Wednesday, July 6, 2011

ဘယ်သူတွေမှာ တာဝန်ပိုရှိလဲ

ဒီနေ့ မျက်နှာစာအုပ်ပေါ် ဟိုလှန်ဒီလှန်လုပ်တော့ ပို့စ်တွေ သူရေးတာရော မရေးတာပါ ပွစိထနေအောင် တင်တတ်လွန်းတဲ့ ကိုဘွိုင်းဇ်ရဲ့ မျှဝေမှုတွေက ကိုယ့်နံရံပေါ်မှာ ဟစ်ပီတွေ ဆေးလာမှုတ်သွားသလို ပွစာကြဲနေတာ တွေ့လိုက်ရတယ်...

လောလောဆယ် အသားပေးတင်နေတာကတော့ သူ့ အိုက်ပက်တူးကို ထောင်ဖောက်တဲ့ လမ်းစဉ်....

အဲဒီကြားမှာမှ သားသမီးမကောင်း မိဘခေါင်းဆိုပြီး ပို့စ်တစ်ခုကို သူက ရှယ်ထားတယ်.....

ဖတ်ကြည့်လိုက်တော့ ပြည်သူ့ခေတ်ဂျာနယ် ၃၀ ဇွန် ၂၀၁၁ မှာ ဖော်ပြခဲ့တယ် ဆိုတဲ့ မထားရဲ့ ဆောင်းပါးလေးတစ်ပုဒ်အကြောင်းပါ...

သူ့ခွေးကလေး ဝလုံးကို ပြောနေတဲ့ပုံနဲ့ ရေးထားတဲ့ စာလေးပေါ့.. နိုင်ငံခြားရောက် မြန်မာပြည်သားတွေရဲ့ မျိုးဆက်သစ်နဲ့ ယဉ်ကျေးမှုအကြောင်း....

စာထဲမှာကတော့ မိဘတွေ အပြစ်လို့ ပြန်လည်သုံးသပ် ပြသွားတာကို မြင်လိုက်ရတယ်...

စိတ်မကောင်းပေမယ့် မှန်တယ်လို့လဲ ကိုယ်ယူဆတယ်လေ...။ မွေးလာတဲ့ ရင်သွေးကို အနီးကပ် ပုံစံပေးနိုင်တာ မိဘပဲရှိတာကိုး...

ယဉ်ကျေးမှုကို ဘာနဲ့တိုင်းတာမလဲ...။ မြန်မာပြည်မှာ လက်ခံကျင့်သုံးတဲ့ မိရိုးဖလာ ယဉ်ကျေးမှုကို လက်ခံတယ်ဆိုရင်တော့ ကိုယ်တိုင်လဲ လိုက်နာ ကျင့်သုံးပါ... ကိုယ့်သားသမီးကိုလဲ သွန်သင်ပေးပါ....

ကလေးတွေ ရိုင်းတယ်လို့ပြောတာဟာ ကိုယ်တွေ လက်ခံတဲ့ ကျင့်ထုံးနဲ့ မညီလို့လား.... ဒါမှမဟုတ် ကမ္ဘာ့စံနှုန်း သတ်မှတ်ချက်မျိုး နဲ့ ရိုင်းတာလား....

ခေတ်ကာလနဲ့ ယဉ်ကျေးမှုပုံစံ ကွာဟမှုကြားမှာ လူနေမှုအဆင့်ကို မြင့်တင်ချင်ရင်တော့ ရလာမယ့် ဘေးထွက်အကျိုးတွေကိုတော့ ကြိုတင် ပြင်ဆင်လက်ခံဖို့ လိုအပ်တယ်လို့ ထင်မိတယ်...

ကလေးတစ်ယောက်ကို ရဲရဲရင့်ရင့် ကြီးသူကို ရိုသေရတယ်လို့ ဆုံးမနိုင်ဖို့ ကိုယ်တွေရော နိုင်ငံခြားမှာ ဟိုး မြန်မာပြည်ကလို ဂါရဝတရားတွေ လူတိုင်းအပေါ် ထားနိုင်ရဲ့လား...။

မိဘကို ရိုသေစေချင်ရင် ကိုယ်ကကော ကလေးတွေရှေ့မှာ သူတို့ အဘိုးအဘွား၊ ကိုယ့်မိဘကို ရိုသေပြရဲ့လား...

ကလေးတွေကို ဘာသာတရားနဲ့ ပတ်သက်ပြီးဆုံးမပါရဲ့... ကိုယ်တိုင်ကကော ကျောင်းကို နှပ်မှန်အောင် သွားဖူးရဲ့လား....

ပြန်မေးသင့်စရာ မေးခွန်းတွေပါ.... ကိုယ့်ကိုယ်ကို သေချာ ပြင်ဆင်ထားခြင်းမရှိပဲနဲ့ ကိုယ့်ကလေးကို ကြည့်ပြီး ငါ့ကို အဲလိုပြောရက် လုပ်ရက်လိုက်တာလို့ စိတ်ဆင်းရဲ ဝမ်းနည်းမယ်ဆိုရင် ကိုယ်ဟာ ကလေးတွေကို ကျိန်စာတိုက်နေတဲ့ အတ္တဘောကြီး ဖြစ်နေပြီ...

ကလေးတွေကို ဘာမှန်းမသိပဲ ကံကြီးထိုက်အောင် လုပ်နေသလိုပါပဲ....

လက်ဦးဆရာမည်ထိုက်စွာ ဗုဗ္ဗာ စရိယ မိနှင့်ဘလို့တော့ ကြားဖူးတာပဲ...

ကလေးသူငယ်တွေရဲ့ ဘဝရှေ့လျှောက်မယ့်လမ်းမှာ သူတို့တွေကို ခံယူသင့်တဲ့ စိတ်မျိုး ထည့်ပေးလိုက်နိုင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်... မိုးလွန်မှ ထွန်ချမယ်ဆိုရင်တော့ဖြင့် ခယောင်းလမ်းမှာ မျက်ရည့်နဲ့သာ ထွန်ပေတော့လို့ပဲ ပြောရမလိုပါ...

တစ်ကယ်တန်းဆိုတာ ကိုယ်ယုံကြည်တာကို ထိန်းသိမ်းဖို့ဆိုတာ ကိုယ်ကနေစမှ ရမှာပါ... ကိုယ့်တိုင်ကျတော့ မလုပ်ပဲ သူများကို အတင်းလုပ်ခိုင်းတယ်ဆိုတာ ဘာသဘောလဲ မေးရမလိုပါ...

နိုင်ငံခြားရောက်လာတဲ့ ကလေးသူငယ်တွေမှာဆိုရင် အသိပို ပွင့်လင်းလာတဲ့အတွက် ဟိုးအရင်အတိတ်တွေလို မိဘပြောတိုင်း ခေါင်းညိတ်လက်ခံတော့မှာ မဟုတ်ဘူးဆိုတာ သတိချပ်သင့်ပါတယ်လေ...

အိမ်မှာတော့ အမေပြောတိုင်း အဖေပြောတိုင်း ဘာပဲဖြစ်ဖြစ် ခေါင်းညိတ်တဲ့ သားသမီးတွေ ရှိပေမယ့် နိုင်ငံခြားမှာ အသိအမြင်ကျယ်လာတဲ့ သူတွေအဖို့ကတော့ မလွယ်တော့ဘူး ထင်တာပါပဲ။

လက်တွေ့ကို ကြည့်တတ်လာပြီလေ....။ အဖေ့လို မမိုက်ကြနဲ့ သွားပြော... အဖေတောင် မိုက်ရဲ့သားနဲ့ ဒီလောက်အသက်ကြီးတဲ့အထိ ပြင်မှမပြင်တာ... သားတို့က ပြင်ဖို့ ငယ်သေးတယ် ပြန်ပြောလာရင် ကွဲပြီ....

ဆုံးမမှု လမ်းမလွဲဖို့ လိုတာပါ....

ကလေးတွေကို မိသားစု စိတ်ဓာတ်မွေး၊ မောင်နှမ သားရင်း အချင်းချင်း ချစ်ရမယ်ပြော.. ကိုယ်တိုင်ကျတော လင်မယား အော်ကြီးဟစ်ကျယ်ရန်ဖြစ်... မောင်နှမချင်းချင်း အတင်းပြော... ဘယ်လိုလုပ် ဆုံးမနိုင်မှာလဲ....

ခပ်လွယ်လွယ်နှိုင်းပြရရင် ကိုယ့်အရိပ်ကို ခိုစေချင်တယ်ဆိုရင် ကိုယ်က အရိပ်ကောင်းကောင်း ပေးနိုင်ရမယ်လေ...

သစ်ခြောက်ပင်အောက်တော့ ဘယ်သူမှ နေ့ခင်းကြောင်တောင် ဝင်မနားချင်ကြဘူးမလား....

ကိုယ်တွေလဲ တစ်နေ့ ကိုယ်တွေ လောကထဲကို ဆွဲသွင်းဖြစ်မယ့် မျိုးဆက် လောင်းလျာတွေအတွက် မိဘကောင်းဖြစ်ဖို့ အခုကတည်းက ရိက္ခာဖြည့် ပြင်ဆင်ရဦးမယ်....

မိသားစု ရိပ်မြုံဆိုတဲ့ ဝေါဟာရလေး လက်တွေ့လောက ကနေ ပျောက်မသွားပါစေနဲ့လို့ ဆုမွန်ပြုရင်း ဆင့်ကမ်းအတွေးပွားတာကို ရပ်လိုက်ဦးမယ်ဗျာ....

Sunday, July 3, 2011

အင်တာနက် သင်ခန်းစာ

စာရေးမယ်လုပ်ပြီးမှ နာရီကို အမှတ်မထင်ကြည့်မိတယ်…

တနင်္ဂနွေမနက် နှစ်နာရီ ဆယ့်ခြောက်မိနစ်တဲ့… ညနက်တယ်ပဲ ပြောရမလား မနက်စောစောလို့ ပြောရမလား…. လွန်ခဲ့တဲ့ ဆယ့်ငါးမိနစ်လောက်က ကြည့်ပြီးသွားတဲ့ ရုပ်ရှင်ကားလေးတစ်ကားကို ပြန်ဈာန်ဝင်စားနေတာနဲ့ အချိန်ကို သတိမထားမိလိုက်ဘူး… စနေတိုင်း ညနက်ဖြစ်တယ် ဆိုပေမယ့် ဒီနေ့ညကတော့ လိုချင်တာတစ်ခုကို ရလိုက်တဲ့ညလို့ဆိုရင် မမှားပါဘူး…

သူများတွေ ရုပ်ရှင်ကို ဘယ်လိုခံစားလဲမသိပေမယ့် ကိုယ်ကတော့ ရုပ်ရှင်ကို ကိုယ်တိုင်အဖြစ်လို စီးမျှောခံစားလေ့ရှိတယ်… ဒီနေ့ည ကြည့်ဖြစ်လိုက်တဲ့ Trust ဆိုတဲ့ ကားလေးကတော့ တစ်နှစ်တာလုံးအတွက် အကောင်းဆုံး ဇာတ်ကားအဖြစ် သတ်မှတ်ထိုက်လောက်အောင်ကို ရိုးရှင်းပြောင်မြောက်တဲ့ မိသားစု သင်ခန်းစာပေးတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်နေတယ်…။ အစက ဒီလောက် ကောင်းမယ်မထင်ပေမယ့် ဇာတ်လမ်းစပုံက မက်ဆေ့ခ်ျစာသားလေးတွေနဲ့မို့ အင်တာနက်ခေတ်ကို မီးမောင်းထိုးပြမယ့်ကားလို့ ထင်မိသား…။ ဒီလောက် ရိုးရိုးရှင်းရှင်းနဲ့ အဘက်ဘက်ကို မီးမောင်းထိုးပြသွားမယ်လို့တော့ မထင်ထားမိတာ အမှန်…။ ဒါပေမယ့် ဒီစာကို ထရေးရလောက်အောင်ကို ဆွဲခေါ်သွားပုံများ…..

မိသားစုတစ်ခုရဲ့ ပျော်ရွှင်ငြိမ်းချမ်းတဲ့ ချစ်ခြင်းမေတ္တာကနေ ပူလောင်သောကတွေဆီ သက်ဆင်းသွားရတဲ့ ကံကြမ္မာ အလှည့်အပြောင်းတွေ… ခေတ်တစ်ခုရဲ့ မတူညီတဲ့ အတွေးအခေါ် အမြင်တွေနဲ့ လက်တွေ့ ခံစားဖြစ်ပျက်သွားတဲ့ လောက လှည့်စားမှုတွေ… ကွက်ကွက်ကွင်းကွင်းပါပဲ…။

အဓိက မီးမောင်းထိုးပြသွားတာကတော့ နည်းပညာ တိုးတက်လာတာနဲ့အမျှ လူလိမ်လူကောက်တွေရဲ့ နည်းနာနိသျှတွေ ပိုမို အကွက်စိတ်လာပုံပါ…။ အတ္တ၊ အယုံလွယ်မှု၊ ကိုယ့်ကိုယ်ကို အထင်ကြီးမှု၊ နဝေတိမ်တောင် ဖြစ်မှုတွေကြားမှာ လူလိမ်တွေ ခြေဘယ်လို ရှုပ်သွားနိုင်တယ်ဆိုတာ ပြသွားတာပါပဲ…။ လက်တွေ့မှာ ကိုယ်ကြုံနေရတဲ့ အဖြစ်တွေ၊ မြင်နေရတဲ့ ပြဿနာတွေကလဲ ထပ်တူပါပဲ…။ စကားလေးချိုယုံနဲ့ ကိုယ်ကို ပုံအပ်လိုက်တဲ့ မိန်းကလေးတွေရဲ့ သနားစရာအဖြစ်….

ပြောမယုံကြုံမှသိလို့ ပစ်ထားမှာလား…။ ကြုံလိုက်ရတဲ့အချိန်က ဘဝတစ်ခုလုံးကို ပေးလိုက်ရပြီလေ…။ ဒါပေမယ့် ကျွဲပါးစောင်းတီးသလိုမျိုး အမှားကို အမှန်ဇွတ်ထင်တတ်တဲ့ တစ်ဇွတ်ထိုးဥာဉ်ကလဲ ထိန်းသိမ်းလို့ ခက်တဲ့အရာတစ်ခု..။ လောကရဲ့ ထေ့လုံးတစ်ခုမှာ အသည်းမပါသူတွေ ကောင်းစားတတ်လွန်းတယ်….။

အချစ်ဆိုတဲ့ အင်မတန် နူးညံ့နက်နဲတဲ့အရာကို အချိန်တိုတိုနဲ့ လွယ်လွယ်သိပြီထင်တတ်တာ… အချစ်တုရဲ့ သကာက ပိုချိုတော့ သကာကုန်ချိန်ကျ မျက်ရည်နဲ့ မျက်ခွက်ပေါ့…။

ဇာတ်လမ်းလေးက ရှင်းရှင်းလေးပါ… မိသားစု ငါးယောက်ရှိတယ်… သားတစ်ယောက် သမီးနှစ်ယောက်.. သမီးအလတ်က ဆယ့်သုံးနှစ်ကျော် ဆယ့်လေးနှစ်ထဲမှာ…။ အင်တာနက်ကနေ လူတစ်ယောက်နဲ့ ခင်တယ်…။ အခက်အခဲတွေကို သူက ကူပြီး လမ်းပြပေးတယ်….။ အထင်ကြီးသွားတယ်…။ သာမာန်ချက်အဆင့်ကနေ ပိုရင်းနှီးလာတယ်..။ နောက်တော့ လိင်ချက်တင်တွေ ဝင်ဖြစ်တယ်..။ နောက်ထပ် အဆင့်တက်တော့ အပြင်မှာတွေ့တယ်…။ ထင်သလို အသက်အစိတ်အရွယ်ကောင်လေးမဟုတ်ပဲ အသက်ခပ်ကြီးကြီး ယောကျာ်းတစ်ဦးဖြစ်နေပေမယ့် လိင်ချက်တင်ရဲ့ နှိုးဆော်မှုကိုလဲ မလွန်ဆန်နိုင်၊ ကိုယ်တိုင်ကိုယ်ကျ ထပ်ပြီး လှိမ့်တဲ့ ယောက်ျားရဲ့ မြူဆွယ်မှုကိုလဲ မတော်လှန်နိုင်၊ နောက်ဆုံး အသက်ဆယ့်လေးနှစ်အရွယ်နဲ့ ကိုယ့်ကိုယ်ကို ထိုးကျွေးလိုက်တယ်..။ စားလဲပြီးရော သကောင့်သားက ပျောက်သွားရော…။ အတူတွဲထွက်သွားတာမြင်လိုက်တဲ့ ကောင်မလေးရဲ့ အချစ်ဆုံးသူငယ်ချင်းက သတင်းပို့တော့ ရဲတွေသိသွားရော…။ အဲဒီကနေတစ်ဆင့် မိဘတွေသိသွားတယ်…။ သမီးကို ကာကွယ်ဖို့ကြိုးစားတယ်..။ သမီးဖြစ်သူက မွှန်နေပြီ…။ အဖေဖြစ်သူက အကိုင်အတွယ်ကြမ်းသွားတယ် ဆိုးရိမ်စိတ်တွေနဲ့…။ နောက်ဆုံး သကောင့်သားက သူ့အပြင် နောက်ထပ် ကလေးတွေကို ထပ်ပြီး လိင်မှုဆိုင်ရာ စော်ကားကျူးလွန်ကြောင်း ဒီအန်အေ အထောက်အထားရမှ ကောင်မလေး နောင်တရတယ်…။ ဒါပေမယ့် အချိန်နှောင်းပြီလေ..။ အင်တာနက်မှာ သူ့ပုံကိုယ် သူတွေ့တော့ ကောင်မလေး အဆုံးစီရင်ဖို့ ကြိုးစားတယ်..။ သူ့မိဘ အချိန်မှီ ကယ်တင်လိုက်နိုင်တယ်..။ နောက်ဆုံး အဖေဖြစ်သူလဲ နောင်တရ၊ သမီးလဲနောင်တရ… ဟိုလူကတော့ ပျော်နေစဲ…။ ဇာတ်လမ်းလေးက ဒါပါပဲ…။

ရိုးရှင်းလွန်းပါတယ်..။ ဒါပေမယ့် ဇာတ်ကားထဲက ပြောသွားတဲ့ စကားလုံးတွေတိုင်း အခြေအတင် စကားတွေတိုင်းက အသိတွေကို တစ်ခုပြီးတစ်ခု ထည့်ထည့်ပေးသွားတယ်…။

တိုးတက်လာတဲ့ နည်းပညာကို အသုံးချတာ လွဲကုန်တော့ ဒီလိုပါပဲ…။ မရိုးနိုင်အောင် ကြားနေရတဲ့ အင်တာနက် မှုခင်းတွေပေါ့…။ ဒီဇာတ်ကားလေးကတော့ အင်တာနက်မှာ ကြင်ဖက်ရှာတဲ့ မောင်ငယ် ညီမငယ်တွေအတွက် သင်ခန်းစာပေးနိုင်ပါတယ်… ယူတတ်ရင်ပေါ့လေ…။ အချိန်မနှောင်းခင် သတိဝင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း Trust ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်ဖြစ်အောင်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ…။