Sunday, May 15, 2011

သံစဉ်အကျိုး...

လက်တွေက ဂစ်တာပေါ်မှာ မရပ်မနား ပြေးဆော့နေသော်လည်း ဘာသံစဉ်မှ မယ်မယ်ရရ မထွက်လာ….။ အုံ့မှိုင်းနေသော စိတ်အစဉ်ကို ပြန်လည် စုစည်းဖို့ ခေါင်းကို အကြိမ်ကြိမ်ခါနေတာလဲ ဇက်တွေက နာလာခဲ့ပြီ….။ မျက်လုံးအမြင်တွေ ခဏခဏ ဝေဝါးသွားနေတာကို အလိုမကျစွာ လက်ခံနေရသည်…။ သက်ပြင်းမောကို မှုတ်ထုတ်လိုက်ရင်း အချည်းနှီးဖြစ်နေသော ကြိုးစားမှုကို အဆုံးသတ်ဖို့ စဉ်းစားမိစဉ် သံစဉ်တစ်ပိုင်းတစ်စ ခေါင်းထဲရောက်လာတော့ အမိအရ ဖမ်းဆုပ်ဖို့ ဂစ်တာကို မချဖြစ်ခဲ့…။

“ဒေါက်… ဒေါက်.. ဒေါက်….”

ဘာကြောင့် တံခါးကို ခေါက်ရင် သုံးချက်ထက်မပိုကြတာလဲ…။ အလိုမကျစွာတွေးရင်း မချဖြစ်သေးတဲ့ ဂစ်တာကို အောင်မြင်စွာ ချမိသည်။ တံခါးကို ဖွင့်လိုက်တော့ သူမမှတ်မိလောက်တော့အောင် အိုစာသွားသော အဖေ….။ ရီဝေသော မျက်လုံးတွေက အဖေပျော်မနေတာကို သိသိသာသာ ဖော်ပြနေသည်။ စကား တစ်ခွန်းတစ်လေမှ မပြောဖြစ်ပဲ တစ်ယောက်ကိုတစ်ယောက် မမြင်ဖူးသလို ငေးမိနေကြသည်။ နောက်မှ သတိဝင်လာသလို အဖေက သူ့လက်ထဲ တစ်ခုခုကို ထိုးထဲ့ပေးရင်း ကျောခိုင်းသွားခဲ့သည်…။ ဘာလဲမကြည့်မိ..။ သံပါတ်ပေးထားသလို တံခါးကို ပြန်ပိတ်ရင်း သူ ကုတင်ပေါ် ထိုင်လိုက်သည်။

လက်ထဲက အဖေထည့်သွားပေးတာ ဘာမှန်း ရေရရာရာ မကြည့်ဖြစ်…။ သံစဉ်အကျိုးအပဲ့ကို ပြန်ဖမ်းဖို့သာ စိတ်စောနေမိသည်။ ဂစ်တာကို ပြန်ကောက်ကိုင်ရင်း တီးခတ်နေတုန်း ထောက်ဆို ဂစ်တာက ကြိုးပြတ်သွားခဲ့သည်။

“ဟူး….”

သက်ပြင်းမောကို ချလိုက်ရင်း ဂစ်တာကို အနားပေးလိုက်တော့သည်။ ခေါင်းရင်းမှာ ချထားသော ညပေါင်းများစွာ ဖတ်ဖို့ကြိုးစားမိနေသော စာအုပ်လေးကို ကောက်ကိုင်မိသည်။ ထို့နောက်မှ အဖေ တစ်စုံတစ်ခု တိတ်ဆိတ်စွာ ထိုးထည့်ပေးသွားတာကို သတိရလာသည်။ သူဘယ်နား ချမိပါလိမ့်…။

မိနစ်ပိုင်းလေးအတွင်း လွင့်မျှောနေသော စိတ်အစဉ်မှာ အဖေပေးခဲ့တာ ပျောက်ဆုံးသွားခဲ့ပြီလား…။ စိတ်မောလူမောဖြစ်စွာ အိပ်ယာကို အစအဆုံးမွှေနောက်ရှာနေမိသည်။ ခက်တာ ဘာမှန်း မကြည့်မိသည့်အတွက် ဘာကို ရှာနေမှန်း သူလဲမသိနေ….။ အဖေလက်ထဲထည့်သွားပေးတုန်းက ခံစားမှုကို ပြန်အမှတ်ရမိဖို့ ကြိုးစားကြည့်သည်။ မာကျောနေလား..။ ဒါမှမဟုတ် နူးညံ့သော အရာတစ်ခုခုများလား…။ သေချာတာကတော့ သူ လက်ထဲရောက်လာသော ပစ္စည်းအတွက် မှတ်မှတ်ရရ ခံစားချက်တွေ ဖမ်းဆုပ်မရနေတာပင်…။ စိတ်ပိုမောသွားသည်။ ဒီတိုင်းဆို ရှာနေတာ တွေ့ပါ့မလား…။ မိနစ်ပိုင်းကနေ နာရီပိုင်းကို ကူးပြောင်းလာသည်အထိ သူဘာရှာနေတာကို သူမသိသေး…။

အဖေ့ကိုသွားမေးမှပါ…။ တံခါးကို ထဖွင့်လိုက်ရင်း အပေါက်ဝမှာ သူတွေဝေနေမိသည်။ အဖေသိရင် မှိုင်းညှို့နေသော မျက်ဝန်းတွေ ခြောက်သွေ့အက်ကွဲသွားမှာ သူသိနေသည်။ အဖေ့ကို ဒီထက်ပိုပြီး စိတ်မဆင်းရဲစေချင်တော့…။ တံခါးကို အသာအယာပဲပိတ်ကာ သူပြန်ထိုင်မိသည်။ သူ ခုဏက မြင်တွေ့ခံစားလိုက်ရသော အဖေ့မျက်ဝန်းထဲမှာ အဖေပေးသွားတာကို ပြန်ရှာကြည့်ဖို့ ကြိုးစားမိသည်။ ဘာမှ ရှာမတွေ့တော့ သူ ရှက်ရွံ့လာမိသည်…။ မကြာသေးခင်ကမှ အဖေကိုယ်တိုင် ပေးသွားသော ပစ္စည်းတစ်ခု ပျောက်ရှသွားခဲ့ပီလား..။ သူပိုင်သော သူ့အခန်းကျဉ်းလေးထဲမှာ အံ့သြမှင်တက်ဖို့ကောင်းလှအောင် ပျောက်ချက်သားကောင်းသွားခဲ့သော ဘာမှန်းမသိသော ပစ္စည်းလေးတစ်ခု…။

စိတ်ပျက်အားငယ်စွာ အိပ်ယာပေါ် ပက်လက်လဲလိုက်တော့ မျက်နှာကျက်မှာ ကပ်လျက်နားနေသော ပိုးဖလံမှ လောင်ရယ်သံကို အမှတ်မထင် ကြားလိုက်ရသည်။ ဘာတွေလဲ …။ သူရူးသွပ်သွားခဲ့ပီလား…။ သေချာအောင် ထပ်ကြည့်နေတုန်းမှာ ပိုးဖလံရဲ့ မျက်နှာကို သေချာ မြင်လိုက်ရသည်။ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ တူနေသလို…။ ဟာ… မဟုတ်ပါဘူး..။ သူ စိတ်ဂယောက်ဂယက်ဖြစ်သွားပီလား…။ တွေးနေတုန်းမှာပဲ ဒုတိယအကြိမ် ပိုးဖလံရဲ့ အပြုံးကို ထင်ရှားစွာ မြင်လိုက်ရသည်..။

ပိုးဖလံက ပြုံးနေတယ်…။ သူ တွေဝေနေတုန်းမှာ ပိုးဖလံက ထပြန်သွားခဲ့သည်။ ထုံးစံအတိုင်း ရဲရဲတောက်လောင်နေသော မီးတောက်တစ်ခုအတွင်းသို့ …။ ဟုတ်ကနဲ တောက်လောင်အား ပြင်းသွားသော မီးညွှန့်ကို ခြောက်ချားစွာ ငေးကြည့်မိရင်း ပိုးဖလံရဲ့ ဘဝ အဆုံးသတ်သွားပုံကို ဆွံ့အစွာ ငေးမောနေမိသည်။ ပိုးဖလံ မီးကို တိုးတာ အထူးအဆန်းမဟုတ်ပေမယ့် လောင်ရယ်ပီး ပြုံးပြသွားတာတော့ ဒီဖလံတစ်ကောင်သာ ရှိသေးသည်။ ပြတင်းတံခါးကို အလန့်တကြား သွားပိတ်လိုက်ရင်း ပြန်လှည့်လာတော့ သူ့အိပ်ယာပေါ်မှာ ထိုင်နေသော အရိပ်တစ်ခု…။

တုန်လှုပ်ခြောက်ချားစွာ ကျောပြင်တွေက ပြတင်းတံခါးကို ဝင်ဆောင့်မိသည်အထိ သူ နောက်တွန့်သွားခဲ့မိသည်။ ဘာတွေ ဖြစ်နေပီလဲ လောကကြီး…။ ထိုစဉ်မှာပင် သူ့ပုခုံးကို တစ်ယောက်ယောက်က ထိတွေ့ကိုင်တွယ်လိုက်တာကို ခံစားလိုက်ရသည်..။ အေးစက်သွားသော ကိုယ်ခန္ဒာနှင့်ဆန့်ကျင်စွာ နဖူးမှာ ချွေးစေးတွေ စီးကျလို့လာခဲ့သည်။ တံခါးပေါက်ဘက်ကို လှည့်ကြည့်လိုက်တော့ တံခါးရွက်မှာ မျက်လုံးစိမ်းတစ်စုံ… ။ အကြောက်လွန်သွားတာလား မကြောက်တော့တာလား သူ့ကိုယ်သူ ဝေခွဲမရ…။ စိတ်ဓာတ်ကျ ခေါင်းငိုက်စိုက်ချကာ အိပ်ယာထက်က အရိပ်မည်းဘေးမှာ ဝင်ထိုင်မိသည်။

အက်ကွဲနေသော အသံဖြင့် အရိပ်မည်းကြီးထံမှ စကားသံထွက်လာသည်။

“မင်း ရှာနေတဲ့ ပစ္စည်းက မင်းရင်ဘတ်ထဲမှာ…”

သူ အံ့သြသွားသည်။ သူ့ကို တစ်ချိန်လုံး အရိပ်မည်းကြီးက စောင့်ကြည့်နေခဲ့တာလား…။

“ခင်းဗျား ဘယ်လိုသိလဲ… ။ ဟာ ဘယ်လိုဖြစ်နိုင်မှာလဲ..။ အဖေထည့်သွားတာက ကျုပ်လက်ထဲကို… ။ ကျုပ်ရင်ဘတ်ထဲရောက်သွားရင် ကျုပ်သေသွားမှာပေါ့…”

အသံနက်ကြီးနဲ့ ပြတင်းတံခါးဆီမှ ရယ်သံကို ကြားလိုက်ရသည်။ ထို့နောက်…

“မင်းက လက်နဲ့ထိတွေ့ရမှ ရှိတယ်လို့ထင်တာကိုးကွ… ။ မင်းလက်ထဲ မင်းအဖေ ထည့်သွားပေးတုန်းက မင်းဘယ်လို ခံစားရလဲ..။ အဲဒီပစ္စည်းက မာလား၊ ပျော့လား၊ ပူလား၊ အေးလား.. ။ ပြန်စဉ်းစားကြည့်”

သူ တုန်လှုပ်သွားသည်။ အမှန်တိုင်း ဝန်ခံရလျှင် သူ လုံးဝကို မမှတ်မိတာ သေချာသည်။

“မင်း မဖြေနိုင်တော့ဘူးမလား…”

သူ ခေါင်းငိုက်စိုက်ချကာ ဆိတ်ငြိမ်ခြင်းဖြင့် ဝန်ခံမိသည်။ အမှတ်တမဲ့ ခိုးကြည့်မိတော့ တံခါးရွက်စီက မျက်လုံးစိမ်းတွေ မီးဝင်းဝင်းတောက်မတတ်ဖြစ်လာတာကို မြင်လိုက်ရတော့ သူတစ်ဖန်ကြောက်ရွံ့လာမိပြန်သည်။

“ခင်းဗျားတို့က ဘယ်သူတွေလဲ…”

အိပ်ယာထက်မှ အရိပ်မည်းကြီးက သူ့ဘက်ကို လှည့်လာသည်။…

“ဟာ…. ” သူ ခြောက်ချား အားငယ်စွာ အော်မိသည်။ အခန်းတစ်ခုလုံးကို လှည့်ပတ်ကြည့်မိတော့ အားလုံးက သူ့အရိပ်တွေ…၊

သူ့ကိုသူ ပြန်ခြောက်လှန့်နေတာပါလား…။ အမှတ်တမဲ့ ရင်ဘတ်ထဲ ငုံ့ကြည့်မိတော့ ခုန်နေသော နှလုံးသားထဲမှာ အဖေပေးသွားခဲ့သော “မိဘမေတ္တာ”……

ဆိတ်ငြိမ်စွာပဲ သူလဲပြိုကျကာ ကလေးငယ်လို ငိုကြွေးမိသည်…။ ရှိုက်ကြီးတစ်ငင် …..။

0 comments:

Post a Comment