Showing posts with label စိတ်ခံစားမှု. Show all posts
Showing posts with label စိတ်ခံစားမှု. Show all posts

Sunday, November 6, 2011

လေထဲလွှင့်တဲ့ ဒြပ်မဲ့အလွမ်းထု...

ကောင်းကင်ယံကို မော့ကြည့်ရင်း ကြယ်တွေကို ရေတွက်ချင်ပေမယ့်.. ညညဆိုရင် အဖြူရောင် သက်မဲ့ မျက်နှာကျက်နဲ့ ပြတင်းတံခါးတစ်ခုပဲရှိတဲ့ အနားသတ်ခြောက်ကပ်တဲ့ အခန်းငယ်ထဲမှာ ညတွေဟာ မောပမ်းနွှမ်းလျှစွာ စီးမြောကုန်ဆုံးနေစဲ..။ ရာသီစက်ဝန်းက အပတ်ပေါင်းများစွာ အချိန်မှန် ရွေ့လျားနေသလို.. တစ်ဖြည်းဖြည်း ကြီးရင့်လာတဲ့ အသက်တွေကို ထမ်းပိုးရင်း ရောက်နေတဲ့နေရာက ရှေ့ဆက်ရွေ့လျားဖို့ အားအင်စိုက်ထုတ် ကြိုးပမ်းနေရတုန်း...။ ကျင်လည်ကျက်စား ပျော်မြူးခင်တွယ်ရာ အသိုက်အမြုံကို စွန့်ခွာလာပြီး ကျွန်းငယ်လေးတစ်ခုမှာ ကိုယ့်ကိုယ်ကို စက်ရုပ်သဖွယ် ကျင့်သားရအောင် နေနေရတော့လဲ.. တစ်ခါတစ်ခါ အိမ်ပြန်ချင်တဲ့အလွမ်းတွေဟာ တားမနိုင် ဆီင်္းမရ...။ ပြိုမလို အိုနေတဲ့ မိုးတိမ်ကိုကြည့်ပြီး တိမ်ညို တိမ်စိုင်ထုကြားထဲ ဘယ်အချိန်မှာ ဝေ့၀ဲနေတဲ့ မီးပုံးပျံလေးများ ပါလာမလဲဆိုပြီး တမ်းတလွမ်းရတာလဲ အခါခါ..။ သြော်.. ဘာလိုလိုနဲ့ သီတင်းကျွတ်ကျော်လို့ တန်ဆောင်တိုင်ပွဲတော်တောင် စနေပါ့ကော...။

ဟိုးအရင် နှစ်ပေါင်းများစွာကတည်းက လက်ဆင့်ကမ်း သယ်လာခဲ့တယ်ဆိုပေမယ့် တိမ်ကောမသွားပဲ တစ်နှစ်ထက် တစ်နှစ် ထူးခြားဆန်းသစ်လာအောင် မျိုးဆက်တွေ တာဝန်ကျေလွန်းတယ်လေ...။ ချမ်းအေးလှတဲ့ ဆောင်းညရဲ့ အအေးဒဏ်ကို မာဖလာ၊ ခေါင်းပေါင်း၊ လက်အိတ်၊ ဦးထုပ်၊ အနွေးထည်၊ ခြေအိတ်၊ ရှိသမျှ တွေ့သမျှ အကာအကွယ်လေးတွေယူပြီး တုန်ချမ်းချမ်းကြားထဲက မီးပုံးပျံ တစ်လုံးနဲ့ တစ်လုံးကြားကာလမှ ပွဲရဲ့ အသက်ကို ထိန်းထားပေးတဲ့ ချစ်စဖွယ် ဒေသခံပွဲကြည့်သူတွေနဲ့ ဧည့်သည် ပွဲဝင်သူတွေအတွက်လဲ နှလုံးဘ၀င် သာယာချမ်းမြေ့ဖွယ်ရာ အားထုတ်မှုဆိုရင်လဲ မမှားပါဘူး..။ ရိုးရာအစားအသောက်တွေ ဖွယ်ဖွယ်ရာရာ တည်ခင်းရောင်းချတဲ့ ဆိုင်တန်းလေးတွေမှာလဲ အမြဲစားနေကြဖြစ်ပေမယ့် ပွဲမှာ ဈေးကြီးလဲ ခုံမင်စွာ အားပေးနေကြသူတွေနဲ့ ညရဲ့ အလကဗျာဟာ လှသထက် လှလို့သာ နေပါတော့တယ်..။

ပွဲဈေးတန်းတစ်လျှောက် အစားအသောက်မျိုးစုံအပြင် ထုံးစံအတိုင်း လျှပ်စစ်မီး ထိန်ငြီးတဲ့ အဲဒီ လောင်းကစားဝင်းတစ်လျှောက်မှာလဲ ညချမ်းမှာ ကံစမ်းသူတွေ တိုးဝှေ့စည်ကားနေမြဲ...။ နေရာတိုင်းမှာတော့ ပွဲစည်အောင် လုပ်ပေးနေတဲ့ ပျော်ရွှင်တတ်သူ ကာလသားတွေနဲ့ ရယ်သံတွေ အုန်းအုန်းညံတဲ့ ညတွေ...၊ ညတင်မှ မဟုတ်ပါဘူး..။ နေ့ခင်းမှာလဲ ပွဲက ငြိမ်သက်နေတယ်လို့ မရှိအောင်ကို စည်ကားနေမြဲပါ..။ အသံမစဲတဲ့ ထိုပွဲချိန်ခါ နေ့ပေါင်းများစွာဟာ တစ်ရက်ထဲလိုပဲ တွဲဆက်ပျော်ပွဲဖွဲ့တည်တယ်လေ..။ ကိုယ်တတ်စွမ်းသမျှကို တတ်နိုင်တာထက်ပိုပြီး အပင်ပမ်းခံ ကြိုးစားပြီး တည်ဆောက်ထားရတဲ့ မီးပုံးပျံတွေဟာလဲ နေ့လွှတ်၊ ညလွှတ်စသဖြင့် အရောင်အသွေးစုံလင်လှတယ်..။ အထူးသဖြင့်တော့ ပွဲနားနီးပြီဟေ့ဆိုတာနဲ့ မြို့ရဲ့ ရပ်ကွက်တိုင်းမှာ အိုးစည်သံကို မြိုင်မြိုင်ကြားရတော့တာ..။ နားငြီးတယ်လို့ မငြူစူတဲ့အပြင် အိုးစည်သံလေးကြားရင် ခေါင်းလေး ဆတ်တောက်ဆတ်တောက်နဲ့ စည်းချက်ကျကျ ယိမ်းနွဲ့နေတတ်တာ ချစ်စရာ တောင်ကြီးမြို့နေ ဒေသခံတွေရဲ့ စရိုက်လေးတစ်ခုပါ..။

ပျော်ပွဲရွှင်ပွဲတွေနဲ့ပဲ တို့ရိုးရာကို ထိန်းသိမ်းတာလား..။ ဟင့်အင်း..။ ချစ်စရာ မီးပဒေသာပူဆော်ပွဲကလဲ တန်ဆောင်မုန်းလပြည့်ညရဲ့ အလတရားကို ကောင်းကင်ယံက ကြယ်တွေ လတွေနဲ့အတူ အပြိုင်အဆိုင် လင်းချင်းတဲ့ ပွဲပါ..။ မြတ်စွာဘုရားကို တတ်စွမ်းတဲ့ ပညာနဲ့ မသိုးသင်္ကန်း ယက်လှူပူဆော်တာလဲ အဲဒီ လပြည့်ညပါပဲလေ..။ တန်ဆောင်တိုင်လို့ ပြောလိုက်ရင်.. သီတင်းကျွတ်ကတည်းက အပြိုင်အဆိုင် လှူဒါန်းလာလိုက်တဲ့ ကထိန်ပွဲတွေနဲ့ ဆက်ပြီးတော့ မီးပုံးပျံတွေနဲ့ မြတ်စွာဘုရားကို ပူဇော်တဲ့ ပွဲအထိ ရိုးရာရဲ့ အနံ့အသက်တွေက ရင်ကို ကြည်နူးလှိုက်ဖိုစေတယ်..။ ဆောင်းရဲ့ အရိပ်အေးအေးမှာ ရင်ထဲက အပျော်ဓာတ်တွေနဲ့ နွေးထွေးနေလိုက်ကြတာ..။ သူစိမ်းတရံစာတွေကို မမြင်ရသလိုပဲ..။ တန်ဆောင်တိုင်ရဲ့ ပွဲရောင်အောက်မှာ မေတ္တာတရားတွေနဲ့ မွေ့လျှော်ပျော်ရွှင်နေလိုက်ကြတာ ရပ်နီးရပ်ဝေး အားလုံး တစ်သားထဲ..။ ပွဲရက်တွေအကြောင်းကို တစ်သသပြောဆိုမျှဝေရင်း နောက်ဆုံးရက်လေးကို ကုန်ဆုံးသွားမှ နှမြောသတနေလိုက်ကြတာ..။

အခုတော့ အဲဒီလို မြင်ကွင်းမျိုးတွေကို အဝေးကနေပဲ မျက်စိမှိတ် ပုံဖော်နေရတယ်လေ..။ ဘ၀ဆိုတဲ့ စေညွှန်ရာပြဌာန်းမှုမှာ ဌာနဆိုတာလဲ တစ်ခါတစ်လေ စိတ်ကူးနဲ့ ပေါင်းကူးယုံပဲ တတ်နိုင်တဲ့ နေရာတစ်ခုဖြစ်နေလေရဲ့..။ ဘာပဲပြောပြော.. ယမ်းနံ့လေး စွက်နေတဲ့ ဆောင်းနှင်းမြူလေးတွေကို ရှူရှိုက်စားသုံးရတဲ့ အဲဒီ တန်ဆောင်တိုင်ညတွေဟာ တစ်နှစ်တစ်ခါမကပါဘူး၊ ရင်ထဲမှာ ထာဝရ နှစ်နှစ်ကာကာ မြတ်နိုးနေမယ့် ရိုးရာတစ်ခုပါ..။ မီးပုံးပျံတွေ မီးစာကုန် ပြန်ကျသွားပေမယ့် ကျွန်တော့ဝင်သက်ထွက်သက်တိုင်းမှာတော့ ယမ်းနံ့တွေ စွတ်ဆိုထုံသင်းစဲပါ...။

(တန်ဆောင်တိုင်မီးပုံးပျံနှင့် ဝေးကွာနေရသော သူငယ်ချင်းများ မိတ်ဆွေများအားလုံးအတွက် အမှတ်တရ ရေးဖွဲ့တာပါ..။ စိုင်းမွန်း)

Sunday, May 15, 2011

သံစဉ်အကျိုး...

လက်တွေက ဂစ်တာပေါ်မှာ မရပ်မနား ပြေးဆော့နေသော်လည်း ဘာသံစဉ်မှ မယ်မယ်ရရ မထွက်လာ….။ အုံ့မှိုင်းနေသော စိတ်အစဉ်ကို ပြန်လည် စုစည်းဖို့ ခေါင်းကို အကြိမ်ကြိမ်ခါနေတာလဲ ဇက်တွေက နာလာခဲ့ပြီ….။ မျက်လုံးအမြင်တွေ ခဏခဏ ဝေဝါးသွားနေတာကို အလိုမကျစွာ လက်ခံနေရသည်…။ သက်ပြင်းမောကို မှုတ်ထုတ်လိုက်ရင်း အချည်းနှီးဖြစ်နေသော ကြိုးစားမှုကို အဆုံးသတ်ဖို့ စဉ်းစားမိစဉ် သံစဉ်တစ်ပိုင်းတစ်စ ခေါင်းထဲရောက်လာတော့ အမိအရ ဖမ်းဆုပ်ဖို့ ဂစ်တာကို မချဖြစ်ခဲ့…။

“ဒေါက်… ဒေါက်.. ဒေါက်….”

ဘာကြောင့် တံခါးကို ခေါက်ရင် သုံးချက်ထက်မပိုကြတာလဲ…။ အလိုမကျစွာတွေးရင်း မချဖြစ်သေးတဲ့ ဂစ်တာကို အောင်မြင်စွာ ချမိသည်။ တံခါးကို ဖွင့်လိုက်တော့ သူမမှတ်မိလောက်တော့အောင် အိုစာသွားသော အဖေ….။ ရီဝေသော မျက်လုံးတွေက အဖေပျော်မနေတာကို သိသိသာသာ ဖော်ပြနေသည်။ စကား တစ်ခွန်းတစ်လေမှ မပြောဖြစ်ပဲ တစ်ယောက်ကိုတစ်ယောက် မမြင်ဖူးသလို ငေးမိနေကြသည်။ နောက်မှ သတိဝင်လာသလို အဖေက သူ့လက်ထဲ တစ်ခုခုကို ထိုးထဲ့ပေးရင်း ကျောခိုင်းသွားခဲ့သည်…။ ဘာလဲမကြည့်မိ..။ သံပါတ်ပေးထားသလို တံခါးကို ပြန်ပိတ်ရင်း သူ ကုတင်ပေါ် ထိုင်လိုက်သည်။

လက်ထဲက အဖေထည့်သွားပေးတာ ဘာမှန်း ရေရရာရာ မကြည့်ဖြစ်…။ သံစဉ်အကျိုးအပဲ့ကို ပြန်ဖမ်းဖို့သာ စိတ်စောနေမိသည်။ ဂစ်တာကို ပြန်ကောက်ကိုင်ရင်း တီးခတ်နေတုန်း ထောက်ဆို ဂစ်တာက ကြိုးပြတ်သွားခဲ့သည်။

“ဟူး….”

သက်ပြင်းမောကို ချလိုက်ရင်း ဂစ်တာကို အနားပေးလိုက်တော့သည်။ ခေါင်းရင်းမှာ ချထားသော ညပေါင်းများစွာ ဖတ်ဖို့ကြိုးစားမိနေသော စာအုပ်လေးကို ကောက်ကိုင်မိသည်။ ထို့နောက်မှ အဖေ တစ်စုံတစ်ခု တိတ်ဆိတ်စွာ ထိုးထည့်ပေးသွားတာကို သတိရလာသည်။ သူဘယ်နား ချမိပါလိမ့်…။

မိနစ်ပိုင်းလေးအတွင်း လွင့်မျှောနေသော စိတ်အစဉ်မှာ အဖေပေးခဲ့တာ ပျောက်ဆုံးသွားခဲ့ပြီလား…။ စိတ်မောလူမောဖြစ်စွာ အိပ်ယာကို အစအဆုံးမွှေနောက်ရှာနေမိသည်။ ခက်တာ ဘာမှန်း မကြည့်မိသည့်အတွက် ဘာကို ရှာနေမှန်း သူလဲမသိနေ….။ အဖေလက်ထဲထည့်သွားပေးတုန်းက ခံစားမှုကို ပြန်အမှတ်ရမိဖို့ ကြိုးစားကြည့်သည်။ မာကျောနေလား..။ ဒါမှမဟုတ် နူးညံ့သော အရာတစ်ခုခုများလား…။ သေချာတာကတော့ သူ လက်ထဲရောက်လာသော ပစ္စည်းအတွက် မှတ်မှတ်ရရ ခံစားချက်တွေ ဖမ်းဆုပ်မရနေတာပင်…။ စိတ်ပိုမောသွားသည်။ ဒီတိုင်းဆို ရှာနေတာ တွေ့ပါ့မလား…။ မိနစ်ပိုင်းကနေ နာရီပိုင်းကို ကူးပြောင်းလာသည်အထိ သူဘာရှာနေတာကို သူမသိသေး…။

အဖေ့ကိုသွားမေးမှပါ…။ တံခါးကို ထဖွင့်လိုက်ရင်း အပေါက်ဝမှာ သူတွေဝေနေမိသည်။ အဖေသိရင် မှိုင်းညှို့နေသော မျက်ဝန်းတွေ ခြောက်သွေ့အက်ကွဲသွားမှာ သူသိနေသည်။ အဖေ့ကို ဒီထက်ပိုပြီး စိတ်မဆင်းရဲစေချင်တော့…။ တံခါးကို အသာအယာပဲပိတ်ကာ သူပြန်ထိုင်မိသည်။ သူ ခုဏက မြင်တွေ့ခံစားလိုက်ရသော အဖေ့မျက်ဝန်းထဲမှာ အဖေပေးသွားတာကို ပြန်ရှာကြည့်ဖို့ ကြိုးစားမိသည်။ ဘာမှ ရှာမတွေ့တော့ သူ ရှက်ရွံ့လာမိသည်…။ မကြာသေးခင်ကမှ အဖေကိုယ်တိုင် ပေးသွားသော ပစ္စည်းတစ်ခု ပျောက်ရှသွားခဲ့ပီလား..။ သူပိုင်သော သူ့အခန်းကျဉ်းလေးထဲမှာ အံ့သြမှင်တက်ဖို့ကောင်းလှအောင် ပျောက်ချက်သားကောင်းသွားခဲ့သော ဘာမှန်းမသိသော ပစ္စည်းလေးတစ်ခု…။

စိတ်ပျက်အားငယ်စွာ အိပ်ယာပေါ် ပက်လက်လဲလိုက်တော့ မျက်နှာကျက်မှာ ကပ်လျက်နားနေသော ပိုးဖလံမှ လောင်ရယ်သံကို အမှတ်မထင် ကြားလိုက်ရသည်။ ဘာတွေလဲ …။ သူရူးသွပ်သွားခဲ့ပီလား…။ သေချာအောင် ထပ်ကြည့်နေတုန်းမှာ ပိုးဖလံရဲ့ မျက်နှာကို သေချာ မြင်လိုက်ရသည်။ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ တူနေသလို…။ ဟာ… မဟုတ်ပါဘူး..။ သူ စိတ်ဂယောက်ဂယက်ဖြစ်သွားပီလား…။ တွေးနေတုန်းမှာပဲ ဒုတိယအကြိမ် ပိုးဖလံရဲ့ အပြုံးကို ထင်ရှားစွာ မြင်လိုက်ရသည်..။

ပိုးဖလံက ပြုံးနေတယ်…။ သူ တွေဝေနေတုန်းမှာ ပိုးဖလံက ထပြန်သွားခဲ့သည်။ ထုံးစံအတိုင်း ရဲရဲတောက်လောင်နေသော မီးတောက်တစ်ခုအတွင်းသို့ …။ ဟုတ်ကနဲ တောက်လောင်အား ပြင်းသွားသော မီးညွှန့်ကို ခြောက်ချားစွာ ငေးကြည့်မိရင်း ပိုးဖလံရဲ့ ဘဝ အဆုံးသတ်သွားပုံကို ဆွံ့အစွာ ငေးမောနေမိသည်။ ပိုးဖလံ မီးကို တိုးတာ အထူးအဆန်းမဟုတ်ပေမယ့် လောင်ရယ်ပီး ပြုံးပြသွားတာတော့ ဒီဖလံတစ်ကောင်သာ ရှိသေးသည်။ ပြတင်းတံခါးကို အလန့်တကြား သွားပိတ်လိုက်ရင်း ပြန်လှည့်လာတော့ သူ့အိပ်ယာပေါ်မှာ ထိုင်နေသော အရိပ်တစ်ခု…။

တုန်လှုပ်ခြောက်ချားစွာ ကျောပြင်တွေက ပြတင်းတံခါးကို ဝင်ဆောင့်မိသည်အထိ သူ နောက်တွန့်သွားခဲ့မိသည်။ ဘာတွေ ဖြစ်နေပီလဲ လောကကြီး…။ ထိုစဉ်မှာပင် သူ့ပုခုံးကို တစ်ယောက်ယောက်က ထိတွေ့ကိုင်တွယ်လိုက်တာကို ခံစားလိုက်ရသည်..။ အေးစက်သွားသော ကိုယ်ခန္ဒာနှင့်ဆန့်ကျင်စွာ နဖူးမှာ ချွေးစေးတွေ စီးကျလို့လာခဲ့သည်။ တံခါးပေါက်ဘက်ကို လှည့်ကြည့်လိုက်တော့ တံခါးရွက်မှာ မျက်လုံးစိမ်းတစ်စုံ… ။ အကြောက်လွန်သွားတာလား မကြောက်တော့တာလား သူ့ကိုယ်သူ ဝေခွဲမရ…။ စိတ်ဓာတ်ကျ ခေါင်းငိုက်စိုက်ချကာ အိပ်ယာထက်က အရိပ်မည်းဘေးမှာ ဝင်ထိုင်မိသည်။

အက်ကွဲနေသော အသံဖြင့် အရိပ်မည်းကြီးထံမှ စကားသံထွက်လာသည်။

“မင်း ရှာနေတဲ့ ပစ္စည်းက မင်းရင်ဘတ်ထဲမှာ…”

သူ အံ့သြသွားသည်။ သူ့ကို တစ်ချိန်လုံး အရိပ်မည်းကြီးက စောင့်ကြည့်နေခဲ့တာလား…။

“ခင်းဗျား ဘယ်လိုသိလဲ… ။ ဟာ ဘယ်လိုဖြစ်နိုင်မှာလဲ..။ အဖေထည့်သွားတာက ကျုပ်လက်ထဲကို… ။ ကျုပ်ရင်ဘတ်ထဲရောက်သွားရင် ကျုပ်သေသွားမှာပေါ့…”

အသံနက်ကြီးနဲ့ ပြတင်းတံခါးဆီမှ ရယ်သံကို ကြားလိုက်ရသည်။ ထို့နောက်…

“မင်းက လက်နဲ့ထိတွေ့ရမှ ရှိတယ်လို့ထင်တာကိုးကွ… ။ မင်းလက်ထဲ မင်းအဖေ ထည့်သွားပေးတုန်းက မင်းဘယ်လို ခံစားရလဲ..။ အဲဒီပစ္စည်းက မာလား၊ ပျော့လား၊ ပူလား၊ အေးလား.. ။ ပြန်စဉ်းစားကြည့်”

သူ တုန်လှုပ်သွားသည်။ အမှန်တိုင်း ဝန်ခံရလျှင် သူ လုံးဝကို မမှတ်မိတာ သေချာသည်။

“မင်း မဖြေနိုင်တော့ဘူးမလား…”

သူ ခေါင်းငိုက်စိုက်ချကာ ဆိတ်ငြိမ်ခြင်းဖြင့် ဝန်ခံမိသည်။ အမှတ်တမဲ့ ခိုးကြည့်မိတော့ တံခါးရွက်စီက မျက်လုံးစိမ်းတွေ မီးဝင်းဝင်းတောက်မတတ်ဖြစ်လာတာကို မြင်လိုက်ရတော့ သူတစ်ဖန်ကြောက်ရွံ့လာမိပြန်သည်။

“ခင်းဗျားတို့က ဘယ်သူတွေလဲ…”

အိပ်ယာထက်မှ အရိပ်မည်းကြီးက သူ့ဘက်ကို လှည့်လာသည်။…

“ဟာ…. ” သူ ခြောက်ချား အားငယ်စွာ အော်မိသည်။ အခန်းတစ်ခုလုံးကို လှည့်ပတ်ကြည့်မိတော့ အားလုံးက သူ့အရိပ်တွေ…၊

သူ့ကိုသူ ပြန်ခြောက်လှန့်နေတာပါလား…။ အမှတ်တမဲ့ ရင်ဘတ်ထဲ ငုံ့ကြည့်မိတော့ ခုန်နေသော နှလုံးသားထဲမှာ အဖေပေးသွားခဲ့သော “မိဘမေတ္တာ”……

ဆိတ်ငြိမ်စွာပဲ သူလဲပြိုကျကာ ကလေးငယ်လို ငိုကြွေးမိသည်…။ ရှိုက်ကြီးတစ်ငင် …..။

Wednesday, December 15, 2010

ရှမ်းရိုးရာ ကိန္နရီ ကိန္နရာ အက



တိုက်ရိုက်တင်တာ မှန်သမျှ ကွာလတီ အရမ်း ကျကုန်တဲ့အတွက် ဒီတစ်ခါတော့ ကိုမိုးခေတ် အကြံပေးသလို ယူကျု ကနေပဲ တင်လိုက်ပါတော့တယ်။

Friday, November 26, 2010

ကထိန် ( DVD Intro)


ဆယ့်လေးရက်နေ့ က လုပ်တဲ့ စုပေါင်း ကထိန်မှာ ရိုက်ထားတာတွေပါ။
အခမ်းအနားတစ်ခုလုံး ကို တင်ဖို့ရာ အဆင်မပြေလို့ ဒီဗွီဒီခွေ အတွက်လုပ်ထားတဲ့ အင်ထရိုကိုပဲ Trailer အဖြစ်တင်လိုက်ပါတယ်။

Friday, October 15, 2010

Rehearsal


ရှမ်းပွဲ အတွက် ဒုတိယ အကြိမ်မြောက် ရီဟာဇယ်ပါ။ စတူဒီယိုထဲမှာ မီး သီး လေး သေးသေး သုံးလုံးသာ ထွန်းထားပေးလို့ မှောင်မဲမဲ ဖြစ်နေတာလေး သီးခံပေးကြပါခင်ဗျား။ ဘလော့ပေါ် တင်ပြီးတိုင်း ကွာလတီအရမ်းကျသွားတဲ့အတွက် ဖူးစကရင် ကြည့်လို့အဆင်မပြေပါဘူးခင်ဗျာ..။ ကွာလတီမကျအောင်တင်တဲ့နည်းလေး ရှိရင် မ,စ ပေးကြပါဦး။

Sunday, October 3, 2010

အပိုင်းအစများ


ကျွန်တော်သုံးနေတဲ့ ဒီဘီအက်စ် ဘဏ်က  ပွဲကြည့်လက်မှတ်ပေါင်း သုံးထောင် မဲဖောက်ပေးတဲ့အထဲမှာ  လက်မှတ်တစ်စုံ မဲပေါက်တဲ့အတွက် သွားကြည့်ခဲ့ရတာလေးတွေပါခင်ဗျား။

Tuesday, August 10, 2010

ထမင်းဝိုင်း

အိမ်နဲ့ ဝေးတိုင်း အိမ်ကို တနည်းနည်းနဲ့ လွမ်းနေရတာ.........
ဒီနေ့မွေးနေ့မှာတော့ အမေချက်တဲ့ ဟင်းတွေ... အဖေချက်တဲ့ ဟင်းတွေ မထိမတွေ့ပဲ နေနေရတာ....
နောက်ဆုံးဗျာ.......... အသားဟင်းစားရင်တောင် အရိုးတွေကျန်ရင် အိမ်က ကြောင်လေး ခွေးလေးတွေကို သတိရတယ်...
ကိတ်မုန့်စားရင်လဲ မျက်လုံးဝိုင်းကြီးနဲ့ ကြည့်ပီး တောင်းစားတတ်တဲ့ ခွေးနက်မကြီး... (အခုတော့ မရှိတော့ပါဘူး..)
အမေ့အသံကြားရင် ပြာနေတဲ့ ကြောင်တစ်အုပ်....
သူများအိမ်ကို ပေးလိုက်ပီး အိမ်မှာ ပြန်လာနေတဲ့ တစ်ကောင်တည်းသော ခွေးနက်ကလေး မဲလုံး.....
တွေးရင်း မျက်ရည်တွေလည်လာလို့ မွေးနေ့မှာ သီချင်းလေး တစ်ပုဒ် ချရေးဖြစ်တယ်....
သီချင်းစပ်ပီးတာနဲ့ အမေ့ကို ဖုန်းဆက်တယ်... စပီကာ ဖွင့်ခိုင်းပီးတော့ သီချင်းချက်ချင်း ဆိုပြဖြစ်တယ်....
မျက်လုံးမှာ မျက်ရည်စတွေနဲ့.....
အိမ်ကို လွမ်းလိုက်တာ

Sunday, August 1, 2010

Clone Shot


စိတ်ကူးတည့်ရာ လေးတွေပါခင်ဗျား။

Sunday, July 25, 2010

Sequence Shots 1


တစ်ခုခု ပေါ့ဗျာ။ လုပ်ကြည့်မိတာလေးတွေပါ။

Wednesday, May 19, 2010

ဆုံမှတ်များရဲ့ အလွန်

တိတ်တိတ်လေး ငါရပ်နေခဲ့တယ်............
တိုးတိတ်ညင်သာလွန်းတဲ့ ရင်ခုန်သံပါးပါးလေးကြားမှာ အချစ်ရော်ရွက်လေးကြွေကျ.........
ကောက်ယူသိမ်းဆည်းလိုက်ဖို့ ငါလက်တွေ လှမ်းလိုက်တယ်........
နှင်းစက်တွေ စိုနေသတဲ့လား ရွက်ဝါရယ်...........
သဲ့သဲ့လေး လှုပ်ရှားယုံနဲ့ နင်ဘာလို့ ခုန်ချခဲ့တာလဲ.................
ရင့်ကျက်နေတဲ့ ဒဏ်တွေနဲ့ အဝါရောင်ငယ် မဟာဆန်ချိန်မှ နင်မြေခရက်တယ်နော်............
စိမ်းစိုဝေဖြာဖူးတဲ့ အခက်အလက်တွေ . ကောင်းကင်ကို မျှော်ကြည့်ကြေကွဲ...........
မြေနီရောင် ခြောက်သယောင်းမှာ နင်ငြိမ်သက်စွာ လဲလျောင်းလိုက်ချိန်....
ဘယ်ဘက် ရင်အုံက ပါးပါးဆိုတယ် မျက်ရည်ခြွေ စွေတဲ့မိုးတဲ့လားကွယ်.....
ပင့်သက်ရှိုက် ခေါင်းမော့လိုက်ချိန်မှာ ငါ့မျက်ရည်တွေ ခုန် ချ လိမ့် ဆင်း...........

Sunday, April 25, 2010

စီးဆင်းတဲ့ရေ.....

အား... ငါ ဘာဖြစ်သွားတာလဲ...။ ငါ့ ဘယ်လက်တစ်ခုလုံး လှုပ်မရပါလား...။ ဟင် မိုးရည်တွေ ဘယ်က ကျလာတာလဲ..၊ ငါ ကားထဲမှာမလား...။ ဘာလို့ မိုးစိုနေပါလိမ့်...။ ငါ အခု ဘယ်မှာလဲ...။ ဟော ဥသြသံတွေကြားတယ်...။ လူတွေ ငါ့ဆီလာနေတယ်...။ ဟာ.... ငါ ကားအက်ဆီးဒင့်ဖြစ်တာပဲ...။ ငါ့ကို လော်ရီကားကြီး ဝင်တိုက်တာ..။ ဘယ်လိုမှ ထိန်းမရတော့လို့ ငါ တစ်ခြားကားတွေ ဆင့်တိုက်မိတာပဲ...။ လမ်းဘေးက အရံအတားတိုင်ကိုသာ မတိုက်မိရင် ငါ့ကား ဘယ်အထိ လိမ့်သွားမယ်မသိ....။ ကျွတ်ကျွတ်ကျွတ်.. ငါ့ခေါင်းကလဲ နာလိုက်တာ...။ တစ်ခုခုနဲ့ ဆောင့်မိတယ်ထင်တယ်...။ အား...။ ဖုန်း လေး မီးလင်းနေပါလား...။ မက်ဆေ့ခ်ျ ဝင်တယ်ထင်တယ်....။ ငါ့ မောင်လေးဆီကဖြစ်မယ်...။ ဟုတ်နိုင်တယ်.. သူနဲ့ စကားခုနလေးတင်ပြောနေတာ...။ ရာသီဥတုဆိုးလို့ ဖုန်းကျသွားတာ...။ ဖုန်းလေးကို မလွှတ်တမ်း ကိုင်ထားမှပါ...။ ငါ့ကိုယ်နဲ့ ကပ်နေမှရမယ်...။ မဟုတ်ရင် မောင်လေးကို အဆက်အသွယ် လုပ်လို့ရမှာမဟုတ်ဘူး...။ အမြင်တွေ ဝါးလိုက်တာ...။ အင်း... ငါ့ကို သယ်သွားကြပီ...။ ဘယ်လက်က လှုပ်မရပါလား...။ နာလိုက်တာ..။ ကျွတ်ကျွတ်....။ ငါ့ကို ဘယ်ထဲ ပို့ကြတာလဲ...။ အရေးပေါ်ခန်းတဲ့...။ မောင်လေး ဘာပို့လာတာလဲ ကြည့်ဦးမှပါ...။ အော် အိမ်ပြန်ရောက်ရင် ဖုန်းဆက်ပါတဲ့...။ သူအားပီတဲ့...။ မောင်လေးရေ အမ အိမ်ပြန်မရောက်နိုင်သေးဘူးက
ွယ်...။ ငါငိုလို့မဖြစ်သေးဘူး.. ။ မောင်လေး ကို မက်ဆေ့ခ်ျပြန်မှတော့ဖြစ်မယ်..။ မဟုတ်ရင် စိတ်ပူနေလိမ့်မယ်...။ ဖုန်းမကျခင်တောင် ဂရုစိုက်မောင်းဖို့ တဖွဖွ မှာနေတာ...။ အက်ဆီးဒင့်ဖြစ်တယ်ဆိုတာကိုသာသိရင် ရင်ကျိုးလိမ့်မယ်...။ ငါ ပြောပြလိုက်ရမလား...။ မပြောလဲ သူသိမှာပဲ...။ အဲလို ဆို ပိုတောင် စိတ်မကောင်းဖြစ်သွားလိမ့်မယ်...။ ပြောပြလိုက်ပါမယ်..။ ဒါပေမယ့် လက်ကျိုးသွားတဲ့အကြောင်းတော့ မပြောဘူး...။ အိုကေ.. မောင်လေးရေ အမ ဖုန်းမခေါ်နိုင်သေးဘူး.. အက်ဆီးဒင့်ဖြစ်လို့ အရေးပေါ်ခန်းရောက်နေတယ်... ။ ရပီ ဒီလောက်ဆို...။ အင်း ငါ့ညာလက် ကောင်းနေသေးတာ ကျေးဇူးတင်ရမယ်...။ မက်ဆေ့ခ်ျပို့လို့ရသေးတယ်...။ .................။ နာလိုက်တာ...။ မက်ဆေ့ခ်ျတော့ပို့လိုက်ပီ..။ ဆရာဝန်တွေက ငါ့ကိုဘာလို့ စစ်နေတာလဲ...။ ထင်တဲ့အတိုင်းပဲ မောင်လေးဆီက မက်ဆေ့ခ်ျ ချက်ချင်းဝင်လာတယ်...။ ဟာ တဲ့.. ပိ ဘယ်လိုဖြစ်တာလဲ... ပိ အိုကေရဲ့လားတဲ့...။ မအိုကေဘူးကွယ်...။ စိတ်ထဲကသာ ပြောဖြစ်လိုက်တာပါ...။ လက်ကတော့ အိုကေပါတယ်.. ဘယ်လက်နဲနဲနာတယ်၊ နောက် လက်ပင်းနဲနဲ နာတယ်... ဘာမှ မဖြစ်ဘူး ... မစိုးရိမ်နဲ့လို့ပဲ ရိုက်ပို့လိုက်တယ်...။ မက်ဆေ့ခ်ျပြန်ဝင်လာတယ်... စိုးရိမ်ရလား၊ ကြီးလား၊ ပိရယ်တဲ့....။ အင်း မောင်လေး စိတ်တအား ပူနေတာကို ခံစားမိတယ်...။ ငါ မြင်နေတယ် မောင်လေးရယ်... ၊ ဒီရင်ထဲကနေ မြင်နေတယ်...။ ဟော ဒေါက်တာတွေ လာကြပီ.. ။ ငါ့ကို ခွဲစိတ်ခန်း ချက်ချင်း ဝင်ရမယ်တဲ့...။ အိမ်သားတွေကိုလဲ အကြောင်းကြားထားတယ်တဲ့...။ ငါ့သားလေး စိတ်အားငယ်နေရော့မယ်...။ အတွေးတွေကလဲ ယောက်ယက်ခတ်နေတာပဲ...။ ငါ့ကို မေ့ဆေး ပေးပီးခွဲမယ်တဲ့...။ အရိုးကို ပြန်ဆက်ပီး ဝင်နေတဲ့ မှန်စတွေလဲ ထုတ်ရဦးမယ်...။ မောင်လေးရေ.. အမကို သတိရနေနော်...။ မေ့ဆေးငွေ့ကို ရှူရင်း လောက်ကကြီးက ဝေဝါးသွားတယ်...။

အင်း ဘယ်ဘက်လက်က မခံမရပ်နိုင်အောင် နာလိုက်တာ...။ လေဆာနဲ့ တစ်ခါတည်း ပြန်ချုပ်ထားပေးပေမယ့် နာလိုက်တာ..။ ပတ်တီးထူထူအောက်ကနေ နာကျင်နေတဲ့ ဒဏ်ရာကို တွေ့နေတယ်...။ ဖုန်းထဲက မောင်လေး ပို့ထားတဲံ မက်ဆေ့ခ်ျတွေကိုတွေ့တယ်...။ ဟော မတ်ဖြစ်သူ လာကြိုပီ...။ အိမ်ပြန်ရတော့မယ်..။ ပျော်လိုက်တာ..။ ဖုန်းကတော့ မိုးရည်နဲ့ ထိပီးပျက်သွားပီ...။ အသစ် ဝင်ဝယ်မှပါ...။ မတ်ဖြစ်သူက လက်မခံဘူး..။ အိမ်ကို အရင်ပို့တယ်..။ မောင်လေး မျှော်နေတော့မယ် ငါ့ကို..။ ငါ့မောင်လေးကို အသည်းနစ်အောင် ချစ်တယ်...။ သူ့ကို ပေးမျှော်နေလို့မဖြစ်ဘူး... ။ အိမ်ပြန်ရောက်ပီ...။ မတ်ဖြစ်သူက တွဲပီး အခန်းထဲ ပို့ပေးတယ်...။ ညာလက်ပဲ အားတော့တာ မောင်လေးရေ...။ နှုတ်ဘွတ်ခ် အသေးလေးကို ဖွင့်ပီး အွန်လိုင်းတက်လိုက်တယ်...။ မောင်လေး မွေးနေ့လက်ဆောင် ပေးထားတဲ့ အကောင့်လေးနဲ့...။ ထင်တဲ့အတိုင်းပါလား..။ အွန်လိုင်းမှာ မောင်လေးကိုတွေ့တယ်..။ အား ခေါင်းက ထိုးလိုက်တာ...။ မောင်လေး မေးနေပီ..။ လက်ကျိုးတယ်ဆိုတဲ့...။ မျက်ရည်တွေက ဘာလို့ ချက်ချင်းဝဲတာလဲ...။ ငါမငိုဘူး..။ မောင်လေး စိတ်ဆင်းရဲတော့မယ်...။ ပါးပါးလေး ပြောလိုက်မယ် အရိုးအက်တာပါလို့...။ ပြောပြလိုက်တယ် မောင်လေးကို၊ အရိုးအက်တာပါ.. ဘာမှမဖြစ်ပါဘူး၊ ခွဲပီး လေဆာနဲ့ ဆက်ပီး ချုပ်ပီးသွားပီလို့....။ မောင်လေး သနားပါတယ်... ။ ငါပြောတာကို ချက်ချင်းယုံပီး ပျော်သွားတယ်..။ အဟား မောင်လေးရယ် ပိလက်နာနေတာကို ချက်နေသေးတယ်...။ နားနေလေတဲ့...။ ချစ်လိုက်ရတာ မောင်လေးရယ်... ဒါကြောင့် ..။ သူက ငါဟောက်ရင် ကြောက်တယ်...။ နောင့်နဲ့ ပြောရင် အားရှိတယ်လို့ ပိပြောထားတယ်လေ ဆိုပီး ဟောက်လိုက်ဦးမှ...။ ထင်တဲ့အတိုင်းပဲ သူ ငြိမ်သွားတယ်..။ မပြောရဲတော့ဘူး...။ လက်ကလဲ နာလိုက်တာ..။ ခေါင်းတွေကလဲ ကိုက်လိုက်တာ..။ ဒါပေမယ့် ငါငြိမ်လိုက်ရင် မောင်လေး သိသွားတော့မယ်...။ သူက လူလည်လေး..။ ညာလက်တစ်ဖက်ကိုပဲ အဆင်ပြေအောင် သုံးရင်း ချက်နေလိုက်မယ်...။ အင်း ချက်လဲ ချက်ချင်ပါရဲ့ မောင်လေးက အလုပ်မှာဆိုတော့ အလုပ်ပျက်နေဦးမယ်...။ ပေးနားလိုက်ပါမယ်...။

အား ခေါင်းတွေ ထိုးလိုက်တာ... ။ ဖျားချင်နေသလိုပဲ...။ အဖျားတိုင်းကြည့်ဦးမှ...။ ဟာ... ၁၀၄ ဆိုပါလား...။ ငါဘာလို့ အဲလောက် ကိုယ်ပူနေတာလဲ...။ ခေါင်းလျှော်မိလို့လား..။ မဟုတ်ပါဘူး...။ မောင်လေးသိရင်တော့ ငါ့ကို ဆူတော့မယ်...။ သူ သိနေတာ ခက်တယ်...။ ပြောပြလိုက်မှပါ...။ ပြောပီ ငါ့ကို...။ ခေါင်းလျှော်လိုက်လို့နေမှာတဲ့..။ နောက် မလျှော်ရဘူးတဲ့...။ နားရမယ်တဲ့...။ အမ ကျေနပ်တယ်မောင်လေးရေ... ။ အဲလို ဂရုစိုက်တာ ..။ ရှိနေတဲ့ ညာလက်လေးတစ်ဖက်ကို အားပြုပီး ပြောနေရတာ အားမရလိုက်တာ...။ ဘယ်လက်ကလဲ ဘာလို့ အခုထိအောင် နာနေတာလဲ..။ လက်ချောင်းတွေကလဲ လှုပ်လို့ကို အဆင်မပြေ....။ ဟော မောင်လေးပြောတယ်.. စောစောနားရမယ်တဲ့...။ ဘယ်နှစ်နာရီ အိပ်ရမလဲ ဆိုတော့ ဆယ်နာရီအိပ် လေးနာရီထတဲ့...။ အမ နားထောင်မယ် မောင်လေး...။ တစ်ကယ်ဆို မင်းလေးနဲ့ စကားတွေ မပြတ်တန်းပြောချင်နေတာ...။ ဒါပေမယ့် နားမယ်..။ မနားလို့ မရအောင် ခေါင်းတွေ ထိုးလို့ မောင်လေးရေ...။ မတ်ဖြစ်သူ သိသွားတော့ သူ့ကို ဆေးရုံတန်းပို့တယ်..။ သူ့ခေါင်းကို စကင်ဖတ်တယ်...။ ဟာ.. သွေးခဲတွေ့တယ်တဲ့..။ ဒါကြောင့် ငါ့ခေါင်းတွေ ထိုးနေတာကိုး...။ မောင်လေး သိလို့ မဖြစ်ဘူး...။ သူ အရမ်း စိတ်ထိခိုက်သွားလိမ့်မယ်...။ ငါလိမ်ရမယ် ကလေးရယ်...။ စိတ်တော့မကောင်းပါဘူး...။ ဝင်လာတဲ့ မက်ဆေ့ခ်ျတွေကို ကြည့်ရင်း ပါးပြင်တွေ ပူနွေးလာတယ်...။ ငါ့မျက်ရည် ကျပြန်ပီ မောင်လေးရေ...။

နက်ဖြန် ခွဲခန်းဝင်ရတော့မယ်...။ ငါ သတိ ပြန်လည်ချင်မှလည်မယ်...။ လည်ရင်လဲ အားလုံးကို မှတ်မိချင်မှ မှတ်မိမယ်တဲ့...။ မောင်လေးရေ...။ အမ ရင်ထဲမှာ ငိုကျွေးနေတယ်...။ ဒါပေမယ့် မောင်လေး မသိစေရပါဘူး..။ စကားပြောရင်း မောင်လေးရဲ့ ဂရုစိုက်မှုတွေ ခံစားရင်း ရင်တွေ ပိုနာလာတယ်...။ မောင်လေးကို အမ ညာပီး မသွားရက်တော့ဘူး...။ မောင်လေးရေ မင်းအမ မနက်ဖြန် ခွဲခန်းဝင်ရမယ်...။ ထင်တဲ့အတိုင်းပဲ မောင်လေးဆီက မေးခွန်းတွေ တလစပ်ဝင်လာတယ်...။ သူသိနေပါလား..။ ဆေးရုံ ပြန်တက်ရမယ်ဆိုတာကို... ပြောလက်စနဲ့ ပြောလိုက်ပါမယ် မောင်လေးရေ..။ မင်းကိုတောင် မှတ်မိချင်မှ မှတ်မိတော့မှာ...။ ဘာတဲ့ မောင်လေး ပေးမသွားရင် အမ ဘယ်မှ သွားခွင့်မရှိဘူးတဲ့လား...။ ငါ့ကို ငိုအောင် လုပ်နေတာလား ကလေး...။ မင်းကို မခွဲနိုင်တာ မင်းလေး အသိဆုံးပါ မောင်လေးရယ်...။ ငါ့ဘဝကလဲ ဆိုးလိုက်တာ...။ ငါ့မောင်လေး လက်ထပ်ပွဲကိုတောင် ငါ သိပါတော့မလား...။ မနေ့က မောင်လေးရဲ့ ကောင်မလေး အင်တာနက်ကနေ ဖုန်းဆက်သေးတယ်..။ အလိုက်သိလိုက် တဲ့ကောင်မလေး..။ ညီမလေးလို့ပဲ ခေါ်ဖြစ်တယ်..။ ငါ့ညီမလေး ဖြစ်လာမှာကိုး...။ အား ခေါင်းတွေ ထိုးလိုက်တာ..။ ငါ ငိုနေပီ မောင်လေးရေ...။ ဆယ်နာရီလဲ ထိုးတော့မယ်...။ အိပ်ချိန် ရောက်တော့မယ်...။ ငါ မအိပ်ပါရစေနဲ့ မောင်လေး...။ မောင်လေးကို ပြောတော့ သူ နားလည်တယ်...။ စကားတွေ ပြောပေးတယ်..။ ငါ့ကို ဖက်ထားပေးပါမောင်လေး...။ ငါ့လက်တွေကို ဆွဲထားပါ...။ ငါ့ကို မလွတ်လိုက်ပါနဲ့။ ငါ့ကို ဘယ်အခြေအနေ ရောက်ရောက် မမေ့လိုက်ပါနဲ့...။ အရမ်းချစ်တယ် မောင်လေးရေ...။ အမတစ်ယောက် ရင်ကွဲသံကို မင်းလဲ နားလည်မှာပါ....။ မောင်လေး အသံတွေ တုန်နေတယ်..။ ဒါပေမယ့် ငါပျော်အောင် ဟန်လုပ်ပီး လေသံကို ပျော်ထားတယ်..။ မောင်လေးရယ်...။ ငါသိတာပေါ့...။ ငါ့ရင်ထဲမှာ မင်းကို အတိုင်းသားမြင်နေတာလေ...။ အား ငါ ကိုယ်ခန္ဓာ တစ်ခုလုံး မလှုပ်နိုင်တော့ဘူး...။ ညာလက်လေးပဲ ကျန်တယ် မောင်လေး...။ ဒါပေမယ့် အားအင်တွေ ပြည့်နေတယ်...။ ဘာလိုလိုနဲ့ မနက်ခင်းကို ရောက်လာတယ်...။ မောင်လေးရေ.. ငါ့ကို ခေါင်းတွေ ဖြီးပေးနေတယ်...။ ဆေးရုံကို သွားတော့မယ်...။ အမကို အားတွေ ယူသွားမှရမယ်...။ မောင်လေးရေ မင်းအသံလေးတွေ အမ ကြားသွားချင်တယ်...။ မှတ်သွားချင်တယ်..။ ပရင့်ထုတ်ထားတဲ့ ပုံကို ကြည့်ပီး အမ တိတ်တိတ် ငိုနေရတာ ...။ ဟော လာပြောပီ...။ ဖုန်းခေါ်လိုက်မယ်...။ တစ်ဖက်က မောင်လေး အသံကို ကြားလိုက်မှ နာကျင်နေတာတွေ သက်သာသွားတယ်..။ အင်း... လမ်းတစ်လျှောက်မောင်လေးကို အမ ပြောပြမယ်နော်..။ အလာပသလာပတွေပေါ့...။ အဲလိုနဲ့ ဆေးရုံဝင်းထဲ ဝင်လာတယ်..။ အမကို ခေါင်း စကင် ထပ်ဖတ်မယ် မောင်လေး...။ ပီးရင် အမကို ခွဲတော့မယ်...။ လက်မလွှတ်ပါဘူးတဲ့လား မောင်လေး...။ အမ ဖုန်းချမယ်နော် ပီးမှ ပြန်ခေါ်လိုက်မယ်...။

ဟဲလို...။

ဟဲလို ပိလား...

ဟုတ်တယ်နောင့်... ပိခေါင်းကို စကင်ဖတ်ပီးပီ...။ သွေးခဲက သေးတယ်တဲ့... ဒါပေမယ့် ခွဲဖို့ ဆရာဝန်တွေနဲ့ ပိ အကို နဲ့ တိုင်ပင်နေတယ်...။

ဟုတ်လားပိ.... ဘယ်လိုဖြစ်ဖြစ်ခွဲရမှာပေါ့နော်....

အင်း ခွဲရမယ် နောင့်...။ အခု ပိရဲ့ ဆရာဝန် လာနေတယ်....။ ခဏလေး ပိ နှုတ်ဆက်လိုက်ဦးမယ်...

အော့ ပိ ...

အင်း သူက ပိကို ခွဲစိတ်နေစဉ်တစ်လျှောက် လိုက်မှတ်ထားရမှာလေ...။ ပိက သူ့လူနာဆိုတော့...

အော့

အဲဒါမှ သူ အကြောင်းစုံသိမှာ...

အော့ ပိ

ဟော.. ပိ ဆရာနဲ့ သူငယ်ချင်းတွေ လာနေတယ်....

ဟုတ်လားပိ...

အင်း လာနေကြပီ... အဟင့်... ဟင့်...

ပိ.....

ဟင့်... အဟင့် ... နောင့်... အီး......

ပိ ရယ်.. မငိုပါနဲ့.. နောင့် တစ်ယောက်လုံး ရှိတယ်လေ...။ ပိဘေးမှာ နောင့် တစ်ယောက်လုံး ရှိတယ်လေ.....

နောင့်ရယ်.. ပိကို ခွဲကြတော့မယ်.. နောက်ဆယ်မိနစ်ဆို ပိကို မေ့ဆေး ပေးတော့မယ်.... အဟင့် ဟင့်....

ပိရယ်.. မေ့ဆေးက ပိရဲ့ ခန္ဓာကိုယ်ကိုပဲ ပေးနိုင်တာပါ...။ နောင့်က ပိရင်ထဲမှာလေ...။ ပိလက်ကို ဆုပ်ထားပေးတယ်..။ နောင့် မလွှတ်ဘူး... ။ ပိ မှတ်ထား...။ နောင့် ခွင့် ပြုချက်မရပဲ ပိ ဘယ်မှ မသွားရဘူး...

...................... ဟင့် ဟင့်.............

ပိ... နောင့်တို့ အတူတူ တိုက်ပွဲဝင်မယ်နော်....။ ပိရင်ထဲက နှလုံးခုံသံကို နားထောင်ကြည့်... သာမာန်ထက် အားပြင်းတယ်သိလား...။ ဘာလို့လဲ ပိသိလား..

......ဟင့် ဟင့်...

ပိရင်ထဲမှာ ပိရဲ့ နှလုံးသားက တစ်ခု နောင့်ရဲ့ နှလုံးသားက တစ်ခု နှစ်ခုပေါင်းပီး ခုန်နေတာပိ...
ပိ ဘာမှ မဖြစ်ဘူး... ပိခွဲစိတ်ခန်းထဲ ဝင်လဲ နောင့် ပိနဲ့ အတူရှိနေတယ်နော်ပိ....

နောင့်ရယ်... အဟင့်... ဟင့်.......... ပိ သိတယ် နောင့် ....... ပိနားမှာ နောင့်ရှိတယ်ဆိုတာ...

အော့ .. နောင့်ရှိတယ်ပိ... ပိကို ဘယ်မှ ပေးမသွားဘူး.....
ပိမှတ်ထား... ပိအုံးနေတဲ့ ခေါင်းအုံးဟာ နောင့် လက်မောင်းပဲ...။ ပိ အိပ်နေတဲ့ မွေ့ယာဟာ နောင့်ပဲ...။ ပိ ခြုံထားတဲ့ စောင်ဟာ နောင့် ရဲ့ လက်အစုံပဲ... ပိနဲ့ ထပ်တူ နောင့် ရှိနေတယ်နော်ပိ..

နောင့်ရယ်.. ဟင့်...

ပိ စိတ်မပူနဲ့နော်..

နောင့်ရယ် ဘယ်လိုဖြစ်ဖြစ် ပိကို မမေ့ရဘူးနော်.....

မမေ့ဘူးပိ ... ပိရင်ထဲမှာ နောင့် ထာဝရ ရှိနေတယ်.. ။ နောင့်ရင်ထဲမှာလဲ ပိ ရှိနေတယ်...။ ပိ ... အတူတူ တိုက်မယ်နော်....

နောင့်ရယ်....

နောင့် နောင့် ပိကို လာခေါ်နေကြပီ...။ ပိသွားရတော့မယ်............ နောင့် နောင့်.........

ပိ ပိ..............

နောင့် ...................... (ကလစ်)

Thursday, March 18, 2010

ဒွိဟ

စိတ်တွေနောက်ကျိနေတယ်....
တင်းထားရင်လဲ ပြတ်မှာစိုးတဲ့စိတ်နဲ့ မျက်စိမှိတ် နားပိတ် နေခဲ့ရတာ အကြိမ်တွေ ရေတွက်လို့မရ....
ချစ်တတ်လွန်းတဲ့ ကိုယ့်ကိုယ်ကိုပဲ ခပ်ဖွဖွကျိမ်ဆဲရင်း လေးလွန်းတဲ့ရင်ကို ထမ်းထမ်းပီး ငါ့နေ့တွေ ဆက်နေရတယ်...
ကံကြမ္မာအလှည့်ပြောင်းလေးတစ်
ခုမှာ စေ့ထားတဲ့တံခါလေးဟသွားလို့ အတွင်းကို တစ်စွန်းတစ်စ မြင်ခွင့်ရလိုက်တယ်...
မယုံကြည်နိုင်စရာကောင်းအောင် အတ္တတွေက ဘဝကို အဖန်ဖန် မျက်လှည့်ပြ.........
အမှန်တစ်ရားနှစ်ခုကြားမှာ ပါးပါးလေး လက်တစ်လုံးခြားလှည့်နေတာ.....
ငါ ဆိုတဲ့ တံတိုင်းကိုတော့ ကျော်ဖို့ ခက်ကြတယ်မလား....။
တံတိုင်းနောက်က နှလုံးသားတစ်ခုကို ထုတ်ကြည့်ချင်တဲ့ ငါကပဲ မှားနေတာပါ....။
ပတ်သက်မှု အတိုင်းတာတစ်ခုကို စည်းချက်ကျကျ ထိန်းထားဖို့လိုတယ်ဆိုတာ သိလာချိန်မှာ ငါမမှားတဲ့ ငါ့ အမှားတွေတွက် ငါ့ကို စွဲချက်တင်ပီးနေပီ....။
ထိရှတာချင်းတူတူ သူက ပိုနာတတ်နေတော့ ဟင်းလင်းပြင်တစ်ခုလို ငါခေါင်းငုံ့ပေးလိုက်တယ်.....
ပေးဆပ်မှုမှာ မျှော်လင့်ချက်လေး ကပ်ပါနေမိတာ ငါ့ရဲ့ ကြီးကျယ်သော ဆုံးရှုံးမှုပေါ့.....
မျက်ရည်ပူတွေ ဝေ့ဝဲတက်နေတဲ့ ဒီမျက်လုံးတွေနဲ့ပဲ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကြားကို ငါ ပါးပါးလေး တိုးဝင်ရင်း မပြည့်သောဆုတွေ တောင်းမိတုန်း....
ဆိုင်တယ်ထင်တော့ တောင့်တတယ်.. ပိုင်တယ်ထင်တော့ ကြောင့်ကျတယ်တဲ့....
ကြားဖူးတဲ့ တရား အဆုံးမစကားတွေ.....
နားထဲမှာ ရိုက်ခတ် ပဲ့တင်ပြန်လဲ ငါက ခေါင်းမာလွန်းစွာ ဆုပ်ကိုင်ထားနေဆဲ.....
ဟူး......................
သိမ်မွေ့နက်ရှိုင်းလွန်းတဲ့ သံယောဇဉ်ပုစ္ဆာထဲမှာ မျက်စိတ်မှိတ် နားပိတ်တတ်ဖို့ ကျင့်ရမှာလား.....
ဥပေက္ခာနဲ့ လစ်လျူရှုတာ ဘာကွာလဲ.....
ဟူး.........................
သက်ပြင်းမောတွေ အခါခါချရင်း အရာရာကို ရင်ထဲ ထည့်လွန်းတဲ့ငါ့ကိုငါ အခုထိ အားမရဘူး..........
ကောင်းတတ်လွန်းတဲ့ စိတ်ကို ခုထိ နားမလည်ဘူး...........
စာနာလွန်းတာလဲ မှားတာပဲလား.............
အခုထိ ငါရခဲ့တဲ့ ဒဏ်ရာတွေဟာ စာနာမှု၊ ကိုယ်ချင်းစာမှု၊ ပေးဆပ်မှု၊ တာဝန်သိတတ်မှု၊ စေတနာထားမှု၊ မေတ္တာသက်ဝင်မှုကနေ ဖြစ်ဖြစ်နေတာ အံ့အားသင့် ရင်နာနေတုန်း....
ပင်ပန်းလွန်းပေမယ့် ငါ့ခံယူချက်ကတော့ ယိုင်လဲ မသွားမှာ သေချာနေပြန်တယ်.............
ရင်ကို စုံကန် ထွက်သွားပေမယ့် နာကျင်ရင်း မေတ္တာမပျက်တတ်နေတာ ရှေးဘဝရဲ့ အတိတ်ကံကြောင့်လေလား....