Sunday, April 24, 2011

အချစ်အကြောင်း....

မမသက်ဝေက အချစ်အကြောင်းပြောရအောင် တဲ့ တက်ဂ်လာတယ် ။

*********************************************************************

တကယ်တော့ ကိုယ်က အချစ် နဲ့ ပတ်သက်ရင် သတ္တိမရှိဘူး ။
အချစ် အကြောင်းကို တွေးရမှာ ကြောက်တယ် ။
ချစ်ရမှာကို ကြောက်တယ် ။
အချစ် ဆိုတဲ့ ကွန်ထဲမှာ ငြိတွယ်မိပြီး ရုန်းရခက်တဲ့ ငါးသူငယ်လေး ဖြစ်မှာကို ကြောက်တယ် ။
ပျော်ရွှင်မှုတပဲ စိတ်ဆင်းရဲမှု တပိသာ ဖြစ်လာမယ့် အချစ်ရဲ့ နောက်ဆက်တွဲ ပူလောင်မှုတွေကို ကြောက်တယ် ။
အချစ်ဆိုတဲ့စကားလုံးကြီးရဲ့အောက်မှာ မထိန်းနိုင်မသိမ်းနိုင် ဖြစ်ကောင်းဖြစ်လာနိုင်မယ့် စိတ်ရိုင်းတွေကို ကြောက်တယ် ။
ကိုယ်ချစ်ရတဲ့ နှလုံးသားတစုံအတွက် ကိုယ့်ကိုချစ်ကြတဲ့ နှလုံးသားတွေ အများကြီး စတေးပစ်လိုက်ရမှာကို ကြောက်တယ် ။
အချစ်နွံထဲမှာ နစ်ပြီး သံသရာဝဲထဲမှာ တဝဲလည်လည် ဖြစ်နေမှာကိုတော့ အကြောက်ဆုံးပါပဲ ။

အဲ့ဒီအကြောက်တရားတွေရဲ့ ကြီးစိုးမှုဟာ ကိုယ့်ကို အချစ်တို့နဲ့ ဝေးရာ ပြေးစေတယ်။ အချစ်ကို ထိတွေ့ကြည့်ဖို့ရာ အားအင်တွေ ဆုတ်ယုတ်နေစေတယ် ။ အဲ့ဒီ အားအင်တွေ တိုးပွားလာအောင် ကိုယ် ကြိုးစားချင်စိတ်လဲ မဖြစ်မိသလို မကြိုးစားမိအောင်လဲ ရှောင်မိပြန်တယ် ။ အဲ့ဒီအတွက်

"အော်....ဒုက္ခ" လို့ ငြီးတွားရင်း အပြစ်တင်တဲ့ ကိုယ့်သူငယ်ချင်း တချို့ကို ကိုယ်က ပူမယ်မှန်းသိရက်နဲ့ ပိုးဖလံမျိုး မီးကို တိုးတာ "မိုက်" လို့ ဆိုခဲ့တော့ သူတို့က ကိုယ့်ကို "အဲ့ဒါ ကြောက်ကန်ကန်တာ" တဲ့လေ ။


ကိုယ် ပြုံးမိပါတယ် ... ။
သူတို့ဘက်ကကြည့်တော့ "လက်ဖမိုး" ကိုယ့်ဘက်ကကြည့်တော့ "လက်ဖဝါး" ပေါ့ ။ ကြည့်တဲ့ရှုထောင့် နဲ့ ရပ်နေတဲ့ နေရာအနေအထား မတူလေတော့ အမြင်တွေ ကွဲလွဲတာ အထူးအဆန်းတော့ မဟုတ်လေဘူး..။

အချစ်ကို ချိုမြိန်သော ဝိုင်တခွက်လို့ ယုံကြည်သူတွေ နှစ်သက်စွာ မက်မက်စက်စက် သုံးစွဲပါစေလေ ။ အဲ့ဒီအတွက် ကိုယ့်မှာ တားဆီးလိုစိတ် စိုးစိမျှမရှိပါ ။ ဒါပေမဲ့ အဲ့ဒီအချစ်က ရိုက်ခက်လာမယ့် ဂယက်ကြမ်းကြမ်းကြီးတွေကိုတော့ ကိုယ့်အတွက် နဲ့ ကိုယ့်ကို ချစ်တဲ့သူတွေပါ နာကျည်စေတဲ့အထိ မရိုက်ခတ်စေချင်ဘူး ။ မရိုက်ခတ်စေသင့်ဘူးလို့လည်း ကိုယ်ကတွေးတယ် ။


ကိုယ့်ဘဝ ကိုယ်လျှောက်ကြတယ် ဆိုပေမဲ့ ကိုယ့်ဘဝအတွက် နှလုံးသားတွေခင်းပြီး ပင့်တင်ပေးခဲ့တဲ့ ဘဝတွေ အများကြီးရှိတယ်ဆိုတာ မေ့ရမဲ့ အရာမဟုတ်သလို လျစ်လျူရှုရမဲ့ အရာလည်း မဟုတ်ဘူးလို့ ကိုယ်က စွဲစွဲမြဲမြဲကို မှတ်ယူထားတယ် ။



အဲ့ဒီ မျှခြေဟာ ထိန်းရလွယ်မလိုနဲ့ ခက်ခက်နေတဲ့ အဖြစ်တွေ ကိုယ်အများကြီး မြင်တွေ့နေရတယ် ။ အဲ့လို နှလုံးသားနဲ့ ဦးနှောက်ရဲ့ မျှခြေကို ဖျက်ပြီး ကပျက်ကယက် ဝင်လာမဲ့ အချစ်မျိုးထက် ရင်ထဲမှာ သူ့ဟာသူ အိပ်စက်အနားယူနေတဲ့ အချစ်စိတ် ကလေးဟာ ပိုပြီးနူးညံ့သိမ်မွေ့တယ်လို့ ကိုယ်ယူဆတယ် ။ အင်း...အဲ့ဒါလဲ အချစ်ကို အငွေ့နဲ့တင် မူးနေတဲ့ ကိုယ့်ရဲ့ "လက်ဖဝါး" သီအိုရီပဲလို့ ဆိုရလေမလား.... ။

သေချာတာကတော့ နှလုံးသားရေးရာနဲ့ ပတ်သက်ရင် ကိုယ့် ဘာကိုမှ မစွန့်စားချင်ဘူး ။


နှလုံးသားဟာ ဖျတ်ကနဲ လန့် ၊ ဖြုတ်ကနဲ ကြွေ ၊ ထိလွယ်ရှလွယ် .......



အဲ့ဒီနှလုံးသားလေးများ ထိရှသွားမိရင် တခြားဘာကိုမှ မမြင်တော့ဘူး ။ မျက်ကန်များ တစ္ဆေမကြောက်သလို တခြားဘာတွေ ဖြစ်ဖြစ် ကိုယ့် နှလုံးသားလေး မနာကျင်စေဖို့သာ စိတ်တွေစောနေတတ်ကြတယ် ။ အဲ့လိုတွေ ကိုယ်မြင်ရတွေ့ရပေါင်း များနေလာလေတော့ မဆီမဆိုင် အချစ်နဲ့သူရဲ့ကကြိုးတွေကို ကိုယ်ကြောက်မိတယ် ။ အချစ်က သူ့ဟာသူ နေတယ်ဆိုပေမဲ့ အဲ့ဒီအချစ်ကို အခြေခံတဲ့ ကိုယ်တို့တွေရဲ့ စိတ်ကကြိုးဟာ တခါတခါ ကိုယ်တို့တွေရဲ့ စီမံခန့်ခွဲနိုင်မှုဘောင်ကို ကျော်လွန်ပြီး ၊ တခါတခါ အားလုံးကို မျက်ကွယ်ပြုပြီး ဆင်ကန်းတောတိုးစေတယ် ။ ကိုယ်အဲ့လို ကကြိုးတွေနဲ့ ရစ်ပတ်နှောင်ဖွဲ့ပြီးလည်း အသက်မရှင်ချင်ဘူး ။ စစ်မရောက်ခင် မြှားကုန်တယ်ပဲဆိုဆို ၊သွေးနဲတယ်ပဲဆိုဆို အချစ်နဲ့သူရဲ့ကကြိုးတွေကိုလဲ ဘောင်ခတ် ကိုယ့်ကိုယ်ကိုလဲ အဲ့ဒီစည်းဝိုင်းရဲ့ အပြင်မှာ ထားပြီး အေးအေးလူလူလေးပဲ နေလိုတော့တယ် ။...။


ညီမလေး
၂၆.မတ်.၂၀၁၁

စာကြွင်း ... ဒီစာလေးက FB မှာ တင်ပြီးသားပါ ။။

..............................................................................
မမသက်ဝေ ကျေနပ်နိုင်မယ်ထင်ပါတယ် ။