Tuesday, September 29, 2009

မြို့ပြည

အပေါ်ယံ အလှတို့ပြည့်နှက်
မှော်မာန်နတ်တို့ မြူးတူး
အာရုံတွေ ထွေကာပြား
မှောက်မှားလို့ ဖောက်ပြားအောင်လဲ သူဆွဲဆောင်
လှပတဲ့ ဘဝတွေကို အဆိပ်ငွေ့ချ
တမြည့်မြည့်နဲ့ လှိုက်စေစားစေ
ထို့နောက် တခဏ...
တဘဝပြီး တဘဝ
စနစ်တကျ လှလှပပ
အနုခြွေခြွေ အစိမ်းကြွေကြွေမို့
ဘဝများစွာ ကြွေကာလွင့်ရ
ရမ္မက်မူးမူး အဆိပ်လူးတဲ့
မှော်ကောင်တို့ရဲ့ည ။

ညီမလေး
၂၀၀၉.စက်တင်ဘာ.၃၀

Sunday, September 20, 2009

အမုန်းဆုံးအရာ

ပိုက်ဆံ ... ပိုက်ဆံ ... လောကကြီးမှာ ဒင်းကနေရာ တော်တော်ယူတယ် ။ သူရှိရင်ပဲ ပြည့်စုံပြီလို့ ယူဆကြတဲ့သူတွေလဲ အများမှအများကြီး......။ သူ့ကိုရဖို့ အတွက်ဆို ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုသူတွေဟာလဲ ရေတွက်လို့တောင် မကုန်နိုင်ဘူး ။ ကိုယ်လဲ ရိုးရိုးသားသား ဝန်ခံရရင် ပိုက်ဆံဟာ မရှိတာထက် ရှိတာဟာ ကောင်းတယ် လို့တော့ ထင်တဲ့ သူတွေထဲမှာ ပါပါတယ် ။ ဒါပေမဲ့ ဒင်းကလွဲပြီး တခြား ဘာကိုမှမမြင်ရလောက်အောင်ထိတော့ ဒင်းကို အရေးပါတယ်လို့ ကိုယ်မထင်မိဘူး ။ ထင်လဲမထင်ချင်သလို အရေးလဲမပေးချင်ဘူး ။ ဒင်းက မျက်နှာသာပေးရင် ရောင့်တက် တတ်လွန်းပါ ။ အဲ့တော့ ဒင်းကို မရှိမရှားလောက်ထက် ပိုပြီး မခင်တွယ်မိဘူး ။ မခင်လဲမခင်တွယ်လိုဘူး ။ ခပ်ခွာခွာ ခပ်ကင်းကင်းလေးပဲ နေချင်တယ် ။ အဲ့ဒါက ကိုယ့်ရဲ့စိတ်ရင်းအမှန် ။ အင်း....လိုက်နာရခက်တဲ့ အကောင်အထည် ဖော်ရခက်တဲ့ အခါတွေ အရမ်းများတဲ့ စိတ်ရင်းအမှန်လေး ဆိုရင်တော့ ပိုမှန်မယ်ထင်တယ် ။

ဒါပေမဲ့ ခက်သားလားနော် ။ ဒင်းက အင်မတန် ပေါက်ပေါက် ရောက်ရောက်ကလည်းရှိ ၊ ဒင်းမျက်နှာလေးကြောင့် အရာတော်တော်များများက ရှောရှောရှုရှုပြီးသွားကြတယ် ၊ အဆင်ပြေသွားကြတယ် ဆိုတော့လဲ ဒင်းက သက်မဲ့ဆိုပေမဲ့ ကိုယ်တို့ သက်ရှိ လူသားတွေကို ကိုင်လှုပ်နိုင်စွမ်းသပေါ့။ ဒင်းက နေရာလည်း သိပ်ချဲ့လာတတ်သပေါ့ ။ ပြီးတော့ ဒင်းက လူ့တွေကို ကိုင်လှုပ်နိုင်စွမ်းတယ် ဆိုတော့ ခပ်ကြွကြွ နဲ့ နဲနဲလေးမှ အငြိမ်နေတဲ့ကောင် မဟုတ်ဘူးရယ် ။ အတော်မွှေတဲ့အကောင် ။ ဒင်းကြောင့် လူတွေမှာ တတ်လိုက်ရတဲ့ ပြသာနာတွေ ၊ ပွေလိုက်ရတဲ့ ရတတ်တွေ ၊ ကြီးလိုက်တဲ့ ဒုက္ခတွေ ဆိုတာ မနည်းမနောပါပဲ ။ ဒင်းဝင်လာပြီ ဆိုရင်တော့ မိဘနဲ့သားသမီး ဆိုတာတွေလည်းပျောက်ကုန်တယ် ။ မောင်နှမဆိုတာလဲ မရှိတော့ဘူး ။ အဲ့လောက် အရင်းအနှီးဆုံး သွေးသားကြီးတွေကိုတောင် ဒင်းက တစစီ ဗြန်းဗြန်းကွဲသွားအောင် လုပ်စွမ်းနိုင်တာနော် ။ ပေါ့သေးသေးတော့ မထင်နဲ့ ဆရာ ။ သက်မဲ့ဆိုပေမဲ့ အရာအားလုံးကို ပရမ်းပဒါ ဖြစ်နိုင်စွမ်းတာဟာ ဒင်းရဲ့ မကောင်းသော အာသာချက်ပဲ ။ အဲ့ဒီအားသာချက်ဟာ ကိုယ်တို့တွေ အားလုံး ကျပ်ကျပ်သတိထားရမဲ့ အားသာချက် ဆိုရင်လည်း မမှားဘူး လို့ ကိုယ်တော့ မြင်မိတယ် ။

အဲ့လိုပဲ.. ဒင်းကလွဲပြီး ကျန်တာ ဖွဲ၊ ဆန်ကွဲလို့ ထင်ကြတာ ၊ ဒင်းမှဒင်းဖြစ်နေကြတာ ၊ ဒင်းအတွက်ဆို ဘာပဲဖြစ်ဖြစ်လာထား ဆိုတဲ့ အတွေးတွေနဲ့ လှုပ်ရှားနေကြတာတွေ ကတော့ ဦးနှောက်ရှိပြီး သတ္တလောကမှာ အသိဉာဏ် အရှိဆုံးပါပဲဆိုတဲ့ ကြီးကျယ် မြင့်မြတ် လှသော ကိုယ်တို့ မဟာလူသားများရဲ့ အားနည်းချက်ပေါ့ ။ ကိုယ်တို့လူသားတွေမှာ အဲ့ဒီအားနည်းချက်ရှိလို့ လဲ တခါတခါ ဒင်းပြုသမျှ နုရတဲ့ဘဝမှာ နေနေကြရတာပေါ့လေ ။ ပြောမဲ့သာပြောတာပါ ဒင်းပြုသမျှကို နုချင်သူကလည်း ခပ်များများရယ် ။ ဒါကြောင့် တခါတခါ ကိုယ်သိပ်စိတ်ကုန်တယ် ။ ဒင်းကြောင့် ခေါ်ချင်ပြောချင်ကြတယ် ။ ဒင်းကြောင့် နေရာပေးချင်ကြတယ် ။ စိတ်ရင်း အစစ်တွေက ဒင်းအောက်မှာ ပြားပြားဝပ်ကုန်ကြတယ် ။ ဒင်းကြောင့် နေရာရနေတဲ့ ဘဝကြီးလောက် စက်ဆုပ်စရာကောင်းတာ မရှိဘူးလို့ ကိုယ်တော့ ထင်တာပဲ ။ ဟုတ်တယ်လေ..စဉ်းစားကြည့်ပါအုန်း .. မပြုံးချင်ဘဲ ပြုံးပြကြ ၊ မခေါ်ချင်ပါဘဲလဲ ဒင်းမျက်နှာလေးကြောင့် အောင့်အီးပြီး ခေါ်ကြပြောကြနဲ့ မြင်ရရုံနဲ့တောင် အော်ဂလီဆန်တယ် ။ ဘယ်မလဲ စစ်မှန်တဲ့ ရင်ဘတ်တွေက ....ဘယ်မလဲ စစ်မှန်တဲ့ မေတ္တာတွေက ..... အားလုံးဟာ အတုတွေချည်းပဲ ။ အဲ့ဒီ အတုတွေကိုကော ဘယ်လိုသတ္တိမျိုးနဲ့ ယုံကြည်စွာ ခံစားရမလဲ ။ အဲ့လိုဘဝမျိုးကို မှာနေရလောက်အောင် ဒင်းကို အမောင့်များများမပိုင်တဲ့ ကိုယ်တောင် မခံစားရဲဘူး .....ယုံလဲမယုံရဲဘူး ။ အဲ့လို မကောင်းတဲ့ အားသာချက်ကို ပိုင်တဲ့ ဒင်းနဲ့ မကောင်းတဲ့ အားနည်းချက်ကို လက်ဝယ်ရှိနေတဲ့ လူတွေကိုလည်း ကိုယ်မုန်းတယ် ။အဲ့ဒါကြောင့် ကိုယ်အမုန်းဆုံး အရာ ကိုပြပါဆိုရင် တော့ သူတို့ နှစ်ကောင်ပဲ..

ညီမလေး
၂၀၀၉.စက်တင်ဘာ.၂၀

Saturday, September 19, 2009

ဘဝ

စိတ်အဟုန်ကိုစီး
သံသရာခရီးကို အပြေးနှင်
အထုပ်ကလေးရယ် တပြင်ပြင်နှင့်
အကုသိုလ် ဆယ်ခါကျော့ရင်ကျော့မယ်ပ
ကုသိုလ်လေးရယ်မှ အိုတခါ ။


ညီမလေး
၂၀၀၉.စက်တင်ဘာ.၁၉

Thursday, September 17, 2009

သံယောဇဉ်

တွယ်မိတော့ နှောင်လေသည်
ထုတ်မိက ကြိုးတစ
လုံးလည်ကာ ခြာခြာလိုက်
အစရယ် သိမ်းဖို့ခက်ချေပြီ ။

ရစ်မိတော့ ချည်လေသည်
ရုန်းလေလေ နစ်လေလေနဲ့
စပ်ဆော့မိ ငရဲနွံတွင်း
မိုက်မဲစွာ တိုးဝင်ရင်း
တ၀ဲဝဲလည်၍ ဆင်းလေပြီ ။

ညီမလေး
၂၀၀၉.သြဂုတ်.၃

စာကြွင်း ။ ။ ဒီကဗျာလေးကို တခုခုလိုနေသလားလို့ ရေးထားပြီး တော်တော်နဲ့မတင်ဖြစ်ဘူး ။
ဘယ်လိုမှ ထပ်ပြင်ထပ်ပေါင်းဖို့ စဉ်းစားလို့မရတာနဲ့ ဒီတခုခု လိုနေသလိုလိုလေး အတိုင်းပဲ တင်လိုက်ပါတယ်။

Saturday, September 12, 2009

မတွေးရဲဘူး

ခုတလော မေးလ်တွေထဲမှာ မြန်မာမိန်းမငယ်လေးတွေရဲ့ မလုံ့တလုံပုံတွေ ပလူကိုပျံနေတာပဲ ။ သာမာန်အရပ်သူတွေလည်း ပါသလို ၊ အနူပညာရှင်တွေလည်း ပါပ ။ အင်း..... ဗိုလ်ချုပ်ပြောသလိုပဲ တို့ဗမာတွေဟာ သိပ်တလွဲဆံပင်ကောင်းချင်ကြတယ်နော် ။ မဟုတ်တဲ့ နေရာမှာ သူများအတုကို ခိုးရမယ်များဆို ဖြစ်ကြပ ။ သူတို့ကိုကြည့်ပြီး ပထမဆုံး တခုလောက် မေးကြည့် ချင်စမ်းပါဘိတယ် ။ သူတို့များရဲ့ မိဘတွေက အဲ့လို ဝတ်နေစားနေတာကို လိုလိုလားလား ပဲလား ဆိုတာကိုပါ ။

ခေတ်မှီတာနဲ့ ခေတ်ဆန်တာက တခြားစီပါလေ ။ ခုဟာက ခေတ်မှီတာလဲ မဟုတ်သလို ခေတ်ဆန်တာလဲ မဟုတ်ဘူးတော့ဘူးရယ် ။ ခေတ်လွန်နေတယ် ဆိုတဲ့ အဆင့်ကိုတောင်ကျော်နေလို့ ကိုယ်တော့ ခေတ်ပျက်နေတယ် လို့သာပြောလိုက်ချင်တော့တာပဲ ။ မြင်မကောင်း ရှု့မကောင်းအောင်ကို ဝတ်နေစားနေကြတာ ။ မရှက်ကြဘူးလား မသိပါဘူးနော် ။ ဒါမှမဟုတ် အဲ့လိုပြစားမှကို ရကြတော့မဲ့ ဘဝတွေ မို့လို့လားလို့ ခပ်ရိုင်းရိုင်းသာ မေးလိုက်ချင်တော့တယ် ။ ဟီရိသြတ္တပ္ပတရား ထွန်းကားတဲ့ မြန်မာပြည်ကြီးမှာ နေထိုင်နေကြတယ် ဆိုတာလေးလောက်တော့ သတိရပါအုန်း အမိတို့ရယ် ။ ပြီးတော့ နင်တို့ဟာ နင်တို့ ထင်တိုင်းကျဲတာက ပြသာနာမရှိဘူး နိုင်ငံနဲ့ ချီပြီး သိက္ခာကျတယ်ဟဲ့ လို့သာ ခေါင်းကို ခပ်နာနာလေး ခေါက်ပစ်လိုက်ချင်တယ် ။ တကယ်ပါပဲ ။

အဲ့လိုပြောလို့ ရင်ဖုံးအကျီ င်္နဲ့ ထိုင်မသိမ်းနဲ့ နေရမယ့်လို့ ကိုယ်ဆိုလိုတာမဟုတ်ပါဘူး ။ သူ့နေရာနဲ့ သူပေါ့။ ခုဟာက လိုတာထက်ကို ပိုတို ၊ ပိုဖော်နေကြသကိုး ။ ကိုယ့်နိုင်ငံရဲ့ ဝတ်စားဆင်ယဉ်မှု ကို အလေးထားပြီး ခေတ်မှီမှီ စမတ်ကျကျ နဲ့ ကျက်သရေရှိရှိလေး ဝတ်လို့စားလို့ ရတဲ့ နည်းတွေမှ အများကြီးပါလေ ။ မြန်မာဆန်တဲ့ ဝတ်စာဆင်ယင်မှုကလည်း ကြိုက်တဲ့ နိုင်ငံနဲ့ ရင်ပေါင်တန်း မသာဘူးဆိုရင်တောင် အောက်တော့မကျဘူးလို့ ကိုယ်ရဲရဲပြောရဲပါတယ် ။ ဘာကိစ္စနဲ့များ လိုတာထက်ပိုပြီး အမေကျော် ဒွေးတော်လွမ်းနေကြပါလိမ့် နော် ။ဟင်း....... ရင်မောစရာကြီးပါပဲ။

နိုင်ငံခြားကိုရောက်နေတဲ့ တချို့မြန်မာမိန်းကလေးတွေဆိုလဲ အဲ့လိုပဲ ။ ဒီကနိုင်ငံခြားသူတွေထက် ဒင်းတို့က ကဲနေကြတယ် ။ ရောမရောက်လို့ ရောမလိုကျင့်တယ်ဆိုရင်လည်း တခြားကောင်းတဲ့ အတုခိုးသင့်တဲ့ ဟာတွေကျ ဘာလို့များ လိုက်မကျင့်သလဲနော် ။ စဉ်းစားစရာပါပဲ ။ ပိုဆိုးတာက သူတို့က မဟုတ်တဲ့ နေရာဆို ရောမကလူတွေထက် အကဲဆတ်နေကြတာပဲ ။ ဘယ့်နှယ့်ဟာတွေမှန်းကို မသိဘူး ။ အခွင့်အရေးလေးများ ရရင် အဲ့ဒီဟာမလေးတွေကို တခါလောက်ပဲ ဖြစ်ဖြစ် အင်တာဗျူး ကြည့်ချင်သား ။ ကိုယ့်တိုင်းပြည်က ယဉ်ကျေးမှုကို မသိလို့ အဲ့လို ဝတ်စားနေကြတာလား ??? သိရက်နဲ့ တမင် ဂရုမစိုက်ဘဲ ထင်တိုင်းကျဲနေကြတာလား ??? ဒါမှမဟုတ် အဲ့လိုဝတ်စားရတာကိုပဲ အဟုတ်ကြီးထင်ပြီး အလှကြီးလှ နေတယ်လို့များ မှတ်ယူ နေကြသလား ??? ရှက်ကြောက်ခြင်း ဆိုတာကိုကော ဘာမှန်းသိကြရဲ့လား.... စသဖြင့်ပေါ့ ။ သူတို့ ဘယ်လိုဖြေကြမလဲတော့ ကိုယ်မသိဘူး ။ တခြားသူတွေ ဘယ်လိုသဘောထားမလဲ ဆိုတာလဲ ကိုယ်မမှန်းတတ်ဘူး ။ ကိုယ်ကတော့ သူတို့ကို ကြည့်ပြီး အော်ဂလီဆန်တယ် ။ ပြီးတော့ အဲ့လိုဟာတွေနဲ့ တတိုင်းပြည်ထဲလို့ပြောရမှာလဲ ရှက်တယ် ။

ကိုယ်ထင်တယ် ...အဲ့လို ဖော်ဖော်လော်လော်တွေက ကိုယ်တို့ဆီမှာ ခုမှ ခေတ်စားခါစ လားလို့ ။ ဒိထက်ပိုပြီးများ တွင်ကျယ်လာရင် ၊ အဲ့လိုဝတ်တာစားတာကို မဆန်းပါဘူးလို့များ ထင်လာကြရင် ............ ဟူးးးးးးး မတွေးရဲစရာပဲ......။


ညီမလေး
၂၀၀၉.စက်တင်ဘာ.၁၂

Thursday, September 10, 2009

အမေ့အတွက်

အမေ.....ဒီနေ့ အမေ့ရဲ့ ၅၆နှစ်မြောက် မွေးနေ့နော် ။ အမေ့မွေးနေ့ ဒီနေ့ မှာလဲ အဖေ့မွေးနေ့တုန်းကလို အမေနဲ့ပတ်သက်တဲ့ခံစားချက် တွေကို ရေးချကြည့်ချင်မိတယ် အမေ ။ အမေနဲ့ ပတ်သက်ပြီး ဘာတွေ ဘယ်လောက်ထိ မှတ်မိနေလဲ ၊ ဘာတွေရှိခဲ့လဲ ၊ ဘာတွေ ခံစားခဲ့ရလဲ ၊ ခုကော ဘာတွေ ခံစား နေရလဲပေါ့.. ကောက်ကြောင်းတခု ဆွဲကြည့်မိတယ်အမေ ။

အမေ သိသလား ? အမေ့ အကြောင်း စဉ်းစားမိလိုက်တာနဲ့ အဦးဆုံး ဘာပေါ်လာတယ် ထင်သလဲဟင် ? သမီးတို့ မူလတန်း ကျောင်းသူဘဝ ကနေ တက္ကသိုလ်ကျောင်းသူကြီးတွေ ဖြစ်တဲ့ထိ အမေမပါရင် မပြီးတဲ့ ၊ အနားမှာလည်း အမြဲရှိနေပေးခဲ့တဲ့ သမီးတို့ရဲ့ စာကျက်ချိန်တွေပဲ အမေ...။ အတန်းပညာကို ကောင်းစွာ မသင်ကြားခဲ့ရတဲ့ အမေက သမီးတွေရဲ့ ပညာရေး အတွက်များဆို တတ်နိုင်တဲ့ဘက်က အမြဲ အားသွန်ခွန်စိုက် လုပ်ပေးဖို့ အဆင်သင့် ရှိနေခဲ့တယ် ၊ လုပ်လည်းလုပ်ပေးခဲ့တယ်နော် ။ အမေက စာမေးပွဲဖြေရမဲ့ သမီးတို့ထက် အမြဲ ဝီရိယ ပိုကောင်းခဲ့တယ်နော် ။ မနက် ၄နာရီ ၊ ၄နာရီခွဲလောက်ဆို အမေ့အခန်းကနေ "ခင်ခင့် ၊ မိန်မိန်း ထတော့ ငါ့သမီးတွေ ၊ စာကျက်ရအောင် ထတော့ " ဆိုတာမျိုး " ဟဲ့ ကောင်မလေးတွေ မထကြသေးဘူးလား .. အော်..ထကြတော့လေ .. စာမေးပွဲ ဒီလောက်နီးနေတာကို ထကြတော့ " ဆိုတာမျိုးဟာ သမီးတို့ရဲ့ မနက်ခင်း နှိုးဆက်သံတွေအဖြစ် ရှိနေခဲ့ဖူးတယ်နော်.. အမေ ။ ပြီးတော့ သမီးတို့ထပြီဆိုတာနဲ့ တပြိုင်နက် သမီးတို့ရဲ့ ဘုမသိဘမသိ ကြောက်တယ် ဆိုတဲ့ အကြောင်းပြချက်ကြီးကြောင့် အမေလည်း လိုက်ထပေးရတယ်နော် ။

မှတ်မိနေပါသေးတယ် အမေ ၊ မျက်စိထဲလည်း ခုထိ မြင်ယောင်နေပါသေးတယ် ။ သမီးတွေ ခြင်ကိုက်မှာ စိုးလို့ ခြင်ဆေးခွေ ထွန်းပေးခဲ့တာတွေ ၊ ဘာကိုမှန်းမသိ ကြောက်တဲ့ သမီးတို့ ညီအစ်မ နှစ်ယောက်စလုံးရဲ့ မျက်စိနဲ့ အနီးဆုံးရှိမဲ့ နေရာကို ရွေးပြီး ထိုင်စောင့်ပေးခဲ့တာတွေ ၊ ရုတ်တရက် မီးများပျက်ပြီဆို ကြောက်တတ်တဲ့ သမီးတို့အတွက် ပါးစပ်ကလည်း အသံပေးရင်း ပြေးဟယ်လွားဟယ်နဲ့ ဖယောင်းတိုင်ထွန်း ဘာထွန်းနဲ့ သမီးတို့ထက် အလုပ်ပိုများခဲ့တဲ့ အမေ့ရဲ့ပုံရိပ်တွေ ၊ တခါတခါကျလည်း သမီးတို့နဲ့ မနီးမဝေး ပက်လက်ကုလားထိုင်လေးပေါ်မှာ သမီးတို့ရဲ့ စာကျက်သံတွေကို နားစွင့်ရင်း မျက်စိလေးကိုမှိတ်လို့ အသာလေး မှေးပြီး စောင့်နေပေးတဲ့ အမေ့ရဲ့ ပုံရိပ်တွေကိုပေါ့ ...။ အဲ့လို မျက်စိလေးမှိတ်ပြီး မှေးနေတဲ့ အမေဟာ သမီးတို့ရဲ့ စာကျက်သံများတိတ်သွားလို့ကတော့ ချက်ချင်းပဲ " ခင်ခင့် ၊ မိန်မိန်း " ဆိုပြီး ထထပြီးလည်း သတိပေးတတ်သေးတာနော် ။ အရာအားလုံးကို ပြတ်ပြတ်ထင်ထင်ကြီးကို မှတ်မိနေပါသေးပါတယ် အမေ... ။ တခါတခါ မနက်အစောကြီး စာထကျက်ဖြစ်ရင် အမေ့ကိုသိပ်လွမ်း ၊ သိပ်သတိရတာပဲ အမေရယ် ... ခုတော့ တနယ်ဆီဝေးနေတယ် ဆိုတော့ မနက်ဆို ကြင်နာမှုမပါတဲ့ သံပတ်ပေး နှိုးစက်ကလွဲလို့ ကြင်နာစွာ နှိုးပေးမဲ့လူလည်းမရှိဘူးအမေ ၊ စိတ်ခြောက်ခြားလို့ ကြောက်နေရင်လည်း အမေ့လို အနားမှာနေပေးမဲ့သူမရှိတော့ ဘုရားစာရွတ်ပြီး စောင်ခေါင်းမြီးခြုံနေဖို့ပဲရှိတယ်အမေ.. ။ မီးမပျက်တဲ့ အရပ်ဒေသ ဆိုတော့ မီးပျက်မှာမစိုးရိမ်ရပေမဲ့ ဖယောင်းတိုင်မီး မှိန်မှိန်အောက်မှာ အမေ့ဘေးနားကပ်ပြီး စာကျက်ရတဲ့ ငယ်ငယ်တုန်းကဘဝလေးလောက်လဲ ရင်ခုန်ဖို့ မကောင်းဘူးအမေ...။ သမီးတို့ရဲ့ စာကျက်ချိန်တွေဟာ အမေမရှိရင် မပြီးပြည့်စုံဘူးဆိုတာ အမေနဲ့ ဝေးနေတဲ့အချိန်မှာ အသေအချာကြီး သိလိုက်ရတယ်အမေ..။ ဖြစ်နှိုင်ရင် အမေ့ ရင်ငွေ့ကိုခံပြီး အမေ့ဘေးမှာ စာကျက်ချင်သေးတယ်အမေရယ် ...။ အဲ့ခါကျရင်လဲ သမီးတို့ငယ်ငယ်တုန်းကလို အနားမှာစောင့်ပေးရမယ်နော် ..အမေ..နော် ။

အမေဟာလေ သမီးတို့ကျောင်းစာနဲ့ ပတ်သက်ရင် ဂိုက်ဆိုလည်း ဂိုက်မို့လို့၊ ကျူရှင်ဆိုလဲ ကျူရှင်မို့လို့ အားလုံးကို သမီးတို့စိတ်ကြိုက် .. ။ စာကျက်ကူပေးဖို့ ဆရာမခေါ်ချင်တယ် ဆိုရင်လည်း မငြီးမငြူ ဆရာမတွေဆီ ဆိုက္ကားနဲ့တဖုံ စက်ဘီးနဲ့ တမျိုး သွားပြောပေးရတာ.. ။ ဒါတင်ဘယ်ကမလဲနော် သူ့သမီးတွေ ကျောင်းမှာ မျက်နှာမငယ်ရအောင် ပွဲတခုခု လုပ်ပြီဆိုရင် ကျောင်းက ဆရာ၊ဆရာမတွေ အတွက် ချိုင့်ကြီး ချိုင့်ငယ်နဲ့ ပို့ရတာလဲ အမော ။ အမေ.. အမေဟာ သမီးတို့ မသိနိုင်တဲ့ မမြင်နိုင်တဲ့ နေရာတွေအထိ သမီးတို့ကို လိုက်ပါ စောင့်ရှောက်ပေးနေခဲ့တယ်နော် ...။ အမေသာ အဲ့လောက် အားသွန်ခွန်စိုက် ရှိမနေခဲ့ရင် သမီးတို့တွေ ခုလို ဘွဲ့ရ ပညာတတ်တွေ မဖြစ်နိုင်ဘူးအမေ ... ဒါတွေ အားလုံးဟာ အမေ့ရဲ့ ကျေးဇူးတွေချည်းအမေ..။ အမေကို သမီးဒီနေရာကနေ ကျေးဇူးတင်စွာ ၊ ရိုသေစွာ နဲ့ လက်ဆယ်ဖြာထိပ်မှာမိုးလို့ ရှိခိုးကန်တော့ပါရစေအမေ.. ။ အမေဟာ ကိုယ်ကိုယ်တိုင် ပညာရေးပါရမီ နုံနဲ့ခဲ့လို့ တချို့သော ဆွေမျိုးတွေ နှိမ်ချတာကို ခါးသီးစွာ ခံစားခဲ့ရတယ်နော်..။ အမေဟာ အတန်းပညာမှာ ညံ့ချင်ညံ့မယ်အမေ ။ဒါပေမဲ့ အမေ့ရဲ့ ဘဝပညာဟာ မညံ့ပါဘူး ။ အမေဟာ စည်းစနစ်ကျတယ် ၊ ချွေတာစုဆောင်းတတ်တယ် ၊ ဆုံးဖြတ်ချက်တခုအတွက် လုပ်ရဲရင်ခံရဲတယ်ဆိုတဲ့ သတ္တိအပြည့်ရှိတယ် ၊ အသုံးအဖြုန်းကိုလဲ ကောင်းကောင်းကြီးခွဲခြားနိုင်တယ် ၊ နိမ့်ကျတဲ့ ဆွေမျိုးတွေကို ကြည့်ရှု့စောင့်ရှောက်တယ် ၊ သားသမီးတွေအပေါ်မှာလဲ မိခင်တယောက်ရဲ့ မေတ္တာစေတနာတွေကို မခြွင်းမချန်ပေးတယ် ၊ အဲ့ဒီမေတ္တာတွေနဲ့ သမီးတို့ကို နွေးထွေးစေခဲ့တယ် ။ သမီးတို့အတွက်တော့ အမေဟာ သူရဲကောင်းပဲ အမေ .. သူရဲကောင်းပဲ ..

အမေက ဟင်းချက်လည်းသိပ်ကောင်းတာနော် ။ အမေ့ရဲ့ဆိတ်ဝမ်းတွင်းသားဟင်းရည်၊ မုန့်တီသုပ်၊ကြာဇံဟင်းခါး၊လက်ဖက်နှပ်၊ ဝက်သားတုတ်ထိုး၊ ပိန်းဥမုန့်.. ပြောရရင် ကုန်တောင်မကုန်နိုင်ပါဘူး ။ သမီးတို့တွေ စားချင်တယ်များဆိုရင် အမေ့မှာ မမောနိုင်မပန်းနိုင် ချွေးတလုံးလုံးနဲ့ ပြုံးပြုံးပြုံးပြုံးနဲ့ ချက်ပေးရှာတာ ။သစ်သီးဆိုလဲ သစ်သီးမို့ ဘယ်သမီးက ဘာကြိုက်တတ်တယ် ဘာမကြိုက်ဘူးဆိုတာလဲ အမေ မမေ့ဘူးရယ် ။ ဒါတောင် သမီးတို့တွေက အမေက ဘယ်သမီးကို ပိုချစ်ပါတယ် သူ့သားကျဘယ်လိုဆိုပြီး ခဏခဏ ဂျီကျတတ်ကြသေးတာနော် ။ အဲ့ဒီအတွက် ခွင့်လွတ်ပါအမေရယ် ။ အမေရဲ့ အချစ်ကို အပြည့်အဝခံယူချင်ကြတဲ့ သမီးတွေကို အမေနားလည်ပေးပါနော် ။ အမေဟာ အဖေ့လောက် ချစ်တာတွေကိုမှ ထုတ်မပြဘဲကိုး ။ ပြီးတော့ အဖေ့လောက်လဲ နီးနီးကပ်ကပ်မှ မနေဘဲကိုးလေ ။ ထုတ်မပြတတ်ဘူးဆိုပေမဲ့လည်း မသိမသာနဲ့ သမီးတို့ရဲ့ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးခဲ့တယ်ဆိုတာ သမီးတို့အားလုံးသိပါတယ်အမေ ။ ခံစားလို့လည်းရပါတယ် ။ ခုချိန်ထိ အမေဟာ သမီးတို့တွေ လုပ်ချင်တာကို သမီးတို့တွေ ပူဆာတာကို ငြင်းပစ်တာမျိုး မလိုက်လျောခဲ့တာမျိုးမရှိခဲ့ဘူးနော် ။ သင်္ကြန်ဆိုလဲ မဏ္ဍပ်ဆောက်ပေးရတာနဲ့ ၊ ခရီးတွေလဲ ခဏခဏထွက်ပေးတယ် ပို့ပေးတယ်နော် ။ ခရီးထွက်တယ်ဆိုလို့ သတိရတာလဲ ရှိသေးတယ်အမေ ။ အမေနဲ့ ခရီးထွက်ရင် အမေက ချိုင့်ကြီးချိုင့်ငယ်နဲ့ စားစရာတွေ အမြဲသယ်ယူစေတာ အမေကိုယ်တိုင်လဲ စီစဉ်ပေးတာပဲ ။ အဲ့လိုမျိုးသယ်တော့ပြုတော့မယ်များဆို ကိုယ်တိုင်သယ်ရတာလဲမဟုတ်ပါဘဲနဲ့ သမီးတို့တွေက စူလို့ပုတ်လို့ ရှိုးပဲ့တယ်လို့ ထင်ပြီး အမေ့ကိုပြောကြသေးတာနော် ။ ဒါပေမဲ့ လမ်းမှာ စားကြသောက်ကြတော့လဲ သမီးတို့တွေပါပဲ..ဟဲဟဲ..အဲ့ဒီအချိန်တွေကို တွေးမိတိုင်း ရယ်လဲရယ်မိတယ် ။ လွမ်းလဲလွမ်းတယ် အမေရယ် ။ အဲ့လို ချိုင့်တွေပလုံးတွေနဲ့ သမီးတို့ မိသားစု တပြူံတမကြီး ခရီးတခါလောက် ထပ်သွားချင်သေးတယ် အမေရယ် ...အဲ့ဒီအခွင့်အရေးမျိုး နောက်တခါလောက် ပေးပါလို့လဲ ဘုရားရှေ့မှာ ဆုတောင်းမိတယ် အမေ ...

နောက်ပြီး အမေ့ရဲ့ သိပ်ချစ်စရာကောင်းတဲ့ အချက်တချက်ရှိသေးတယ်အမေ ။ အမေက မုံရွာသူ တရုတ်မဆိုပေမဲ့ အနေအထိုင် အပြင်အဆင် သိပ်ရိုးစင်းတာ ။ အမေက သနပ်ခါးကလွဲရင် ပါးပေါ်မှာ ဘာမှတင်လိုတဲ့ မိန်းမမဟုတ်ဘူး ။ အပြင်အဆင်ကြတော့လဲ ကျစ်ဆံမြီး ၂ဘက်ကျစ်ပြီး အဲ့ဒါကို လိမ်ပြီးထုံးလိုက်တယ် ဒါပဲ ။ အဲ့ဒီကျစ်ဆံမြီးဆံထုံးက အမေ့ရဲ့ သင်္ကေတပဲ ။ အမေ့ရဲ့ သမီးတွေကိုလဲ ဆံပင်ရှည်လာရင် အမေက ကျစ်ဆံမြီးကျစ်ကျစ်ပေးတာ ။အမေ့ကျစ်ပေးတဲ့ ကျစ်ဆံမြီးက တင်းတင်းရင်းရင်းနဲ့ သိပ်ပြီးသပ်ရပ်တာကော ။ အမေ့ရဲ့ အပြင်အဆင်ဟာ သမီးတို့တွေ အပေါ် ဘယ်လောက်လွမ်းမိုးသလဲဆိုရင် သမီးတို့တွေ အားလုံး သနပ်ခါးကြိုက်တယ် ။ ကျစ်ဆံမြီးကို ချစ်ကြတယ် ။ အမေ့ ရဲ့ ဝတ်စားဆင်ယင်ပုံကြလဲ ကြည့်ပါအုန်း ဘယ်လောက် ကောင်းတာတွေဝယ်ပေးပေး အပေါ်ဆုံးမှာရှိနေတဲ့ လေးငါးထည်ကို ဒါဒါပဲထပ်နေအောင်ဝတ်တာ ။ ဒီကြားထဲ အင်္ကျီကို ထမီကြားထဲကိုထိုးပြီးဝတ်လို့ ပြောလိုက်ရတာလဲ အမော ။ စမတ်ကျကျ ဝတ်စမ်းပါ အမေရယ်လို့ ပြောရင် အမေက အော်... အကျင့်ပါနေလို့ပါ သမီးရယ်တဲ့ ။ ဒါပဲ ။ အဲ့ဒါ အမေ့ရဲ့ လက်သုံးစကား။ သမီးတွေကဘယ်လောက်ပြောပြော အမေကတော့ ပြောတုန်းခဏပါပဲ ။ အဲ့ဒါကြောင့် သနပ်ခါးဘဲကြား ကျစ်ဆံမြီးဆံထုံးနဲ့ အမေ့ကိုဆို အမြဲ စမတ်ကျပြီး သန့်ပြန့်မွှေးကြိုင်နေအောင်နေတတ်တဲ့ အဖေက တခါတခါ တောသူမလို့ ချစ်စနိုးနဲ့ စစပြီးခေါ်တာ ။ အမေ့ အပြင်အဆင် အနေအထိုင်ကရိုးပေမဲ့ အမေက တကယ့်မိန်းမချော ။ အမေများ ပြင်ဆင်ဖြီးလိမ်းထားပြီရင် သိပ်ကြည့်လို့ကောင်းတာ .. ကျက်သရေ သိပ်ရှိတာ ။ ပြီးတော့ အမေက ဂုဏ်တုဂုဏ်ပြိုင်တွေကို စိတ်မဝင်စားဘူး ၊ ပကာသနတွေဘာတွေလဲ မစဉ်းစားဘူး ကိုယ်အဆင်ပြေသလို အေးအေးသာသာ နေတတ်တဲ့ မိန်းမမျိုး ။ ဘယ်လောက်တောင် ရိုးစင်းလိုက်သလဲနော် ။ ဒါပေမဲ့ အမေက မဟုတ်ရင်တော့ မခံဘူး ။ ဇာတ်ဇာတ်ကြဲ သတ္တိကလဲ အပြည့်ပဲ ။ ပြသာနာတခုခုဖြစ်လို့ ရုံးတွေဂတ်တွေ သွားရလဲ အမေကရှေ့တန်းက .. သူမှန်လို့ကတော့ လာခဲ့ပဲ ။ အမေ့ကို "မြို့မက တရုတ်မကြီး" လို့ပြောလိုက်တာနဲ့ စွာဂုဏ် နဲ့ ရိုးဂုဏ်နဲ့ပေါင်းပြီး ဟိုးအထက်အရာရှိကအစ ချောင်ကြိုချောင်ကြားက ဆိုက္ကားသမား၊ ဈေးသည်အဆုံး အမေ့ကို သိတယ် ။ ငယ်ငယ်တုန်းက အမေအဲ့လို စွာတာ ရိုးတာကြီးကို ရှက်စရာလို့ထင်ခဲ့မိသေးတယ် ။ နောက်တော့ တဖြည်းဖြည်း အမေတို့ အဖေတို့ရဲ့ ရိုးစင်းမှု ၊ တပါးသူအပေါ်ကြင်နာသနားတတ်မှု့တွေကို ဂုဏ်ယူတတ်လာတယ် အမေ.. အမေရဲ့ သမီးဖြစ်ရတာကို ကျေနပ်တတ်လာတယ် အမေ ။ ဆိုင်ကြောင့် လူပေါင်းစုံနဲ့ ဆက်ဆံရတဲ့ အတွက် အမေစွာမှ ရတယ်ဆိုတာကို နားလည်လာတယ်အမေ ။

အမေဟာ ခုနောက်ပိုင်း စာတွေသိပ်ဖတ်လာတယ်နော် ။ တရားပွဲတွေ သွားတယ် ။ အခွင့်သင့်သလို တရားစခန်းတွေဝင်လာတယ် ။ သမီးဖြင့် သိပ်ဝမ်းသာမိတာပဲ ။ အမေ့ကို တရားတွေနဲ့ သိပ်အေးချမ်းနေစေချင်တာ ။ သမီးတို့အတွက် ရုန်းကန်ခဲ့ရလို့ အမေလုပ်သင့်တာတွေကို အချိန်နှောင်းမှ လုပ်ရတယ်နော် အမေ ။ သမီးတို့ကြောင့် ပူနေတာတွေကို အေးစေချင်ပြီအမေ .. သမီးတို့အတွက် မောခဲ့ရတာတွေ ရှိရင် အဲ့ဒီအမောတွေကို ပြေစေချင်ပြီ အမေရယ် .. သမီးတို့ကြောင့် အမေ့ဘဝအတွက် ပြင်ဆင်မှု့တွေ မလုံမလောက်ခဲ့ရင်လို့ တွေးမိရင် နှလုံးသွေးတွေ ရပ်တန့်သွားမလောက် ခံစားရတယ် အမေ ။ အဲ့ဒါကြောင့် သမီး အမေ့ကို ဒိထက်ပိုပြီး ဘုရား ၊ တရားလုပ်ဖို့ အမြဲပဲ တိုက်တွန်းမိတာပါ ။ အမေ့ကို တရားရိပ်အောက်မှာ ဘာအပူအပင်မှမရှိဘဲ အေးချမ်းစွာ နေစေချင်တာ ရင်ထဲကလာတဲ့ သစ္စာစကားပါအမေ ။ အမေတရားစာအုပ်လေးများ ဖတ်နေတာ မြင်ရရင် ရင်ထဲမှာ တကယ်ကြည်နှုးမိတယ် ... အမေနဲ့အဖေများ တူစုံတွဲလို့ တရားစခန်းသွားတယ် ဆိုရင် ပြောမပြတတ်အောင်ကို ဝမ်းသာမိတယ် ။ အဲ့လို အခြေအနေမျိုးတွေ ရှိအောင်လဲ သမီးမှာ ကြံရဖန်ရတာလဲ အမော .. အကျပ်ကိုင်တာမဟုတ်ပါဘူး အမေရယ် ... အမေတို့ကို တရက်၊ တမနက်၊တစက္ကန့်ပဲ ဖြစ်ဖြစ် တရားအေးရိပ်မှာ ပျော်မွေ့နေစေချင်လွန်းလို့ပါ ။

သမီးလေ အမေအကြောင်းကိုရေးဖို့ စစဉ်းစားတုန်းက ဘာတွေရေးရမှန်း မသိဘူးအမေ .. ဒါပေမဲ့ ရေးမိတော့လဲ မကုန်နိုင်တော့ဘူး အမေ ... ဟိုအကြောင်းလေးလဲ ရေးချင် ဒီအကြောင်းလေးလဲ ရေးချင်နဲ့ တန်းစီပြီး အများကြီးပေါ်လာတယ် .. အဲ့တော့ မှ ဖာသိဖာသာနဲ့ နေတတ်တယ်ဆိုတဲ့အမေ့ မေတ္တာရိပ်ရဲ့ လွမ်းမိုးမှု့ကို ခံစားလာရတယ်။ အမှန်အတိုင်း ဝန်ခံပါရစေအမေ ။ အဖေ့ကို အမေ့ထက်ပိုချစ်တယ်လို့ ကိုယ့်ကိုကိုယ်ထင်မှတ်ခဲ့မိတဲ့ သမီးဟာ တကယ်တော့ အဖေထက် အမေ့ရဲ့ လွမ်းမိုးမှု့တွေက ပိုကြီးနေတယ်ဆိုတာကို သိသိသာသာကြီး ခံစားလိုက်ရတယ် အမေ ။ အမေ့ပုံရိပ်တွေက ပုံဖော်လို့မကုန်နိုင်ဘူးအမေ ။ အမေ့မေတ္တာတွေကလဲ စာစီကုံးလို့ မမှီနိုင်ဘူးအမေရယ် ။ အဖေ့ကို သိပ်ချစ်တဲ့အမေ ၊ သမီးတို့တွေရဲ့ ဘဝတွေကို အဖေနဲ့အတူ လက်တွဲညီစွာ အနှစ်၃၀ကျော် အပြုံးမပျက် ထမ်းပိုးပေးခဲ့တဲ့ အမေ ၊ သားသမီးတွေကို လိုလေသေးမရှိအောင် နောက်ကွယ်ကနေ ဖြည့်ဆည်းဖြည့်စွပ်ပေးနိုင်စွမ်းလွန်းတဲ့ အမေ ... အဲ့ဒီမေတ္တာတော် အနန္တနဲ့ အမေကို စိတ်ပင်ပန်းအောင် ၊ စိတ်ထိခိုက်အောင် ပြောခဲ့လုပ်ခဲ့ မိတာများရှိရင် ဒီနေရာကနေ ရိုးကျိုးစွာ ဝန်ချတောင်းပန်ပါတယ် အမေ ...ပြီးတော့ အမေ့ဆီကနေ ဆုတဆုလဲတောင်းပါရစေအမေ.. အမေ့ဘဝကို ဒိထက်ပိုပြီး အေးချမ်းအောင် လုပ်ပေးနိုင်စွမ်းတဲ့ သမီးဖြစ်ပါရစေလို့ပေါ့ အမေ.... အမေ့ရဲ့မွေးနေ့မှာ အမေ့မေတ္တာတွေကို စာစီကြည့်တယ်အမေ ... စာမစီနိုင်မှန်းသိပေမဲ့ အမှတ်တရပေါ့အမေရယ် . ..


အမေ့ရင်ငွေ့ကိုခံ
အမေ့မေတ္တာကိုစား
အမေ့အားနဲ့ ရှင်သန်နေတယ်အမေ။

အမေ့အပြုံးကိုစု
အမေ့ဟန်ကိုတု
အမေ့မာန်ထုနဲ့ အနာဂတ်ခရီးကို ချီတတ်နေတယ်အမေ။

အမေ့အရိပ်ကိုဖမ်း
အမေ့အသံကိုမှန်း
အမေ့ရောင်ဝါစွမ်းနဲ့ ဘဝခရီးမှာ အမှောင်တွေကင်းခဲ့တယ်အမေ။

ပင်လယ်တွေခြား တောင်တွေတားနေတာတောင်
အမေပို့သတဲ့
မေတ္တာတော်အနန္တကြောင့်
ရန်အပေါင်းကင်းလို့
အကြံအပေါင်း ဆောင်တိုင်းမြောက်နေတယ်အမေ။

မေတ္တာတော် အနန္တနဲ့အမေ
ကျေှးဇူးတော်အနန္တနဲ့အမေ
အမေ့မေတ္တာနဲ့သမီးအေးသလို
သမီးမေတ္တာနဲ့အမေလည်းငြိမ်းပါစေအမေ။
အမေ့စေတနာနဲ့သမီးဘဝလင်းသလို
သမီးစေတနာနဲ့ အမေ့ဘဝလည်း အမှောင်ကင်းပါစေအမေ။

အမေ... ဒီမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် အေးချမ်းသောဘဝကို ပိုင်ဆိုင်ပါစေ။
သမီးတို့နဲ့ အတူ သက်ထက်ဆုံး ပျောင်ရွှင်စွာ နေနိုင်ပါစေ အမေ.....။

စာကြွင်း။ ။ အမေ့မွေးနေ့က ၈လပိုင်း၁၉ရက်နေ့က(မြန်မာလို)ပါ။ အကြောင်းအမျိုးမျိုးကြောင့် ဒီစာကို အဲ့ဒီနေ့မှာ အဆုံးမသတ်နိုင်ခဲ့ဘူး အမေ။ မနေ့က အမေ့ကို ဒေါသနဲ့ စကားပြောမိလို့ အမေ့ကို တောင်းပန်ရင်း ဒီစာကို အဆုံးသတ်အောင် ရေးခဲ့တယ် အမေ ။ အချိန်မှီ အမေ့ဆီမပို့နိုင်တဲ့ မွေးနေ့လက်ဆောင်အတွက် အမေ သမီးကို ခွင့်လွတ်နော် ..


ညီမလေး
၂၀၀၉.စက်တင်ဘာ.၁၀

Wednesday, September 9, 2009

လောင်မီး

ကောင်းကင်က "တိမ်မဲ"တွေကြောင့်
မှောင်နေတယ် ။

ကိုယ့်ရင်ခွင်ကတော့ "ဆန္ဒမီး"တွေကြောင့်
လောင်နေတယ် ။

ညီမလေး
၂၀၀၉.စက်တင်ဘာ.၉

Thursday, September 3, 2009

သိမိုက်

တခါတခါကျလဲ ဘဝတွေက မောတယ် ။ ဆန္ဒ တခုအတွက် မလုပ်ချင်တာတွေ လုပ်နေရ ၊ သည်းမခံချင်ပါဘဲနဲ့ သည်းခံနေရ ၊ မပေးချင်ပါဘဲနဲ့လည်း ပေးနေရနဲ့ .. အချိန် ၊ လွတ်လပ်မှု့ ၊ ခံစားမှု့ အားလုံးပေါ့ ။ အဲဒီဒုက္ခတွေနဲ့ အဝေးဆုံးကို လွင့်ထွက်သွားချင်ပေမဲ့ အတ္တ ရေသောက်မြစ်က ဆန္ဒ ဆိုတဲ့ အတားအဆီးတွေကို အမြစ်တွယ်နေစေခဲ့ပြီ ။ ပြောမဲ့သာပြောတာပါလေ ကိုယ်တိုင် တည်ဆောက်ထားတဲ့ အတ္တ နဲ့ ဆန္ဒကြား ချောင်ပိတ်မိနေတာ ဆိုတော့လည်း သနားစရာတော့ မကောင်းပြန်ဘူး ။

ဟူး.........အဲ့ဒီဆန္ဒဆိုတာကကော သတ်မှတ်ထားတဲ့ လယ်ဗယ်ကိုရောက်ရင် ရပ်တန့်သွားမှာတဲ့လား ။ ဟင်း........မထင်ပါဘူး ။ သူကတော့ ရှေ့ဆက်အုန်းမှာပါပဲ ။ သေချာတဲ့ အဖြေ ကိုလည်း သိပါလျှက်နဲ့ ၊ အေးချမ်းတဲ့ ဘဝလမ်းကို ရွေးချယ်ခွင့်လည်း အပြည့်အဝ ရှိပါလျှက်နဲ့ မီးထဲကိုမှ တိုးချင်တဲ့ ပိုးဖလံမျိုးဆိုတော့လည်း ပူအုန်းပေါ့ကွယ် ။ အပူခံလိုက်အုန်းပေါ့....။ သိလျှက်နဲ့ မိုက်နေတဲ့ သိမိုက်က ချွတ်ဖို့ခက်သလို ကျွတ်ဖို့လည်း ခက်တယ် ။ အော်...ဒုက္ခ ... ဒုက္ခ.......


ညီမလေး
၂၀၀၉.စက်တင်ဘာ.၃