလန့်စာစားတယ်ဆိုတာ အဲ့လိုအခြေအနေပဲဖြစ်မှာလို့ ကိုယ်စိတ်နှလုံးတွေ ချိနဲ့စွာနဲ့ ကိုယ်ချင်းစာပေးလိုက်မိတယ် ။ အော်… သူတို့တွေရဲ့ဘဝက ကိုယ်တို့တွေလို အေးအေးချမ်းချမ်းနဲ့ ကျောင်းလေးတတ် အလုပ်ကလေးလုပ် အပျင်းပြေသီချင်းလေးနားထောင် ဘယ်မှာသွားလုပ်နိုင်မှာလဲလို့လေ ။ ဟော… ကျန်တဲ့တဖက်ကိုလဲ ငဲ့ကြည့်လိုက်ပါအုန်း ။ စစ်မြေပြင်ကို ထွက်သွားတဲ့ ဖခင်အတွက်၊သားအတွက်၊လင်ယောကျာင်္းအတွက် ရတတ်မအေးရတဲ့ ကျန်ရစ်တဲ့မိသားစုရဲ့ ဒုက္ခ ၊ အခန့်မသင့်ရင် သူတို့မိသားစုလေးတွေ နောက်ထပ် ထပ်ဆုံတွေ့ဖို့ဆိုတာ ဘယ်တော့မှမဖြစ်နိုင်တော့တဲ့ထိ ရင်နာဖွယ်ရာ အဖြစ်ဆိုးကြီးတွေနဲ့ ကြုံတွေ့နိုင်တာမျိုးလေ ။ အဲ့တော့ ဘယ်မှာလာ ရတတ်အေးနိုင်မလဲနော် ။ ဘယ်တော့ပြီးဆုံးမယ်မှန်းမသိတဲ့ စစ်ပွဲအတွက် သားပစ်မယားပစ်နဲ့ ကိုယ့်အသက်ကို ကာကွယ်ဖို့ တခုတည်းအတွက် မသတ်ချင်ချင် သတ်ချင်ချင် မပစ်ချင်ချင် ပစ်ချင်ချင် မဲမဲမြင်ရုံနဲ့ အကုန်ပစ်နေခတ်နေရတဲ့ စစ်မြေပြင်က စစ်သားတွေရဲ့ဘဝ ကကော ဘာထူးလဲ ………


ကိုယ်ဖြင့် ဘာလို့များ ဒီကမ္ဘာကြီးထဲမှာ အဲ့လို ဘယ်သူ့အတွက်မှ ကောင်းကျိုးကို မသယ်ဆောင်ပေးတဲ့ စစ်ပွဲတွေကို တခုပြီးတခု ဆင်နွဲနေကြသလဲဆိုတာကို ဘယ်လိုမှ အဖြေထွက်အောင် မစဉ်းစားတတ်ဘူး ။ ကမ္ဘာပေါ်မှာ ကိုယ်တွေရဲ့ ကြီးမားလှတဲ့ အာဏာကို အလွဲသုံးစားလုပ်ပြီး ရက်ရက်စက်စက် တိုက်စေခိုက်စေကြတဲ့ စစ်ပွဲကြီးတွေကြောင့် အပြစ်မဲ့တဲ့ ပြည်သူတွေ အစတေးခံသွားရတာ မနည်းမနောပါ ။ ရခဲလှတဲ့ လူ့ဘဝကို အဲ့လို စစ်သံဗုံးသံတွေကြားမှာ ဘယ်သူမှတော့ ကုန်ဆုံးချင်ကြမှာ မဟုတ်ဘူးနော် ။


ကိုယ်လေ အဲ့ဒီအခွေကို ကြည့်ပြီး ရင်ထဲမှာ နှုန်းချိနဲ့နေအောင် ခံစားရတယ် ။ “စစ်ပွဲကြီးတွေကို ဘာမှမဖြစ်သလို ဆင်နွဲဖို့ အမိန့်တွေကို မိန့်မိန့်ကြီးထုတ်နေကြတဲ့ နိုင်ငံခေါင်းဆောင်ကြီးတွေရယ် … ရှင်တို့မှာ ကြင်နာတတ်တဲ့ နှလုံးသားလေးများရှိရင် သူတို့လေးတွေရဲ့ ဘဝကို တခဏပဲဖြစ်ဖြစ် ဝင်ရောက်ခံစားကြည့်ကြစမ်းပါ” လို့ ကိုယ်တော့ သူတို့တွေကြားအောင် အကျယ်ကြီးအော်ပြောပစ်လိုက်ချင်တာပဲ ။ ဒါပေမဲ့လဲလေ သူတို့တွေ ကြားနိုင်မှာမဟုတ်ပါဘူး ။ ကြားမှာလဲမဟုတ်ပါဘူး ။ ကြားအောင်လဲ နားစွင့်ကြမှာ မဟုတ်ပါဘူး ။ ဟုတ်တယ်လေ…သူတို့တွေမှာ ကိုယ်တို့တွေ အော်တာကို ကြားနိုင်လောက်တဲ့ ကြင်နာတတ်တဲ့ နားမှ မရှိဘဲ ။ စာနာသနားတတ်တဲ့ နားမှမရှိဘဲ ။ လူသားဆန်တဲ့ နားမှမရှိဘဲ.......


ထားပါလေ... သူတို့တွေကို အပြစ်တင်လဲ ဘာမှမထူးမဲ့အတူတူ ကိုယ့်ဟာကိုယ်ပဲ ကိုယ်တိတ်တိတ်ကလေး ဆိတ်ငြိမ်စွာ ဆန္ဒပြုမိပါတယ် ။ အဲ့လို စစ်ကြီးတွေကြောင့် ဒုက္ခရောက်နေကြတဲ့ ကယ်ကူရာမဲ့နေတဲ့ဘဝတွေကို ကယ်တင်နိုင်ပါရစေ ။ အထူးသဖြင့် အနာဂတ်ရဲ့ လမ်းပျောက်နေတဲ့ ကြယ်ပွင့်လေးတွေကိုပေါ့ ။ ပြီးတော့လေ ကိုယ်ဆက်ဆုတောင်းမိပါတယ် ကိုယ်တို့ကမ္ဘာမြေကြီးအေးချမ်းပါစေ ။ လူသားတွေအတွက် ကောင်းကျိုးမပေးတဲ့ နှလုံးသားမဲ့တဲ့ စစ်ပွဲကြီးတွေ အမြန်ဆုံး အဆုံးသတ်ပါစေလို့ပေါ့ ။ ကိုယ့်ဆန္ဒပြုသံဟာ တိုးတိုးတိတ်တိတ်လေးပါ … ဒါပေမဲ့ ကိုယ့်ရင်ထဲအသဲထဲမှာ သံမှိုရိုက်လိုက်သလိုပဲသိပ်ခိုင်မာတယ် ။ ကိုယ်ဒိထက်ပိုပြီးစာကြိုးစားရမယ်နော် ။ ကိုယ်ကိုယ့်ကိုအရင် ထူနိုင်မတ်နိုင်မှ တပါးသူကို တွဲထူနိုင်မယ်လေ ….မိုက်ကယ်ဂျက်ဆင်ကတော့HEAL THE WORLD တဲ့....ကိုယ်သိပ်ကြိုက်တဲ့ သီချင်းလေးပေါ့ ။ ကိုယ်တို့တွေလဲ ကိုယ်တို့တွေ တတ်နိုင်တတ်ဘက်က ပါဝင်ကြတာပေါ့
။ ကမ္ဘာမြေကြီးလဲ .ငြိမ်းချမ်းပါစေ ။ လူသားတွေလဲ အကြင်နာတရားတွေ တိုးပွားကြပါစေ.....



ညီမလေး
၂၀၀၉.နိုဝင်ဘာ.၁၉

စာကြွင်း ။ ။သီချင်းကိုယူကျူ့ကယူပါတယ် . သီချင်းတင်နည်းသိအောင် ပြောပြတဲ့ ကိုနွယ်ရိုး ကိုလဲကျေးဇူးတင်ပါတယ် ။

Tuesday, November 10, 2009

အမှတ်တရစာ...

ကိုယ်ဒီရက်ပိုင်းတွေ စာရေးမယ် ရေးမယ်နဲ့ အတွေးတွေထဲမှာသာ ခဏခဏ ချရေးနေတာ လက်တွေ့မှာခါကျ မရေးဖြစ်ဘူး။ ကျောင်းစာတွေနဲ့ ရှုပ်နေတာလဲ ပါပေမဲ့ ကိုယ်ကိုယ်တိုင်လဲ နဲနဲ အပျင်းကြီးနေမိတာ ပါပါတယ် ။ ဒါပေမဲ့ ဒီနေ့တော့ ရေးဖို့ အကြောင်းကလည်းဖန်လာတော့ အမှတ်တရ အနေနဲ့ ရေးဖြစ်အောင်ချရေးလိုက်မိပေါ့။

ကိုယ်ဒီမနက် အလုပ်သွားတော့ ပတ်ဝန်းကျင်တခုလုံး မြူနှင်းတွေနဲ့ မှုန်နေတာပဲ ။ ဆောင်းမနက်ခင်း ဆိုတာမျိုးဟာ နွေမနက်ခင်းတွေထက်တော့ ပိုမှောင်နေတတ်တယ်လေ ။ ဒါပေမဲ့ ဒီနေ့ခါကျ မြူတွေမှုန်နေအောင် ကြနေတာတောင် ရာသီဥတုက ကြည်လင်နေလို့ ထင်ပ ကောင်းကြည်ကြီးကကြည်လို့ လှလို့ ။ မြူတွေကတော့ ဘယ်လောက်ထူပိန်းနေအောင် ကျသလဲဆိုရင် ကိုယ့် နဲ့ ၂ပေပတ်လည်အကွာလောက်ကိုပဲ ကိုယ်ကောင်းကောင်းမြင်ရတာ ။ အဲ့ဒါတောင် မှုန်မှုန်မှိုင်းမှိုင်းရယ် ။ မြင်ကြည့်စမ်းပါအုန်း မျက်စိထဲမှာ မြူနှင်းတွေ ဝေနေအောင် ကျထားတော့ ပေတရာလမ်းမကြီးက နှင်းရေတွေနဲ့ စိုစိုရွဲလို့ပေါ့ ။ ကိုယ့်ဘေးဘီက ကိုယ်မြင်နေရတဲ့ တိုက်ကြီးတွေရယ် သစ်ပင်ကြီးတွေရယ် ဓါတ်မီးတိုင်က မီးမှိန်မှိန်ပြပြလေးရယ်က အရိပ်ရေးတဲ့ ပန်းချီတချပ်လိုပဲ သိပ်လှတာ ။ အဲ့ဒီအလှကို ကိုယ့်ဦးခေါင်းထက်က အပြာရောင်ကြည်လဲ့လဲ့ နဲ့ တခြမ်းပဲလလေးရှိနေတဲ့ ကောင်းကင်ကြီးက ပိုပြီးပြည့်စုံအောင် လုပ်ပေးနေသေးတာ ။ ကိုယ်ခါတိုင်းထက် စက်ဘီးကို ဖြေးဖြေးလေးနင်းတယ် ။ ချမ်းချမ်းစီးစီးရှိလှတဲ့ ဆောင်းရယ် နှင်းမြူတွေ မှိုင်းပြီး မှုန်နေအောင် လှပတဲ့ မနက်ခင်းလေးကို ကောင်းကောင်းခံစားဖို့ပေါ့ ။

ကိုယ်ဒီမြို့လေးကို သိပ်ချစ်တာပဲ ။ ခုဆိုကိုယ် ဒီမြို့လေးမှာ နေတာ ဘာလိုလိုနဲ့ လေးနှစ်ပြည့်တော့မယ် ။ ကိုယ်ဒီမှာ ကျောင်းတတ်မယ်လို့ ရွေးချယ်လိုက်တော့ သူငယ်ချင်းတွေအားလုံးက ကန့်ကွက်ကြတာ ။ ဟွန့်... တောကြီးပါတဲ့ .. ဟုတ်မှာပါ ။ တိုကျိုလိုမြို့ကြီးတွေနဲ့ ယှဉ်ရင်တော့ တောပေါ့ ။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်က တောသူမို့လားမသိပါဘူး ။ တိုကျိုလို နေရာမျိုးမှာ အသက်ခဏရှုရရင်တောင် မွန်းပြီးမောချင်တယ် ။ ကားတွေရှုပ် ၊ လူတွေရှုပ် ၊ တိုက်ကြီးတွေကလဲ ပြွတ်သိပ်ခတ်လို့ မိုးထိုးနေတာ ။ တိုကျိုမြို့ကြီးရဲ့ လူနေသိပ်သည်းမှုနဲ့ မြို့ပြဆန်မှုက ကိုယ့်အတွက်တော့ လှပတဲ့ပန်းချီတချပ်ဖြစ်မနေဘူး ။ ပူလောင်လွန်းတယ် ရှုပ်ပွေလွန်းတယ်လို့ပဲ ကိုယ်တော့ ခံစားရတယ် ။ တခြားမပြောပါနဲ့ တိုကျိုမြို့ရဲ့ သိပ်သည်းမှုနဲ့ ပျားပန်းခတ်မှုကြောင့် ကောင်းကင်ကြီးတောင် လွတ်လွတ်လပ်လပ်မနေရရှာဘူး ။ ဟုတ်တယ်လေ သူ့ကိုချောင်းကြည့် မျှော်ကြည့်နေကြတဲ့ တိုက်မြင့်ကြီးတွေက တနေ့တခြား များများလာတာကိုး ။

ကိုယ်တို့မြို့လေးခါကျ အဲ့လိုမဟုတ်ဘူး ။ လူနေမထူထပ်ဘူး ။ တိုက်အမြင့်ကြီးတွေ ဆိုတာလဲ မြို့နဲ့ပနံသင့်ရုံလောက်သာရှိတာ ။ ပြီးတော့ "လေ " "ရေ"ကအစ သန့်ရှင်းပြီး လတ်ဆတ်နေတာကော ။ ကိုယ်မှတ်မှတ်ရရ ဒီမြို့လေးကို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဖို့ ၂၀၀၆ ဖေဖော်ဝါရီမှ စပြီးခြေချခွင့်ရတာပေါ့ ။ ကိုယ် အဲ့ချိန်ကတည်းက ဒီဒေသလေးကို ကျိတ်ပြီး သဘောကျနေမိတာ ။ဖေဖော်ဝါရီဆိုတော့ အချမ်းဆုံးအချိန်ပေါ့ ။ နှင်းတွေဆိုတာလဲ ဖွေးနေအောင်ကျနေတာ ။ ဟိုးအရင်က ရုပ်ရှင်တွေထဲမှာသာမြင်ဖူးတဲ့ နှင်းတွေ ဖုန်းနေတဲ့ ငွေတောင်တန်းကြီးတွေရယ် ၊ ပြီးတော့ ဖွေးဖွေးဖြူနေတဲ့ ငွေရောင် သစ်ပင်ထိုးထိုးထောင်ထောင်လေးတွေရယ် ။ အဲ့တုန်းက အဲ့မြင်ကွင်းတွေကို ရထားပေါ်ကနေကြည့်နေမြင်နေရယုံနဲ့တင် ကိုယ့်မှာ ပျော်လိုက်တာ ။ စိတ်ထဲမှာလဲ ငြိမ်းချမ်းနေသလို ခံစားရတာ ။ ဆောင်းဆိုတာ ဒါမျိုးလားလို့ပေါ့ ။ ပီပြင်လှတဲ့ဆောင်းကို အပြင်မှာကိုယ်တိုင်ခံစားရတဲ့ ဖီးလ်ဟာ ဘာနဲ့မှကိုမတူဘူးရယ် ။ ကိုယ်ဒီကျောင်းအောင်ရင်တော့ ဒီမှာပဲတတ်မယ်လို့ အဲ့ဒီကတည်းက တိတ်တခိုးလေး ကျိတ်ပြီး စဉ်းစားထားတာ ။

ခုကိုယ်နေတဲ့ မြို့လေးက ဂျပန်နိုင်ငံရဲ့ ဗဟိုချက်တဲ့တဲ့မှာရှိတာ .. မြို့လေးရဲ့ နာမည်က မာစုမိုတို တဲ့ ။ ပတ်ပတ်လည်မှာ တောင်တွေကာရံထားတဲ့ အေးချမ်းတဲ့ မြို့လေးပေါ့ ။ ရဲတိုက်အကြီးကြီး နဲ့ ပြတိုက်တွေ ၊ ဟိုးကတည်းကရှိခဲ့တဲ့ မြို့ဟောင်းဈေးတန်းလေးတွေ၊ သဘာဝအလှတွေကို အတိုင်းသား ပြုစုပျိုးထောင်ထားတဲ့ ပန်းခြံကြီးတွေ ၊ကလပ်စစ်ဂီတပွဲတွေ မကြာခဏလုပ်လေ့ ရှိတဲ့ သိပ်ပြီးအနူပညာဆန်တဲ့ မြို့လေးပေါ့ ။ တခါတခါ ကိုယ်သီချင်းလေးတပုဒ် ငြီးမိတယ် သိလား ... တောင်တွေကာရံထားတဲ့ အလယ်မှာ ..ဆိုပြီးလေ ။ အင်းလေးရေကန်သာတော့ မရှိပေမဲ့ သိပ်လှတဲ့မြို့လေးပေါ့ ။ အဲ့ဒါကြောင့်လဲ ၁၂ရာသီလုံး ခရီးသွားတွေနဲ့ပြည့်နေတာပေါ့လေ ။ အဲ....ကိုယ့်မြို့လေးအကြောင်းဆက်ပါအုန်းမယ် ။ ကိုယ်တို့မြို့လေးက ပင်လယ်ရေမျက်နှာပြင်အထက် ၆၀၀မီတာကျော်မြင့်တဲ့ တောင်ပေါ်မှာရှိတဲ့မြို့လေးပေါ့ ။ အဲ့ဒါကြောင့်လဲ ဆောင်းတွင်းဆို အရိုးခိုက်အောင် ချမ်းတာနေမှာ ။ ပတ်ပတ်လည်မှာက စောစောက ကိုယ်ပြောသလို တောင်ကြီးတွေနဲ့ဝိုင်းထားတာ ။ အဲ့တောင်ကြီးတွေ့က မီတာ၃၀၀၀ အထက်မြင်တဲ့ တောင်တန်းကြီးတွေဆိုတော့ ကောင်းကင်ပေါ်ကကြည့်ရင် အိမ်တအိမ်ရဲ့ ခေါင်မိုးနဲ့တူသတဲ့ .. အဲ့ဒီလောက်တောင် တောင်ကြီးကြီးတွေက ကြီးကြီးမြင့်မြင့်ကြီးတွေ ။ အဲ့ဒီတောင်တန်းကြီးတွေကို အက်လ်ပတ်စ် တောင်တန်းလို့တောင် နာမည်ပေးထားတာ ။ ပြီးတော့ ကိုယ်တို့မြို့လေးကိုလဲ ဂျပန်နိုင်ငံက ဆွစ်မြို့လေးလို့ တင်စားပြီးခေါ်သေးတယ် ။ ရေခဲပြင်လျှောစီးလို့ ရတဲ့ စကိတ်ကွင်းတွေရယ် နှင်းတွေဖုံးနေတဲ့ ငွေရောင်တောင်ကြီးတွေရယ်ကြောင့်လို့တော့ ကိုယ်ထင်တာပဲ ။ ဒါကတော့တောင်တန်းကြီးတွေကို ကိုယ်တို့မြို့ကနေ လှမ်းမြင်ရတဲ့ မြင်ကွင်းပေါ့ ။

8_kita.jpg

အဲ့ဒီတောင်တန်းကြီးတွေက နွေဆို စိမ်းစိုနေတာ ဟော...ခုလိုဆောင်းဝင်စအချိန်ကျ ကိုးရောလို့ခေါ်တဲ့ သစ်ပင်ကြီးတွေ အရောင်ပြောင်းမှုကြောင့် တောင်တကြောမှာ ဝါ၊စိမ်း၊နီ ကာလာချယ်ထားတဲ့ အတိုင်း သဘာဝပန်ချီကားကြီးတချပ်လို လှနေပြန်ရော .. အောက်ကပုံထဲမှာ မြင်ရသလိုပေါ့ ။ ခုလိုရာသီဆို ဘယ်နေရာကိုပဲ မျှော်ကြည့်လိုက် မျှော်ကြည့်လိုက် ကိုးရောတွေနဲ့ သိပ်လှတာ ။ ကိုးရောဆိုတာက သစ်ပင်တွေ အရောင်ပြောင်းခြင်း ၊ ဒါမမဟုတ် အရောင်ပြောင်းတဲ့ သစ်ရွက်တွေကို ခေါ်တာလေ ။ အဲ့ဒီအပင်တွေ အရွက်တွေက အဝါဆို တပင်လုံးက အဝါ ၊ အနီဆိုတပင်လုံးက အနီရောင်ပေါ့ ။ အဲ့လို အပင်တွေကို ဝါ၊စိမ်း၊နီ ဆိုပြီးများ စနစ်တကျ လှလှပပများ အကွက်ချ ပြီးစိုက်ထားသလားတောင် မသိပါဘူး ။ တောင်တကြောမှာ ကာလာစုံ အပြည့်ပဲဆိုတော့ မလှချင်မှအဆုံးပေါ့ ။ အဲ့ဒီ ကိုးရောရဲ့ အလှကို ခံစားဖို့ ခရီးထွက်တဲ့သူတွေ ကန့်မ် သွားတဲ့ သူတွေလဲ မနည်းမနောပါပဲ ။ ကိုးရောကို ကိုယ်စားပြုတဲ့ အပင်မျိုးကတော့ မိုမိဂျိတို့ ၊ ဂင်းနန်း တို့လို အပင်တွေပေါ့ ။ တခြားလဲ အများကြီးတော့ ရှိပါတယ် ။ ဒါပေမဲ့ ကိုယ်ကတော့ ကိုးရောဆိုရင် မိုမိဂျိပင် နဲ့ ဂင်းနန်းအပင်လောက်သာ သိတယ် ။ အောက်ကပုံထဲက မြင်ရတဲ့ အနီရောင် အပင်ကတော့ မိုမိဂျိပင် ၊ တပင်လုံး လှနေရောင် ဝါနေတဲ့ အပင်ကတော့ ဂင်းနန်းလို့ခေါ်တဲ့ အပင်ပေါ့ ။


上高地槍ヶ岳紅葉


ファイル:Autumn leaf color.jpgファイル:Wakayama Park05n4592.jpg


စကားလမ်းကြောင်းက ချော်သွားပြန်ပြီ ။ ဆက်အုန်းမယ် ကိုယ့်မြို့အကြောင်းကို ။ အဲ့ဒီတောင်ကြီးတန်းတွေက ဆောင်းကပိုပြီး ပြင်ပြင်လာပြီဆိုရင်တော့ စောစောတုန်းက ကိုယ်ပြောတဲ့ ကိုးရောလေးတွေခမျာ နေရာဖယ်ပေးရရှာတယ် ။ နှင်းတွေလာတော့မှာကိုး ။ ခုတောင် တောင်ကြီးရဲ့ တချို့နေရာတွေမှာ နှင်းဖြူဖြူတွေဖုံးနေတာကို ကိုယ်တို့မြင်နေရပြီလေ ။

ကိုယ်ကတော့ ဘာပဲပြောပြော ဒီဒေသလေးကို သိပ်ချစ်တယ် ။ အေးချမ်းလွန်းလို့လေ .ဒီအောက်ကပုံကတော့ ကိုယ်တို့မြို့ရဲ့ဂုဏ်ဆောင် ရဲတိုက်ကြီးပေါ့ ။ ကိုယ်ကတော့ အချိန်အားတဲ့အခါ ၊ ပျင်းတဲ့ အခါတွေမှာ အဲ့ဒီကိုသွား ခုံတန်းလေးပေါ်ထိုင်ပြီး လှပတဲ့ သဘာဝပတ်ဝန်းကျင်ကြီးကို ငေးမောနေတတ်တယ် ။ ဒါမှမဟုတ်ရင်လဲ ကျောင်းအနောက်ဖက်က ချောင်းလေးနဘေးမှာ စာအုပ်လေးတအုပ်နဲ့ ရေစီးသံလေးနားထောင်ရင်း ၊ လတ်ဆတ်တဲ့ လေကို တဝကြီးရှုရှိုက်ရင်းပေါ့ ။
四季の松本城

အင်း.....ဒါပေမဲ့ သိပ်မကြာခင်ပဲ ကိုယ်သိပ်ချစ်တဲ့ ဒီမြို့လေးကနေ ခွဲခွာရတော့မယ် ။ ကိုယ့်ကျောင်းက နောက်နှစ် ၄လပိုင်းဆိုပြီးတော့မယ်လေ ။ ကိုယ်ဆက်တတ်ချင်တဲ့ ဘာသာရပ်ရှိတဲ့ တက္ကသိုလ်ရှိတဲ့ နေရာကို ကိုယ်ပြောင်းရတော့မယ် ။ ကိုယ်သိပ်ချစ်တဲ့ တောင်တန်းကြီးတွေ နဲ့ သာယာလှပလှတဲ့ မြို့လေးနဲ့ ခွဲခွာရမှာမို့ ကိုယ်ဝမ်းတော့နည်းမိတယ် ။ နှစ်သက်ကြည်နူးစရာကောင်းတဲ့ အချိန်တွေဆိုတာ အဲ့လိုပဲ အကုန်မြန်တတ်သလား မသိနော်...။ ကိုယ်ဒီမြို့လေးကို လွမ်းနေမယ်ဆိုတာလဲ အသေအချာပြောရဲပါတယ် ။ လူ့ပတ်ဝန်းကျင်ဆိုတာ အမြဲတမ်း ရှုပ်ရှုက်ခတ်ပြီး ပူလောင်နေတာလေ ။ လူတွေနဲ့ မကင်းနိုင်သရွှေ့ လူ့ပတ်ဝန်းကျင်ရဲ့ ပူလောင်မှုတွေ့နဲ့ ထိတွေ့နေသရွှေ့ကတော့ ကိုယ်ဒီလိုပဲ အေးချမ်းသာယာပြီ တိတ်ဆိတ်ငြိမ်သက်လှတဲ့ မြို့လှလှလေးတွေကို မွတ်သိပ်စွာ တောင့်တနေမိအုန်းမှာပါပဲ ။


စာကိုး ။ ဂူဂယ် နဲ့ ဒီမြို့ရဲ့ ဝက်ဘ်ဆိုဒ် ထဲက ပုံတချို့ယူပါတယ် ။ အချက်အလက်တချို့ကတော့ ဝီကီပီဒီယာကပါ ။

ညီမလေး
၂၀၀၉.နိုဝင်ဘာ.၁၀