Monday, December 14, 2009

သံဝေဂ လင်္ကာ

ခန္ဓာ ငါးပါးနဲ့
ဟောဒီ သံသရာ ဒုက္ခ အစစ်ကြီးထဲ
ကျွဲပါးစောင်းတီး ရင်ဘတ်နဲ့
အမြတ်တနိုး မက်တဲ့ အိပ်မက်က "နင်"..။

အဘိဇ္ဇာ မြူမှုန် စက်ဝိုင်းထဲ
မထိခလုတ် ထိခလုတ် စိတ်တွေက
သိင်္ဂါရညှို့ သံ တင်းတင်းမှာ
ညောင်သီးလေး ရယ်သံက ချို, ချို နိုင်လွန်း

တပ်မက်မှုက အဝိဇ္ဇာ တဏှာ
သိသာသိ မမြင်သူ မျက်ကန်းလို တစ္ဆေမကြောက်
အမိုက်တိုက်ထဲ နေသာရုံ , ခုန်လှုပ်နှလုံးသားနဲ့
ဝင်သက် ၊ ထွက်သက်တိုင်းလည်း "နင်" မှ "နင်"

မာတုဂါ မလေးရေ !
သံသရာဟာ အကြီးဆုံး ဝဋ်ဆင်းရဲ ဆိုပေမယ့်
လွတ်မြောက်ရာ တရား, ကင်းပ ငါ့မှာ
နင်သာ....
ငါကိုယ်တိုင်ရှာတဲ့ " သမုဒယ သစ္စာ "...။

ကူးလွေ့

ကောဇာသက္ကရာဇ် ၁၃၆၈
တပေါင်းလဆုပ် (၁၂) ရက်။

Saturday, December 12, 2009

ပုံတူ

ဆိုးဆေးများ ယိုစီးဆဲ
ရင်ကတုတ်ပေါ်ကွဲတဲ့ ဗုံး ဟာ
ငါ ကိုယ်တိုင် ဟုတ်....မဟုတ်?

အလှကြည့် "မှန်" တစ်ချပ်နဲ့
မတ်တပ်ရပ်ဆဲ ငါ
ပြာအက် ကောက်ကြောင်းလမ်းမပေါ်
နီရဲ.. လိုအင်..များ

ငါ ဟာ ငါ ကိုယ်တိုင်ပဲလား...?

နှုတ်ခမ်းကို ဖွင့်...ဟ
"အရိပ်" များ ...အန်ချခဲ့...။

ကူးလွေ့

Friday, December 11, 2009

ပြဇာတ်

ပျားရည်တွေ ချိုမြမြ စီးတယ်။

ကတိ၊ သစ္စာ ၊ အနာဂါတ်
မြတ်နိုးခြင်း ၊ အကြင်နာ
တစ်ဘဝ ညီမျှ ပူးပေါင်းရေး

မျက်လုံးနဲ့ နှုတ်ဆက်လိုက် ကြတယ်။

ကူးလွေ့

Tuesday, December 1, 2009

ဒီဇင်ဘာ ပန်းချီကား

တိတ်တဆိတ်
ကျောခိုင်းသွားတဲ့ မီးခိုးမှုန်တွေရဲ့ ဒီဇင်ဘာက
ဆယ့်နှစ်နာရီ မိနစ် နှစ်ဆယ်

ခဏလေး တွေ့ကြဖို့
ခပ်ဝေးဝေး ကတည်းကလည်း စောင့်ခဲ့တယ်
ပါးပြင်ပေါ် ငါ့ ဝင်သက်လေး တစ်ရှိုက်စာ

ခုတော့...
ကိုယ်ငွေ့တို့ မနွေးထွေးလိုက်ခင် မိုင်တိုင် တွေထဲ
ခိုက်ခိုက်တုန်..။


ကူးလွေ့

22.12.06
Friday,December.

Saturday, October 10, 2009

အမှတ်တမဲ့...

ဒီနေ့ .....
မထင်မှတ်ပဲ ကြားလိုက်ရတဲ့ သတင်းဆိုးတစ်ခု.....၊
မယုံကြည်နိုင်လောက်အောင် မထင်မှတ်တာတွေက ဖြစ်တတ်လွန်းတဲ့ လောကရယ်.....
ရုတ်တရက်ကို တစ်ဖြုတ်ဖြုတ်ကြွေနေကြ....။
အဲဒီအထဲမှာ ဆရာလည်း ပါသွားတယ်တဲ့လား.....။
ကျွန်တော် မယုံကြည်နိုင်စွာ အံ့အားသင့် နာကျင်နေလို့....။
ဒီကနေ့ပဲတဲ့.... ဆရာတစ်ယောက် လောကကြီးကို အရွယ်ကောင်းတုန်း၊ သန်တုန်းမာတုန်းမှာ ကျောခိုင်းထားလိုက်ပုံများ....။
သင်္ခါရဆိုတာ သိပေမယ့် အိုဆရာရယ် ......
ကျွန်တော်တို့ တွေ့ဆုံခဲ့တဲ့ အချိန်က တိုတောင်းပေမယ့် အမှတ်ရစရာ၊ မှတ်သားစရာ အဖြစ်အပျက်တွေ စုံလို့ပေါ့ဆရာရယ်....။
လက်ထောက် ကထိကအဆင့်ကို တက်တာမှ မကြာသေး... ဆရာတစ်ယောက် လောကပေါ်က ပျောက်ကွယ်သွားပြီတဲ့လား....။
မှတ်မှတ်ရရပါပဲဆရာ.... ထိပ်ဆုံး စတင်သိကျွမ်းခွင့် ရပုံက ထိပ်တိုက်တွေ့ခဲ့တယ်နော်....။ ဂျစ်ကန်ကန်နဲ့ ဆရာ့ ပုံကို ကျွန်တော်တို့ ဖရက်ရှာကောင်လေးတွေ သိပ် မကြည်ခဲ့ဘူးလေ....။
မောင်မယ်သစ်လွင်ပွဲတွေလုပ်ရင်း ဆရာနဲ့ကျွန်တော် အတွဲညီခဲ့တယ်နော်....။
အင်္ဂလိပ်မေဂျာမှာ ပြေးကြည့်မှ နှစ်ယောက်တည်းရှိတဲ့ ဆရာထဲက တစ်ယောက်....။
မေဂျာကို ချစ်လွန်းတဲ့ဆရာတစ်ယောက်....။ မန္တလေး ကျောင်းဆင်းဖြစ်ရတာကို ဂုဏ်ယူလွန်းတဲ့ ဆရာတစ်ယောက်...။ အခုဘယ်ဆီရောက်ပြီလဲ....။
ငယ်ငယ်က ဆိုးတဲ့အကြောင်းတွေကို ဖောက်သည်ချရင်း ငယ်ဂုဏ်နဲ့မလိုက် ပျော်တတ်၊ သည်းခံတတ်တဲ့ ဆရာ....။
ဒေါသကို မြိုသိပ်ပြီး ကွယ်ရာမှာမှ ကြိတ်ပေါက်ကွဲတတ်တဲ့ဆရာ....
ကျွန်တော့ကို ယုံကြည်စွာနဲ့ စာသင်ဖို့ အားပေးခဲ့တဲ့ဆရာ....။
ကျွန်တော် အားငယ်နေချိန်မှာ လက်တွဲပေးတတ်တဲ့ဆရာ....။
စာတစ်လုံးမှ မသင်လိုက်ရပဲ ဆရာတပည့် အရင်းကြီးဖြစ်ရတာ ကျွန်တော် ဂုဏ်ယူတယ်ဆရာ....။
နှစ်တိုင်း တပည့်တွေနဲ့ တရုံးရုံး.... အလုပ်ကို အတူတူလုပ်တတ်တဲ့ဆရာ....။
အခက်အခဲတွေကြားက မျက်နှာမငယ်ရအောင် လုပ်ပေးတတ်တဲ့ဆရာ....။
သီချင်းဆိုတာ ဝါသနာကြီးလွန်းတဲ့ဆရာ....။
လူဖြောင့်ကြီး ဆရာ....။
ဘီယာသိပ်ကြိုက်လွန်းတဲ့ဆရာ....။
အခုတော့ ဆုံးသွားပြီတဲ့လား....။
ဒီနေ့ညနေကပဲ ဆုံးသွားပြီတဲ့လားဆရာရယ်....။
ကျွန်တော် ပြန်လာရင် ဆရာ့ဆီလာပြီး ဆရာကြိုက်တဲ့ ဘီယာ အဝတိုက်မယ်ဆိုတဲ့ စိတ်ကူးတွေ အခုတော့.......
အိုဆရာရေ....
ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်ဘဝပဲရောက်ရောက် ဆရာ့ကို ထာဝရ ဦးထိပ်ထား ဂါရဝတရားနဲ့ အစဉ်ဦးညွှတ်နေမှာပါ....။
ဆရာရေ....
ကောင်းရာသုဂတိ လားပါစေ....
ကျွန်တော် ပြုဖူးသမျှ ကုသိုလ်တွေကို အမျှပေးဝေပါတယ်....။
ရောက်လေရာက ဆရာတစ်ယောက် သာဓုခေါ်နိုင်ပါစေ....။
ကုသိုလ် အမျှ ..... အမျှ ..... အမျှ ပါ ဆရာ......
ဒီစာလေးနဲ့ ဆရာ့ကို နောက်ဆုံးအကြီမ် ကန်တော့ပါရစေ......

လွမ်းဆွတ်ကြေကွဲလျှက်....

ဆရာ့ချစ်တပည့်...

စိုင်းစိုင်းမွန်း...

၂၀၀၉၊ အောက်တိုဘာလ ၉ ရက် မွန်းလွဲပိုင်းတွင် တောင်ကြီး စောဝ်စံထွန်း ဆေးရုံပေါ်တွင် ကွယ်လွန် အနိစ္စရောက်သွားသော တောင်ကြီး တက္ကသိုလ် အင်္ဂလိပ်စာဌာန လက်ထောက်ကထိက ဦးမောင်မောင်လေးအား ရည်စူး၍ ရေးသားသည်....

Monday, August 24, 2009

အခန်း

ခင်ဗျားသိပြီးသား သင်္ခါရတွေ ပါပဲ
ဟော ဒီအခန်းလေး ထဲမှာ
အခင်း အကျင်း နည်းနည်းမှ မပါ။

ဆွဲဖွင့် မိလိုက်တိုင်း
သမုဒယ တွေချွဲပြစ်စေးထန်းနေတဲ့
မျော်လင့်တကြီး ခင်ဗျားလက်
အိုးတိုးအမ်းတမ်း လွဲဖယ် စေ ရုံလေး
ဒါမှမဟုတ်လည်း
ငြီးငွေ့ဖွယ် ဒီအနံ့ အသက် မျိုးမှာ
အလှအပ သက်သက် ခင်ဗျားအာရုံတွေ
သာမန်ကာလျှံကာ အဖြစ်မျိုးထက် လွန်ပြီး
တမင်တကာ
လောကဝတ် ဆန်ဆန်ကြီး
ကြိုဆို နှုတ်ဆက်လိုက်ဖို့ ခက်တဲ့
ခင်းဗျားသိပြီးသား သင်္ခါရစစ်စစ်တွေ
ဟောဒီ အခန်းကျဉ်းလေးထဲမှာ
အခင်း အကျင်း နည်းနည်းမှ မပါ။

ကူးလွေ့

24.08.2009
Mon,August

Tuesday, August 18, 2009

ကျွန်တော့်ရဲ့ အလွမ်းစာ

ဘာရယ်တော့ မဟုတ်ပါဘူးဗျာ..။ သေသွားတဲ့ အိမ်က ကြောင်ကလေးအကြောင်း အလွမ်းစာပါ။ အတော်လေးကို လိမ္မာ ပြီး လူနဲ့ အင်မတန် နီးစပ်တဲ့ ကြောင်ကလေးပါ။စမွေးခါစကတော့ နှစ်ကောင်ပေါ့..။ ညီအစ်ကို နှစ်ကောင် ဆိုပါတော့ဗျာ..။တစ်ကောင်က တော့ အရွယ်ရောက်ပြီး မကြာခင် ပျောက်သွားလေရဲ့။ သူတို့ရဲ့ ငယ်ဘ၀ရာဇ၀င်ကို ကျွန်တော် မသိမှီလိုက်ပါဘူး။ သူတို့ နှစ်ကောင် အိမ်စရောက်တော့ ကျွန်တော်က အဝေးမှာ..။ ကျွန်တော် အိမ်ပြန်ရောက်တဲ့အချိန် မှာတော့ တစ်ကောင်ပဲကျန်တော့တယ်။ အခုရေးမှာက အဲဒီကောင် အကြောင်း ဆိုပါတော့။

ဒီကောင်က အမေ့ရဲ့ အချစ်တော်ပါ။ အမေချစ်အောင်လည်း သူက တတ် သကိုးဗျာ။ အစာတောင် အမေကျွေးမှ ကောင်းကောင်းစားတာ။ ဗိုက်ဆာရင် တညောင်ညောင် အသံလေး ပေးပြီး အမေ့ကိုရှာတတ်တယ်။တစ်ခါတစ်လေ အမေ တီဗွီကြည့်နေရင် ခြေထောက်နားသွားပြီး ပွတ်သီးပွတ်သပ်နဲ့ ၊ ခြေချောင်းတွေကို ကိုက်ပြီး ထမင်းကျွေးဖို့ သတိပေးတတ်သေးတယ်။စားရင်လည်း အစားက ရွေးသေးတယ်။ ပေါက်ကရ ကြုံတာနဲ့ ကျွေးလို့မရဘူး။သူ့ကို ကျွေးဖို့ ပုဇွန်ခြောက် သပ်သပ် ၀ယ်ထားပေးရတယ်။ တခါတစ်လေ ပုဇွန်ခြောက် ကုန်သွားလို့ ဆိုရင် ထမင်းကောင်းကောင်းမစားတော့ဘူး။ ဒီလို အချိန်ဆို ကျွန်တော်ကတော့ အ၀ယ်တော်ပဲ။ နီးရာဆိုင်ကနေ အသားခြောက် အထုပ်သေး တစ်ခုခု သွားဝယ်ပေးရတယ်။မဟုတ်ရင် သူ့ကြောင်ကလေး ထမင်းမစားရင် အမေ့ခမျာလည်း မလန်းဆန်းရှာဘူးကိုး။

နောက်ပြီး ဒီကောင်က အိပ်ရင်လည်း အများအားဖြင့် အမေ့နားပဲ အိပ်တတ်တယ်။ ပြီးတော့ သူအိပ်ပုံက အဆန်း။ ခွေမအိပ်ဘူး။ လူတွေအိပ်သလို ပက်လက်ကြီး ခြေပစ်လက်ပစ် အိပ်တတ်တယ်။ တစ်ခါတစ်လေ လည်း ဘေးတစ်စောင်းအိပ်တယ်။သူ့ ကို ကလေး ငယ်လို ချီပြီးသိပ် ရင် အရမ်းကြိုက်တတ်တယ်။ အမေဆို သူ့ကို အဲလို ချီ ပြီး သိပ်နေကြ။ ဒါကြောင့် သူက အိပ်ချင်လာရင် အမေ့ဆီကို ပဲသွားတယ်။တစ်ခါတစ်လေ အမေ မီးဖိုချောင်ထဲ အလုပ်ရှုပ်နေရင်တောင် သူက တညောင်ညောင် အသံပေးလိုက်တာနဲ့ အမေကလည်း လာလာ ဆိုပြီး လက်ဆန့်ပေးလိုက်တာပဲ။ အဲဒါမျိုးများဆို အမေ့ပေါ်ကို ခုန်တက်ပြီး ကျကျ နနကို အိပ်တော့တာ ကလား။

သူက လူနဲ့ အိပ်ရတာကို အင်မတန် ကြိုက်တယ်ဗျ။ ညအစောပိုင်းဆို အမေ့နားသွားအိပ်တယ်။ ည တစ်ရေးနိုင်းဆို အပေါ့ အပါးက ထသွားတတ်သဗျ..။ အဲလို အချိန်ဆို လူကို နိုးတတ်တယ်...။ တံခါး ထဖွင့်ပေးလိုက်ရင် ခဏထွက်သွားရော...။ တစ်ခါတစ်လေ အပြင်မှာကြာနေလို့ မစောင့်ပဲ တံခါးပြန်ပိတ်ပြီး အိပ်နေရင်လည်း အထဲဝင်မယ်ဆို အပြင်ကနေ အသံပေးတယ်...။ ကြုံသလို မ၀င်လာတတ်ဘူး။အဲဒီတာဝန်ကိုလဲ အမေပဲ အများအားဖြင့်ယူ ထားတာပါပဲ။တစ်ရေးနိုး အပြင်ထွက် အပေါ့အပါးသွားပြီးရင် ကျွန်တော့်ဆီ လာတောင်းအိပ်တတ်တယ်။ တောင်းအိပ်တာ ဆို တာ တစ်ကယ်ကို တောင်းအိပ်တာ။ ခေါင်းရင်း နားကို လာပြီး တညောင်ညောင် အသံ တိုးတိုးပေးတတ်တယ်။ မနိုးမချင်း တက်မအိပ်ဘူးဗျ။ အဲဒီနားမှာပဲ စောင့်နေတာပဲ။ နိုးလာလို့ ဂွမ်းဖုံကလေး အသာဟပြီး လာလာ ဆိုမှ တက်လာတာ။ သူက အိပ်ရင် ချိုင်း နားမှာ ခေါင်းကလေး မှေးတင်ပြီး အိပ်လေ့ရှိတယ်။ ပိုနွေးလို့လား မသိပါဘူး။ ခေါင်းကလေး ကိုမှေးပြီး ခြေပစ် လက်ပစ်နဲ့ အကျ ကို အိပ်တော့ တာများ အရမ်း ချစ်ဖို့ကောင်းတယ်။တစ်ခါတစ်လေများ လျှာကလေး တစ်လစ်ကို ထွက်လို့။

ပြီးတော့ ဒီကောင်က ကြောင်ထီးသာ ဖြစ်တာ ကြွက်တော့ ခုတ်တယ်။ ကြွက် ခုတ်လာပြီးရင် လူတွေရှေ့ ကို အမြဲယူလာပြီး ...ဆော့ တတ်တယ်။ ကျွန်တော်တို့ကများ ၀ိုင်းကြည့်ပြီး အသံထွက်အားပေးရင် အကွက်မျိုးစုံနဲ့ ဂျွမ်းပြန်နေအောင် ဆော့ တော့တာပဲ။ တစ်ခါတစ်လေ ဘယ်သူမှ စိတ်ဝင်တစား မကြည့်ဘူးဆိုရင်တော့ ၀တ်ကျေတန်းကျေလောက် ဟို တို့ ဒီပုတ် လုပ်ပြီး ထားခဲ့တော့တာပဲ။ စားချင်မှ စားတယ်။ စားရင်လည်း ခေါင်းရယ်၊ အမြီးရယ်၊ အရေခွံရယ်၊ ကလီစာရယ်ကို ဘယ်တော့မှ မစားပဲ ချန်ထား တတ်သဗျ။ တစ်ခါတစ်လေများ ဆို နှစ်ကိုက်လောက်ကိုက်ပြီး ထထွက်သားတတ်လေရဲ့။ ကျွန်တော်တို့က နောက်က လိုက်ကောက် လိုက်သိမ်းပေးရတတ်သေးတယ်။

ဒါပေမယ့် သူ့မှာ အားနည်းချက် တစ်ခုတော့ ရှိတယ်ဗျ။ အမြင့်ဆို ရင် တက် ပြီးတော့ ပြန်မဆင်းတတ်တာပဲ။ တစ်ခါတစ်လေ သစ်ပင် တက်ပြီး ပြန်မဆင်း တတ်ရင် ဒါမှမဟုတ် ခေါင်မိုးပေါ်က ပြန်မဆင်းတတ်ရင် ကျွန်တော်တို့မှာ နည်းမျိုးစုံနဲ့ သူ ပြန်ဆင်းလာအောင် ဖြေရှင်းပေးရလေ့ ရှိတယ်။ အများစုကတော့ ခေါင်မိုးပေါ်တက်တက် ပြီး ပြန်မဆင်းတတ်ပဲ တညောင်ညောင် လုပ်တတ်တာပဲဗျာ....။ ဒီအခါဆို ကျွန်တော်တို့မှာ စကော တချပ်ကို တစ်ယောက်က ခေါင်းပေါ် ကနေမြှောက်ပြီး တစ်ယောက်က သူဆင်းလာအောင် မြူရတယ်။ ဒါတောင် ကိုယ်တော်ချောက အမေ မပါရင် တော်တော်နဲ့ မဆင်းဘူး။ အဲဒီလို။ရန်လည်း မဖြစ်တတ်ဘူးဗျ..။ အကောင်သာကြီးတယ် အလည်သွားရင် သူများ ဆော်ပလော်တီးတာ ခံလာရတာ ချည်းပဲ။ ပြန်လာရင် ဒဏ်ရာ ဒဏ်ချက် ပေါင်းစုံကို အမြဲ မရိုးရအောင် ယူလာတယ်။ အမေ့မှာ ဆေး မှုန့်လေးတွေ နဲ့ သူ့ တစ်ကိုယ်လုံး လှန်လှောရှာဖွေပြီး ဆေးထည့်ပေးရ သဗျ..။ ဟတ်ဟတ် တစ်ကယ့်ကို အာဂကြောင်။

နောက်တော့ ကျွန်တော်တို့အိမ်ပြောင်း တော့ အဲဒီပြောင်းသွားတဲ့နေရာလေးမှာပဲ သူ နေလို့ထိုင်လို့ အသားကျပြီး သိပ်မကြာခင်လေးမှာပဲ ပျောက်သွားရှာတယ်။ အမေ့မှာ သူ့ကြောင်ကလေး ပြန်လာနိုး ပြန်လာနိုးနဲ့ ထမင်းပန်းကန်လေး ပြင်ပြီး စောင့်နေရှာတာ။ ည တရေးနိုးရင်လည်း သူ့ကြောင်ကလေး လာအော်ပြီး နိုးလေမလားလို့ ခဏ ခဏ စောင့်စောင့်ကြည့်တတ်လေရဲ့။ကျွန်တော်လည်း တော်တော် လေးကို စိတ်မကောင်းဘူး...။ သံယောဇဉ်တွယ် မိသကိုးဗျာ။ဘယ်လောက်အထိလည်းဆို တစ်ခါတစ်လေ ကြောင်တစ်ကောင်လို့တောင် မမြင်တော့တဲ့ အထိပဲ..။အမေ့နဲ့ သံယောဇဉ်ကတော့ ပိုပြီး နက်ရှိုင်းသပေါ့ဗျာ...။ သို့ပေမယ့်လည်း ကံဆုံ သလောက်ပဲပေါ့။နောက်နောင်အခါမှာ တရိစ္ဆာန် မဖြစ်ပဲ ကောင်းရာ မွန်ရာ မှာ ရောက်ပါစေလို့။ ဒီစာလေး ရေးဖြစ်သွားတဲ့ကြောင်းရင်းကလည်း ကျွန်တော် ကြောင်လေ ကြောင်လွင့်တွေ ပေါများလွန်းတဲ့ အရပ်တစ်ခုမှာ ရောက်နေတုန်း ပြန်လွမ်းမိတဲ့ အပိုင်းအစလေးတွေကို သီကြည့်ဖွဲ့ကြည့် တာသက်သက်ပါပဲ....။ဒီလိုနဲ့ ဒီ ကြောင် အလွမ်းစာလေးကို ရေးဖြစ်ပါတယ်။

ကူးလွေ့

18.8.2009
Tue,August.

Sunday, August 9, 2009

သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ

သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ
သည်စကားလေးက ကိုယ်က ကောင်းရဲ့သားနဲ့ ကိုယ့် ပေါ် ပြန်မကောင်း ချင်၊ မကောင်းတတ်ကြတဲ့ လူတွေကြောင့်ပဲ အငေါ်တူးရင်း ထွက်လာခဲ့ပုံပဲ။ လူသုံးတော့ များတယ်။ စကားလေးကတော့ သင်း တယ် ။ ရှင်းတယ်။ကိုဓဥပဒေသ ဆန်တယ်။ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ။ ဒါပဲ။

ဟုတ်သလိုလိုတော့ ရှိသား။ဒါပေမယ့်...တစ်ကယ်ပဲ သင်ကောင်းမှ ကျွန်ုပ် မဆိုးပဲ နေတတ်သလား? တစ်ကယ်လို့ သင်မကောင်းရင် ကျွန်ုပ်က မကောင်းဘူးပေါ့? ဒီစကားအရ ကျွန်ုပ်ရဲ့ ကောင်းခြင်း မကောင်းခြင်းဟာ သင်နဲ့ တိုက်ရိုက် အချိုးကျ သက်ဆိုင်ရာရောက်နေတယ်။ တနည်းအားဖြင့် ကျွန်ုပ်ရဲ့ ကောင်းချင်း မကောင်းချင်း ကိုယ်ရည်ကိုယ်ရည်သွေးဟာ သင့်ထံမှာ မှီခို ရပ်တည်နေရတယ်လို့ ယူဆနိုင်စရာပဲ။ နောက်တစ်ခါ စကားက အပေါ်စီး ဆန်တယ်။ သင်ကောင်း တယ်ဆိုရင်တောင် ကျွန်ုပ်ကောင်းပါ့မယ်လို့ မပြောထားဘူး။ မဆိုးဘူးလို့ ပြောရုံပဲ။ ကောင်းချင်မှလည်း ကောင်းမယ်။

သင်ကောင်းမှ ကျွန်ုပ် မဆိုး ဆို တဲ့ ကိစ္စရဲ့ တခြား တစ်ဖက်ကို တွေးကြည့်တော့ သင်ကမှ ရှေ့က ဦးဆောင်ပြီး မကောင်းပြရင် ကျွန်ုပ်က မဆိုးဖို့ကို မသိနားမလည်ပါဘူးလို့ ပြောရာ ရောက်တယ်။သင့်လွှမ်းမိုးမှုအောက်မှာ ကျွန်ုပ် ရှိနေတယ်။အပေါ်ယံမှာ တင်စီးပုံရပေမယ့် အတွင်းမှာတော့ လွှမ်းမိုး ချုပ်ကိုင်ခံထားရတယ်။ မှန်ထဲက အရိပ်လိုပဲ။ ရှေ့က တစ်စုံတစ်ခု ရဲ့ လှုပ်ရှားမှုအတိုင်း တုန့်ပြန်သက်ရောက်ဖို့ စောင့်ဆိုင်းရင်း ပိတ်မိနေတယ်။

သင်ကောင်းလျှင် ကျွန်ုပ်လည်း ကောင်းပါမယ် ဆိုရင်ရော။ အင်း..ကျွန်ုပ်မဆိုးပါထက်တော့ နည်းနည်း ပိုပြီး အပေးအယူ သဘောဆန်လာသလိုပဲ။ ရော့ပတ္တမြား ရော့ နဂါး ဆိုတဲ့ ပုံစံမျိုး။ ဒါပေမယ့် သင်က မကောင်းရင် ကျွန်ုပ်လည်း မကောင်းဘူး ဆိုတဲ့ အနေအထား က မလွတ်သေးဘူး။ သင့် လှုပ်ရှားမှု အတိုင်း လိုက်ပါ ပိတ်မိနေသေးတယ်။ သင်မကောင်းလည်း ကျွန်ုပ်ကောင်းပါမယ် ဆိုရင်ရော။ ဒါဆိုရင်တော့ သူမကောင်းသမျှ ခေါင်းငုံ့သီးခံ နေရတော့မှာပဲ။ အရှုံးပေး လက်လျှော့ထားရာများ ကျနေမလား။ သို့ပေမယ့် သင် ၏ ကောင်းခြင်း မကောင်းခြင်းကို စောင့်ကြည့်မျှော်လင့် စရာ မလိုတဲ့အတွက် ပေါ့ပေါ့ပါးပါး လည်း ဖြစ်သွားနိုင်တယ်။

သင် ကောင်းချင်ကောင်း မကောင်းချင်နေ ကျွန်ုပ် တတ်နိုင် သမျှ ကောင်းပါမည် ဆိုရင်ရော။အင်း ဒီမှာတော့ သင့်ရဲ့ ကောင်းခြင်း ဆိုးခြင်းအပေါ်မှာ လိုက်ပါတုန်လှုပ် မှု မရှိပဲ ဥပေက္ခာ လေးနည်းနည်းစွက်လာဟန်ရှိတယ်။ တတ်နိုင်သမျှ တော့ ကောင်းပါမယ်ဆိုတဲ့အတွက် အတိုင်းအဆ သဘော ဆန်တယ်။ အကန့်အသတ် လေး ပါလာတဲ့အတွက် လှုပ်သာ လှည့်သာ ရှိမယ့်ပုံပဲ။ အတိုအရှည်လေးတော့ ကွာချင် ကွာမှာပေါ့။အကန့် လေး တိုလွန်းသွားရင်လည်း နဂိုမူလ စကားကို ပြန်ရောက်သွားနိုင်တယ်။ ရှည်လွန်းပြန်တော့လည်း ကိုယ့်မှာ အကျိုးမဲ့ စရာ ဖြစ်လာ နိုင်သေးတယ်။

ကိုင်းဒါဖြင့် သင် နဲ့ ကျွန်ုပ် ကို ခေတ္တ ဖယ်ထုတ်ပြီး ကိုယ့်အပေါ် တစ်ပါးသူ ကောင်းခြင်း ၊ မကောင်းခြင်းကို ကျွန်တော်တို့ ဘယ်လိုများ တိုင်းတာ သတ်မှတ်ကြပါလိမ့်။ မိမိ လိုအင်နဲ့သာ တိုင်းထွာ ကြသလား။ သူ့ဆန္ဒ နဲ့ပဲ ပိုင်းဖြတ်ကြသလား။ နှစ်ဦးနှစ်ဘက် မျှ တပြီး စဉ်းစား ကြပါသလား။ သုံးလေ့ သုံးထ ရှိတဲ့ စကားတစ်ခုကို အခြားတစ်ဖက်မှ ဟိုတစ်စ ဒီတစ်စ ဆင်ခြင် တွေးတောကြည့်ခြင်းမျှသာ ပါပဲဗျာ။

ကူးလွေ့

07.08.2009
Fri,August.

Friday, August 7, 2009

ပြက္ခဒိန်များ

အခွံအကာများ တွန့်လိပ်ကြေမွမသွားခင်
သတိကြီးကြီး
ပစ်တင် ချိတ်တွဲထားမိတဲ့ နံရံပေါ်
အပျိုမျစ်ဆုံး သစ်လွင်ခြင်းနဲ့
သက္ကရာဇ် ဖူးသစ် စ တစ်နေ့တာ
ထို့နောက် ရုတ်တရက်ထွက်ခွာသွား
သမားရိုးကျ ခြေလှမ်း တိုင်း
ကြီးကြီးမားမား ပြောင်းလဲပစ်လိုက်ဖို့
တရွေ့ရွေ့ နှေးနှေးကွေးကွေး
အစဉ်လိုက် အတန်းလိုက်
ထမ်းယူသယ်ပိုးထားသမျှ
မြိန်ယှက်စွာ ခွာချ
ဒီလိုနဲ့ ကျွန်တော်တို့တွေ
တစ်ဘ၀ ပြီး တစ်ဘဝ
ကြီးရင့်မှန်းမသိလိုက်ခင်
တစ်လွှာချင်း ကွဲထွက်လွင့်စင် ခဲ့ကြ
တစ်ကယ်တမ်းတော့လည်း
အမှတ်အသား ဆိုတာ
တစ်ရွေ့စာ တစ်လှမ်းစာ
ခရီး သို့မဟုတ် အကွာအဝေး များ
ကုန်ဆုံးဖို့ သက်သက်
ကိုယ့်ဘာသာ ပြန်ပါးလျ ရုံအဖြစ်ထက်မပို။

ကူးလွေ့

7.08.2009
Fri,August.

Saturday, August 1, 2009

စေတနာ သည် လူတိုင်း နှင့်တန်မတန်


" စေတနာသည် လူတိုင်းနှင့်မတန် "

ဒီစကားလေးကို လူတိုင်း ရင်းရင်းနှီးနှီး သိကြပါလိမ့်မယ်။ နေရာ တော်တော်များများမှာလည်း တွေ့ဖူး၊ မြင်ဖူး ၊ကြားဖူးကြမှာပါ။ နှစ်နှစ်သက်သက် လက်ခံ သုံးစွဲနေကြသူများလည်း ဒုနဲ့ဒေး ပါပဲ။ "စေတနာသည် လူတိုင်းနှင့် မတန်" "စေတနာသည် လူတိုင်းနှင့် မတန်" .......။ဒီစကားလေးကို က ဒေါသ လေး စွက်နေတယ်လို့ခံစားရတယ်....။ ဥပေက္ခာ သဘော မဆန်ဘူး..။

တစ်စုံတစ်ယောက်သော သူဟာ တစ်စုံ တစ်ရာသော အခြေအနေ မှာ နောက်ထပ် တစ်စုံတစ်ဦး (သို့) တစ်စုံတစ်ဦး များ ကို စေတနာလို့ အမှတ်အသားရှိတဲ့ စိတ်အခြေအနေ တစ်ခုမှာ တစ်စုံတစ်ခုပြုပေးခဲ့စဉ် အတွင်း(သို့) ပြုပေးပြီးတဲ့နောက် အကျိုးရလာဒ်အားဖြင့် အချည်းအနှီး ဖြစ်ခဲ့ရာက စိတ်ပျက်လက်ပျက် (သို့) စိတ်ဆိုးမာန်ဆိုး ခံစားချက်ကနေ စခဲ့ပုံပဲ။ ဒီလို ခံစားချက်မျိုး လူတိုင်း နီးပါလည်း ခံစားခဲ့ကြဖူး ပါလိမ့်မယ်။ကျွန်တော် အပါအ၀င်ပေါ့....ဟတ်ဟတ်။တစ်ချို့ကတော့လည်း အစကတော့ ဒီလိုပဲ စေတနာ သဒ္ဓါ လေး ပေါက်တုန်း လုပ်မိလိုက်တာ...။ နောက်တော့ ဓါးခုတ်ရာ လက်ဝင်ရှိုမိသလို ဖြစ်ကုန်ရော။ ကိုယ့်စေတနာကို နင်းပြီး အခွင့်အရေး ယူကြ..၊စေတနာကနေ တာဝန်ဝတ္တရား အဖြစ်ကို အသွင်ပြောင်းခံ လိုက်ရတာတွေ လည်း ရှိတယ်။ ဒီလို အတွေ့အကြုံကို ရဖို့ ကြီးကြီးမားမား ပေးဆပ်ဖူးလိုက်သူတိုင်း ကတော့ ဒီစကားကို ပြတ်ပြတ်သားသား ထောက်ခံကြမှာပဲဗျာ..နော။ ခုကျွန်တော် တွေးမိတာ ကတော့ ခံစားချက် မဟုတ်ပါဘူး...။စေတနာ ဆိုတဲ့ စကားပေါ် လူတွေ ဘယ်လို ခံယူ ပြုမူ ကြသလည်း ဆိုတာကို နေရာလည်းနည်းနည်း ရွေ့ပြီး မြင်ကြည့်ဖို့ အားထုတ် ရုံသက်သက်ပါ။

ကျွန်တော်တို့ ဟာ တစ်စုံတစ်ဦးကို တစ်စုံတစ်ခုသော ဖြစ်ရပ်အခြေအနေမှာ စေတနာ အရင်းခံပြီး ကူညီစောင်မပြီးသကာလ တုန့်ပြန်မှုကို လိုက်ပြီး ပီတိ သို့ ဒေါမနဿ ကို ပွားများခံစားကြလေရဲ့။မိမိရဲ့ စေတနာအလျောက် အရင်းခံ ပြုမူ ဆောင်ရွက်လိုက်တဲ့ ကိစ္စ တစ်ခု အပေါ်မှာ ကြိုဆို လက်ခံ လိုက်နာ ဆောင်ရွက်ခြင်း မရှိ တဲ့အခါ " ငါက စေတနာနဲ့........ဘာညာဘာညာ" ဆိုပြီး ဖြစ်ကြတယ်။ ကျွန်တော်တို့ဟာ ကိုယ့် စေတနာအလျောက် ပြုမူ ဆောင်ရွက်ချက်တစ်ခု အပေါ်မှာ ကောင်းသော တုံ့ပြန်မှု၊ အသိအမှတ် ပြု မှု တစ်စုံတစ်ရာကို သာ မျှော်လင့်လေ့ ရှိတတ်ကြသလား..?( ဥပမာ။ ။ ကျေးဇူးတရား၊ နာခံမှု၊ လက်သင့်ခံခြင်း၊တစ်စုံတစ်ရာ)
ဒီဖြစ်ရပ်လေးကို အတိုချုပ်ခွဲထုတ်ကြည့်တော့ ဒီလိုလေး ရသဗျ။

(အခြေအနေ+ အကူအညီ တစ်စုံတစ်ခု) စေတနာ / တုန့်ပြန်မှု =+/-ရလာဒ်( တန်၊ မတန်..)

ကျွန်တော်တို့ ဟာ တစ်ဦးနဲ့ တစ်ဦး ဆန္ဒ အတိုအရှည်လေးတွေ မတူကြဘူး...။ဒီတော့ ကိုယ့်စေတနာဟာ အကြောင်းအရာတစ်ခု အပေါ်မှာအမြဲတမ်း လုံးစေ့ပတ်စေ့ကြီး မသက်ရောက်နိုင်တာတော့ အမှန်ပဲ။ စေတနာကို အလွဲသုံးစား အလုပ်ခံလိုက်ရတဲ့ သူများမှာရော...? ဒါကြတော့ စေတနာအပြင် ကိုယ့်ရဲ့ အားနာလိုက်လျောတတ်တဲ့ အကျင့် ကြောင့် ဖြစ်တတ်ကြတာများတယ်..။ တစ်ခါတစ်ရံကိုယ့်စေတနာထဲမှာ ကိုယ်ဖြစ်စေချင်တဲ့ ကိစ္စလေးတွေ၊ ကိုယ်လုပ်စေချင်တာလေးတွေ၊ လုပ်သင့်တယ်လို့ မြင်တာလေးတွေ ပါ ရောရာပါသွားတတ်ပြီး တစ်ဖက်သားရဲ့ ဆန္ဒ ကို လျစ်လျူရှုလိုက်တတ်ကြတယ်။ ဒီလိုအခါမျိုးမှာ စေတနာ ဆိုတာ အဟောသိကံ ဖြစ်ရတော့တာပဲ။နောက်တစ်ခုက ကျွန်တော်တို့ဟာ ကိုယ့်စေတနာပေါ်မှာ တုံ့ပြန်အသိအမှတ်ပြုမှု တစ်ခုခုကို အတိုင်းအတာ တစ်ခုထိ မသိမသာ ရော၊ သိသိသာသာကြီးပါ မျှော်လင့် တတ်ကြသေးသဗျ။ တစ်ဖက်က ဒါကို ပြသဖို့ ပျက်ကွက်ခဲ့ရင် ရှိရင်းစွဲ ကိုယ့်စေတနာလေး က ပျက်တော့တာပဲ။

ကျွန်တော်တို့အပေါ်မှာ အခြား တစ်စုံတစ်ဦးက စေတနာနဲ့ ပြောဆို၊ ကူညီပေးတာတွေလည်း ရှိခဲ့ကြမယ်။ ဒီအခါမှာရော....? ကျွန်တော်တို့ ဘယ်လိုတုန့်ပြန်ခဲ့ကြပါလိမ့်...။ဒီအခါမှာတော့ ကိုယ့်အခြေအနေ ကို သိတာ ကိုယ်တိုင်မှ တပါး အခြားသူ မရှိ ဆိုတဲ့ အလုံးလေးက ရင်ဝမှာလာဆို့နေလို့ ကောင်းကောင်း လက်မခံ၊ မချေမငံတုန့်ပြန်မိတာများမရှိကြတော့ဘူးလား...? သူ့အကူအညီ က ကိုယ့် အခြေအနေနဲ့ လုံးဝ မကိုက်ညီ တဲ့ အခါမျိုးမှာရော...။ ကျွန်တော်တို့ ဘယ်လို ငြင်းပယ်ခဲ့ကြပါလိမ့်၊ အားနာပါးနာ လိုက်လျောမိလို့ကိုယ့်ဘ၀ဦးတည်ချက်ကြီးတစ်ခုလုံး အပြောင်းအလဲ အလုပ်ခံလိုက်ရတာ မျိုး ရှိကြမယ် ထင်ပါတယ်။ အနီးစပ်ဆုံး ဥပမာတစ်ခု ပေးချင်တယ်ဗျာ.....မိဘတွေက သားသမီးတွေကို ကောင်းစေချင်တဲ့ စေတနာ နဲ့ ရွေးချယ် ချမှတ်ပေးတဲ့ ဘ၀လမ်းကြောင်းပေါ်မှာ ကိုယ့်ဝါသနာကို ဖျက်ဆီးစွန့်ခွါပြီး လိုက်ပါလျှောက်လှမ်းရတဲ့ ဘ၀ အသေတွေ ဘယ်လောက်များများ ရှိနေခဲ့ပြီလဲ...?

မိဘ၊သားသမီး၊ဆွေမျိုး၊မိတ်ဆွေ၊သူငယ်ချင်း၊သူစိမ်း၊ဘော့စ်၊ကနေ လမ်းဘေး သူတောင်းစားအထိ ကိုယ့်ပတ်ဝန်းကျင်ကနေ ကိုယ့်အပေါ်လာပြီး ရစ်သိုင်း ၀ိုင်းပတ်ထားတဲ့ စေတနာ အ၀န်းအ၀ိုင်းကြီးထဲက လူအမျိုးမျိုး စိတ်အထွေထွေက လာတဲ့စေတနာ အရွယ်အစား သောင်းပြောင်း ထဲမှာ ကိုယ့်ရဲ့ ရွေးချယ် ငြင်းပယ်ခြင်းကို စေတနာသည် လူတိုင်းနှင့်မတန် ဆိုတဲ့ စကားကြီးနဲ့လည်း ပစ်ပေါက်တာ ခံဖူးကြမယ် ထင်ပါရဲ့....။ကိုယ်က တစ်ဖက်လူကို သွားပြီးစေတနာ ထားတဲ့ ကိစ္စမှာလည်း ဒီလို အဖြစ်မျိုး ရှိနှင့်နေနိုင်ပါတယ်။ ဒီအခြေအနေမျိုးမှာ ကိုယ့်စေတနာ ဟာ အသိအမှတ် ပြု မခံရဘူး ဆိုတာ မဆန်းလောက်ဘူး ထင်ပါတယ်နော...။ ဒါကို ကိုယ်တွေက ဒေါသူပုန်ထ၊ စိတ်ပျက်လက်ပျက်ဖြစ်ပြီး စေတနာ လူတိုင်းနဲ့မတန်ပါဘူးကွာ ရယ်လို့ များ မှတ်ချက် ပြုသင့်ပါ့မလား။

သူ့ဖက်၊ ကိုယ့်ဖက် ၊ အခြားတစ်ဖက် ၊ အမျိုးမျိုး ကွဲလွဲ ခြားနား တတ်တဲ့ သဘာဝကြီးထဲမှာ စေတနာ ဆိုတာတစ်ကယ်တမ်းတော့ လူတိုင်းနဲ့ ထိုက်တန်ပါတယ်။ စေတနာထားတယ်ဆိုတာ တစ်ဖက်သားမှာ အဆင်ပြေ ချမ်းမြေ့စေလိုတဲ့ စိတ်ကောင်းလေးကိုသာ အကြောင်းရင်းခံကြတာမဟုတ်လား။ကိုယ်ကသာ ထိုက်သင့်လျောက်ပတ် တဲ့ စေတနာမျိုး ထားတတ်ဖို့ ပါပဲ။

ကျွန်တော့်ရဲ့ တောရောက်တောင်ရောက် အတွေးပါ။ လွတ်လပ်စွာ ကွဲလွဲနိုင်ကြပါတယ်။

ကူးလွေ့

01.08.2009
Saturday,August.

Friday, July 31, 2009

တစ်ခါက ဘဝ

တစ်ခါက
ဘ၀ဆိုတာ မေးခွန်း
အစွဲ အစွန်း ကင်းကင်း တိုးထွက်လို့
ချားလ်ဟင်ဒီရဲ့ ၀င်ရိုးပေါ်
နွေဦးလို ဖူးသစ် လည်ပတ်

တစ်ခါက
ဘ၀ဆိုတာ ကိုလံဘတ်စ်ရဲ့နေ့
ပြင်းပြပြ အာသီသမျိုးနဲ့
သင်ရိုး တွေတပ်ဆင်ထားတဲ့ အတောင်ပံနှင်ရာ
ပင်လယ်တစ်ဖက်ခြမ်းက အိပ်မက်ဆီ
စိတ်ကူး တို့ ရွှက်တိုက် ထွက်ခွါ

တစ်ခါက
ဘ၀ဆို တာ ဆင်သေကောင် နားတဲ့ကျီး
ခရီး တစ်ဆန့်လုံးကိုယ်မျှားတဲ့ တိမ်တိုက်မှာ
ကိုယ့်ဘာသာ ပြန်အငိုက်မိ
ကမ်းမရှိ သောက ပြင် လှိုင်း တံပိုးခွက်ထဲ
ဆယ့်တစ်မီး ထိန်ထိန်ညီး မောဟိုက်

တစ်ခါက
ဒီလို တစ်ခါက ဘ၀ ဆိုတာ
ဆောင်းလက်ကျန် ရွက်ဝါ လိုပဲ
တိုးထွက် စိမ်းလန်း ခဲ့ရသမျှ
ဖျတ်ကနဲ ကြွေကျ လိုက်ဖို့ပဲ လွယ်,, လွယ် လွန်း....။

ကူးလွေ့

31.07.2009
Friday,July.

Saturday, July 25, 2009

ချစ်သူ့ည

နိုးထလာတဲ့ အိပ်မက်တိုင်း
အတွေးမြင်းရိုင်းတွေ ခုန်က
ဒါဟာ...
ငါ့ည ရဲ့ ဖြစ်စဉ်တွေပေါ့
နင်က တော့ အထင်ကရ ဇာတ်ကောင်ပါပဲ
အပြုံးချိုချို တွေနဲ့
အမြဲ ငါ့ကို....သတိရနေစေခဲ့ပုံများ။

ကူးလွေ့

1995 လောက်က ရေးခဲ့ဖူးတဲ့ ကဗျာလေးပါ။
အမှတ်တရ မတည်း မဖြတ် ပဲ ပြန်တင်လိုက်ပါတယ်။

Friday, July 24, 2009

ဖြစ်နေကျရောဂါ


ငါတွေးတယ် ငါရှိတယ်
ဖြစ်တည်မှု လတ်တလော ဝေဒနာ
တောက်လောင်ကုန်ဆုံးတတ်တဲ့ ဘ၀ဆိုတာ
အလေ့အထ အိပ်ကပ်တွေထဲက
သိပြီးသား စိတ္တဇနာမ်
အလေ့ကျ
လွင့်ပါးပျောက်ဆုံး ဖို့သက်သက်လေး
တင်ကူး ပေါက်ရောက်လာသမျှတိုင်း
အမှုမဲ့ အမှတ်မဲ့
ဖတ်ရင်း လှန်ရင်း
ဆုပ်ကိုင် ထားမိမှတော့လည်း
ဝေးနိုင်သမျှ ဝေးဝေး
စိတ်ကူးစိတ်သန်းတို့
အကွဲအလွဲပေါင်းများစွာ ဟန်ချက်ညီညီ
မိမိဝင်ရိုးပေါ် တိမ်းစောင်းလည်ပတ်မှုတိုင်း
ပျော်ပျော်ပါးပါး ဆိုညည်းကြတဲ့ သီချင်းက
သို့ သုံးဆယ့်တစ်ဘုံ။

ကူးလွေ့

8.6.2009
Mon,June.


Friday, June 19, 2009

အလံစိမ်း

ဒါဟာ....
ကောင်းကင်မှာ ပွင့်တဲ့ ငါတို့လမ်း
ကောင်းကင်ရဲ့ ဂီတနဲ့ လွမ်းရပြန်ပြီပေါ့...

မိုးမှုန်စက်တို့ ဝေ့၀ဲရင်း
မုတ်သုန်ညည်းချင်းနဲ့ ကခုန်ဆဲ ကွင်းပြင်မှာ
ဆုပ်ထားတဲ့ လက်အစုံဟာ တင်းလို့ ကျပ်လို့

တရံတခါလေးမှ
စိတ်ကူးနဲ့တောင် မခွဲခဲ့ဖူးသူပါ
ခုတော့
နာကျင်စရာ လွမ်းစိတ်တို့ ပင့်မ တွန်းတင်ပြီး
ဟိုးဝေးဝေးကောင်းကင်ဆီ ပျံသန်းခဲ့ရပေါ့...။

ကူးလွေ့

20.8.2008
Sat,Aug

Thursday, June 11, 2009

ဝေဒနာ နုဿတိ

ခိုးယူမိသမျှ အကြည့်တိုင်း
မျက်မြင်သက်သေမလိုဘူး
ဖြစ်ချုပ်ဆဲ စိတ်ရုပ်တိုင်းက ခုန်လှုပ်.....

အလှဆုံးပန်းတစ်ခင်းကြီးပြင်း လူလားမြောက်ဖို့
လိပ်ပြာတွေကို ဘယ်အရာက ပျံသန်းစေခဲ့သလဲ ?
တွန်းပင့် ပစ်လွှတ်လိုက်တဲ့ မျက်စောင်းဝတ်မှုန် စမှာ
ဖမ်းယူမွှေးမြဖို့ ဆတ်ဆတ်ခါ တောင်ပံများ
တုန်နှုန်းမြင့် သက်ပြင်းလှိုင်းအလျား ဆန့်ထွက်ကွေးကောက်

လေပြေတွေကပဲ ရိုင်းစိုင်းလွန်းကြသလား
လျောတိုက်လွင့်ပါ ဆံမျှင်စများ သိမ်းသပ် ငဲ့စောင်း လိုက်ချိန်
တစ်ရစ်ချင်း ဆွဲတင်ညွှတ်ကွေးသွားတဲ့ လေး လို
ပုလဲတန်းသွန်ချ စွတ်စိုဆဲ နှုတ်ခမ်း ဟဟ
စောင်းကြိုးညှင်းသံ တိုးတိုးဖွဖွ

ဆေးရောင်စုံ တပ်ဆင်ထွန်းညှိထားတဲ့ တိမ်းမူးဖွယ်လွင်ပြင်ပေါ်မှာ
ဗန်ဂိုး စိုက်ခဲ့တဲ့နေကြာပန်းတွေ ရှိမလား
စက္ခု အကြည်ဓါတ် နဲ့ ၀တ္ထု ထိခတ်ခြင်း ခဏတာလေးမှာ
အိုင်းစတိုင်းရဲ့ စွမ်းအင် ဒြပ် ညီမျှခြင်းလို
အချိုး ကျကျ
တစ်ကြောင်းမျဉ်းယဉ်ကျေးမှု တစ်ရွေ့စာတိုင်းရဲ့ အနုပညာဟာ
ဟီရိုရှီးမား ကောင်းကင်ထက်က " ကဗျာ " ။

ကူးလွေ့

31.05.2009
Sun,May

Wednesday, June 3, 2009

ငှက်မိုက်

ညောင်သီးလည်းစား
လေးသံ လည်းနားထောင်ရသတဲ့...။

ဟေ့ ဒီမှာ !
အမုန်းဆိုတဲ့ ပျက်လုံးတစ်ခုတည်းနဲ့တင်
ရင်တစ်ဆုံးကွဲ အက်အောင် ရယ်တတ်ခဲ့တဲ့ ငါ
ပြီးတော့
အပြုံးတွေရဲ့ ဖျားယောင်းမှုနောက်
ကောက်ကောက်ပါအောင်ပြန်လိုက် ခဲ့တဲ့ ငါ

အဲဒီ ငါ
မင်းရဲ့ ငါ
အကြိမ်ကြိမ် အဖန်ဖန်မေ့လျော့ခြင်း နဲ့
ညောင်သီးလေးတစ်လုံးကို တပ်မိတဲ့ ချဉ်ခြင်းမှာ
ညှို့ငင် ပစ်ခတ် သမျှ နားစွင့်ဖို့လည်း သတိလက်လွတ်
အန္တရာယ်ကို ငတ်မွတ် တပ်ညှိမိခဲ့မှတော့
ထိရှ တဲ့မြှားချက်တိုင်းက ယဉ်ပါးတယ်

ဆွဲဆောင် မက်မောစေတဲ့ သစ်သီးလေးရေ
ဆာလောင်ခြင်းနဲ့ စုံလုံးကန်းမိုက်ခဲ့သူပါ
မြှားပလိုင်းမှာ ပန်း အစင်းစင်းပွင့်ဝေ လေဦးမလား
ပျော်တတ်သူ ကစားခဲ့လေသမျှ
ဒီလို အညာမိ ဘ၀ ကိုပဲ
ခုထိ ငါ့မှာ အမြတ်တနိုး။

ကူးလွေ့

Thursday, May 28, 2009

စကားဝိုင်း

ပစ်မှတ်တစ်ခုလို
ကျည်ဆံတွေ ၀န်းရံ စိုက်ထွင်းထားတာပါ
ထုတ်ချင်းခတ် ဗဟိုလွဲ ပစ်ချက်များ။

စိတ်အဆာပြေရုံလေး ဆိုပေမယ့်
အပျော်တမ်းအချက်အလက်က သွေးထွက်သံယို

တစ်ခုစီ မှန်ကန်တဲ့ အမှား ကိုယ်စီ
အမြည်းသဘော ပစ်ခတ်ကြတဲ့ ပွဲမှာ
ပွက်ပွက်ဆူ အများသူငါ ဗဟုသုတများ
အမှန်တရား ဆိုတာ အလျှံညီးညီး ရောမမြို့

ဘုရင်ကိုယ်စီ ဖြစ်ခွင့် နှုတ်ခမ်း တစ်စုံတိုင်း
တယောသံ မြိုင်မြိုင်ကြီး တီးကြတုန်းပဲ။
ကူးလွေ့

Wednesday, May 20, 2009

အိပ်မက်တစ်ခြမ်းနဲ့ ည

အချစ်ဝတ္ထုတွေထဲက ဇတ်ပေါင်းခန်းလို
စိတ်ကူးလေးတွေက
" လှ " တယ်။

သုည တွေ မျိုသောက်ပြီး
မိုးလောက်ကြီး ချစ်ခဲ့

အိပ်ယာထနောက်ကျတဲ့ အနာဂါတ်ရယ်
ဘယ်လိုမျက်ရည်မျိုးနဲ့ ငါ ငိုရမလဲ?

ကြယ်တွေလို တောက်ပ ကျဲပြန့်တဲ့ အိပ်မက်များ
စုစည်း ရောင်းချ
ပါကင်ပေပါ လှလှ လေးတစ်ရွက်က ဘ၀ကို ၀ယ်ခဲ့တယ်။

(မွေးရပ်မြေ ဘလော့ဂ်တွင် တင်ခဲ့ ဖူးသော ကဗျာ ဖြစ်ပါကြောင်း)

ကူးလွေ့

Saturday, May 16, 2009

အချစ်

မျက်နှာစိမ်း နှစ်ခု
မျက်ဝန်းချင်း လျှပ်ပြက် လိုက်ဖို့ဆိုတာ
တစ်ခေါ်စာ နှလုံးသားရပ်ဝန်း ထဲက ဂီတ
ရိုက်ချိုးထားတဲ့ နံရိုးဆီက ချဉ်ခြင်း
ဘုရား သခင်ရဲ့ ၀က်သက်ရောဂါ
အများသုံး ဘာသာစကား
အရွယ်သုံးပါး ဆွတ်ပျံ့ဖူးတဲ့ အဖျားအနာ
ဒါမှမဟုတ်
ကမ္ဘာဦးက စွဲကပ်ခဲ့တဲ့ ၀ဋ်နာ။

ကူးလွေ့

Sunday, May 10, 2009

ကုလားထိုင်

ဖြစ်လာပြီးမှတော့
" ဘ၀ " ဆိုတာ
ဝန်ထုပ်ဝန်ပိုးတွေကိုမှ ရွေးရွေးပြီး
တိုးဝင်ချိုမြိန်ရတဲ့ ဒုက္ခ...။

ရွေးစရာ မရှိဘူး
တစ်ကယ် မရှိဘူး
လေးဘက်ချ ပုခုံးသားတွေ မတ်မတ်
အလျားလိုက် ရင်ဘတ်က ဆန့်ဆန့်။

ကူးလွေ့